စွမ်းရည်ထက်ရဲ့ လက်ရှိအခြေအနေသည် သူငယ်ချင်းဖြစ်သူ ကြုံကြိုက်နေရသော အဖြစ်ဆိုးကြီးကို သူ့ကြောင့်ဟု အပြစ်တင်သည့်စိတ်ဖြင့် နေထိုင်ခြင်း ဖြစ်နေသည်။ ကြာလာလျှင် စိတ်ကျရောဂါအထိ ဖြစ်နိုင်ကာ ကျန်းမာရေး ထိခိုက်လာနိုင်မည်။ စွမ်းရည်ထက်ကို စိုးရိမ်၍ ဂရုစိုက်တာကလည်း သူ့အတွက် ချစ်သူမဟုတ်သေးတော့ လုံလုံလောက်လောက် ဂရုစိုက်နိုင်ခွင့်မရှိ။

"ဆင်းရအောင် စွမ်းထက်"

"မင်းဘာသာမင်း ဆင်းချင်ရင်ဆင်း၊ ငါဆင်းချင်စိတ်မရှိဘူး"

ထွန်းလင်းသီဟ ကားအပြင်သို့ ထွက်သည်။ စွမ်းရည်ထက်ထိုင်နေသည့် ဘက်အခြမ်းကိုသွားကာ ကားတံခါး ဖွင့်သည်။ စွမ်းရည်ထက်ရဲ့ လက်ကိုဆွဲ၍ အပြင်သို့ ထွက်စေသည်။

"ဒီလောက် ငြိမ်းချမ်းတဲ့နေရာကို ရောက်လာပြီးမှ မဆင်းရင် မင်းဒီရောက်လာရကျိုး မနပ်ဘူး၊ ရှူခင်းက မလှဘူးလား၊ မင်းရဲ့စိတ်တွေ နည်းနည်းတော့ အဆင်ပြေသွားအောင် ဒီနေရာက ကုစားပေးလိမ့်မယ်ထင်တယ်"

သူတို့ရောက်ရှိနေသည့်နေရာသည် ရန်ကုန်မြို့၏ လူနေမှုဘဝနှင့် ဝေးကွာစွာရှိနေသော နေရာဖြစ်သည်။ တံမြက်စည်းပင်ဟုခေါ်ဆိုကြသော အပင်နွဲ့နွဲ့တွေနှင့် ဝန်းရံထားပြီး သူတို့ရဲ့ ရှေ့တည့်တည့်တွင် မြစ်ပြင်ကျယ်ကြီး ရှိသည်။ ခပ်လှမ်းလှမ်းမှာ သန်လျင်တံတားကိုလည်း မြင်တွေ့နိုင်သည်။ လေများမှာ တဝူးဝူး တိုက်ခတ်နေပြီး သူတို့ဝတ်ဆင်ထားသည့် အင်္ကျီများက လေအရှိန်နှင့် လွင့်နေသည်။ ဆံပင်များမှာလည်း ထိုနည်းတူပင်။ လေယူရာ ယိမ်းနွဲ့လျက်ရှိ၏။

"အရင်ကလို ပုံစံလေးပြန်နေပါလား စွမ်းထက်"

"လင်းသန့်က ဆေးရုံမှာ လှဲနေရတာ ငါက ဘယ်လိုလုပ်ပြီးအရင်ပုံစံ ပြန်နေနိုင်ရမှာလဲ"

"ကိုယ်ပြောမယ် စွမ်း"

သူ့ အသုံးအနှုန်းကြောင့် စွမ်းရည်ထက် သူ့ကို စူးရဲစွာ ကြည့်လာသည်။

"မကြိုက်သလို လာမကြည့်နဲ့၊ ကိုယ်ပြင်ပေးမှာ မဟုတ်ဘူး၊ ကိုယ် မင်းကို ဘယ်တုန်းကမှ သူငယ်ချင်းတစ်ယောက်လို သဘောမထားခဲ့တဲ့အတွက် သူငယ်ချင်းတွေလို သုံးနှုန်းနေရတာ ကိုယ့်အတွက် အဆင်မပြေဘူး"

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Kde žijí příběhy. Začni objevovat