Ep-1(Unicode)

48.9K 2.8K 118
                                    


၁၉၈၁ခုနှစ်။

ကောင်းကင်မှာ အပြာမဟုတ်သလို အဖြူလည်းမဟုတ်ဘဲ မီးခိုးဖြင့် ရောနေသော ခပ်စူးစူးအရောင်ရှိနေသည်။နေရောင်မရှိ။အရှိန်ပြင်းပြင်း ဝှေ့တိုက်လာသော လေက ညိုခွန်းဆံပင်တွေ ဖွာလန်သွားသော်လည်း  ကျောပေးထိုင်နေတဲ့ သူ့ကိုတော့ မတိုးဝှေ့နိုင်။တိုတိတိ ဆံပင်ကလည်း လေမလွင့်။

ရပ်ကြည့်နေရတာ အားမရလို့ ခြေလှမ်းဖော့ကာ ထိုကျောပြင်နားတိုးသွားပြီး စပ်စုကြည့်သည်။ခြံဝန်းကျယ်ထဲရှိ မြေလွတ်တစ်နေရာကို  သံတူးရွင်းဖြင့် တူးဆွနေတဲ့သူ။ဘေးမှာ  အမြစ်နေရာအား အိတ်အဖြူနဲ့ပတ်ထားသော စံပယ်ပင်တစ်ပင်ရှိသည်။

လက်ဖျံမှာ သွေးကြောများစွာ ပေါ်နေခြင်းဖြင့်  သံတူးရွင်းနှစ်ချက်လောက်လွှဲရုံနဲ့ အတော်နစ်ဝင်သွားသည့် ဒီလူကြီးရဲ့ အားသန်ပုံ ။

ညိုခွန်း ဘေးနားမှာ ရပ်နေပေမယ့် အဖက်မလုပ်။ သူအလုပ်မှာပဲ အာရုံရှိမြဲ။အမြစ်နဲ့မြေကြီးကိုပတ်ထားသော အိတ်ကို လက်နဲ့တင် ဆွဲဖြဲလိုက်ပြီး စံပယ်ပင်ကို ပုံစံမပျက်ယူသည်။ထို့နောက် စောစောက တူးထားတဲ့ မြေတွင်းမှာ တည့်တည့်စိုက်ပြီးလျှင် အပေါ်က မြေကို ပြန်ဖုံးနေတာက မသိရင် ကဗျာတစ်ပုဒ်စပ်ဆိုနေသလို။

ဘေးမှာချထားသော ရေခွက်ထဲက ရေအနည်းကို သူ့ရဲ့ကြီးမားတဲ့ လက်ဖဝါးပြင်နဲ့ခံကာ  ရေဖွားလေးတွေဖြစ်အောင် လောင်းသည်။ညိုခွန်း လက်နှစ်ဖက်ကို  အနောက်ဘက်လွှဲချိတ်ပြီး ကိုယ်ကို အရှေ့သို့အနည်းငယ်ကိုင်းကာ

"မထင်ထားဘူးဗျ"

မျက်ခုံးထူထူအောက်​က မျက်ဝန်းရှည်တွေက တစ်ချက်ပင့်လျက် လှမ်းကြည့်သည်။ထို့နော​က် ဘာလဲဆိုသည့် အထာဖြင့် မေးစပ်ပြတော့

"လူသတ်တဲ့ လက်က ဒီလိုတယုတယပန်းပင်လည်း စိုက်တတ်မယ်လို့လေ"

ဟက်ခနဲ တစ်ချက်ရယ်တော့ ပေါ်လာသော သွားတက်က လက်ခနဲ။ရှည်မြောမြောမျက်ဝန်းတွေပိုမှေးသွားပြီး ပါးရိုးနားက အမာရွတ်က ပါးချိုင့်လိုတွန့်သွားသည်။ဒါလည်းချောနေဆဲပဲ။ဒီလူရဲ့အရှိန်အဝါကိုကြောက်လို့များ နေမထွက်တာလားလို့ ကြောင်တောင်တောင်တွေးမိသေးတာ။

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now