"ညက ဘာတွေ ဖြစ်ကုန်တာလဲ"

ဝေယံ ပြန်ပြီး စဉ်းစားကြည့်သည်။
သေချာ အာရုံစိုက်လို့ မရ။ ဝိုးတိုးဝါးတား ဖြစ်နေသည်။

သို့ရာတွင် အလျှော့ မပေး။
ထပ်ပြီး စဉ်းစားသည်။ မရ။ ဘယ်လိုမှ မရ။
    
အဖြေနှင့် တူတာ ဆို၍ မြူမှုန်လေး တစ်စက်တောင် မမြင်။
မရေမရာ မသေချာစွာဖြင့် အရာအားလုံး ဝေဝါး မှုန်ရီနေသည်။

ဝေယံ သက်ပြင်းချကာ လက်လျှော့လိုက်ဖို့ ဆုံးဖြတ်မိသည်။ ထိုအခိုက်မှာပဲ ဝါးတားတား ဖြစ်ရပ် အချို့ အတွေး အာရုံထဲ ဖျတ်ခနဲ ကူးသန်းလာ၏။ မနေ့ညက နေသူရိန်မင်းခန့်ကို ပြောခဲ့မိသည့် စကားလုံးများသာ ဖြစ်သည်။

ကိုယ့်ခင်ပွန်းကို မုဒိမ်းကျင့်ရင် ဘယ်ဥပဒေနဲ့ ငြိစွန်းမလဲ သိချင်လိုက်တာ

သိရမှာပေါ့ . . ဘေဘီ၊ သိရမှာပေါ့

ဒါဆို ဒီကိစ္စက
သူနှင့် နေသူရိန်မင်းခန့် . . . ။
အိပ်ရာထဲမှာ တစ်ခုခု . . ၊ သေချာပေါက်ကို။

ဝေယံ မျက်နှာတွေ ပူထူလာသည်။ နားရွက်ဖျားတွေပါ ရဲတက်သွားပြီး ခန္ဓာကိုယ်ပေါ်မှ ရေစက်တွေ သုတ်ယူနေသည့် လက်ချောင်းများပါ တဆတ်ဆတ် တုန်ယင်လာသည်။

"သေတော့မှာပဲ၊ ငါ ဘာတွေ ပြောခဲ့မိတာလဲ"
    
မှန်ထဲမှ ပုံရိပ်ကို ဝေယံ မကြည့်ရဲ။ မျက်နှာသုတ် ပဝါဖြင့် မျက်နှာကို ကာထားမိသည်။ ထိုပုံရိပ်သည် သူကိုယ်တိုင် မဟုတ်သလို သူစိမ်းဆန်နေသည်။
    
"ရှက်လိုက်တာ၊ ရှက်လိုက်တာ၊ ဘယ်လို မျက်နှာ ပြရတော့မလဲ"

ယခုအချိန်မှာ နေသူရိန်မင်းခန့်ကို ဝေယံ နည်းနည်းလေးမှ မျက်နှာ မပြရဲ။ နေမင်းကြီးနှင့် ထိပ်တိုက် ဆုံပါက ရှက်လွန်းအားကြီး၍ အငွေ့ပျံ ပျောက်ကွယ်သွားနိုင်အောင်အထိ မျက်နှာ ပူလွန်းနေသည်။ အကယ်၍ ရွေးချယ်စရာ ရှိပါက မျက်နှာချင်းဆိုင် ဆုံမည့်အစား သေသာ သေပစ်လိုက်ချင်ရဲ့။
     
မလုံမလဲ ခိုးကြည့်မိသည့်အခါ မှန်ထဲမှ ပုံရိပ်က လှောင်ပြောင် သရော်သလို လှမ်းကြည့် ပြုံးပြ၏။ ဝေယံ ရင်ဘတ်ထဲ နာသွားသည်။ သူကိုယ်တိုင်ကပါ အရေးကြုံလျှင် အားကိုးလို့ မရ။ အချင်းချင်းတောင် သစ္စာဖောက်သတဲ့လား။

SUN { Season 1 }Where stories live. Discover now