အာကာဟိန်းထက်၏ မိခင်ဖြစ်သူ ဟန်ဆောင်းမေက အလုပ်ကိစ္စဖြင့် ကိုရီးယား နိုင်ငံသို့ ရောက်နေခြင်း ဖြစ်သည်။ ဒီရက်ပိုင်းအတွင်း သူမ အိမ်မှာ ရှိနေမည် မဟုတ်။

"အစ်ကိုတော့ ပျင်းနေတော့မှာပဲ၊ အဖော် ရအောင် မေလေး လာနေပေးရမလား"

မေ Scarlett မျက်စောင်းထိုးမှ ထိုင်ခုံတွင် ဝင်ထိုင်လာသည်။ ထို့နောက် သူမ ဆံနွယ်ထက် ပန်လာသည့် သနပ်ခါး ပန်းခက်လေးများကို စားပွဲပေါ် ခဏ ချကာ ပြေတော့မလိုလို ဖြစ်နေသည့် ကျစ်ဆံမြီးလေးကို ပြန်ကျစ်လိုက်သည်။ မေ Scarlett ပုံစံက တစ်ခါမှ မရောက်ဖူးသည့် အိမ်ကို ရောက်နေရတာတောင် စိမ်းသက်မှု မရှိဘဲ လွတ်လပ် ပေါ့ပါးနေ ဟန် ရှိသည်။ 
    
အာကာဟိန်းထက် စားပွဲပေါ် တင်ထားသည့် သနပ်ခါး ပန်းခက်များကို ငုံ့စိုက် ကြည့်ရင်း ပြောမိသည်။ 

"ပျင်းတယ် ဆိုတာ လုပ်စရာ မရှိလို့ တဲ့၊ ကိုယ့်မှာ လုပ်စရာတွေ ပုံလို့ . . ၊ မိန်းကလေး တစ်ယောက်ရဲ့ စောင့်ရှောက်မှုကို လိုအပ်ရအောင်အထိ ကိုယ် မပျော့ညံ့သေးပါဘူး"

"ဒီတော့ မေလေးကို မလာနဲ့လို့ ပညာသား ပါပါ ငြင်းလိုက်တာပေါ့လေ"

အာကာဟိန်းထက် ဘာမှမပြော။ ပြုံးရုံသာ ပြုံးကာ ပန်းကန်ထဲမှ ခေါက်ဆွဲများကို ဖြည်းဖြည်းချင်း ဝါးစားနေလိုက်သည်။ မေ Scarlett က မကျေနပ်သလို နှာခေါင်း ရှုံ့ကာ သူ့ကို ခပ်ရှန်းရှန်း ကြည့်သည်။

"ကဲ . . ပြောပါဦး၊ အခုရော ဘာကိစ္စနဲ့ ကိုယ့်ဆီ ရောက်လာတာလဲ"

"အစ်ကို့ကို သတိရလို့လေ"

အာကာဟိန်းထက် မျက်ခုံး ပင့်သွားသည်။ ထိုအပြုအမူမှာ မယုံသင်္ကာဟန် ရောပါသွား၏။

"တကယ်"

"တကယ်ပေါ့၊ အစ်ကို မသိလို့နော်၊ တစ်ယောက်တည်း နေတဲ့အခါ အရမ်း အထီးကျန်တာပဲ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ၊ ယောင်ဝါးဝါးနဲ့ လမ်းပျောက်တယ်၊ ဒီကြားထဲ စိတ်ဓာတ်ပါ ကျလာရင် သွားရော . . ၊ စိတ်တွေ ညစ်ထွေးလာရင် ဘာနဲ့ လျှော်လျှော် မဖြူတော့ဘူး၊ ဒီခံစားချက်ကို အစ်ကိုတို့လို တစ်ယောက်တည်း နေရတာ သဘောကျတဲ့ လူတွေကတော့ ဘယ်နားလည်မလဲ"

SUN { Season 1 }Where stories live. Discover now