အာကာဟိန်းထက် မှတ်ချက် ချလိုက်သည်။

သူ ထိုင်ခုံမှာ ထိုင်သည့်အခါ မသိစိတ်မှာ တစ်ခုခု ထူးခြားနေသလို ခံစားရ၏။ ဘာက ထူးခြားတာလဲ။ ဘေးဘီဝဲယာ အကဲခတ်ကြည့်သည်။ ဘာမှ မတွေ့ရ။
    
အသံ . . . ။
    
အသံ တစ်ခု ကြားရသည်။
    
နားထောင်ကြည့်စမ်းပါ။
    
တစ်စုံတစ်ရာကို မရေမရာ ဗလုံးဗထွေး ရေရွတ်နေသည့် စကားသံ။ ထိုင်ခုံ နောက်ဖျားဆီမှ ဖြာဝေလာသည်။ အသံ လာရာသို့ အာကာဟိန်းထက် ကမန်းကတန်း လှည့်ကြည့်လိုက်သည်။ 
    
ဟင် . . . ။

သူ အံ့သြသွားသည်။
    
အာကာဟိန်းထက် ထိုင်နေသည့် ထိုင်ခုံ နောက်မှာ ရှိနေသူက နန်းယုဝေပဲ ဖြစ်သည်။ သူမက မြေပြင်ပေါ် ဆောင့်ကြောင့် ထိုင်လျက် ဘယ်ဘက် လက်ဖြင့် ဒူး နှစ်ဖက်ကို ပိုက်ထားသည်။ နက်ပြာရောင် လှိုင်းတွန့် စကတ် အတိုလေးက သူမ ပေါင်ပေါ် လိပ်တင်နေတော့၏။
    
အာကာဟိန်းထက် သတိထား ကြည့်တော့ နန်းယုက မူလတန်း ကျောင်းဝတ်စုံနှင့် ဖြစ်သည်။ ပုံစံက ကျောင်း သွားဖို့ အသင့် ဖြစ်နေသည့် ကျောင်းသူ တစ်ယောက်လို။ နက်ပြာရောင် ကော်လံကြီးကြီး၊ ကျောင်းဝတ်စုံ ရှပ်အဖြူနှင့် နက်ပြာရောင် စကတ်တိုကို ဝတ်ထားသည်။ ထိုကျောင်းဝတ်စုံက သေးကွေးသော သူမ ကိုယ်လုံးကလေးနှင့် မထင်မှတ်စွာ လိုက်ဖက်နေတာကို သူ သတိထားမိသည်။
    
ထို့ပြင် သူမက ဆံပင် နှစ်ဖက်ကို အူယားစရာကောင်းအောင် ခွဲစည်းထားသေး၏။ လှလှပပ စည်းနှောင်ထားပုံဟာ မသိပါက ဂျပန် ကာတွန်းထဲမှ ခုန်ထွက်လာသည့် ဇာတ်ကောင် တစ်ယောက် ဟုပင် အထင်မှားစေနိုင်လောက်သည်။ သူမ လှုပ်ရှားလိုက်ချိန်မှာတော့ ကျောင်းဝတ်စုံ ရင်ဘတ် အနီးရှိ တွဲလောင်းကျနေသော လိပ်ပြာသဏ္ဌာန် ဖဲပြားကြိုး အနီလေးက တယမ်းယမ်း ဖြစ်သွားတော့၏။

အာကာဟိန်းထက် ထိုင်ခုံ ကျောမှီကို တံတောင် တင်ပြီး ကိုယ်ကို အနည်းငယ် ကိုင်းကာ အနူးညံ့ဆုံး ပြုံးလျက် မေးခွန်း တစ်ခု မေးလိုက်သည်။

"ဘာလုပ်နေတာလဲ"

နန်းယု မော့ကြည့်လာသည်။

"ဦး"

သူမ မတ်တတ် ထရပ်လိုက်သည့်အခါ ညာဘက် လက်ထဲ၌ သုံးလွှာ သစ်ရွက် တစ်ပင် ကိုင်ထားတာကို တွေ့လိုက်ရသည်။ ခြေချရာ မြေပြင်မှာတော့ Clover သစ်ရွက် အုပ်လိုက်ကြီး။ ဟိုစုစု ဒီစုစုဖြင့် ခိုင်ခိုင်မာမာ ရှင်သန် ကြီးထွားနေ၏။

SUN { Season 1 }Where stories live. Discover now