ကျန်းယွမ်ပိုင် ခေါင်းညိတ်လိုက်ပြီး သူ့ကျောပိုးအိတ်ကိုချ၍ ရေချိုးခန်းဆီသို့ ရှီပုဖန်နောက်ကနေ လိုက်သွားလိုက်သည်။ ရှီပုဖန်က မာမားရှီသူ့အတွက် ထည့်ပေးထားတဲ့ရေကို ဖယ်ပစ်လိုက်ကာ အသစ်တစ်ဖန်ထပ်ထည့်လိုက်တာအား သူတွေ့လိုက်ရသည်။ သူမတ်တပ်ရပ်ကာ ပြောလာလေသည်
" ငါမင်းအတွက် ညအိပ်ဝတ်စုံသွားရှာလိုက်အုံးမယ်"

ကျန်းယွမ်ပိုင်က ယဉ်ယဉ်ကျေးကျေးပဲ သူထွက်သွားလို့ရအောင် ဘေးဘက်ကို ရွှေ့ပေးလိုက်သည်။ သူရေစက်လက်ကျနေတဲ့ ရေချိုးကန်ကိုငေးကြည့်နေရင်း သူ့စိတ်ထဲ မေးခွန်းတို့ဖြင့်ပြည့်နှက်သွားခဲ့သည်။

သူ့မိသားစုကလည်း ဒီလိုနွေးထွေးတဲ့ရေချိုးကန်ထဲမှာ ချိုးရတာကိုကြိုက်ပေမဲ့ ရေချိုးခန်းကတော့ ဒီလောက်မကြီးလေဘူး။ သူ့လက်တွေနဲ့ရေအပူချိန်ကို စမ်းကြည့်နေရင်း ဒီနေ့ဖြစ်သမျှအရာအားလုံးက မှုန်ဝါးဝါးဖြစ်နေသလို ခံစားလိုက်ရ၏။

ရေချိုးခန်းရဲ့တံခါးလက်ကိုင်က ရုတ်ခြည်းအလှည့်ခံလိုက်ရသည်။ ကျန်းယွမ်ပိုင်အနောက်ကို တစ်မဟုတ်ချင်းလှည့်လိုက်ရာ တံခါးလက်ကိုင်ဘုကိုလှည့်လို့မရတဲ့နောက် ရှီပုဖန်ကနောင်တဖြင့်ပြောလာသည်
" ငါ အဝတ်အစားတွေကို တံခါးရှေ့မှာထားခဲ့တယ်နော် "

ကျန်းယွမ်ပိုင် ရေချိုးပြီးနောက် သူတံခါးကိုဖွင့်လိုက်ကာ ခေါင်းနဲ့ပုခုံးတစ်ဝက်ကို အပြင်ထုတ်၍ ချောင်းကြည့်လိုက်၏။ ရှီပုဖန်က တစ်ဖက်မှာထိုင်နေပြီး သူ့ဖုန်းအားဆော့နေကာ ယင်းနောက် ကျန်းယွမ်ပိုင်ဘက်သို့ လှမ်းကြည့်လာသည်။ ကျန်းယွမ်ပိုင်က သူ့အဝတ်အစားတွေကို ကြွက်ဖြူလေးတစ်ကောင်လို သုတ်သုတ်နဲ့ဆွဲယူသွားရာ ရှီပုဖန်က တစ်ဖက်လူ၏နက်မှောင်နေတဲ့ဆံပင်ကိုသာလျှင် တွေ့လိုက်ရသည်။

ရေချိုးခန်းထဲမှာ ရှိနေတဲ့ကျန်းယွမ်ပိုင်ကတော့ စိတ်ရှုပ်ထွေးနေ၏။

သူ့ကိုယ်ကိုခြောက်အောင်လုပ်ပြီးတဲ့နောက်မှသာလျှင် ရှီပုဖန် သူ့အတွက်ပြင်ပေးထားတာက အစိမ်းရောင်ဒိုင်နိုဆော ညအိပ်ဝတ်စုံဖြစ်နေမှန်း သတိထားမိလိုက်သည်။ အကျပ်ရိုက်တယ် အကျပ်ရိုက်တယ် အကျပ်ရိုက်တယ်။ အဆုံးမှာတော့ သူမှန်တံခါးကိုခေါက်ကာ မေးလိုက်သည်
" ဒီမှာ အခြားညအိပ်ဝတ်စုံမရှိတော့ဘူးလား? "

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now