ထိုကဲ့သို့ငြိမ်နေရင်း တစ်နာရီမျှကြာသောအခါတွင်တော့ ရွှေရောင်တောက်ပလျက်ရှိသော ပုလဲပင့်ကူချုပ်ကြိုးသည် တဖြည်းဖြည်း အလင်းမှုန်များအဖြစ်ပြောင်းလဲသွားခဲ့ပြီး လေထဲကိုတစ်စစီလွင့်ပျံသွားပေတော့သည်။ သွေးတို့ကို ပျက်ကွက်ခြင်းမရှိ ပေးဆပ်ခဲ့ခြင်းကြောင့် နောက်ဆုံးမှာတော့ ပုလဲပင့်ကူချုပ်ကြိုးသည်လည်း ဖန်တီးသူ၏အမိန့်ကိုလွန်ဆန်ကာပျောက်ပြယ်သွားခဲ့ပြီဖြစ်လေသည်။ ချုပ်ကြိုးပျောက်သွားသည်နှင့် တစ်ပြိုင်နက် ရှောင်ရှင်းသည် စုတ်ပြတ်သတ်နေသော ဝမ်ရှန်း၏လက်တို့ကို ကိုင်လိုက်ပြီး သူ၏မိစ္ဆာစွမ်းအင်များကိုထုတ်၍ လက်ပေါ်မှဒဏ်ရာများကိုကုသပေးလိုက်သည်။

"မလုပ်နဲ့ ရှင်းအာ..... မင်းမှာအားမရှိသေးဘူးလေ.... ဒီလောက်သွေးတွေဆုံးရှုံးထားတာ ဘာလို့စွမ်းအင်တွေထုတ်သုံး....... "

"မပြောနဲ့....တိတ်တိတ်နေ....... "

ဝမ်ရှန်းသည် ဆက်ပြောချင်​သော်လည်း မျက်မှောက်ကုတ်ကာ သူ့ကိုဟောက်လိုက်သော ရှောင်ရှင်း၏ပုံစံကို ငေးစိုက်ကြည့်နေမိသည်။ နက်မှောင်သောမျက်ဝန်းတစ်စုံလုံးသည် ဒေါသအရိပ်အငွေ့များဖြင့်ပြည့်နေ၏။ မီးခိုးရောင်မျက်ခုံးတန်းတို့ကလည်း အလယ်ကိုစုဆုံတွန့်ချိုးနေသည်။

"ရှင်းအာ.... မင်းဒေါသထွက်နေတာလား.....ဘာလို့လဲ.....  "

".............."

"ရှင်းအာ.......... "

"ဟုတ်တယ် လူသတ်ချင်နေတာ !!!"

"..........."

ဆတ်တောက်တောက်နှင့် သူ့ကိုပြန်ပြောသော ရှောင်ရှင်း၏ ပုံစံသည် ချစ်စရာကောင်းလှပါသောကြောင့် ဝမ်ရှန်းသည် ထိုကောင်လေး၏ခေါင်းကိုလက်ဖြင့်နှစ်ချက်မျှပွတ်ပေးလိုက်ပြီး ဘေးတွင်ချထားသော ပစ္စည်းနှစ်ခုကိုဆွဲယူလိုက်သည်။

ထို့နောက် ရှောင်ရှင်းလက်ထဲထည့်ပေးလိုက်၏။

"ဘာတွေလဲ......"

"လက်ဆောင်လေ...... ရှင်းအာအတွက်......."

".........."

ရွှေရောင် ပိုးချည်ဖြင့်ထုပ်ထားသော အထုပ်ကိုအရင်ဆုံးဖွင့်ကြည့်လိုက်တော့ ခေါက်ရိုးကျိုးရာပင်မရှိအောင်လှပသန့်ပြန့်နေသော သစ်ရွက်ခြောက်ရောင်ဝတ်စုံအသစ်တစ်စုံကိုမြင်လိုက်ရသည်။ ရှောင်ရှင်းသည် သူ့အတွက်ဝယ်လာမှန်းသိနေသော်လည်း ထပ်မံမေးမြန်းလိုက်၏။

ပြန်လမ်းကြယ်ဝေ စောင်းကြိုးပြေ (BL OC) Complete Where stories live. Discover now