(2)

12 2 0
                                    

(Unicode)

ပုံမှန်မဟုတ်တဲ့အခြေအနေအောက်က နေ့ရက်တွေကို ပုံမှန်လိုဖြတ်သန်းလာခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။
ကံကြမ္မာဟာ ကျီစယ်တတ်တယ်။
ဖြစ်တည်မှုတစ်ခု အသားကျခါနီးလာတိုင်း ရုတ်ချည်းပြောင်းပြန်လှန်ပစ်ခံရပါများလာတော့
မရေရာတဲ့ ဖန်ဆင်းရှင်ဆိုတာကို ဆဲချင်စိတ်ပေါက်လာတယ်။

ဒီနေ့လည်း မနေ့ကလိုပဲ။
ပုံမှန်မဟုတ်တဲ့အခြေအနေအောက်က ပုံမှန်နေ့ရက်တစ်ခုပေါ့။
မျှော်လင့်ချက်တွေကတော့ မရှိတော့တာကြာပါပြီ။
တစိမ့်စိမ့်လွမ်းရင်း တစ်ဆစ်ဆစ်နာကျင်ရတဲ့ ခံစားချက်တွေကလည်း အရသာတစ်ခုလိုဖြစ်လာခဲ့ပြီ။
အရင်ကထက် ပိုပြီးမှေးမှိန်လာတဲ့ အတ္တတွေ လောဘတွေနဲ့အတူ
ချိုမြိန်စွာ နာကျင်တတ်လာတယ်လို့ ပြောရမလား၊
လှပစွာ လွမ်းတတ်လာတယ်လို့ပဲ ပြောရမလား။
ခံစားချက်အရှိန်တွေမြင့်လာရင်တော့ ဖြည်းဖြည်းချင်း ဘရိတ်ကိုပြန်နင်းရတယ်။
မဟုတ်ရင် မှေးမှိန်ပြီးသား အတ္တနဲ့ လောဘတွေက အရောင်ပြန်ထင်လာတတ်တာမို့။
အဲ့ဒီလို လစ်မစ်ကလေးတွေတော့ ရှိတယ်။

ပြက္ခဒိန်ရဲ့ မနေ့ကစာရွတ်ကို စုတ်ရင်း  လွန်ခဲ့တဲ့ ၂ နှစ်က ဒီလိုအချိန်ကို ပြန်သွားသတိရလိုက်သေးတယ်။
နောက်ဆုတ်လို့ရသေးတဲ့ အချိန်၊
ရှေ့မဆက်ရင်တောင် အများကြီးအဆင်ပြေဦးမယ့် အချိန်၊
ငါသိပ် မိုက်ရူးရဲဆန်ခဲ့တဲ့ အချိန်...

မနှစ်က ဒီလိုအချိန်တွေကိုတော့ အတင်းကာရော မေ့ချင်ယောင်ဆောင်ထားတယ်။
မွန်းကြပ်စရာ အမှတ်တရတွေနဲ့ ဖြတ်ထုတ်ပစ်ချင်တဲ့ ၂၀၂၀။
ခုနှစ်သက္ကရာဇ်တွေမှာသာ ခံစားချက်ရှိရင် ၂၀၂၀ ဟာ သိပ်သနားဖို့ကောင်းသလို အားနာစရာလည်းကောင်းတယ်။
ဒါပေမဲ့ ငါလည်း မတတ်နိုင်ဘူး။
ပုံမှန်မဟုတ်တဲ့ အခြေအနေတွေရဲ့ အစဖြစ်ပြီး အသားမကျသေးတဲ့ မွန်းကြပ်မှုတွေချည်းပဲမို့ ဘာကိုမှ ပြန်သတိမရချင်ဘူး။

social media တွေနဲ့ဝေးနေချိန်မှာ စိတ်ပိုင်းဆိုင်ရာအရ အများကြီးနလန်ထူလာတာဟာ ဝမ်းသာစရာပါပဲ။
ကိုယ်အကြာကြီး သတိလက်လွတ်ဖြစ်နေတာတောင် အနားမှာအမြဲရှိနေခဲ့ကြတဲ့ လူတွေနဲ့ ပြန်ပြီး နီးစပ်လာတယ်။
ကြီးကြီးကျယ်ကျယ်တွေ မြတ်နိုးခဲ့တဲ့ ‌သားစက်ကို ခဏခေါက်ထားပြီး တစ်နှစ်‌ကျော်လောက်ဝေးနေခဲ့တဲ့ ကီးဘုတ်ပေါ် လက်ချောင်းတွေပြန်တင်ဖြစ်တယ်။
ကိုယ်တိုင်တီးတဲ့ River flows in you ကို သဘောကျစပြုလာတယ်။

AwkwardlyUnde poveștirile trăiesc. Descoperă acum