"ဘယ်လိုမှ မကိုင်ဘူးကွာ ၊ တောက်....၊ ငါသာ ရုပ်ရှင်ထဲ ဈာန်မဝင်သွားရင် ဘာမှဖြစ်မှာမဟုတ်ဘူး"

ပိုင်မြင့်မြတ်ကျော်နှင့် အာကာလင်းသန့် ရုပ်ရှင်ကြည့်နေစဉ်က ဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့ ထုံးစံအတိုင်း အာကာလင်းသန့်စားမည့် မုန့်မှန်သမျှကို ပိုင်မြင့်မြတ်ကျော်ကပဲ အာကာလင်းသန့်ကို ခွံ့ကျွေးရန် ယူထားသည်။ သူကိုယ်တိုင်က ရုပ်ရှင်ကြည့်ရင်း မုန့်စားလေ့မရှိတော့ သူ့ချစ်သူ အာကာလင်းသန့်ကို ခွံ့ကျွေးရတာ အပိုအလုပ်မဖြစ်၊ အာကာလင်းသန့် စိတ်ချမ်းသာရင်ပြီးရော အလိုလိုက်ပေးသည်။ ထို့အတွက်ကြောင့် တစ်ဖက်တွင် ရုပ်ရှင်ကို ကောင်းကောင်းမွန်မွန် မကြည့်ရရှာတော့။ မကြည့်ရလည်း ဘာမှတော့မဖြစ်ပါ။ သူ့အတွက် အာကာလင်းသန့် အဆင်ပြေဖို့သာ အရေးကြီးသည်။

သို့ပေမယ့် ယနေ့တွင် ကံဆိုးချင်သည် ထင်ပါရဲ့။ သူတို့ကြည့်တဲ့ ကားက ဇာတ်လမ်းဇာတ်ကွက် တော်တော်ကောင်းတာကြောင့် သူလည်း ထူးထူးခြားခြား မျက်စိမခွာနိုင်အောင် ဖြစ်သွားတော့သည်။

"ဦးမြတ် အာလူးကြော်ခွံ့ဦး"

အာကာလင်းသန့်ရဲ့အပြောကို ကြားသော်လည်း ပိတ်ကားကနေ သူမျက်စိမခွာနိုင်ပါ။ သို့ဖြစ်၍ ပေါင်ပေါ်တွင် တင်ထားသည့် အာလူးကြော်ထုပ်ထဲမှ တစ်ဖက်နှိုက်ကာ အာကာလင်းသန့်ရဲ့ ပါးစပ်ရှိရာကို မှန်းပြီး ခွံလိုက်သည်။ သို့သော် မှန်းဆပြီး ခွံတာဖြစ်သည်ကြောင့် အာလူးကြော်မှာ ပါးစပ်ရှေ့‌မရောက်ဘဲ အာကာလင်းသန့်ရဲ့ မျက်လုံးရှေ့တည့်တည့်မှာ သွားရောက်နေသည်။

အာကာလင်းသန့် စိတ်တိုချင်နေသော်လည်း ဘာမှမပြောဘဲ ပိုင်မြင့်မြတ်ကျော်ရဲ့ လက်ကို ပါးစပ်နားရောက်အောင်ချပြီး အာလူးကြော်ကို စားလိုက်သည်။ ပြီးနောက် ရုပ်ရှင်ကို ပြန်ကြည့်သည်။

"ဦးမြတ် ကိုလာသောက်မယ်"

"အင်း သန့်"

ထိုင်ခုံလက်တန်းတွင် အအေးခွက်တွေထည့်ရန် လုပ်ပေးထားသည့် အံလေးထဲမှ ကိုလာဘူးကို ပိုင်မြင့်မြတ်ကျော် ယူလိုက်သည်။ ထို့နောက် အာကာလင်းသန့် သောက်နိုင်ရန် ဘူးကို ကိုင်ထားပေးသည်။ ဖြစ်ချင်တော့ သူကိုယ်တိုင်က ရုပ်ရှင်ကို အတော်စိတ်ဝင်စားနေတာကြောင့် မျက်လုံးကအရှေ့တည့်တည့်မှာသာရှိပြီး အာကာလင်းသန့်ပြောသမျှ လုပ်နေခြင်းဖြစ်သည်။ သို့နှင့် အာလူးကြော်ကဲ့သို့ ကိုလာဘူးမှာလည်း ပါးစပ်နားတွင် အဆင်သင့်မရောက်ပါ။ ပိုက်က အာကာလင်းသန့်၏ ပါးပြင်ပေါ်သို့သာ တန်းတန်းမတ်မတ်ရောက်သွားပြီး မျက်နှာပေါ်၌ ဟိုထိုးဒီထိုး ဖြစ်နေတော့သည်။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now