သီဟ၏ နောက်တွင် စားဖိုဆောင်မှ အစေခံတချို့ ပါလာပြီး အစားအသောက် တချို့ကိုပါ ယူဆောင်လာသည်။
သီဟက ခုံတွင်ထိုင်လိုက်ပြီး အစေခံများက စားပွဲပေါ်တွင် အစားအသောက်များကို ချပေးပြီး ပြန်ထွက်သွားသည်။
"အကိုတော် ဒဏ်ရာက ဘယ်လိုနေသေးလဲ ?"
"သက်သာပါတယ်။"
နှုတ်က သက်သာသည်ဟုဆိုသော်ငြား မျက်နှာက မကောင်းလှ။ သွက်လက်ပေါ့ပါးစွာ ပြုံးရယ်နေလေ့ရှိသူဖြစ်သောကြောင့် မျက်နှာအမူအရာပျက်ယွင်းသည်နှင့် သိသာလှသဖြင့် သီဟက အနည်းငယ် သက်ပြင်းချသည်။
ထို့နောက် နန္ဒ အနားသို့ ခုံကို ရွှေ့ကာ ထိုင်လိုက်ရင်း လက်ကို ကိုင်လိုက်သည်။
"အကိုတော့်ကိုလည်း ထပ်တူ စိတ်ပူပါတယ်။ အကိုတော် သုန္ဓက ဒဏ်ရာပြင်းထန်တာကြောင့်သာ ကျွန်ုပ်တို့က အာရုံပိုစိုက်မိတာပါ။"
သီဟက နန္ဒ၏ လက်မှ ပတ်တီးကို ဖြည်ရင်းပြောသည်။
"သည်အကိုက အဲဒီလောက် ကလေးဆန်တဲ့ပုံပေါက်နေသလား? "
နန္ဒ၏ အသံက ထူးဆန်းစွာ ဒေါသသံစွက်နေသဖြင့် သီဟ၏ လက်က အလိုအလျောက်တွန့်သွားသည်။ နန္ဒက ရုန်းထွက်သဖြင့် သီဟက သူ၏ လက်ကို အသာအယာ ပြန်ဆွဲသည်။
" ကျွန်ုပ်တို့က ငယ်ရွယ်ပါသေးတယ် ။ ကလေးဆန်တယ်ဆိုတာ ရှက်စရာမှ မဟုတ်ပဲ အကိုတော်။ ကလေးငယ်တွေက ဖြူစင်တယ်မဟုတ်လား? လူကြီးတွေလို ဟန်ဆောင်မှုကင်းမဲ့ပြီး ကိုယ်လိုချင်တဲ့အရာကို ဖော်ပြရဲတာက ကလေးဆန်တာဆိုရင် ကျွန်ုပ်ကတော့ ကလေးဆန်တာကို သဘောကျပါတယ်။ "
နန္ဒက သီဟကိုသာ ကြည့်နေမိသည်။ သီဟက
သူနှင့် မတိမ်းမယိမ်း လပိုင်းမျှသာ ကွာသည်။ သီဟ၏ မယ်တော် အနောက်နန်းမတော်မိဖုရားကြီးက သီဟ ငယ်စဉ်ကတည်းက ကံတော်ကုန်ခဲ့သဖြင့် သီဟကား အကြီးဆုံးသားတော်ဖြစ်သည့် သုန္ဓ၏ အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းလာခဲ့သည်။ သူတို့နှစ်ဦးကား ပုံမှန်အတိုင်းစီးဆင်းနေသော ချောင်းငယ်နှင့် ထိုချောင်း၏ နံဘေးတွင် တင့်တယ်စွာ ကြီးထွားနေသည့် အပင်နှင့်တူသည်။ နှစ်ဦးစလုံးက တည်ငြိမ်အေးချမ်းပြီး ဝါသနာခြင်းကလည်း ဆင်သည်။
![](https://img.wattpad.com/cover/243962522-288-k477466.jpg)
အခန်း ၂၅ (Z + U)
Start from the beginning