မင်္ဂလာဆောင်ဆိုမှ ဟိုသူတောင်းစား ခန့်စည်သူကို ပြေးပြေးပြီး ချိုးပစ်လိုက်ချင်တယ်။ မဟုတ်လည်း သူအိပ်နေတုန်း ကက်ကြေးနဲ့ညှပ်။ ငါမရှိတုန်း ငါ့အစ်မကို စောင့်ရှောက်ပေးပါဦးကွာဆိုပြီး အပ်ထားတာကို ကိုယ်ဖိရင်ဖိ စောင့်ရှောက်ပေးထားတယ်တဲ့လေ။ တကယ်ဒေါသထွက်သောပဲ။ အဲ့ဒါကြောင့် ကျွန်တော်ရွာရောက်ရောက်ချင်း သူ့အိမ်သွားပြီး နှစ်ချက်ပိတ်ကန်ခဲ့တယ်။ သူတော်တော်အောင့်ပြီး နှစ်ရက်လောက် လမ်းမလျှောက်နိုင်ဘူး။ နောက် လမ်းလျှောက်နိုင်တော့လည်း ကျွန်တော့်အနားကို သိပ်မကပ်ရဲတော့ဘူး။ ကောင်းတယ်။ ကျွန်တော်လည်း သူ့မြင်တိုင်းဒေါသထွက်နေတော့ မကပ်လေကောင်းလေပဲ။ နို့မို့ဆို စိတ်တိုနေရမှာ။

မင်္ဂလာပွဲက တပိုတွဲလပြည့်ကျော်မှဆိုပေမယ့် လပြည့်နေ့မှာ အလှူလေးလုပ်ချင်တာနဲ့ စောလာဖြစ်တယ်။ တပိုတွဲလက ထမဲနဲပွဲဖြစ်တာမို့ ကြွလာသမျှ ဘုန်းတော်ကြီးတွေကို ထမဲနဲလောင်းလှူမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ခန့်စည်သူကိုလည်း နှိပ်စက်ချင်လို့ သူ့ကို ထမဲနဲထိုးခိုင်းလိုက်တယ်။ မမမျက်နှာရှိတော့ သူကလည်းမငြင်းဘူး။ စိတ်ပါလက်ပါနဲ့ကို ထိုးပေးနေတယ်။ မမကတော့ ခန့်စည်သူကိုကြည့်ပြီး တပြုံးပြုံးနဲ့။ နည်းနည်းမှကို ကြည့်ရတာ သာယာမနေခဲ့ဘူး။

ဒီနေ့ လပြည့်နေ့ဆိုတော့ မနက်အစောကြီးထပြီး မနေ့ညက ထိုးထားတဲ့ ထမဲနဲတွေကို ငှက်ပျောဖက်နဲ့ထုပ်ရမှာ။ အချိန်ကလည်း သုံးနာရီတောင်ကျော်နေပြီဆိုတော့ ဒီထက်နောက်ကျရင် ဘုန်းတော်ကြီးတွေလောင်လှူဖို့ကို မီမှာမဟုတ်တော့ဘူး။ အမေကပါအော်နေပြီဆိုတော့ မရ,မကထရတော့မယ်။ ထမဲနဲထဲမှာ ခန့်စည်သူမျက်နှာကြီး ပေါ်မနေပါစေနဲ့လို့ ဆုတောင်းရမှာပဲ။ ကုသိုလ်ပြုနေတဲ့အချိန်တော့ အကုသိုလ်တွေမယူချင်ဘူး။

-----***-----

အခုနောက်ပိုင်းတော့ အထိမ်းအမှတ်နေ့တွေဆို အလှူအတန်းပဲ လုပ်ဖြစ်နေတယ်။ သူ့မွေးနေ့၊ ကျွန်တော့်မွေးနေ့၊ မင်္ဂလာနှစ်ပတ်လည်နေ့၊ ဘာနေ့၊ ညာနေ့အစုံပါပဲ။ ဒီဘဝမှာလုပ်တဲ့ ကုသိုလ်တွေကို နောင်ဘဝမှာပြန်ပြီး အကျိုးခံစားရတယ်တဲ့။ အဲ့ဒါကြောင့် နောက်ဘဝကျ ပညာတတ်ကြီးတွေဖြစ်အောင် စာသင်ကျောင်းတွေမှာ လိုအပ်တာတွေ မကြာခဏသွားလှူဖြစ်တယ်။ အစာရေစာပေါများအောင် အစားအသောက်တွေလှူဖြစ်တယ်။ ရုပ်ရည်ချောမောအောင် လမ်းတွေပြင်တယ်။ ပြီးတော့ ကျောင်းတွေဆောက်ဖြစ်တယ်။ မိဘမဲ့ဂေဟာတွေမှာ လိုအပ်တာတွေလှူတယ်။ အလှူအတန်းက လုပ်လေလုပ်လေ မရပ်ချင်လေပဲ။ ချစ်ရတဲ့လူနဲ့ အတူတူပြုရတဲ့ပီတိက အရမ်းချိုမြိန်တယ်။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now