အာကာလင်းသန့်က သူ့ကိုကြည့်တာ ပေနေတဲ့ ချိ့စ်တွေကို သုတ်ပေးခိုင်းခြင်းဖြစ်ကြောင်း သူသေချာသိ၍ သဘောကျစွာ ပြုံးမိခြင်းပင်။ တစ်သျှူးဘူးထဲမှ တစ်သျှူးတစ်ရွက်ကို ဆွဲထုတ်ကာ ယူလိုက်ပြီး အာကာလင်းသန့်ရဲ့ နှုတ်ခမ်းကို ဖွဖွလေး ပြောင်စင်အောင် သုတ်ပေးသည်။ အာကာလင်းသန့်က သူ့အား ပန်းကန်ထဲက ကိတ်ကိုယူပြီး ခွံ့ကျွေးသည်။ သူက နှစ်ခြိုက်စွာ စားပြလိုက်တော့ အာကာလင်းသန့် နှုတ်ခမ်းလေးတွေ ကွေးညွတ်သွားသည်။ အာကာလင်းသန့်ဆိုတာ သူ့အပေါ် ထိုကဲ့သို့သော ကောင်လေးတစ်ဦးသာ။

"သန့် ခွံ့ကျွေးတာကြောင့်လား မသိဘူး၊ ကိတ်က တကယ်အရသာ ရှိတယ်"

"အရသာရှိမှာပေါ့၊ ကျွန်တော့် ရင်ထဲကအချစ်တွေကိုပါ ကိတ်ကိုကြည့်ပြီး အကြည့်ကနေ ကူးထည့်ပေး‌လိုက်တာလေ"

"သန့်ပြောသလို ဟုတ်မဟုတ် ကိုယ်စစ်ကြည့်ဦးမယ်"

ပိုင်မြင့်မြတ်ကျော် ချက်ချင်းပဲ အာကာလင်းသန့်ရှေ့က ကိတ်ကို ယူစားလိုက်သည်။ ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် စေ့စပ်စွာ အရသာခံသည့် မျက်နှာအမူအရာကို လုပ်သည်။ တစ်ဆက်တည်းမှာပင် စိတ်တိုင်းမကျသည့် ပုံစံဖြင့် အာကာလင်းသန့်အား ပြောသည်။

"ကိုယ့်ကို ထပ်ပြီး ခွံ့ကျွေးကြည့်ပါလား"

သူပြောလိုက်တော့ အာကာလင်းသန့်သည် သောက်နေသည့် ကော်ဖီခွက်ကို ပြန်ချကာ သူ့ကို ကိတ် ထပ်မံခွံ့ကျွေးသည်။ သူဘာပြောမလဲ သိချင်နေဟန်ဖြင့် ခွံ့ပေးပြီးနောက် စိတ်ဝင်တစားလည်း ကြည့်နေသေးသည်။ သူကတော့ ခုနကကဲ့သို့ ကိတ်ကို ဖြည်းညှင်းစွာ အရသာခံပြီး မျက်လုံးများကိုတောင် မှိတ်ထားလိုက်သေးသည်။ သူ့ပါးစပ်ထဲရှိ ကိတ်တစ်လုတ်စာ ကုန်သွားချိန်မှ ပြုံးရွှင်သွားသည့် မျက်နှာဖြစ်တော့သည်။

"ကျွန်တော်ပြောတာ ဟုတ်တယ်မလား ဦးမြတ်"

"ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ ကိုယ့်စိတ်ထဲ တစ်ခုခု လိုနေသေးသလိုပဲ၊ သန့်သောက်ထားတဲ့ ကော်ဖီ တိုက်ကြည့်မလား"

သူ့အပြောကို အာကာလင်းသန့်က ခေါင်းညိတ်ကာ သဘောတူပြီး သူ့ဆီသို့ ကော်ဖီခွက် ကမ်းပေးလာသည်။ သူလည်း ကော်ဖီခွက်ကို လှမ်းယူကာ အာကာလင်းသန့်နှုတ်ခမ်းနှင့် ထိထားသည့် ခွက်ရဲ့နေရာကို သူ့နှုတ်ခမ်းနှင့် ထိကပ်စေပြီး ကော်ဖီကို သောက်သည်။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now