"ဦးမြတ်"

သူ့အခန်းထဲသို့ ခေါင်းလေးသာ အရင်ဝင်ပြီး အခန်းထဲရှိ သူ့အား ချောင်းကြည့်ကာ အာကာလင်းသန့်က ခေါ်လေသောကြောင့် သူအဝတ်ဘီရိုရှင်းနေရာမှ ကြည့်လိုက်သည်။ အခန်းတံခါးက ဟစိလေး ဖြစ်နေသည့်အတွက် မလှမ်းမကမ်းရှိ ဘုရားခန်းထဲမှ ဘုရားကျောင်းဆောင်မှာ မမြိုင် ကပ်လှူထားသော ပိတောက်ပန်းအနံ့စူးစူးလေးက အခန်းထဲသို့ တိုးဝင်လာသည်။

"လာလေ သန့်"

သူခေါ်လိုက်တော့ အာကာလင်းသန့်က အခန်းထဲဝင်လာပြီး တံခါးကိုပိတ်သည်။ ထို့နောက် သူ့ကုတင်‌ပေါ်တွင် လှဲချကာ ခြေပစ်လက်ပစ် ဖြစ်သွားသည်။

"ထူးနဲ့ဆူးကို အောက်မှာတွေ့ခဲ့သေးတယ်၊ ကျွန်တော့်ကို သူတို့နဲ့ ရေလိုက်ဆော့ဖို့ ခေါ်နေတာနဲ့ အတင်းငြင်းလာရတယ် ဦးမြတ်ရာ"

"သူတို့ညီအစ်မက အကြံနဲ့ သန့်ရဲ့၊ သင်္ကြန်အကြိုနေ့ကတည်းက ကိုကိုလင်းသန့်အိမ်လာတဲ့နေ့ သူတို့နဲ့‌ ရေဆော့အောင်ခေါ်မယ်ဆိုပြီး တိုင်ပင်နေကြတာဗျား"

အာကာလင်းသန့်သည် သူ့အိမ်ကို မကြာခဏလာတတ်၍ သူ့တူမနှစ်ယောက်နှင့်ပါ ရင်းနှီးနေသည်။ မမြိုင်တို့ကလည်း သူတို့နှစ်ယောက်အကြောင်းသိပေမယ့် ကြည်ကြည်ဖြူဖြူ ခွင့်ပြုထားတာကြောင့် အာကာလင်းသန့်အတွက် သူ့အိမ်က အချိန်မရွေး တံခါးမရှိ ဓားမရှ်ိ ဖြစ်နေသည်။ ထူးသစ္စာနှင့် ဆူးသစ္စာတို့ ညီအစ်မတစ်တွေက သူတို့အတွက် မုန့်ဝယ်လာတတ်သည့် အာကာလင်းသန့်အား တစ် 'ကိုကို'တည်း ကိုကိုပြီး ချစ်နေကြသည်။ ထိုညီအစ်မက အာကာလင်းသန့်ကို ခေါ်တော့သာ ကိုကိုခေါ်တာ ပေါင်းတော့ သူငယ်ချင်းပေါင်းသာ ပေါင်း၏။ အာကာလင်းသန့်ကလည်း ကလေးနှစ်ယောက်နှင့် အလိုက်သင့်လေး ပြောဆိုပေါင်းသည်။

"ကျွန်တော်က သူတို့နဲ့ လိုက်ဆော့ပေးချင်ပေမယ့် ဘယ်လိုလိုက်ဆော့ပေးနိုင်မှာလဲဗျာ၊ လမ်းထိပ်မှာက သူတို့အရွယ်ကလေးတွေစုပြီး ရေပက်ကြတာ၊ ကလေးတွေကြားထဲ ကျွန်တော်တစ်ယောက်တည်း ကြီးကောင်ကြီးမားကြီး ဖြစ်နေမှာပေါ့"

အာကာလင်းသန့်က လှဲအိပ်နေရာမှ ငုတ်တုတ်ထထိုင်ရင်းနဲ့ အခြေအနေကို ပြောသည်။ သူလည်း ဘီရိုထဲပြန်ထည့်ရမည့် နောက်ဆုံး အင်္ကျီအထပ်ကို သေချာယူကာ ပြန်ထည့်သည်။ ထို့နောက် ဘီရိုတံခါးကို ပြန်ပိတ်ပြီး အာကာလင်းသန့်အနားသို့ သွားရပ်လိုက်တော့ အာကာလင်းသန့်က ကုတင်ပေါ်မှာ ထိုင်ချလျက်သားနှင့် ရပ်နေသည့် သူ့အား လှမ်းဖက်၏။ ထို့ကြောင့် အာကာလင်းသန့်၏ မျက်နှာမှာ သူ့ရင်ဘတ်နားတွင်ရှိနေသည်။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Kde žijí příběhy. Začni objevovat