Chapter - 7: ဤကမ္ဘာ ( ဤကမာၻ )

421 81 3
                                    

(Uni)

ကိုယ့်နှလုံးသားက အသက်ဝင်လာသလိုမျိုး လှုပ်ခတ်သွားခဲ့တယ်

ချူဟွမ်တစ်ယောက် နိုးလာချိန်တွင် ချက်ချင်းမလှုပ်ရှားခဲ့သလို သူ၏ အသက်ရှူနှုန်းကိုလည်း မပြောင်းလဲခဲ့ပါချေ။ သူသည် အလိုအလျောက် အာရုံငါးပါးကို ဖြန့်ကျက်ထားလျက် ပတ်ဝန်းကျင်ကို ထောက်လှမ်းစုံစမ်းလိုက်ပေသည်။ သူ၏ အသိဉာဏ်ကို ပြန်လည်စုစည်းနိုင်လိုက်ပြီးသည့်အခါတွင်မူ ထိုသို့လုပ်ရန် မလိုအပ်ဟု ခံစားမိပေ၏။ သူ၏ သံသယလွန်ကဲသော ရောဂါမှာ ပို၍ ပြင်းထန်လာပြီဖြစ်ကြောင်း သူ့ကိုယ်သူ သိရှိလိုက်ရသည်။ အရာအားလုံးကို အလေးအနက်ကြီး ဂရုစိုက်နေမိခြင်းသည် လက္ခဏာတစ်ခုဖြစ်လေ၏။ ဤကိစ္စမှာ အဆင်မပြေတော့။ အချိန်မီ ရပ်တန့်နိုင်ရန် လိုနေပေပြီ။

တစ်ချိန်တည်းတွင်ပင် ချူဟွမ်က သူ့ကိုယ်ခန္ဓာ၏ အဆင်မပြေမှုကို အချိန်လွန်မှ ခံစားမိပြီး သတိပြုလိုက်မိလေတော့သည်။သူသည် အဖျားဝင်သွားပုံရကာ အလွန်လည်း အားနည်းနေလေ၏။ ဒဏ်ရာများမှာလည်း တစ်ကိုယ်လုံးအနှံ့ပင် ဖြစ်နေသောကြောင့် မည်သည့်နေရာမှ နာနေသည်ဟုပင် အတိအကျမပြောနိုင်တော့ချေ။ သူ၏ အပေါ်အင်္ကျီကို တစ်ယောက်ယောက်က ချွတ်ပေးထားပေသည်။ သူသည် လက်ရှိတွင် သက်တောင့်သက်သာမရှိလှသော အိပ်ယာတစ်ခုပေါ်တွင် လဲလျောင်းနေခြင်းဖြစ်ပြီး မွေ့ယာမှ စိုထိုင်းထိုင်းအနံ့အသက်တစ်ခု ထွက်ပေါ်နေပေ၏။

ချူဟွမ်က သူ့ဦးနှောက်ကို တခဏမျှ ရှင်းထုတ်လိုက်ကာ လောင်ဝမ်၏ အမြင်ကို တည့်တည့် ရင်ဆိုင်ကြည့်လိုက်၏။ ယခုအချိန်တွင် သရဲကြီးမှာ သူ့မျက်စိရှေ့တွင်ပင် သေသွားပြီဖြစ်ပြီး သရဲလေးကိုလည်း ဖမ်းမိသွားပြီ ဖြစ်ချေသည်။ သူ့ရင်ထဲမှ အစိုင်အခဲတစ်ပုံတစ်ပင်မှာ ဖြေရှင်းပြီးသွားပြီဖြစ်ကာ သူ့အနေဖြင့် လုပ်စရာတစ်ခုခုသွားရှာရန် သင့်နေပေပြီ။ ဤလောကကြီးတွင် လုပ်ပေးမည့်လက်တစ်စုံလိုအပ်နေသော ကိစ္စပေါင်းများစွာ ရှိပေ၏။ ပင်လယ်လေးစင်းမှာ နောက်ကျိနေပြီး မြစ်များမှာလည်း မငြိမ်မသက်ဖြစ်နေသည်ပင်*။ မရေမတွက်နိုင်သော လူတို့မှာ မရေမတွက်နိုင်သော အင်အားစိုက်ထုတ်မှုများကို ပေးဆပ်ကာ ယနေ့မြင်နေရသော "ချူဟွမ်" ဖြစ်လာအောင် ပံ့ပိုးပေးခဲ့ကြရခြင်းဖြစ်လေသည်။ သူ့အနေဖြင့် တစ်နေကုန်တစ်နေခန်း သူ့အရိပ်သူကြည့်လျက် သူ့ကိုယ်သူပြန်သနားနေမည်ဆိုလျှင် သူသည် လူတစ်ယောက်နှင့် တူပါဦးမည်လော?
[ပင်လယ်လေးစင်းမှာ နောက်ကျိနေပြီး မြစ်များမှာလည်း မငြိမ်မသက်ဖြစ်နေသည်ပင် - လောကကြီးမှာ အရှုပ်အထွေးပြဿနာတွေ တစ်ပုံကြီးပဲလို့ ပြောတာမျိုးပါ]

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now