"အလင်းဝေကို လိုက်မပို့ဘူးလား...ဦးထက်လင်း..."
မှိုင်းခေါင်ဝေဦးရဲ့အမေးကိုကြားပြီး ဦးထက်လင်းရဲ့လက်တွေ တောင့်တင်းအေးစက်သွားသည်။ ဒီနေ့က အလင်းဝေတစ်ယောက် ဂျပန်ကို သွားရတဲ့နေ့ပဲ...။ ကြိုတင်သိရှိရသော ခွဲခွာခြင်းတိုင်းတွင် နှုတ်ဆက်ခြင်းကလည်း ကပ်ပါနေသည့်တိုင်အောင် ဦးထက်လင်းကတော့ သွေးအေးသူတစ်ယောက်ပမာ ထိုကိစ္စအား မသိကျေးကျွန်သာပြုထားလေသည်။
ဦးထက်လင်းက တိတ်ဆိတ်နေသောကြောင့်
မှိုင်းခေါင်ကပင် ဆက်ပြောလိုက်သည်။
"မိဘကို ရွေးချယ်လို့မရသလို သားသမီးကိုလည်း ရွေးချယ်လို့မရဘူး ဦးထက်လင်း...။ ကိုယ်ဖြစ်ချင်တဲ့ပုံစံကို သူများဆီမှာ သွားပုံဖော်နေတာကိုက ကျွန်တော်တို့မှားနေတာ။ ဒါပေမယ့် လူဆိုတော့ အတ္တလေးကလည်း ရှိနေတယ်လေ...။
အခုလည်း ကျွန်တော်တို့အတ္တအတွက် ဖြစ်သင့်တာကိုလုပ်ပြီးပြီပဲ။ ဦးထက်လင်းရဲ့စိတ်ထဲမှာ အလင်းဝေကို အပြစ်မမြင်တော့ရင် ကောင်းမယ်...။ ဦးထက်လင်းရဲ့ပံ့ပိုးမှုကိုလည်း သူလိုအပ်နေတယ်လေ။ အခုလို သူများနိုင်ငံကို သွားရတဲ့အချိန်မှာ ပိုပြီးတော့တောင် လိုအပ်နေသေးတယ်..."
မှိုင်းခေါင် ဘာလို့စကားတွေ ရှည်ရှည်ဝေးဝေးပြောနေမိမှန်းမသိပါ။ ဒီလိုတွေပြောနေတာကလည်း အလင်းဝေအပေါ်မှာ ခွင့်လွှတ် ပေးလိုက်တာမျိုး မဟုတ်ပေ။ သူ့ရဲ့စိတ်ထဲမှာ အလင်းဝေကို ငွေရှိုင်းနဲ့ ခွဲချင်နေတာကလည်း မပြောင်းလဲသလို၊ ပစ်ပယ်ခံရသော သားသမီးတစ်ယောက်ရဲ့ ခံစားချက်ကိုလည်း သူနားလည်နေသောကြောင့် ဖြစ်သည်။
ရှိုင်းငယ်ကိုတော့ မနက်ကတည်းက မတွေ့ရသေးပေ။ အလင်းဝေကို လေဆိပ်အထိ လိုက်ပို့ချင်လည်းပို့နေလိမ့်မည်။ သူတို့နှစ်ယောက်မှာ ခွဲခွာနှုတ်ဆက်ရခြင်းအတွက် ပြောစရာ စကားတွေလည်း များပြားနေလိမ့်မည်။ ဒါကို မှိုင်းခေါင်နားလည်ပေးနိုင်တာမျိုး မဟုတ်ပေမယ့်လည်း ရှိုင်းငယ်ကိုတော့ မတားဖြစ်ပါ။ ထို့ကြောင့်ပင် မှိုင်းခေါင်တစ်ယောက် မတားဆီးလိုက်နိုင်သော ကိစ္စတစ်ခုပေါ်လာလေသည်။
ရှိုင်းငယ်ကိုစောင့်ကြည့်ဖို့ လွှတ်ထားတဲ့သူထံမှ ဖုန်းဝင်လာသည်။ သူပြောတာကို ကြားပြီးပြီးချင်းတွင် မှိုင်းခေါင်တစ်ယောက် ပြိုလဲချင်လာရသည်။ ထို့နောက် သူသည် ဖုန်းထဲမှလူကို အသံနက်ကြီးဖြင့် အော်မိလိုက်လေသည်။
"ဘယ်လိုဖြစ်တာလဲ...မင်းသေချာ
စောင့်ကြည့်မထားဘူးလား..."
အဲ့ဒီလူပြန်ဖြေတာက သူစောင့်ကြည့်နေရက်နဲ ့နှစ်ယောက်စလုံးကို မတွေ့တော့တာတဲ့။ အလင်းဝေကလည်း flightနဲ့ ပါမသွားသလို ရှိုင်းငယ်ရဲ့ကားကိုလည်း မတွေ့တော့ဘူးတဲ့လေ။
မှိုင်းခေါင်သည် အေးဆေးတည်ငြိမ်နေခဲ့ရာမှ ဒေါသမီးများဆူပွက်လာပြီး ထို့နောက်တွင်တော့
ချက်ချင်းဆိုသလို ဆောက်တည်ရာမရဖြစ်လာသည်။ "ဘယ်လိုဖြစ်တာလဲ" ဆိုသည့် မေးခွန်းကိုသာ ခဏခဏ ရေရွတ်နေမိပြီး မတ်တပ်ရပ်ထားရာမှ ခုံပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်တော့သည်။
အလင်းဝေ.....။မင်းငါ့ဆီကနေ ရှိုင်းငယ်ကို လုယူသွားပြီလား...။
ထိုအတွေးနဲ့တင် သူ့ရဲ့ခွန်အားတွေ တဖြည်းဖြည်းချင်း ယုတ်လျော့သွားသလို ခံစားလိုက်ရသည်။သူ့ရဲ့နှလုံးသားသည် တဆစ်ဆစ်နှင့် နာကျင်ကိုက်ခဲနေသည်။ စက်ပိတ်ထားသည်ဟု ကြားရတာကိုတောင် မယုံချင်သလိုနှင့် ငွေရှိုင်းရဲ့ဖုန်းနံပါတ်ကိုသာ မှိုင်းခေါင်တစ်ယောက် အကြိမ်ကြိမ်အခါခါ ခေါ်နေမိသည်။
သူ့ရဲ့ရုံးခန်းသည် အခါတိုင်းထက် ပို၍တိတ်ဆိတ်နေသည်။ အထီးကျန်သော ခံစားချက်မှာ သူ့ကိုသေအောင် သတ်နေသလို။အခုအချိန်မှာ ငွေရှိုင်းရဲ့မျက်နှာကိုသာ သူတွေ့ချင်နေမိသည်။ သူတစ်ခါမှ မပွေ့ဖက်လိုက်ရသော ကောင်လေးကို သူ့ရဲ့ရင်ခွင်ထဲမှ လွတ်ထွက်မသွားအောင် ဖက်ထားချင်နေမိပါသည်။
သို့သော်လည်း မှိုင်းခေါင်မှာ ငွေရှိုင်းရဲ့အရိပ်အငွေ့ကိုပင် ဖမ်းမမိခဲ့ပါ...။ ဤအဖြစ်အပျက်တွေအားလုံး၏ အစသည် လွန်ခဲ့သော သုံးနာရီခန့်ကဖြစ်သည်။
အလင်းဝေသည် ကြီးစန်းသူ့ကို လေဆိပ်အထိ လိုက်ပို့ပေးမယ်ဆိုတာကိုတောင် လက်မခံဘဲ ထုတ်ပိုးထားသော ပစ္စည်းတွေနှင့် အိမ်ကနေ တစ်ယောက်တည်း ထွက်လာသည်။ လေဆိပ်ရောက်တော့ ငွေရှိုင်းနဲ့ဆုံသည်။
အားလုံးက ကျွန်တော့ကို ဂျပန်သွားမည်ဟုသာ ထင်နေကြသည်။ ငွေရှိုင်းသည်လည်း ထိုကဲ့သို့ပင် ထင်နေသောကြောင့် ကျွန်တော့ကို မလွှတ်ချင်၊လွှတ်ချင် ပုံစံမျိုးဖြင့် ရောက်လာကတည်းက ငိုင်တိုင်တိုင်ဖြစ်နေသည်။
"ငွေရှိုင်း မင်းရဲ့ဖုန်းကို စက်ပိတ်ထားလိုက်..."
"ဟမ်...."
ကျွန်တော်က ပြောလည်းပြော၊ သူ့လက်ထဲက ဖုန်းကိုလည်း ဆွဲယူလိုက်ပြီး စက်ပိတ်လိုက်သည်။ ကျွန်တော့ရဲ့ အကြံအစည်ဆိုတာက ဂျပန်သွားမယ်ဆိုပြီး လေဆိပ်ကို
အယောင်ပြလာပြီးတော့မှ ငွေရှိုင်းနဲ့အတူ ထွက်ပြေးမလို့။ အဲ့ဒီလို ထွက်ပြေးဖို့အတွက်လည်း ဟိုးရက်တွေကတည်းက ကြိုတင်စီစဉ်ထားပြီးသား....။
လေဆိပ်ထဲက ခုံတန်းတစ်ခုမှာ နှစ်ယောက်သားထိုင်လိုက်ကြသည်။ကျွန်တော်စီစဉ်ထားတာကို ငွေရှိုင်းလည်းမသိသေးတော့ သူ့ကို အရင်ပြောပြရသေးသည်။ ကြိုပြောပြထားရင် ငွေရှိုင်းက လက်ခံမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ပြီးတော့ မှိုင်းခေါင်ရဲ့အရှေ့မှာလည်း ထူးဆန်းတဲ့ အပြုအမူတွေဖြစ်နေရင် အကုန်ပေါ်သွားနိုင်တယ်မလား...။
"ဘာ...ဂျပန်မသွားတော့ဘဲနဲ့ ငါနဲ့ထွက်ပြေးမယ်ဟုတ်လား..."
ငွေရှိုင်းက အကျယ်ကြီးထအော်သောကြောင့် တိုးတိုးပြောဖို့ လက်ဟန်ပြလိုက်ရသည်။ ပြောလို့မရဘူး။ငွေရှိုင်းကို စောင့်ကြည့်နေတဲ့သူကအနီးအနားမှာ ရှိရင်ရှိနေမှာလေ...။
"မဟုတ်တာတွေ မလုပ်စမ်းပါနဲ့ အလင်းဝေရာ..
အခုမှ ဘာထဖြစ်တာလဲ မင်းရူးသွားပြီလား...."
"ငါမရူးဘူး....မင်းအစ်ကိုဆိုတဲ့သူကသာ ရူးနေတာ...
သူက ငါ့ကိုပထုတ်ဖို့်ကြံနေတယ်လေ...ငါကြိုသိလိုက်ရလို့ တော်သေးတယ်..."
ငွေရှိုင်းက ကျွန်တော်ပြောတာကို နားမလည်ဘဲ ကျွန်တော့ကို မျက်မှောင်ကြုတ်ပြီးတော့သာ စိုက်ကြည့်နေသည်။ ဒီလိုပုံစံအတိုင်းသာဆိုရင် ထွက်ပြေးဖို့အတွက် သူ့ကို အရင်သတိမေ့အောင် လုပ်ပြီးတော့မှ ချီသွားရမယ့်ပုံပဲ...။
သက်ပြင်းအရင်ချပြီး သူ့ကို အစအဆုံးပြောပြလိုက်သည်။ သို့သော်လည်း ဟုတ်လို့လားဆိုပြီး ပြန်မေးနေသောကြောင့် လူကစိတ်တိုလာသည်။
"ငွေရှိုင်းရာ...မင်းလည်း မှိုင်းခေါင်ဝေဦးဆီမှာ ငါတို့ဓာတ်ပုံတွေ တွေ့ခဲ့တာပဲလေ...။ ဒီကိစ္စက သူ့လက်ချက်ဆိုတာကို ပြေးကြည့်စရာလည်းမလိုဘူး။ သွားမေးနေစရာလည်းမလိုဘူး...။ တွေးကြည့်တာနဲ့တင် သိနေပြီ။
ငါ့အဖေဆီမှာရှိနေတဲ့ စာရွက်စာတမ်းတွေ...၊ပြီးတော့ ချက်စာရွက်။ အဲ့တာတွေက ဘာအတွက်ဖြစ်မလဲ...။ငါ့ကို မင်းဘေးကနေ ပထုတ်ဖို့အတွက် ကြံစည်ထားခဲ့တာချည်းပဲ...
အဲ့တော့ ငါက ဒါတွေကို သိသိရက်နဲ့ ဂျပန်ကိုသွားနေရဦးမှာလား..သူတို့ ငါတို့ကို လှည့်စားနေကြသလို ငါတို့ကလည်းအဲ့လိုမျိုး ပြန်တုံ့ပြန်မှဖြစ်မယ်..။မင်းငါ့ကို မယုံဘူးလား ငွေရှိုင်း...ဟမ်...။ ဒါမှမဟုတ် မင်းက ငါ့နောက်ကို မလိုက်ခဲ့ချင်လို့လား...."
ငွေရှိုင်းတစ်ယောက် တွေဝေသွားသည်။ ကျွန်တော့ကို အကြာကြီးစိုက်ကြည့်နေပြီး သက်ပြင်းတွေချညး် ရှိုက်ချနေခဲ့သည်။
"မင်းအဲ့လောက်တောင် စဉ်းစားနေရတာလား...
ငါကတော့ ဒီကိစ္စကို သိလိုက်ရကတည်းက အရာအားလုံးကို စွန့်လွှတ်ဖို့အတွက် ပြင်ဆင်ပြီးသွားပြီ...မင်းကရော ငါ့အတွက် ဘာမှ မရင်းပေးနိုင်ဘူးလား...ငွေရှိုင်း...။
မင်းအစ်ကိုကို သိပ်ကြောက်လွန်းလို့ ငါ့ကိုပဲ အဝေးမှာနေခိုင်းဦးမယ့် သဘောလား...။ ငါ့မှာလည်း ခံစားချက်ရှိတယ်နော်... "
ကျွန်တော့မှာသာ မေးခွန်းတွေတစ်ခုပြီးတစ်ခု
ထွက်လာသော်လည်း ငွေရှိုင်းကတော့ ပြန်မဖြေသေးပေ။ ကျွန်တော်လည်း စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ကိုယ့်အာရုံနဲ့ကိုယ် ငြိမ်ငြိမ်လေးသာ ထိုင်နေလိုက်တော့သည်။
သူလည်း စဉ်းစားရဦးမှာပေါ့လေ။ကျွန်တော်ကတော့ အစကတည်းက ကြံစည်ထားတော့ စဉ်းစားချိန်၊ဆုံးဖြတ်ချိန်ရပေမယ့် ငွေရှိုင်းကတော့ အစိမ်းသက်သက်ကြီး သိလိုက်ရတာမလား။
"ငါကြောက်လို့မဟုတ်ပါဘူး...."
ထိုအချိန်တွင် အရင်းမရှိ၊အဖျားမရှိ ထပြောလိုက်သောစကားကြောင့် ကြမ်းပြင်ကို ငေးနေရာမှ သူ့ကိုလှည့်ကြည့်မိသည်။
"ကိုကို့ကိုပြောတာ..။ ငါသူ့ကို.ကြောက်လို့မဟုတ်ဘူးလို့..."
"အဲ့တာဆို ဘာဖြစ်လို့တွေဝေနေတာလဲ..."
"ငါသူ့အနားမှာ ရှိကိုရှိနေပေးရမယ်...အလင်းဝေ...
မဟုတ်ရင် သူတစ်ယောက်တည်း..."
ငွေရှိုင်းက ဆက်မပြောတော့ပေ။ ကျွန်တော့ရဲ့ရင်ထဲတွင်လည်း အောင့်သက်သက်ဖြစ်သွားရသည်။ ဒါမျိုးစကားကို ကျွန်တော်ရဲ့ရှေ့မှာမှ ပြောနေရလား...။ မှိုင်းခေါင်ဝေဦးသာ ကြားရင်တော့ ကျေနပ်နေမှာ အမှန်ပဲ။ သူချစ်တဲ့ရှိုင်းငယ်က သူ့ကိုထားခဲ့ဖို့ကို ဦးနှောက်ပေါက်ထွက်မတတ် စဉ်းစားနေရတာကိုမြင်ရင် သူလည်း ဝမ်းသာနေမှာ...ဟက်...။
"မင်းအစ်ကိုက ကလေးမဟုတ်တော့ပါဘူး...
သူတစ်ယောက်တည်းလည်း အဆင်ပြေမှာပါ...ပြီးတော့ သူဘယ်အချိန်အထိ မင်းကိုဆွဲထားနိုင်မယ်ထင်လဲ...
အဆုံးသတ်မှာတော့ လူတိုင်းက ကိုယ့်လမ်းကိုယ်
လျှောက်ရမှာပဲလေ..."
ကိုယ့်လမ်းကိုယ်လျှောက်ရမှာ ဆိုသောစကားက
ငွေရှိုင်းရဲ့နားထဲတွင် ပဲ့တင်သံထပ်သွားသည်။ သူအနေဖြင့် မှိုင်းခေါင်နှင့်အလင်းဝေကြားတွင် နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးချယ်ရခြင်းမှာခက်လွန်းလှသည်။ သူဘယ်သူ့ကိုမှ မရွေးချယ်ချင်ပေ။ ဒါပေမယ့် အခုအချိန်မှာတော့ သူချောင်ပိတ်မိနေခဲ့ပြီလေ။
အလင်းဝေကို "မင်း ဂျပန်ကိုပဲ သွားလိုက်ပါတော့ကွာ..." ဟူ၍ ပြောချင်သော်လည်း ပြောမထွက်သည့်အပြင် ပြောလည်းမပြောရက်ခဲ့ပေ။
အလင်းဝေက ဆက်ပြောပြန်သည်။
"ငါတို့အခုထွက်ပြေးမယ်ဆိုတာလည်း အကြာကြီးမဟုတ်ပါဘူး...လေးငါးခြောက်ရက်ပေါ့...
အလွန်ဆုံးကြာ ဆယ်ရက်ပေါ့ကွာ.
သူတို့စိတ်ထဲမှာ ငါတို့က ရွှေ့ချင်တိုင်းရွှေ့လို့ရတဲ့ အရုပ်ကလေးတွေမဟုတ်ဘူးဆိုတာ သိသွားရင်ပဲရပြီ...
နော်...ငွေရှိုင်း..."
အသနားခံသည့် အဆင့်သို့ ရောက်လာရချိန်မှာတော့ အလင်းဝေရဲ့စကားကို ငွေရှိုင်းတစ်ယောက် လက်ခံလိုက်ရလေသည်။ သူ့ရဲ့နှလုံးသားက အလင်းဝေကို မလွန်ဆန်နိုင်သောကြောင့်ဖြစ်လိမ့်မည်။ သူ့စိတ်ထဲမှာ မှိုင်းခေါင်အပေါ် အပြစ်လုပ်မိသကဲ့သို့ ဖြစ်နေသော်လည်း ဘာတတ်နိုင်မှာလဲ...။ သူ့ရဲ့ဦးနှောက်ကို နှလုံးသားက
နိုင်သွားခဲ့ပြီကိုး..။
ငွေရှိုင်းဆီက ခွင့်ပြုချက်လည်းရရော သူတို့နှစ်ယောက် လေဆိပ်ထဲက ထွက်ဖို့အတွက် အစီအစဉ်ဆွဲကြသည်။ နောက်ယောင်ခံသူရှိနေနိုင်သဖြင့် သတိကြီးကြီးထားရင်း
နေရာကနေ တစ်ယောက်ချင်းစီ ထသွားလိုက်သည်။ တော်သေးသည်က လေဆိပ်ထဲတွင် လူတွေများသောကြောင့် သူတို့ကို စောင့်ကြည့်နေသူလည်း သတိလက်လွတ်ဖြစ်သွားပုံရသည်။
သူတို့နှစ်ယောက် ပဲခူးဘက်သို့ ရောက်လာသည်အထိ နောက်က လိုက်လာသော အရိပ်အယောင်မျိုး မတွေ့ရပေ။ အလင်းဝေသည် ပဲခူးရှိ သူ့ရဲ့သူငယ်ချင်း အိမ်သို့ရောက်မှ သက်ပြင်းချနိုင်တော့သည်။ သူတို့ရောက်လာသောအိမ်တွင် ခြံစောင့်တစ်ယောက်တည်းသာ ရှိသည်။ အလင်းဝေရဲ့သူငယ်ချင်းက ဖုန်းကြိုဆက်ပေးထား သောကြောင့် အစစအရာရာ အဆင်ပြေသည်။
ငွေရှိုင်းသည် ထိုအိမ်ကိုရောက်မှ အလင်းဝေရဲ့ ကြိုတင်ပြင်ဆင်တတ်ပုံကို သြချမိရတော့သည်။ သူက ပုန်းနေတဲ့အတောအတွင်း နေဖို့အိမ်ကိုပါ ကြိုရှာထားတာတဲ့လေ ...။
.
.
.
တစ်ဖက်တွင်လည်း မှိုင်းခေါင်ဝေဦး၏ ဒေါသမီးပွားက ဦးထက်လင်းထံသို့ပါ ကူးစက်လာသည်။ မှိုင်းခေါင်ရော၊ဦးထက်လင်းရော သူတို့တတ်နိုင်သမျှ နည်းလမ်းတွေနှင့် အလင်းဝေတို့ကို ရှာဖွေနေကြသည်။ သို့သော် ပျောက်သောသူ ရှာရင်တွေ့ဟုဆိုသော်လည်း တမင်တကာ ပုန်းနေသူများကိုတော့ သူတို့မရှာနိုင်ခဲ့ကြပေ။
မှိုင်းခေါင်ရဲ့လှောင်အိမ်ထဲမှ ငှက်ကလေးသည် အပြင်သို့လွတ်ထွက်သွားပြီဖြစ်သည်။ ထိုငှက်ကလေးကို သူဘယ်နေရာမှာများ သွားရှာရမလဲ....။
သူ့ရဲ့အဖြစ်က အမှောင်ထုထဲတွင် စမ်းတဝါးဝါး လျှောက်သွားနေရခြင်းထက် ပိုဆိုးလေသည်။ မှိုင်းခေါင်သည် သူ့ဘဝရဲ့အလင်းရောင်ဖြစ်သော ငွေရှိုင်းတစ်ယောက် ထွက်သွားချိန်မှစ၍ ပေပေတေတေနေလာသည်။
ကုမ္ပဏီအလုပ်တွင် မလစ်ဟင်းစေရသော်လည်း စိတ်ပင်ပန်းမှုများအတွက်တော့ အရက်က သူ့အဖော်ဖြစ်လာသည်။
"မှိုင်းခေါင် မင်းက ဦးထက်လင်းအတွက် သားတစ်ယောက်လိုပါပဲ ...ဦးပြောတာကိုနားထောင်ပြီး အရက်ကို နေ့စဉ်ရက်ဆက်မသောက်ပါနဲ့လားကွာ...ဦးလည်း ငွေရှိုင်းတို့ကို ရှာနေတာပါပဲ...စိတ်ကိုလျှော့ထားပါ..."
ဦးထက်လင်းကပင် ပြောနေပြီဖြစ်သည့်အတွက် သူ့ပုံစံက အတော်လေးကို ဆိုးရွားနေပြီဟု မှိုင်းခေါင်သိလိုက်သည်။ သို့သော်လည်း သူမရပ်တန့်နိုင်ပေ...။ သူ့ရဲ့ရင်ထဲမှာ အလွမ်းတွေနဲ့ ပြည့်ကြပ်ကာ မောဟိုက်နေသည်။ ဒီဝေဒနာတွေက ရှိုင်းငယ်ကို တွေ့မှပဲ သက်သာသွားရတော့မည်။
မှိုင်းခေါင်စီးလာသောကားမှာ ရှုပ်ထွေးပွေလီသော လမ်းမကြီးပေါ်တွင် တရွေ့ရွေ့သွားနေသည်။ သူ့ခေါင်းထဲတွင် ရီဝေသော ခံစားချက်ကြီးက အမြဲတမ်းရောက်နေသော်လည်း အသိစိတ် မပျောက်သေးပေ။ ကားပြတင်းပေါက်ကို မှီရင်း ကောင်းကင်ကို မော့ကြည့်နေမိသည်။
ကောင်းကင်ပေါ်တွင် ဝိုင်းစက်နေသောလမင်းနှင့် လမင်းကို အဖော်ပြုပေးနေသော ကြယ်ကလေးအချို့သာရှိသည်။ စူးရှတောက်ပသည့် အလင်းရောင်ရှိသော နေမင်းကြီးကိုတော့ မတွေ့ရပေ။
တစ်မိုးအောက်တည်းမှာ ရှိနေကြတဲ့ အရာဝတ္ထုချင်းအတူတူတောင်မှ ညနက်လာတော့ ကြယ်နဲ့လမင်းတို့ ကောင်းကင်မှာ အတူ ပေါ်ထွက်နိုင်ဖို့အတွက် နေမင်းကြီးဟာ ပျောက်ကွယ်ပေးရတယ်လေ။
သူအဖြစ်ကလည်း နေမင်းကြီးနှင့်ဆင်တူသည်။
အလင်းဝေနဲ့ငွေရှိုင်းတို့ အတူတူ ရှိနေကြသည့်အချိန်မှာ သူကတော့ အထီးကျန်ခြင်းတွေနဲ့အတူ တစ်ယောက်တည်း တမြေ့မြေ့လောင်ကျွမ်းနေရသည်။
မှိုင်းခေါင်ကို အဖော်ပြုပေးနေတာဆိုလို့ ကားတွေကိုသာ အာရုံစိုက်နေတဲ့ ဒရိုင်ဘာနဲ့ ကားအတွင်းပိုင်းထဲတွင် ပျံ့လွင့်နေသော သီချင်းသံသာ ရှိလေသည်။
သို့သော်လည်း ထိုသီချင်းရဲ့စာသားတွေကတော့
မှိုင်းခေါင်ရဲ့စိတ်ကို အဖော်ပြုပေးခြင်းထက် လောင်ကျွမ်းစေသည်က ပိုသည်။
*မေ့နိုင်မယ်လို့တော့ မင်းထင်မလား။
အရာရာမှုန်ဝါးဝါးရှိဆဲပါ။
ငါ့အလွမ်းစိတ်များကို နားလည်မလား။
ရင်မှာ အခုသက်ဆုံးတိုင်ကျန်ရစ်မယ်။ မနေ့ကလိုပဲ။
မင်းကိုယ်တိုင်မသိအောင် လျိှု့ဝှက်ထား...။
ရင်တွေခုန်တတ်စအရွယ် ငယ်ဘဝမှာ....။
အိုး ချစ်တဲ့စိတ်ဟာဆန်းကြယ်စွာ...။ ပိုင်ဆိုင်ခြင်းရဲ့တစ်ဖက်မှာကျန်ရစ်တယ်.....။
ငယ်ရွယ်စဉ်မှာ အချစ်က အိပ်မက်လို...။
ငယ်ရွယ်စဉ်မှာ အချစ်က တိမ်တိုက်တစ်ခုလို...။
ငါလွမ်းနေလည်း ကျေနပ်လို့သွားမယ်...။
ကျန်နေခဲ့ပြီ ငါ့တစ်ယောက်တည်း...။
ချစ်တာမင်းသိရင် ငါ့မှာတော်ပြီ ဒီဘဝတော့။
ငါ့ဟာတကယ်ဆို ချစ်ရက်နဲ့သာ နှလုံးသားအရှုံးကိုရွေး
ရင်ခုန်သံများဖြားယောင်းမိပြီ ။ ငါပေးဆပ်မယ့် အချစ်ဝဋ်ကြွေး...။*
မှိုင်းခေါင်မျက်လုံးမှိတ်လိုက်တော့
သူ့မျက်လုံးအိမ်ထဲမှ မျက်ရည်များ အပြင်ဘက်သို့ လျှံထွက်လာခဲ့သည်။
ဝဋ်ကြွေးတဲ့လား....ဟက်....။
သူရေရွတ်ရင်း ခပ်ဟဟပြုံးလိုက်လေသည်။ ပြီးတော့
သူ့ရဲ့ဘဝတွင် ပျော်လွန်းလို့ ပြုံးတယ်ဆိုတာမျိုးလည်း
ရှိမှမရှိခဲ့တာလေ...။
>>>>>>>>>>>>>>>>>>>>>>>>>>>>
AN/
အောက်ဆုံးနားမှာပါတဲ့ သီချင်းလေးက ဝိုင်ဝိုင်းရဲ့ ဝဋ်ကြွေးဆိုတဲ့သီချင်းလေးပါ။mediaမှာ ထည့်ပေးဖို့ကို ရှာမတွေ့ဘူး။ youtubeမှာတော့ရှိပါတယ်။ရှာကြည့်ပြီး နားထောင်ကြည့်ပါ အရမ်းနားထောင်လို့ကောင်းပြီး အဆွေးဓာတ်လေးကိုလည်း ခံစားရတယ်။
Love you all❤
Han_Me
(15.10.2020)