"ပါပါး ဘာမှမလုပ်ဘူး၊ ကြောက်မနေကြနဲ့၊ ဝင်လာကြ"

ထိုသို့ပြောမှ အခန်းထဲသို့ အမြွှာနှစ်ယောက် ပြေးဝင်လာသည်။ မျက်နှာချိုသွေးသည့်အနေဖြင့်လည်း သူ့ကို ရယ်ပြလျက် သူ့ရှေ့တည့်တည့်တွင် အမွှေစိန်နှစ်ယောက် တင်ပျဉ်ခွေကာ လာထိုင်ကြသည်။

"ဘာလုပ်ထားကြမှန်း သိကြတယ်မလား"

ချက်ချင်းကို နှစ်ယောက်စလုံး မျက်နှာလေးတွေ ငယ်သွားပြီး ခေါင်းညိတ်ပြကြသည်။ မျက်နှာငယ်လေးတွေကို မြင်ရတော့လည်း အစောနက ဆူမယ်လို့ တွေးထားသည့် စကားလုံးတွေ ပျောက်ကုန်သည်။ ဒီအတိုင်းလွှတ်ထားပေးလိုက်လို့ကလည်း မရ။ လွတ်ထားလိုက်ရင် ကလေးတွေကနောက်ထစ်ခါ ထပ်ပြီး ယခုကဲ့သို့ မလုပ်ဘူးဟု မပြောနိုင်။ သူနဲ့ ပိုင်မြင့်မြတ်ကျော်ကတော့ မိဘတွေမို့ ကိစ္စမရှိပေသိ ကျောင်းတက်သည့်အခါမှ အစပြု၍ အရွယ်ရောက်ပြီး အသက်ကြီးသွားသည်အထိ သူများတကာရဲ့ ပစ္စည်းကို သူတို့ လုပ်ချင်သလို လုပ်လို့ရသည်ဆိုသော အသိကြီး ဝင်သွားနိုင်သည်။

မိဘတစ်ယောက် ဖြစ်လာသည့်အခါမှာ သူ့အနေနဲ့ ကလေးတွေကို ချစ်လို့မဆူရက်၊ မပြောရက် ဆိုတာမျိုး ကိုယ့်စိတ်ဆန္ဒအရ လုပ်လို့မရတော့။ ကလေးတွေကို အကျင့်စာရိတ္တ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ကောင်းမွန်သည့် လူတွေအဖြစ် မြင်နိုင်ရန် ဆူသင့်တာဆူ၊ ပြောသင့်တာပြောရမည်။ ထိန်းထိန်းသိမ်းသိမ်း နည်းမှန်လမ်းမှန်နဲ့ ဆူ‌ဖို့တော့ လိုတာပေါ့လေ။

"ခေါင်းညိတ်ရုံပဲ မညိတ်နဲ့၊ ကိုယ်လုပ်ထားတာ ကိုယ်သေချာရင် ပါးစပ်ကနေ ဝန်ခံ၊ ပါပါး ထပ်မေးမယ်၊ သမီးနဲ့သား အပြစ်လုပ်ထားလား၊ မလုပ်ထားဘူးလား"

"လုပ်ထားပါတယ် ပါပါး"

မောင်နှမနှစ်ယောက် ခေါင်းငုံ့လျက် သံပြိုင်ဖြေလာကြသည်။

"ခေါင်းမငုံ့နဲ့လေကွာ၊ ပါပါးနဲ့ စကားပြောတိုင်းမှာ ဒီအတိုင်း ခေါင်းငုံ့ပြီး သားတို့ပြောလို့လား၊ ပါပါးကရော ဒယ်ဒီ့ကိုဖြစ်ဖြစ် သမီးတို့မောင်နှမကိုဖြစ်ဖြစ် စကားပြောရင် ခေါင်းငုံ့ပြီး ပြောတာ မြင်ဖူးလား"

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now