Arc 2 _ Chapter (5)_ အိမ်ရှေ့စံမင်းသားလေးရဲ့ ထိုးစစ်များ (Z+U)

6.9K 587 6
                                    


Arc 2 _ Chapter (5)_ အိမ်ရှေ့စံမင်းသားလေးရဲ့ ထိုးစစ်များ (Z+U)

တထန်နေပြည်တော်၊ လမုန့်စားပွဲတော်

  လမုန့်စားပွဲတော်ကို တက်ရောက်ရန် ညီလာခံတက်ခွင့် ရသည့် မှုးကြီးမတ်ကြီးများနှင့် ကတော်များက တန်ဖိုးကြီးအဝတ်အစားနှင့် လက်ဝတ်ရတနာကို အပြိုင်အဆိုင်ဝတ်ဆင်ကာ ဟန်ရေးပြနေကြသည်။ အားလုံးသတ်မှတ်ထားသည့်နေရာတွင် ထိုင်နေကြပြီး မင်းကြီး၊အိမ်ရှေ့စံနှင့် တော်ဝင်ဦးရီးတော်တို့ကို စောင့်ဆိုင်းရင်း စကားစမြည်ပြောနေကြသည်။

ထိုစဉ် ချောမွေ့လှပလွန်းသည့် လူငယ်လေးတစ်ယောက်ကို အပါးတော်မြဲကုန်းကုန်းက လမ်းပြကာ ဝင်လာသည်နှင့် မှုးမတ်ကြီးတွေက အချင်းချင်းမျက်စပစ်ကာ အချက်ပြလိုက်သည်။

"အိုက်ယား...ဘယ်သူများလဲလို့...မင်းသားလေး ကျန်းရီပင်း မဟုတ်လား.... နူတ်ဆက်ပါတယ် အရှင့်သား ... ဒီနေရာကို အရှင့်သား ဘယ်လိုအကြောင်းကြောင့် ရောက်လာတာလဲ ဆိုတာ သိပါရစေ "

တရားစီရင်ရေးဘက်မှ လက်ထောက်အမတ်ကြီးရီက ရိသဲ့သဲ့နူတ်ဆက်လိုက်သည်။ ကျန်းရီပင်းက ထိုအမတ်ကြီးကို ကြည့်လိုက်ပြီးနောက် ဒါက နောင်တော် အိမ်ရှေ့စံ၏ဘက်တော်သားဆိုတာ သိလိုက်သောကြောင့် ဘာမှမပြောပဲ နေလိုက်သည်။

ဒါပေမယ့် အခြားသော နယ်စပ်ရေးရာ တတိယအဆင့်အမတ်ကြီးပင်း က ထပ်မံလို့ တိုက်ခိုက်လာပြန်သည်။

"အရှင်မင်းသား... ပိုးထည်ဒီဇိုင်းအသစ်ကို တီထွင်နိုင်လို့ မင်းကြီးကို လာဆက်သတာများလား။ ဒါဆိုရင် အရှင်မင်းသား နေရာမှားနေရာက်နေပါပြီ။ ဒီနေရာက လမုန့်စားပွဲတော်အတွက် ဖိတ်ကြားခံရသူများသာ လာရတဲ့နေရာပါ   "

"အိုး...အမတ်ကြီးပင်းက ကျုပ်တို့မင်းသားလေးကို ဒီနေရာမှ ဖိတ်ကြားခြင်းမခံရသူလို့ ပြောချင်တဲ့ သဘောလား  "

လယ်ယာနှင့်ဆယ်မြောင်း ဒုတိယဝန်ကြီးကျန့်က ကူညီပြောသလိုနှင့် ထိုးနှက်လိုက်သည်။ ထိုစကားကိုကြားသောအခါ အခြားသော မင်းကတော်များက မင်းသားကျန်းရီပင်းကို ကြည့်ကာ ကဲ့ရဲ့ဟန်ဖြင့် ရယ်နေကြသည်။

ကျန်းရီပင်းသည် ဝတ်ရုံဖြင့်ဖုံးနေသော လက်ဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပေမယ့် မျက်နှာထားကို ပကတိအတိုင်း မပြောင်းလဲအောင် ထိန်းကာ ဘာမှမပြောပဲ ကုန်းကုန်းခေါ်ဆောင်လာသည့် နေရာကို ဆက်လျှောက်လာခဲ့သည်။

" ပယ်ခံမိဖုရားရဲ့သားကများ...လူပါးဝလို့...သူ့ကိုယ်သူ မင်းသားတစ်ပါးလို့ ထင်နေတုန်းလား မသိဘူး "

တရားစီရင်ရေးဌနမှ လက်ထောက်အမတ်ကြီးရီက ရန်စလိုက်ပေမယ့် မင်းသားလေးထံမှ တုန့်ပြန်မှု မရသဖြင့် ဒေါသထွက်ကာ မကြားတကြားပြော လိုက်သည်။ ထိုစကားကိုကြားသော ကျန်းရီပင်း၏ ကိုယ်ထဲက သွေးတွေက ဖြန်းခနဲဖြစ်သွားခဲ့သည်။ ဒါပေမယ့် ကြုံတောင့်ကြုံခဲ နန်းတော်ထဲကို ပွဲတက်ရန် ဖိတ်ကြားခံ ခဲ့ရသဖြင့် ခမည်းတော်ကို စိတ်မပျက် စေချင်သောကြောင့် တချက် စူးစိုက်ကြည့်ကာ မျက်လွှာချပြီး လျစ်လျူရှုလိုက်သည်။

"ဟား..ဟား... အမတ်ကြီးရီ... ခင်ဗျားစိတ်လျော့ လိုက်ပါတော့...  မယ်တော်ဘက်က ဘယ်လောက်နိမ့်ကျ ပေမယ့် ခမည်းတော်ဘက်က အမျိုးအနွယ်ကို ယူရတယ်ဆိုတာ မေ့သွားပြီလား။ မင်းသားလေး ကျန်းရီပင်းရဲ့မယ်တော်က အပယ်ခံ မိဖုရားဖြစ် ရင်တောင် ဘုရင့်သားတော် တစ်ပါးဖြစ်နေဆဲပါ... သခင်နေရာသခင်..ကျွန်နေရာကျွန်ဆိုတဲ့ စကားက အလကားဖြစ်လာတာ မဟုတ်ဘူး "

ဆည်မြောင်းဌာနမှ အမတ်ကျန့်၏ လှောင်ရယ် စကားကြောင့် အမတ်ကြီးရီက ရှုးရှုးရှားရှား ဖြစ်သွားခဲ့သည်။

"  အမတ်ကျန့်ရဲ့ နူတ်စအာစက တကယ်ကို သွက်တာပဲ။ ကြည့်ရတာ မင်းသားလေးကျန်းရီပင်းကို ခင်ဗျားရဲ့ ကျောထောက်နောက်ခံ လုပ်ချင်နေ တာများလား...  "

"ကျွန်တော်က နဂါးသွေးစစ်စစ်ပါတဲ့သူကိုပဲ ရိုးကျိုးတယ်ဆိုတာ အမတ်ကြီးရီလည်းသိတာပဲ... အခုက ခွေးကိုရိုက်ချင်ရင် ခွေးရှင်မျက်နှာကြည့်ရမယ် ဆိုတဲ့ စကားပုံအတိုင်းပဲ အမတ်ကြီးရီ သတိမေ့သွားမှာစိုးလို့ သတိပေးရုံပါ  "

ဆည်မြောင်းဝန်ကြီးဌာနမှ အမတ်ကျန့်၏ စကားများက ကျန်းရီပင်းဘက်မှ ဖေးမသလိုနှင့် လုံးဝကို စော်ကားတိုက်ခိုက်လိုက်သဖြင့် ကျန်းရီပင်း၏ ဒေါသတို့ ပေါက်ကွဲထွက်လာခါနီးတွင် အောင်မြင်သော အသံသြသြကို ကြားလိုက်ရသည်။

"  ခွေးကိုရိုက်ချင်ရင် ခွေးရှင်မျက်နှာကြည့်ရမယ် ဟုတ်လား... တကယ် မှတ်သားထိုက်တဲ့ စကားပုံပါပဲ... အမတ်ကျန့်က ဘယ်သူ့ကို ခွေးလို့ပြောလိုက်တာများလဲ... ငါကိုယ်တော် သိချင်လိုက်ပါဘိနဲ့.... "

ထိုစကားကိုကြားသည်နှင့် အစောပိုင်းက မင်းသားကျန်းရီပင်းကို အမဲတွဲ ခွေးဆွဲသလို ဝိုင်းအုံနေသည့်အမတ်ကြီးများအားလုံး တိတ်ကျသွားပြီး အားလုံး တပြိုင်တည်း ထရပ်က အရိုအသေပေးနူတ်ဆက်လိုက်ကြသည်။ တော်ဝင်ဦးရီးတော်ဘွဲ့ရ ထန်ဆွန်းဝူက မြင့်မားသော အရပ်၊ကြံ့ခိုင်သော ကိုယ်လုံးဖြင့် အေးတိအေးစက် ဟန်ဖြင့် ပေါ်လာခဲ့စဉ် သူ့ကိုယ်မှ ကြီးမြတ်သောအရှိန် အဝါတို့က ထွက်နေသည်။  ဦးရီးတော်ပေါ်လာသည်နှင့် မီးကိုရေနှင့်ဖြန်းလိုက်သလို ငြိမ်ကျသွားခဲ့သည်။

" ယွမ်ရွှမ်ဦးရီးတော်ကို ဂါရဝပြုပါတယ်ဘုရား "

ယွမ်ရွှမ်မင်းသားကြီး ထန်ဆွန်းဝူက လက်တချက် ယမ်းပြကာ ပြောလိုက်သည်။

" အားလုံးထကြပါ... အမတ်ကျန်း... ဒီပွဲက ဘယ်သူ့ကို ခွေးလို့ပြောလိုက်တယ်ဆိုတာ ငါကိုယ်တော် သိအောင် ပြောပါဦး "

ကျန်းရီပင်းက မထင်မှတ်ပဲရောက်လာပြီး ဝင်မေးလိုက်သည့် တော်ဝင်ဦးရီးတော်ကို တချက်ကြည့်ကာ မျက်နှာလွှဲလိုက်သည်။ ဒီဦးရီးတော်က အိမ်ရှေ့မင်းသားကို ထောက်ခံအားပေးသူဖြစ်ကြောင်း တိုင်းသိပြည်သိဖြစ်သည်။ အခုလည်း သူက မိမိကို ကူညီသယောင်နှင့် ထိုးချဖို့ ဝင်ပါတာဖြစ်ရမည်။

" တော်..တော်ဝင်ဦးရီးတော်ဘုရား..ကျွန်တော်မျိုးတို့က ဒီအတိုင်း စနောက်နေကြတာပါ... "

" အမတ်ကြီးတွေက အတော်အားကြတယ်ထင်ပါရဲ့... စကြ၊ နောက်ကြနဲ့ဆိုတော့ နန်းရင်ပြင်တစ်ခုလုံး ပျံကျဈေးလို ဆူညံလို့နေတာပဲ "

" ကျွန်တော်မျိုးတို့ စည်းကမ်းကို ဖောက်ဖျက်မိသွား ပါတယ်ဘုရား.. အပြစ်က ခွင့်လွှတ်တော်မူပါ.... "

" အပြစ်က ခွင့်လွှတ်တော်မူပါ တော်ဝင်ဦးရီးတော်ဘုရား "

ထန်ဆွန်းဝူက ဘုရင်နှင့်တဆင့်သာ နိမ့်သည့် သူ့နေရာတွင် ဝင်ထိုင်ကာ ဒူးထောက်တောင်းပန်နေသည့် မှုးမတ်တစ်စုကို ကြည့်ကာ ပျင်းရိဟန်ဖြင့် တချက်ကြည့်ကာ ပြောလိုက်သည်။

" ခုနက စည်းပျက်ကမ်းပျက် ဝိုင်းပြောကြတဲ့ အမတ်တွေ အကုန်ထွက်လာခဲ့... "

ထန်ဆွန်းဝူ၏လေသံကြောင့် အခြားသော မှုးမတ်များ၊ မှုးမတ်ကတော်များ၏မျက်နှာဖြူယော်သွားကြသည်။ တော်ဝင်ဦးရီးတော် ပွဲတက်လာမည်ကို သိလျက်နှင့် မင်းသားငယ်လေးကို နူတ်မစောင့်စည်းစွာ နှိပ်ကွပ်ချင်သည့် ထိုအမတ် သုံးဦးကို ကျန်ပရိတ်သတ်အားလုံးက စိတ်ထဲကနေ ဝိုင်းဆဲလိုက်ကြသည်။

" ကျွန်တော်မျိုးတို့ကို အပြစ်က ခွင့်လွှတ်တော်မူပါဘုရား "

အမတ်ရီ၊ အမတ်ကျန့်၊အမတ်ပင်းတို့က တုန်ယင်စွာဖြင့် ရှေ့ထွက်ကာ တောင်းပန်ကြသည်။
ထန်ဆွန်းဝူက ကုန်းကုန်းဌဲ့ပေးသည့် သေရည်ခွက်ကို တစ်ငုံစုပ်သောက်ကာ အမိန့်ပေးလိုက်သည်။

" တယောက်တလှည့် ပါးကို ဘယ်ပြန်ညာပြန် အချက် 20 စီရိုက်ကြစမ်း။  "

"မှန်လှပါဘုရား...မှန်လှပါ..  "

အမတ်ကြီး သုံးယောက်က ခေါင်းနှင့်ကိုယ်အိုးစားကွဲပြီထင်ထားရာမှ ပါးရိုက်သည့်အပြစ်ဒဏ်ကြောင့် ဝမ်းသာစွာဖြင့် တယောက်တလှည့်စီပါးရိုက်လိုက်ကြသည်။ နန်းရင်ပြင်တွင် ပြင်းထန်လှသည့် ပါးရိုက်သံကလွဲပြီး မည်သူမှ အသံတစ်သံမှ မထွက်ရဲကြပေ။ ဦးရီးတော်ရှေ့ဖြစ်လို့ အမတ် သုံး ဦးက လုံးဝမညှာရဲလို့သူတို့ပါးပြင်က ဖူးယောင်လာပြီး မျက်နှာက ဝက်ခေါင်းလို ဖြစ်လာကြသည်။

ကျန်းရီပင်းက ထိုအမတ်ကြီး ၃ ယောက်ကို သနားခြင်းမရှိ အေးဆေးစွာသာစိုက်ကြည့်နေသည်။

" အမတ်ကြီး ၃ ပါးက ဘယ့်နှယ်ပါးရိုက်တမ်း ကစားနေကြတာလဲ.... "

ကြည်လင်သော အသံတစ်သံနှင့်အတူ ရွှေရောင်ဝတ်စုံနှင့် အိမ်ရှေ့စံမင်းသားလေး ရောက်ရှိလာသဖြင့် မှုးမတ်အားလုံး အရိုသေပေးကာ ကြိုဆိုလိုက်ကြသည်။ ပါးရိုက်နေသည့် အမတ်သုံးဦးလည်း သခင်ရောက်လာပြီဖြစ်လို့ ဝမ်းသာအားရဖြင့် ရပ်လိုက်စဉ် ဦးရီးတော်၏ အသံကဟိန်းထွက်လာသည်။

" မင်းတို့ကို ဘယ်သူက ရပ်ခိုင်းလို့လဲ... "

ထိုအသံကိုကြားသော် အမတ် ၃ ဦးက အိမ်ရှေ့စံကို အားကိုးတကြီး ကြည့်လိုက်ပေမယ့် အိမ်ရှေ့စံထန်ယွဲ့ဖိန်းက ဦးရီးတော်ဆီကို ပြုံးကာ တည့်တည့်လျှောက်လာပြီးပြောလိုက်သည်။

" ဦးရီးတော်ကို သူတို့က စိတ်အနှောက်ယှက်ဖြစ်စေတယ် ဆိုရင် တူတော် တောင်းပန်ပါတယ်။ သူတို့လို  အမတ်တွေကြောင့် ဦးရီးတော် ရွှေစိတ်တော် အနွမ်းမခံပါနဲ့...တူတော်မောင် ကိုယ်စားအပြစ်ပေးလိုက်ပါရစေ  "

ထန်ဆွန်းဝူက အိမ်ရှေ့စံ၏ စကားကြောင့် လက်ယမ်းကာ ခွင့်ပြုလိုက်သည်။ အိမ်ရှေ့စံက ကိုယ်ရံတော်မှုးချုပ်ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

" အခုပြသနာဖြစ်တဲ့အထဲ ပါဝင်တဲ့ သူအားလုံးကို ဆွဲထုတ်သွားပြီး ထောင်ထဲမှာ ချုပ်ထားလိုက်။ ပွဲတော်ပြီးရင် ငါကိုယ်တော်ကိုယ်တိုင် စစ်ဆေးပြီးအပြစ်ပေးမယ် "

" မှန်လှပါ... "

ကိုယ်ရံတော်မှုးချုပ်နှင့် တပ်သားများက အမတ်ကြီး ၃ ဦးအပြင် မင်းသားလေး ကျန်းရီပင်းကိုပါ ဆွဲခေါ်ဟန်ပြင်လိုက်စဉ် မင်းကြီး ကြွချီလာကြောင့် ကုန်းကုန်း၏ ကြေငြာသံကို ကြားလိုက်ရသည်။

"မင်းကြီး ကြွချီလာပါပြီ  "

" မင်းကြီးကို ကြိုဆိုပါတယ်။ မင်းကြီး သက်တော် သောင်းကျော်ရှည်ပါစေ "

မှုးမတ်အားလုံးနှင့် နန်းရင်ပြင်က လူအားလုံး ဒူးထောက်က ဂါရဝပြုလိုက်ကြသည်။

မင်းကြီးက လက်ယမ်းကာ ပြောလိုက်သည်။

"အားလုံးထကြပါ.... "

" ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး "

မင်းကြီးက ညီတော်ထန်ဆွန်းဝူကို ပွဲမတက်စဖူး အတက်ထူးလို့ မေးလိုက်သည်။

" ညီတော်လည်း ပွဲတက်လာပါလား။ နောင်တော်က မင်း မလာတော့ဘူးထင်နေတာ "

" ဒီနေ့က ဆွေတော်မျိုးတော်အကုန် ပွဲတက်ကြမယ် ကြားလို့ ညီတော် လာခဲ့ရတာဖြစ်ပါတယ် နောင်တော်မင်းကြီး။ ညီတော်လည်း ရှေ့တန်း စစ်မျက်နှာမှာ အနေများလို့ ကိုယ့်တူတော်၊တူမတော်တွေကို မမှတ်မိအောင်ကို ဖြစ်နေမိတာကိုး... "

မင်းကြီးက ညီတော်၏စကားကိုကြားတော့ သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။

" ညီတော်ကို နောင်တော်က နယ်စပ်ဒေသတွေချည်း နေခိုင်းသလို ဖြစ်နေခဲ့တာကိုး။ အခု ညီတော်ကို ကောင်းကောင်း အနားယူခိုင်းဖို့ နောင်တော် စီစဉ်ထားပြီ။ ညီတော်ရဲ့တာဝန်ကို အငယ်တချို့လက်ထဲ ခွဲဝေပေးပြီး နောင်တော်နဲ့အတူတူ နန်းတော်ထဲမှာ ကျားထိုးရင်း တိုင်းပြည်ရေးကို ကူညီစံမံပေးဖို့ နောင်တော် စီစဉ်ထားတယ် "

" အစစ အရာရာ အားလုံး စဉ်းစားစီစဉ်ပေးလို့ နောင်တော်မင်းကြိးကို ကျေးဇူးတင်ပါတယ် ဘုရား။ ညီတော်လည်း နားခွင့်ရသွားတာပေါ့ "

" ကောင်းတယ်..ကောင်းတယ်... ညီတော်ရှိတော့ နောင်တော်လည်း အားရှိတာပေါ့..ဟား..ဟား..ဟား "

မင်းကြီးက ယွမ်ရွှမ်မင်းသားကြီးလက်ထဲက စစ်တပ်အင်အားကို ပြန်လည်ရယူရန်ကြံထားသဖြင့် ယခု အကွက်ဆိုက်စဉ် ပြောလိုက်သည်။ မထင်မှတ်ပဲ ညီတော် ထန်ဆွန်းဝူက သဘောတူလိုက်သဖြင့် စိတ်လက်ကြည်သာပြီး ရယ်မောလိုက်သည်။

" ဒါနဲ့ ညီတော်က စစ်သည်တော်ဆိုတော့ ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်းလုပ်တတ်တာနဲ့။ နန်းတော်ထဲမှာ နေတာ နောင်တော်အတွက် အဆင်ပြေနိုင်ပါ့မလားလို့ တွေးမိတယ် "

" ဘာကြောင့်မပြေနိုင်ရမှာလဲ... ရိုးသားပွင့်လင်းတာ အကောင်းဆုံးပေါ့...နောင်တော်က ဒီလို လူမျိုးကို လိုအပ်နေတာပဲ "

" ဒါဆိုရင် ညီတော်က စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်တဲ့သူတွေကို တွေ့လို့ စည်းကမ်းအတိုင်း အပြစ်ပေးမိခဲ့ရင်  နောင်တော် ခွင့်လွှတ်နိုင်ပ့ါမလား"

" ဘာကြောင့် ခွင့်မလွှတ်နိုင်ရမှာလဲ။ စည်းကမ်း မလိုက်နာတဲ့သူကို တွေ့ရင် ညီတော် စိတ်တိုင်းကျ စည်းမျဉ်းအတိုင်း အပြစ်ပေးလို့ရတယ် "

" ကျေးဇူးတင်ပါတယ် နောင်တော် မင်းကြီး။ ဒါဆိုရင် ပွဲတော်မစခင် ညီတော် ဒီကိုရောက်ရောက်ချင်း နဂါးသားတော်က ဆင်းသက်လာတဲ့ နန်းသွေးတစ်ယောက်ကို မှုးမတ်တွေ စော်ကားနေတဲ့ ကိစ္စကို အရင်စီရင်မှထင်တယ် "

" ဦးရီးတော်ဘုရား...ဘာကြောင့် အသေးအဖွဲ့ကို ကိုယ်တိုင် လုပ်မှာလဲ ဘုရား။ တူတော်က ဦးရီးတော်ကိုယ်စား သေချာစီရင်လိုက်ပါ့မယ် "

အိမ်ရှေ့မင်းသားက စိုးထိတ်စွာဝင်လျှောက်တင်လိုက်သည်။ အမတ် ၃ ဦးက တုန်ယင်ကာ မင်းသားကို အသည်းအသန် မျက်လုံးဖြင့် အကူညီတောင်းနေကြသည်။ သူတို့က မင်းသားရဲ့အမိန့်ဖြင့် ပွဲတက်ရန်လာသည့် ကျန်းရီပင်း မင်းသားလေးကို တမင်စော်ကားတိုက်ခိုက်ခဲ့ တာဖြစ်သည်။ ကံဆိုးပြီး တော်ဝင်ဦးရီးတော်နှင့် တည့်တည့်တိုးကာ ပါးရိုက်ခံရသည့်အပြင် အခု မင်းကြီးဆီက နူတ်မိန့်ခွင့်ပြုချက်အရ တော်ဝင်ဦးရီးတော်က မိမိတို့ကို တော်ဝင်သွေးသားကို စော်ကားသည့် ပြစ်မှုဖြင့် သေဒဏ် စီရင်တော့မှာ သေချာသည်။

မင်းကြီးက ဖူးယောင်နေသည့် မှုးမတ် ၃ ဦးနှင့် ချောမောလှပသည့် လူငယ်လေးကို ကြည့်ကာ နားမလည်ဟန်ဖြင့်မေးလိုက်သည်။

" အခုက ဘယ်လို အရေးကိစ္စဖြစ်နေတာလဲ ။ "

ထန်ဆွန်းဝူက ထန်ယွဲ့ဖိန်းကို ကြည့်လိုက်တော့ အိမ်ရှေ့စံက မလွဲသာပဲ မင်းကြီးကို ဖြစ်သမျှ အကုန်ပြောပြလိုက်ရတော့သည်။

" ညီတော် ကျန်းရီပင်းကို မှုးမတ်တွေက စော်ကားပြောဆိုနေတာပါ ခမည်းတော်ဘုရား "

" ကျန်းရီပင်း... မင်းက ကျန်းဖေးယန့်..မိဖုရားကျန်းရဲ့ သားလေးလား...  "

ထိုအသံကိုကြားတော့ ကျန်းရီပင်းက ဒူးထောက်ကာ မင်းကြီးကို အရိုသေပေးရင်း ပြန်လည်လျှောက်တင်လိုက်သည်။

" မှန်လှပါ ခမည်းတော်ဘုရား..သားတော် ကျန်းရီပင်းပါဘုရား... ခမည်းတော် အခုထက်ပိုပြီး သက်တော်ရှည်ပြီး ဘုန်းတန်ခိုးကြီးမားပါစေလို့ ဆုတောင်းလိုက်ပါတယ်ဘုရား "

" ကျန်းရီပင်း... ကျန်းရီပင်း... "

မင်းကြီးက သူ့မယ်တော်နှင့် ရုပ်ရည်ချင်း စွတ်ချွတ်တူလွန်းလှသည့် သားတော်အငယ်လေးကို ကြည့်ကာ သက်ပြင်းရှိုက်ရင်း အိမ်ရှေ့စံကို ကြည့်ကာ ပြောလိုက်သည်။

" ကျန်းရီပင်းကို  စော်ကားပြောဆိုနေတာကို မင်းက နောင်တော်တစ်ပါးအနေနဲ့ တရားမျှတမှုရအောင် လုပ်ပေးလိုက်... ငါကိုယ်တော်ရဲ့သွေးသားကို စော်ကားတာက ငါကိုယ်တော်ကို စော်ကားတာနဲ့အတူတူပဲ  "

မင်းကြီး၏ပြင်းထန်သော မိန့်ကြားချက်ကြောင့် မှုးမတ် ၃ ဦးက မျက်ရည်ကျကာ တောင်းပန်လိုက်ကြသည်။ ဒါပေမယ့် မင်းကြီးက လက်ခါပြလိုက်သဖြင့် အိမ်ရှေ့စံက ထိုအမတ် ၃ ဦးကို ဆွဲထုတ်သွားစေသည်။ ကျန်းရီပင်းကတော့ သူ့မူလနေရာမှ ကျန်ရစ်ခဲ့သည်။

အိမ်ရှေ့စံက ကံကောင်းလှသည့် ခွေးသားကို ကြည့်ကာ အံကြိတ်လိုက်မိသည်။ ဦးရီးတော်က ပွဲမတက်ပါဘူးဟု ပြောခဲ့လို့ တမင်သက်သက် ကျန်းရီပင်းကို ပြသနာရှာခိုင်းပြီး ခမည်းတော်ရှေ့မှာ စိတ်ပျက်အောင် လုပ်ခိုင်းခဲ့ပေမယ့် ခွေးမသားက သည်းခံစိတ်ပြည့်ဝလွန်းပြီး ဆင်ထားသည့်အကွက်ထဲ မဝင်ခဲ့ပေ။ ဒါ့အပြင် ကံဆိုးပြီး ဦးရီးတော် လာသည့်အချိန်ဖြစ်သွားပြီး ကျန်းရီပင်းဆိုသည့် ခွေးကောင်က ခမည်းတေ်ာရဲ့ မျက်လုံးထဲ ဝင်သွားခဲ့သည်။

"ပွဲတော်စတင်မယ်.... အဆို...အကတွေ စတင်စေ  "

မင်းကြီး၏အမိန့်ဖြင့် လမုန့်စားပွဲတော်က အသက်ဝင်လှုပ်ရှားလာခဲ့သည်။ ကျန်းရီပင်းက မင်းကြီး၏ဘေးနားတွင် ထိုင်ကာ တရင်းတနှီး စကားပြောနေသည့် ယွမ်ရွှွမ်ဦးရီးတော်နှင့် အိမ်ရှေ့မင်းသားကို တချက်ကြည့်ကာ ကချေသည်တွေဘက်ကို အကြည့်လွှဲထားလိုက်သည်။

ဒီဦးရီးတော်က စစ်တပ်ကို ချုပ်ကိုင်ထားပေမယ့် အခု မင်းကြီးပြောသွားသည့် စကားများအရ စစ်တပ်ကို မင်းကြီးက ပြန်လည်ရုပ်သိမ်းပြီး နှစ်သိမ့်သည့်အနေဖြင့် နန်းမြို့တော် အုပ်ချုပ်ရေးပိုင်းမှာ ထည့်သွင်းမည့် သဘောရှိသည်။ စစ်တပ်ကို ထိုဦးရီးတော်က အသာတကြည့် လက်လွှတ်ပေးလိုက်နိုင်သည့် အချက်က ဘာကြောင့်လဲ ဆိုသည့် အတွေးကို ဖြစ်လာစေသည်။ စစ်တပ်မရှိရင် ဒီတော်ဝင်ဦးရီးတော်၏ သြဇာအာဏာက ပျောက်သွားတော့မယ် မဟုတ်လား။ သူသာ ထိုဦးရီးတော်နေရာတွင်ရှိလျှင် စစ်တပ်အာဏာကို အလွယ်တကူ ပြန်လည်ပေးအပ်မည် မဟုတ်ပေ။

ဒါမှမဟုတ် ဒီလူက စစ်တပ်ကို အမိန့်ပေးတံဆိပ်ပြား မလိုပဲ ထိန်းချုပ်နိုင်သည့် အဆင့်ကိုများရောက်နေ လို့လား။

နှမျောစရာကောင်းသည့် အချက် ထိုလူက အိမ်ရှေ့စံရဲ့ကျော့ကွင်းထဲကို ဘယ်လိုကျရောက်ပြီး အိမ်ရှေ့စံကို ကျောထောက်နောက်ခံပြုပေးနေသည်ကို မသိတော့ပေ။ ကြားရသည့်အတိုင်းဆိုရင် အိမ်ရှေ့စံနှင့် ထိုဦးရီးတော်က တိတ်တိတ်ပုန်းဇာတ်လမ်းရှိနေတာ မှန်နေတော့မလား....

" ဒင်.... ဗီလိန်ထံမှ စိတ်ဝင်စားမှု 5 %ကိုရရှိလိုက်ပါပြီ။ "

ထန်ဆွန်းဝူသည် System ထံမှ အချက်ပေးသံကို ကြားလိုက်ရသဖြင့် မသိမသာပြုံးလိုက်မိသည်။ သူ့ထံကို မျက်နှာသွားပြပေမယ့် စိတ်ဝင်စားမှု မရခဲ့ပဲ ယခု စစ်တပ်အာဏာကို စွန့်လွှတ်လိုက်မှ သူလေးရဲ့ စိတ်ဝင်စားမှုကို ရခဲ့သည်။ နောက်တခါ သူ့ဆီက အာရုံစိုက်မှု ရအောင် ခပ်ကြမ်းကြမ်း ကိုင်တွယ်မှထင်သည်။

ထန်ဆွန်းဝူသည် ကျန်းရီပင်းကို ကြည့်ကာ သေရည်ကို တငုံချင်း စုပ်သောက်လိုက်သည်။

" ဦးရီးတော်.. "

" အမိန့်ရှိပါ   အိမ်ရှေ့စံမင်းသားလေး "

ထန်ဆွန်းဝူက ထန်ယွဲ့ဖိန်း၏ ခေါ်သံကို ကြားလို့ လှည့်ကြည့်လိုက်တော့ သူ့မျက်ဝန်းထဲမှာ သဝန်တိုရိပ်ကို တွေ့လိုက်ရသည်။

"  ဦးရီးတော်...ယွဲ့အယ်ကို ခုလို သူစိမ်းမဆန်ပါနဲ့လား... ခါတိုင်းလို ယွဲ့အယ်လို့ပဲ ခေါ်ပါ"

" အခြားလူတွေရှိတယ်လေ...အစဉ်လာဆိုတာ ထိန်းသိမ်းရမှာပေါ့ "
ထန်ဆွန်းဝူက အိမ်ရှေ့စံလူငယ်လေးကို ပျင်းရိစွာကြည့်ကာ ပြောလိုက်ပေမယ့် ထန်ယွဲ့ဖိန်းက သဝန်တိုစိတ် ပြင်းပြစွာ ဆက်ပြောနေသည်။ ဦးရီးတော်က သူ့လူဆိုတာ ကျန်းရီပင်း သိအောင် အော်ပြောလိုက်ချင်သည်။

" ဦးရီးတော်နဲ့ ယွဲ့အယ်ကြားထဲမှာ အစဉ်လာဆိုတာ မရှိဘူး... "

" ကောင်းပြီ..ယွဲ့အယ်..ဦးရီးတော်ကို ဘာပြောချင်လို့လဲ ..ပြောလေ "

" ဦးရီးတော်နဲ့ ယွဲ့အယ် တောကစားထွက်ချင်တဲ့ အကြောင်းကို ပြောမလို့ပါ "

"  ကောင်းသားပဲ.... သွားကြတာပေါ့..."

ထန်ယွဲ့ဖိန်းကို ထန်ဆွန်းဝူ ပြန်ဖြေလိုက်သည်။ အကအဖွဲ့ပြီးသွားချိန်တွင် အိမ်ရှေ့စံက မင်းကြီးကို လျှောက်တင်လိုက်သည်။


" ခမည်းတော်ဘုရား...ညီတော်ကို နန်းတော်မှာ နေဖို့ သားတော် ဖိတ်ကြားပါရစေ။ နောက်နေ့ သားတော်တို့ ဦးရီးတော်နဲ့ တောလိုက်ထွက်မလို့.. ညီတော်ကိုပါ အတွေ့အကြုံရအောင် ခေါ်သွားချင်ပါတယ်ဘုရား"

မင်းကြီးက သားတော်အိမ်ရှေ့စံက မိဖုရားကျန်း၏သားတော်လေးကို တောကစားထွက်သည့်နေရာ ခေါ်သွားချင်သည်ဟု လူကြားထဲ အတိအလင်း ခွင့်တောင်းတော့ တားလို့မကောင်းသဖြင့် ခွင့်ပြုလိုက်ရသည်။

" ကောင်းသားပဲ... သားတော်က ညီတော်တွေကို မသိတာကို သင်ကြားပြသပေးလိုက်ပေါ့ "

" အမိန့်တော်မြတ်အတိုင်းပါဘုရား... "

ကျန်းရီပင်းသည် ပွဲပြီးတော့ ပြန်မည်အပြု အပါးတော်မြဲက အိမ်ရှေ့စံ၏အမိန့်ကို လာပြောခဲ့သည်။ ကျန်းရီပင်းက သက်ပြင်းဖွဖွချကာ အပါးတော်မြဲနောက်ကို လိုက်ပါလာခဲ့ရသည်။ သူက အိမ်ရှေ့စံ၏ အမိန့်ဖြင့် တောကစားအတူသွားရမည်ဖြစ်လို့ နန်းတော်ထဲမှာ  တည်းခိုရမည်တဲ့။

ဟာသပဲ...
ဘုရင့်သားတော်ချင်းအတူတူ သူက ဖိတ်ခေါ်မှ နန်းတော်ထဲ နေခွင့်ရတယ်တဲ့လား။

မယ်တော် ကျန်းဖေးယန့်ကို ဝိုင်းဝန်းချောက်ချ ကာ အအေးနန်းဆောင်မှာ စွန့်ပစ်ခံလိုက်ရပြီး မိမိကို တောရွာလေးဆီ ကန်ထုတ်ခဲ့ပြီးလေပြီ။ အခု မိမိကို ဘယ်လို အကောက်ကြံချင်သေးလို့ အိမ်ရှေ့စံက ဖိတ်ခေါ်သလဲ မသိပေမယ့် ကျန်းရီပင်းလည်း အခွင့်ရေးရခိုက် မယ်တော်နှင့် တွေ့ခွင့်ရဖို့ ကြံရမည်ဟု တွေးလိုက်သည်။

****-***


Attracting the  Villain ❤ (ဗီလိန်တစ်ယောက်ကို ဆွဲဆောင်ခြင်း - System - 119 )Donde viven las historias. Descúbrelo ahora