ထိုသို့ပြောပြီးနောက် ရှန်းရှောင်ရှဲကား ဖန်ခွက်ထဲရှိဘီယာလက်ကျန်ကို တစ်ကျိုက်တည်းမော့သောက်လိုက်တော့သည် ။

ရှန်းရှောင်ရှဲ စပြောသောအချိန်တွင် ရိတကျွမ့်မှာ ဘီယာသောက်ဖို့ရန် နှုတ်ခမ်းနားတေ့ထားရုံရှိသေးသည် ။ ရှန်းရှောင်ရှဲပြောသည်ကို ကြားပြီးသောအခါ ရိတကျွမ့်မှာ သောက်ထားသမျှ ထွေးထုတ်မိတော့မတတ်ပင် ။

"ဟေး ရှောင်ရှဲ ၊ မင်းဟာက ငါ့ရဲ့ရဲဘော်တွေဘယ်သူသေသေ ငါမသေရင်ပြီးရော ဆိုတဲ့ပုံစံမျိုးဖြစ်နေပြီ "

ရှန်းရှောင်ရှဲကား ဝေ့ရှဲရှိရာဘက် အသာလေးတိုးကပ်သွားကာ သူ့ကိုယ်သူကာကွယ်ရန်ပြင်တော့သည် ။

"ကျွန်တော် အမှန်ပြောတာပါနော် ၊ အစက ကျွန်တော့လုပ်နိုင်စွမ်းကို ပြချင်တာရယ် အဲ့စောင်ရူးကောင်ကို တစ်ခုခုပညာပေးချင်တာရယ်ကြောင့်လုပ်ခဲ့တာ ၊ ဒါပေမဲ့ ကျွန်တော် သန့်စင်ခန်းကပြန်ထွက်လာတော့ တစ်ယောက်မှမရှိတော့ဘူး ၊ ကျွန်တော့်မှာ တစ်ညလုံး အထိတ်တလန့်နဲ့ပဲ ကုန်ဆုံးခဲ့ရတာ ၊ တကယ်တမ်း ကျွန်တော်ဘာလုပ်ခဲ့လို့လဲ ? "

ထိုအခိုက် ဝေ့ရှဲမျက်နှာထက် အပြုံးစစပေါ်ထွက်လာ၏ ။ ထို့နောက် ရှန်းရှောင်ရှဲ ဦးခေါင်းနောက်ဘက်ကို ဖြတ်ခနဲလှမ်းရိုက်တော့သည် ။

"ဘာအကြောင်းပြချက်မှမရှိတဲ့ မင်းဒီအလုပ်ကိုလုပ်ခဲ့တယ်လို့တွေးတယ်ပေါ့ ၊ ငါ့အထင် မင်းမရိုက်မခံရတာ ကြာလို့ အသားတွေအတော်လေးယားနေပုံရတယ် ဟုတ်လား "

ဝေ့ရှဲ ပြုံးရင်း ပြောလာခဲ့၏ ။

လုဖုန်း ဘာမှမရှိတော့သောဖန်ခွက်အလွတ်ကို အသာချကာ ရိတကျွမ့်အားတစ်ချက်လှမ်းကြည့်လိုက်သည် ။ ဝေ့ရှဲပြုံးနေပြီဖြစ်ရာ ဤအဖြစ်အပျက်ကား လှလှပပပြီးဆုံးသွားပြီဟု ပြောလို့ရသည် ။ ဝေ့ရှဲ၏ အကျင့်စရိုက်နှင့်ဆိုလျှင် လုဖုန်းတို့လုပ်ခဲ့သမျှအတွက် အချိန်အကြာကြီး စိတ်ဆိုးနိုင်မည်မဟုတ် ။

လုဖုန်း အင်္ကျီကော်လံကို တစ်ချက်အသာချဲ့မိသည် ။ ဘီယာနှစ်ခွက်သောက်ပြီးသည်ကတစ်ကြောင်း ၊ တလိပ်လိပ်ထနေသော ဟော့ပေါ့အငွေ့များကြောင့် ရေနွေးချိုးခန်းသဖွယ်ဖြစ်နေသည်ကတစ်ကြောင်းတို့ကြောင်း လုဖုန်း အတော်အတန်ပူလောင်လာသလို ခံစားရသောကြောင့်ပင် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now