Zawgyi //
ᗪᗴᑕᗴᗰᗷᗴᖇ . 25 ; ᑕᕼᖇIՏTᗰᗩՏ ᗪᗩY
ကိုရီးယားနိုင်ငံရဲ့ဒီနှစ်ခရစ္စမတ်ညက စည်ကားတယ်လို့ပဲပြောရမလား ။ အရင်နှစ်တွေကထက် ပျော်ဖို့ကောင်းနေတာတော့ အမှန်ပဲ ။ အမြင့်ဆုံးတိုက်ခန်းကနေ ဆိုးလ်မြို့တစ်ခုလုံးရဲ့ခရစ္စမတ်ညကို ခြုံကြည့်ရတဲ့အရသာက တကယ်ကိုကြည်နူးလန်းဆန်းရတယ် ။
" merry christmas ပါ ပါးနဲ့မား "
" အော .. သားထယ်တောင်ရောက်လာပြီလား ။ merry christmas ငါ့သား "
ပြတင်းတံခါးဘေးမှာမတ်တပ်ရပ်ပြီး ဝိုင်ကိုအရသာခံသောက်နေတဲ့ပါးက သူရောက်လာတာတွေ့တော့ ကျေနပ်အားရစွာပြုံးပြီး ဆီးကြိုရှာတယ် ။
" နင် ဘာလို့ငါပေးတဲ့ဝတ်စုံကိုဝတ်မလာတာလဲ "
" ကိုယ်တို့သားအဖစကားပြောပါရစေဦးလား ယွန်းဟီးရယ် ။ ငါ့သားနဲ့မတွေ့ရတာဘယ်လောက်တောင်မှကြာနေပြီလဲ "
အတုအယောင်ဆိုတောင် ပါးဆီကဟန်ဆောင်မှုတွေကမှနွေးထွေးပါသေးတယ် ။
" ကျွန်တော်တွေ့ဆုံပွဲကိုအတူလိုက်ဖို့ လာခဲ့တာမဟုတ်ပါဘူးမား ။ ပြောစရာစကားရှိလို့ ဒီကိုလာခဲ့တာပါ "
" တွေ့ဆုံပွဲမလိုက်နိုင်ရလောက်တဲ့ထိ အရေုးကြီးနေတာ ဘယ်လိုစကားမို့လို့လဲ "
" ကျွန်တော် အနုပညာရှင်မလုပ်ချင်တော့ဘူးမား "
" ဘာ .. ။ နင်စိတ်မှမှန်သေးရဲ့လား ဂင်ထယ်ယောင်း "
" ကျွန်တော် မားရဲ့ရုပ်သေးရုပ်အဖြစ်ဆက်ပြီးမနေနိုင်တော့ဘူး ။ ကျွန်တော်ပင်ပန်းနေပြီမား "
မထင်မှတ်ထားတဲ့စကားကြောင့် ဒေါသထွက်နေတဲ့မားက ခက်ထန်စွာ သူ့ကိုစိုက်ကြည့်လို့နေတယ် ။
" နင် တကယ်ကိုရူးနေပြီပဲ ဂင်ထယ်ယောင်း ။ နင် ငါ့အကြောင်းကိုမသိသေးဘူးလား "
" မားအကြောင်းကို ကျွန်တော့်ထက် ဘယ်သူကမှပိုမသိနိုင်ပါဘူး ။ အဲ့ဒါကြောင့် ကျွန်တော်ပင်ပန်းနေပြီလို့ပြောတာ ။ ထွက်ပြေးချင်လောက်အောင်ထိ ပင်ပန်းတယ် ။ ရှင်းရှင်းပြောရရင် မားနဲ့ခုလိုမျက်နှာချင်းဆိုင်နေရတာတောင် ပင်ပန်းတယ် "