Chapter 39

285 33 8
                                    

Unicode

ပြန်လမ်းကြယ်ဝေစောင်းကြိုးပြေ  Chapter 39

ဆရာသခင်ရဲ့လက်ထဲကအရိုးပြာရှုံ့အိတ်လေး

ငွေဦးချိုသမင်မွေးတို့၏အိပ်မွေ့ချစွမ်းအင်ကုန်ခမ်းသွားသည့်အခါမှ ချင်းမင်တောင်ပေါ်ရှိသူများအားလုံးဖြည်းဖြည်းချင်းပြန်နိုးလာကြသည်။ များလှစွာသော သမင်မိစ္ဆာများကို ရှောင်ရှင်းတစ် ယောက်တည်းနှိမ်နင်းခဲ့သည်ကိုမြင်ရတော့ တောင်ပေါ်ရှိဂိုဏ်းသားအပေါင်းတို့သည် အလွန်အမင်း အံ့သြကြရကုန်၏။ ခန္ဓာကိုယ်အစိတ်အပိုင်းများတစ်စစီဖြစ်ကာ သွေးများဖြိုင်ဖြိုင်ကျသေဆုံးနေသော မိစ္ဆာတို့သည် ချင်းမင်တောင်ရင်ပြင်တစ်ခုလုံးတွင် ပုံပန်းပျက်ကာ အတုံးအရုံးသေလျက်ရှိသည်။ ချင်းမင်တောင်ရှိ ဆရာသခင်နှင့်ဂိုဏ်းသားများသည် မိစ္ဆာများစွာကိုဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ရင်းနှီးနေပြီးသား တောင်ဖြစ်သော်လည်း ယခုကဲ့သို့သန့်စင်သောတောင်ရင်ပြင်တွင်သွေးများလွှမ်းမိုးနေသည့် အဖြစ်မှာကားပထမဆုံးပင်ဖြစ်၏။ ချင်းမင်ဂိုဏ်းသားများသည် တောင်ပေါ်တွင်သုံးလကျော်နေထိုင်ကာ ချင်းမင်ဆရာသခင်ဆီတွင်တေးသွားသင်ယူလျက်ရှိသော ရှောင်ရှင်းအား သိပ်ပြီးဂရုထားခဲ့ခြင်းမရှိသော်လည်း ယခုတော့ ရှောင်ရှင်း၏စွမ်းအင်ကြီးမားရက်စက်ပုံကို အံ့အားသင့်နေကြလေ၏။

ရှောင်ရှင်းသည် တောင်ရင်ပြင်တွင်သန့်ရှင်းရေးလုပ်နေကြသော ဂိုဏ်းသားများကို အဝေးမှ ခပ်တွေတွေငေးကြည့်နေရင်း လက်ထဲတွင်ကိုင်ထားသည့် ငွေချည်ထိုးရှုံ့အိတ်ကလေးကို ဝတ်ရုံကြားထဲထည့်ထားလိုက်သည်။ ကြီးစွာသောအမှားတစ်ခုကိုကျူးလွန်ခဲ့မိခြင်းကြောင့် သူ၏စိတ်များသည် ရေစိုနေသောဝါဂွမ်းစိုင်များလိုလေးအိလျက်ရှိသည်။ ဝူရှန်း၏ သေဆုံးမှုသည် သူ့အပေါ်မည်မျှအကျိုးသက်ရောက်မှုရှိလာမည်ကိုမခန့်မှန်းချင်တော့ပါသောကြောင့် ရှောင်ရှင်းသည် စိတ်ရှုပ်ဟန်ဖြင့်သက်ပြင်းချလိုက်လေ၏။ ထို့နောက် ဝမ်ရှန်းရှိနေရာ မီးဖိုဆောင်ဆီကိုဦးတည်လျှောက်လှမ်းသွားသည်။

ပြန်လမ်းကြယ်ဝေ စောင်းကြိုးပြေ (BL OC) Complete Where stories live. Discover now