"မင်းလည်း အားနေတာကို လိုက်ခဲ့ပါလား ယောက်ဖ၊ မိသားစု စုံစုံလင်လင်သွားရတာပေါ့"

"သူ့ကိုခေါ်မနေနဲ့၊ သူက သူ့ကလေးဆီသွားရဦးမှာ၊ အားမှာမဟုတ်ဘူး၊ ရှင့်သမီးတွေနဲ့ ကားထဲမှာ သွားစောင့်နေနှင့်ပါလား၊ မြိုင် မောင်ပိုင့်ကို မုန့်ထည့်ပေးပြီးရင် လာခဲ့မယ်"

"ဖေဖေနဲ့ ကားထဲသွားရအောင် သမီးတို့ရေ"

"လေးငယ်ရေ ထူးတို့သွားပြီ"

"ဆူးလည်းသွားပြီ လေးငယ်"

"ဟုတ်ပါပြီဗျာ"

မြိုင်သစ္စာ သူ့ခင်ပွန်းနှင့် သမီးတွေ အပြင်ရောက်သွားမှပဲ ပိုင်မြင့်မြတ်ကျော်အား စကားပြောရန် စတင်သည်။ ပိုင်မြင့်မြတ်ကျော်နှင့် အာကာလင်းသန့်ရဲ့အကြောင်း သူတင်မကဘဲ ရဲဇော်ကပါ အနည်းအကျဉ်းသိထားသည်။ ရဲဇော်ရှေ့တွင်ပြောလည်း ဘာမှကိစ္စမရှိဘူး ဆိုသော်ငြား ကိုယ့်မောင်နှမ နှစ်ယောက်တည်းသာ အတွင်းကျကျ ပြောသင့်သည်ဟု သတ်မှတ်သောကြောင့် တမင် ပထုတ်လိုက်ခြင်း ဖြစ်သည်။

"မောင်ပိုင် ငါနင့်ကို ပြောချင်နေတာကြာပြီ၊ နင့်ကောင်လေးကို နင်အရမ်းအလိုလိုက်နေတယ် မထင်ဘူးလား"

"ဘာဖြစ်လို့လဲ မမြိုင်ရဲ့၊ ကျွန်တော်က ချစ်လို့ အလိုလိုက်တာလေ"

ပိုင်မြင့်မြတ်ကျော်က အုန်းနို့ခေါက်ဆွဲတစ်ဇွန်းကို ခပ်စားရင်း မြိုင်သစ္စာရဲ့ အမေးကို ဖြေသည်။

"နင်ချစ်မှန်းတော့ သိတာပေါ့ဟယ်၊ ဒါပေမဲ့ နင့်ဟာက တော်တော်ကြီးကို လွန်နေတဲ့ အတိုင်းအတာ ဖြစ်နေလို့ပြောတာ၊ နင့်မှာသူနဲ့ တွဲပြီးတည်းက နင့်အတွက်၊ နင့်ကိစ္စဆိုတာ မရှိတော့သလိုပဲ၊ ဘယ်ဟာမဆို သူ့အတွက်ချည်းပဲ၊ သူ့ပြဿနာတွေ သူ့ကိစ္စတွေအထိပါ နင်က လိုက်ရှင်းပေးနေရ‌တာတော့ မဟုတ်သေးဘူးလေ၊ သူဆိုးတာတွေကိုတောင် တကယ်ဆို နင်က လူကြီးတစ်ယောက်အနေနဲ့ ဆုံးမသင့်တာရှိရင် ဆုံးမရမှာပေါ့"

ကိုယ်က အကြီးတစ်ယောက်ဖြစ်လို့ ကိုယ်သိလာရတဲ့ ဘဝအတွေ့အကြုံတွေကနေ အာကာလင်းသန့်မှားနေတဲ့ အချက်လေးတွေကို အမှန်ပြင်ပြီး ဘေးကနေ ပြောပြပေးသင့်သည် ဆိုတာ ဟုတ်မှန်ပေမယ့် အာကာလင်းသန့်ရဲ့ စိတ်ချမ်းသာမှုကသာ ဦးစားပေးဖြစ်နေတော့ ‌မပြောဖြစ်။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now