Chapter 43

349 38 4
                                    

Unicode

ပြန်လမ်းကြယ်ဝေစောင်းကြိုးပြေ Chapter 43

လင်းရောင်ကွယ်မြို့

သူဖုန်းစားမြို့မှထွက်ခွာ၍ နှစ်ရက်တာမျှခရီးဆက်လာပြီးသောအခါ ရှောင်ရှင်းနှင့်ဝမ်ရှန်းသည် တိတ်ဆိတ်မှု၏အထွဋ်အခေါင်ဖြစ်သော လင်းရောင်ကွယ်မြို့ကိုရောက်လာကြ၏။ လင်းရောင်ကွယ်မြို့သည် များသောအားဖြင့် မျက်စိအလင်းကွယ်ပျောက်နေကြသူများသာစုစည်းနေထိုင်ကြသောမြို့ဖြစ်ပြီး လှုပ်ရှားသွားလာနေကြသူများနည်းပါး၍ အိပ်ပျော်နေသောမြို့တစ်မြို့လိုငြိမ်သက်လှသည့်မြို့ဖြစ်သည်။ ငွေကြေးသုံးစွဲနိုင်သည့် အိမ်တော်အနည်းငယ်သာရှိသော ထိုမြို့သည် ပွဲတော်ဟူ၍လည်းမရှိသလောက်ရှားပါးသည့်မြို့ဖြစ်သည်။ တစ်ခါ​တလေ နယ်တကာလှည့်လည်နေသော တေးသွားတီးခတ်သူများမှလွဲ၍မည်သည့်ဖျော်ဖြေရေးသမားမှလည်း ရောက်လာလေ့မရှိသောမြို့ဖြစ်သည်။

ရှောင်ရှင်းသည် လှည်းတစ်စီးစာသာရှိသော မြို့အဝင် လမ်းကျဥ်းလေးပေါ်လျှောက်လာရင်း ခေါင်းလောင်းသဏ္ဍာန်အဖြူရောင်ပန်းပွားဝတ်ဆံလေးများတွဲလောင်းကျနေသည့် ခန်းတောက်ပင်ရုံများနံဘေးတွင် ခြေလှမ်းတို့ကိုရပ်တန့်လိုက်သည်။ မိုးနံ့နှင့်ရောနှောနေသော ခန်း​တောက်ပွင့်များ၏ရနံ့သည် သူရှိရာကို ခပ်ဖျော့ဖျော့လွင့်ပျံလာပြီး စိမ်းမြသောပန်းရုံ၏အငွေ့အသက်က မိုးရာသီတစ်ခုနှင့်ဆင်ဆင်တူနေပြီး ရှောင်ရှင်း၏ခြောက်သွေ့ညိုညက်သောသစ်ရွက်ခြောက်ရောင်ပိုးသားဝတ်ရုံက ဆောင်းရာသီတွင်ကြွေကျနေသည့် ရွက်ခြောက်များနှင့်ဆင်ဆင်တူနေသည်။ အဝေးတွင်မြင်နေရသော လင်းရောင်ကွယ်မြို့သည် လူသံကိုလည်းမကြားရ၊ စျေးတန်းနှင့်စားသောက်ဆိုင်တို့မှထွက်လာလေ့ရှိသည့် မီးခိုးငွေ့များကိုလည်း ရေးရေးမျှမမြင်ရဘဲ အလွန်အမင်းတိတ်ဆိတ်နေသည်ကိုမြင်လိုက်ရသောအခါ ရှောင်ရှင်းသည် သိပ်ပြီးစိတ်ပါဟန်မရှိသောမျက်လုံးများဖြင့် ထိုမြို့ကိုကြည့်ရှူလိုက်သည်။ ထို့နောက်တွင်တော့ သူ့နံဘေးတွင် ရှိနေသည့် ဝမ်ရှန်းကိုလှည့်ကြည့်လိုက်၏။ ကောင်းမွန်ပြည့်စုံနေသောနေရာတွင်သာနေထိုင်ချင်သောသူသည် ဝမ်ရှန်းကြောင့်သာမဟုတ်လျှင် သည်လိုနုံချာခြောက်ကပ်သည့်အရပ်ဒေသမျိုးကို နောက်တစ်ကြိမ်ခြေဦးလှည့်လာမည်မဟုတ်ချေ။

ပြန်လမ်းကြယ်ဝေ စောင်းကြိုးပြေ (BL OC) Complete Where stories live. Discover now