"ကျွန်တော် ရှိတယ်၊ စိတ်မပူနဲ့နော်"

နေသူရိန်မင်းခန့် တိုးတိုးလေး အားပေးလိုက်သည်။ ဝေယံက ပြုံးလျက် စိတ်သက်သာရာရစွာ ခေါင်းညိတ်သည်။ သူ ဝေယံ ပါးပြင်ကို ဖွဖွ ပွတ်သပ်ပြီးနောက် တံခါး ခေါက်လိုက်သည်။

"ဝင်ခဲ့ပါ"

အထဲမှ အမျိုးသမီး တစ်ယောက် အသံ ထွက်လာသည်။
ရင့်ကျက်ပြီး နွေးထွေး စိတ်ရှည်သော လေသံမျိုး ဖြစ်သည်။

တံခါး ဖွင့်ပြီး အခန်းထဲသို့ ဝင်သွားသည့်အခါ ဒေါက်တာ ဟန်နာရီကို ဖြစ်ဟန် တူသော အမျိုးသမီးက ရုံးစားပွဲမှာ ထိုင်လျက် ကွန်ပျူတာမှာ အာရုံ နစ်ဝင်နေတာ မြင်ရသည်။
    
ထိုင်ခုံမှာ သူတို့ ထိုင်လိုက်သည့်တိုင်အောင် သူမ မော့မကြည့်သေး။ အနက်ရောင် ဖောင်တိန်ဖြင့် မှတ်တမ်း စာအုပ်ထဲသို့ ကွန်ပျူတာဆီမှ အကြောင်းအရာ တချို့ကို မှတ်ယူနေသည်။ ထို့နောက် စာအုပ် ပိတ်ကာ ဖောင်တိန်ကို ဂျူတီကုတ် ရင်ဘတ်တွင် ထိုးတွယ်လိုက်သည်။ ဖောင်တိန် ရောင်စုံများ ထိုးချိတ်ထားသော အိတ်ကပ်ကလေး၏ အပေါ်ထောင့်တွင် ဟန်နာရီကို ဟူသော နာမည်ကို ဂျပန် စာလုံးများဖြင့် ရေးထိုးထားသည်။ ပန်းနုရောင် စာလုံးများပဲ ဖြစ်သည်။

"ဒေါက်တာ ဟန်နာရီကိုလား"

"ဟုတ်ပါတယ်၊ ဘာကိစ္စများလဲ"

ဆရာဝန်ဖြစ်သူ ဟန်နာရီကို၏ မျက်လုံးများက တောက်ပကာ အရောင် လက်နေသည်။ အသက် ဘယ်လောက် ရှိနိုင်မလဲ နေသူရိန်မင်းခန့် မခန့်မှန်းတတ်။ သုံးဆယ် ကျော်၊ သုံးဆယ့် ငါး နီးပါးလောက် ရှိမလား။ ထို့ထက်လည်း ပိုကောင်း ပိုနိုင်သည်။

"ကျွန်တော်က အဲလက်စ် ဗစ်တာပါ၊ ဒေါက်တာ ခမ်ဂျီ လွှတ်လိုက်တဲ့ သူပါ"

"ဟော . . Senpai လွှတ်လိုက်တဲ့ သူကို . . ၊ ဆရာမက သားတို့ကို စောင့်နေတာ မှန်ပေမယ့် . . Senpai လွှတ်လိုက်တဲ့ ဧည့်သည်က ကျောင်းသားလေးတွေ ဖြစ်နေမယ် မထင်ထားခဲ့ဘူး၊ အားနာလိုက်တာနော် . . ၊ မလာခင် ဖုန်း ကြိုဆက်မှပေါ့၊ အခုတော့ စောင့်စေမိပြီ၊ သားတို့ စောစော လာမယ်မှန်း သိရင် ဆရာမ လာကြိုမှာပေါ့၊ Senpai က သားတို့ကို ဂရုစိုက်ပေးဖို့ အများကြီး အကူအညီ တောင်းထားတာလေ"
    
ရှည်လျား နက်မှောင်သော ဆံနွယ်များကို ဖြန့်ချထားပြီး ခင်မင် ရင်းနှီးချင်စရာ ကောင်းသည့် အပြုံးကို ပြုံးထားသော သူမက ထင်ထားတာထက် နုနယ်လွန်းသော ရုပ်ရည်ကို ပိုင်ဆိုင်ထား သူ ဖြစ်သည်။ သူမ ပြုံးလိုက်သည့်အခါ ဣန္ဒေကြီးသော ဟန်ပန်များ နေရာတွင် ချစ်စဖွယ် ကောာင်းသော ဟန်ပန်များ ထင်ဟပ်လာသည်။ နေသူရိန်မင်းခန့် ထင်ထားသလောက် သူမ အသက်ကြီးပုံ မရ။

SUN { Season 1 }Where stories live. Discover now