'ဗလ သစ္စာဖောက်ပြီ'

သွေးတွေက ဖြာခနဲကျလာကာ မင်းရဲကျော်ထင်ဆင်ဦးကင်းထက်မှ ကျလေသည်။ရင်ဝကိုစိုက်ဝင်သည့်မြှားတံမှ ငှက်မွေးအမြီးသည် မင်းရဲဗလရဲ့လက်သုံးတော်မြှားတံဖြစ်ကြောင်းသက်‌သေထူနေသည်။မင်းရဲကျော်ထင် ရင်ဝမှမြှားတံကိုဆွဲထုတ်လိုက်ရာ ဒဏ်ရာမှသွေးတို့ကပွက်ခနဲ ထွက်အံကျလာပြီး မျက်လုံးတို့ကရီဝေလာသည်။

အင်အားတောင့်သည့်ဇင်းမယ်ကို စစ်သည်သုံးရာနှင့်တိုက်မည်ဆိုကထဲက သိခဲ့သင့်သည်။

သည်စစ်သည်သုံးရာလုံးသည် မင်းရဲဗလရဲ့တပ်သားများသာ ဖြစ်ခဲ့သည်။ဗလကို ယုံကြည်ခဲ့မိသည်။ဇင်းမယ်စစ်သည်တို့ မြို့ပြင်မှခွာသည်ကား မင်းရဲကျော်ထင်ကိုထောင်ဖမ်းလို၍သာဖြစ်သည်။

သည်ဇင်းမယ်တိုက်ပွဲတစ်ခုလုံးက
မင်းရဲကျော်ထင်ကို ဇီဝိန်ချုပ်မည့်မင်းရဲဗလရဲ့ဥပါယ်ကြီးသာ။

ရင်ဝမှဒဏ်ရာကား နာကျင်လွန်းလှသည်။ ထို့ထက်မူ ညီတော်ဗလပစ်လွှတ်သည့်မြှားတံဖြစ်နေခြင်းက မင်းရဲကျော်ထင် နှလုံးသည်းပွတ်ကို ထိခိုက်‌နာကျင်စေသည်။

မင်းရဲဗလ ဆင်တော်တေဇကိုစီးလျက် မင်းရဲကျော်ထင် ကျရာနေရာကို အပြင်းနှင်လာသည်။ ဆင်တော်ကေသရာကား သခင်မဲ့လျက်မင်းရဲကျော်ထင်အား ကာထားကာမားမားမတ်မတ်ရပ်တည်နေသည်။ဆင်တော်တေဇအနားကပ်လာသည်နှင့် အစွယ်နှစ်ချောင်းကိုဖွင့်လျက် အပြင်းထိုးတော့သည်။ဆင်တော်ကေသရာနှင့်ဆင်တော်တေဇ အစွယ်ချင်းယှက်မိကြသည်။ ဆင်တော်တေဇကား သခင်ရှိသည်။ဆင်တော်ကေသရာက သခင်မရှိ။

ပြင်းထန်စွာ တိုက်ခိုက်သည်။မင်းရဲဗလ ဆင်တော်တေဇကို ကျွမ်းကျင်စွာချွန်းထိန်းလျက်ဆင်တော်ကေသရာကို ဖိနှိပ်သည်။ဆင်တော်ကေသရာရဲ့အစွယ်က ဆင်တော်တေဇရဲ့လက်ပြင်ကို ထိုးစိုက်သွားသည်။ဆင်တော်တေဇက နာကျင်စွာစူးစူးဝါးဝါးအော်လျက် ဒေါသတကြီးတိုက်ခိုက်လေတော့သည်။

မင်းရဲဗလ ဆင်တော်ကေသရာကိုလိုချင်သည်။မသတ်လို။ဆင်တော်ကေသရာသည် ဆင်ကောင်းတစ်စီးဖြစ်သည်။ဆင်တော်ကေသရာကား  သခင်အတွက် ပြင်းထန်စွာတိုက်ခိုက်လျက်ရှိသည်။မင်းရဲဗလမနေသာတော့ဘဲ လှံရှည်နဲ့ဆင်တော်ကေသရာလက်ပြင်ကို ထိုးစိုက်လိုက်သည်။ ဆင်တော်ကေသရာက ဘေးကိုယိမ်းယိုင်သွားပြီး မင်းရဲဗလအားနှာမောင်းနှင့်ရိုက်ချရန် နှာမောင်းကို လေပေါ်မြှောက်လိုက်သည်။မင်းရဲဗလ ဆင်တော်တေဇကို ချွန်းပေါက်လျက်ရှောင်တိမ်းလိုက်ပြီး အခွင့်အရေးကိုအမိအရယူကာ ဆင်တော်ကေသရာလည်မြိုထံသို့ လှံရှည်နှင့်ထိုးစိုက်လိုက်သည်။ဆင်တော်ကေသရာ  နာကျင်စွာ ဝူးဝူးဝါးဝါးအော်ရင်း လဲကျသွားသည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now