ငွေရှိုင်းက သူကြုံတွေ့ခဲ့ရသမျှကို အစအဆုံးပြောပြလာသည်။ တစ်ချက်တစ်ချက် တိုးတိမ်သွားသောအသံနှင့် ကျယ်လောင်စွာ သက်ပြင်းချသံတို့ကို ကြားပြီးသည့်နောက် မေးမိတာမှားပြီလားဟု ထင်မိသော်လည်း ဒီလိုသိလိုက်ရခြင်းကတော့ ကျွန်တော့အတွက် ကံကောင်းမှုကြီးတစ်ခုပါ။
ပြောရရင် ညီအစ်ကိုနှစ်ယောက်ကို တစ်မျိုးထင်မိလို့ မိုးကြိုးပစ်ခံရမလား..ဆိုပြီး တွေးကြောက်စရာ မလိုတော့ဘူးပေါ့...။
မြွေမြွေချင်း ခြေမြင်တဲ့...။ ဘယ်လောက်တောင် သွေးထွက်အောင်မှန်တဲ့ စကားပုံလဲ...။
မှိုင်းခေါင်ဝေဦးလည်း ငွေရှိုင်းအပေါ်မှာ မရိုးသားဘူးဆိုတာကို ကျွန်တော်အစကတည်းက ရိပ်မိနေခဲ့တာ။ အခုတော့ အားလုံးရှင်းလင်းသွားပေမယ့် ငွေရှိုင်းရဲ့ စကားတစ်ခွန်းကြောင့် စိတ်ပူသွားမိတယ်...။
"ဒီမနက် ကိုကိုငါ့ကိုစိုက်ကြည့်နေပုံက တစ်မျိုးကြီးပဲ...
ငါတို့နှစ်ယောက်တွေ့နေတာကို သိသွားလို့လားဆိုပြီး ငါ့စိတ်ကထင်နေတာ...ဒါပေမယ့် သူတကယ် သိသွားတယ်ဆိုရင်တော့ ငါ့ကိုပြောမှာပါ..." တဲ့...။
တကယ်လို့ မှိုင်းခေါင်ဝေဦးသာ သိသွားခဲ့မယ်ဆိုရင် ပြဿနာရှာမှာပဲလို့ တွေးမိတော့ စိတ်တွေလေးလာသည်။ သူ့ကိုကြောက်တာမျိုးမဟုတ်ပေမယ့် ကျွန်တော် ငွေရှိုင်းနဲ့တော့ ထပ်မဝေးချင်တော့ဘူးလေ။
သက်ပြင်းကိုချ၊ သူ့ပခုံးကို လှမ်းဖက်ပြီး
အကောင်းမြင်သော စကားတွေကိုပဲ ပြောလိုက်တော့သည်။
"စိတ်ပူမနေနဲ့ ငွေရှိုင်း...
မင်းအစ်ကိုက ဒီလောက်အလုပ်များတာလေ...
သူ့ကုမ္ပဏီမှာပဲ အချိန်ပြည့်ရှိနေရတာဆိုတော့ မသိလောက်ပါဘူး...
အကယ်၍သိခဲ့တော့ရော ဘာဖြစ်လဲ...
ငါတို့ကိုယ်တိုင်ပြောစရာမလိုတော့ဘူးပေါ့ ပိုတောင်ကောင်းသေးတယ် မဟုတ်ဘူးလား..."
အလင်းဝေက ဟာသလုပ်သကဲ့သို့ ရယ်နေသောကြောင့် ငွေရှိုင်းသည် သူ့ရဲ့တံတောင်ဖြင့် အလင်းဝေရဲ့နံရိုးကို တစ်ချက်တွတ်လိုက်သည်။ အားမပါသော်လည်း အလင်းဝေက သူ့ရဲ့နံရိုးကိုဖိပြီး နာကျင်နေသောဟန် သရုပ်ဆောင်နေသောကြောင့် သူပါ ရယ်မိရတော့သည်။
တစ်ဖက်တွင်လည်း နေဝင်ဆည်းဆာအောက်တွင် ငွေရှိုင်းနဲ့ အလင်းဝေတို့ တစ်ယောက်နှင့်တစ်ယောက် စနောက်နေကြသောမြင်ကွင်းကို တစ်စုံတစ်ယောက်က ဓာတ်ပုံရိုက်ယူသွားပြီး သူ့ရဲ့အလုပ်ရှင်ထံသို့ သွားပို့ပေးနေသည်။
>>>>>>>>
မှိုင်းခေါင်၏စားပွဲပေါ်တွင် ဓာတ်ပုံတွေက အပြည့်။ မှိုင်းခေါင်သည် ထိုဓာတ်ပုံတွေကိုကြည့်ရင်း သူ့နားထင်ကို ခပ်ပြင်းပြင်း နှိပ်နယ်နေလေသည်။ သူ့ရဲ့အတွေးကို အကောင်အထည် စဖော်ရမည်ဖြစ်၍ သူ့အား အကူအညီပေးနိုင်မည့် သူတစ်ယောက်ကို ရုံးခန်းထဲ၌ စောင့်နေခြင်းဖြစ်သည်။
မကြာခင်တွင် မှိုင်းခေါင်စောင့်နေသော
ပုဂ္ဂိုလ်တစ်ယောက် အခန်းထဲသို့ ဝင်ရောက်လာသည်။ ထိုသူသည် တခြားသူမဟုတ်ပါ။ အလင်းဝေရဲ့အဖေ ဦးထက်လင်းဖြစ်လေသည်။
မှိုင်းခေါင်သည် သူ့ရဲ့အလုပ်စားပွဲပေါ်က ဓာတ်ပုံအချို့ကိုယူသွားပြီး ဦးထက်လင်းထိုင်နေသော ဆိုဖာခုံရှေ့က စားပွဲဝိုင်းလေးအပေါ်တွင် ချပေးလိုက်သည်။ မှိုင်းခေါင်တစ်ယောက် ဆိုဖာခုံတွင် ဝင်ထိုင်လိုက်ချိန်အထိ ဦးထက်လင်းသည် အခြေအနေတွေကို နားမလည်နိုင်သေး...။
မှိုင်းခေါင်က သူ့ကို ဘာကိစ္စအတွက် ဆွေးနွေးဖို့ ခေါ်လိုက်ရတာလဲ...။ပြီးတော့ သူ့ကိုကြည့်ခိုင်းနေတဲ့ ဓာတ်ပုံတွေကရော ဘယ်သူ့ဓာတ်ပုံတွေလဲ...။ အစရှိသဖြင့် တွေးတောနေမိပြီးမှ သူ့ရှေ့က ဓာတ်ပုံတွေကို ယူကြည့်လိုက်သည်။ ဓာတ်ပုံထဲတွင် သူ့ရဲ့သားဖြစ်သူ အလင်းဝေနှင့် ငွေရှိုင်းတို့ကို တွေ့လိုက်ရချိန်မှာတော့ ဦးထက်လင်း၏ လက်တွေ တုန်ယင်လာသည်။ ဒီဓာတ်ပုံတွေထဲမှာရှိတဲ့ ထူးဆန်းမှုကို သူကောင်းကောင်း သိလိုက်ရသည်။
"ဒါ.....ဒါက....."
"ယုံကြည်စရာမကောင်းတဲ့ကိစ္စမျိုးမို့လို့ ယုံဖို့တော့ ခက်ခဲနေလိမ့်မယ်...ဒါပေမယ့် ကျွန်တော်.လူလွှတ်ပြီး
.သူတို့နှစ်ယောက်ကို စောင့်ကြည့်ခိုင်းထားတာကြာပြီ...။
ဟုတ်တယ်... ဦးရဲ့သားနဲ့ ရှိုင်းငယ်က ယောကျ်ားချင်း ကြိုက်နေကြတာ."
သူ့ရဲ့စကားကြောင့် ထိတ်လန့်သွားသော ဦးထက်လင်းရဲ့မျက်နှာကို မှိုင်းခေါင်မြင်လိုက်ရသည်။ သူ့ရဲ့သားဟာ ယောကျ်ားချင်း ကြိုက်နေတယ်လို့ သိလိုက်ရတဲ့ ဘယ်မိဘမဆို ဒီလိုပဲဖြစ်သွားမယ် ဆိုတာကို မှိုင်းခေါင်သိပြီးသားလေ...။
ဦးထက်လင်းက ဒေါသလည်းထွက်နေပုံရသည်။ သူ့မျက်လုံးများက ဓာတ်ပုံတွေမှ မခွာဘဲ အံကြိတ်လျှက် စူးရဲစွာဖြင့် စိုက်ကြည့်နေသည်။ အိမ်ပြန်ရောက်သွားရင် သူ့သားကို ဒီကိစ္စနဲ့ပတ်သတ်ပြီး မေးမြန်းကာ ပြဿနာရှာတော့မည်ဆိုတာကိုလည်း မှိုင်းခေါင်ကြိုသိနေသည်။ ဒါပေမယ့် ဒီလိုမျိုးတော့ မှိုင်းခေါင်မဖြစ်စေချင်ဘူး...။ မှိုင်းခေါင်မှာ ဒေါသထွက်ပြီး သောင်းကျန်းနေတာမျိုးထက် ပိုကောင်းတဲ့ အစီအစဉ်က ရှိနေပြီးသား...။
"အခု ဦးထက်လင်း ဒေါသထွက်နေသလို ကျွန်တော်လည်း သိသိချင်းတုန်းက ဒေါသထွက်သွားတယ်...။ကျွန်တော့ရှေ့မှာ ထိုင်နေတုန်း ခေါင်းအေးအေးထားပြီးစဉ်းစားကြည့်ပါ...
ကျွန်တော်တို့လူငယ်တွေက သူတို့ကို ဖိအားပေးလာတာမျိုးတွေကို မကြိုက်ကြဘူး...အခုအချိန်မှာ ဦးဘက်က အလင်းဝေကို ပြဿနာသွားရှာမယ်ဆိုရင် အခြေအနေတွေက ကျွန်တော်တို့ ထိန်းသိမ်းမရတဲ့ အခြေအနေတွေအထိ ဖြစ်သွားနိုင်တယ်..."
"အဲ့တော့ ဒီကိစ္စကို ဦးတို့က မသိချင်ယောင်ဆောင်ပြီး လွှတ်ထားပေးရမှာလား..."
မှိုင်းခေါင်က ခပ်ထေ့ထေ့ပြုံးရင်း ခေါင်းခါပြလိုက်သည်။
"မဟုတ်ဘူး...လွှတ်ထားပေးစရာမလိုပါဘူး...ဒါပေမယ့်
ကျွန်တော်တို့ဘက်က ဉာဏ်ရှိဖို့ပဲလိုတယ်...။ ဝုန်းဒိုင်းကြဲ ပစ်တာမျိုးထက် သူတို့နှစ်ယောက်ကို ပညာရှိနည်းနဲ့ ဝေးသွားအောင် လုပ်ရမှာ..."
မှိုင်းခေါင်ရဲ့မျက်လုံးအကြည့်တို့က ဓာတ်ပုံပေါ်မှာ..ရှိနေသည်.။ ဦးထက်လင်းကတော့ မှိုင်းခေါင်ကို ငေးကြည့်နေသည်။ သူ့စိတ်ကို လျှော့ဖို့ပြောနေတာကို သိပ်လက်မခံချင်သော်လည်း မှိုင်းခေါင်ရဲ့စကားကိုတော့ အာရုံစိုက်၍နားထောင်နေလိုက်သည်။
"ကျွန်တော်စဉ်းစားထားတာ တစ်ခုရှိတယ်...။အဲ့ဒီကိစ္စကို တစ်ယောက်တည်းလုပ်ဖို့က အဆင်မပြေလို့ ဦးကို အသိပေးလိုက်ရတာပဲ...
ကျွန်တော်က ဦးထက်လင်းကို ယုံကြည်လို့အသိပေးတာနော်..
ဦးရဲ့စိတ်ကို ထိန်းချုပ်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်လို့ ပြောပြတာ..ကျွန်တော့ကို စိတ်မပျက်စေနဲ့..."
ဦးထက်လင်းက ခေါင်းညိတ်ရင်း မှိုင်းခေါင်ပြောတဲ့အတိုင်း နားထောင်ပါမည်ဟု ကတိပေးလိုက်သည်။ သူ့သားနဲ့အတူ ငွေရှိုင်းကလည်း ပါဝင်ပတ်သတ်နေတော့ မှိုင်းခေါင်ကိုသာ သူယုံကြည်လိုက်တော့သည်။ မှိုင်းခေါင်ပြောတာလည်း မှန်သည်။ သားဖြစ်သူနဲ့ဝေးကွာနေတဲ့အဖေက ဒီလိုအချိန်မျိုးမှာမှ သွားဆုံးမရင် သူ့စကားကိုလည်း ဘယ်သားသမီးက နာခံနိုင်ဖွယ်ရာ ရှိမည်နည်း...။
မှိုင်းခေါင်က ဆက်ပြောလေသည်။
"အလင်းဝေကို နိုင်ငံခြားလွှတ်ချင်တယ်...
ပညာတော်သင်သဘောမျိုးပေါ့...ကုန်ကျမယ့် ပိုက်ဆံကိုတော့ ကျွန်တော်ပဲပေးမှာပါ...
သူ့အတွက်လည်း ပညာရမယ်...ပြီးတော့ သူတို့နှစ်ယောက်လည်း အချိန်ခဏတော့ ဝေးသွားမယ်..ကျွန်တော်ကတော့ ဒီကိစ္စကို အလင်းဝေရဲ့ကျောင်းကနေတဆင့် သွားစေချင်တယ်...
ဦးတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလည်း သိပ်အဆင်မပြေဘူးဆို...အဲ့တာကြောင့် ပညာတော်သင်ကိစ္စကို ဦးထက်လင်း ကိုယ်တိုင်ပြောရင် အလင်းဝေလက်မခံမှာစိုးလို့ ဆရာမတွေက တဆင့် သွားစေချင်တာ...ကျွန်တော်ပြောတာကို သဘောပေါက်လား"
ဦးထက်လင်းက သက်ပြင်းတွေ ရှိုက်ချရင်း ခေါင်းညိတ်ပြသည်။ မှိုင်းခေါင် တာဝန်ပေးလိုက်သောကိစ္စကို သူအမြန်ဆုံး အကောင်အထည် ဖော်ရတော့မည်။ မှိုင်းခေါင်သည် ဦးထက်လင်းတစ်ယောက် ရုံးခန်းထဲမှ ထွက်သွားသောအခါတွင် သူ့ရဲ့နက်ကတိုင်ကို ဆွဲဖြုတ်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
သူလုပ်နေတာတွေက မှန်လား၊မှားလား ဆိုတာ သေချာမသိသော်လည်း ဘယ်သူ့ကိုမှ မထိခိုက်စေဘူးဟုတော့ ယုုံကြည်နေမိပါသည်။
>>>>>>>>>>>>>
အလင်းဝေနဲ့ငွေရှိုင်းတို့ ကျောင်းလစ်ပြီး Green leafသို့ ရောက်လာကြသည်။ အလင်းဝေက ဘာစိတ်ကူးပေါက်မှန်းမသိ Green leafကို တစ်ခါလောက်သွားရအောင်ဆိုပြီး နားပူနားဆာ လုပ်နေလို့ ငွေရှိုင်းပါ အတန်းလစ်ခဲ့ရသည်။ နဂိုကတည်းကမှ ငွေရှိုင်းတို့ရဲ့အတန်းမှာ လူက နည်းနည်းလေးရယ်မို့ ကျောင်းမပြေးချင်ဘဲ ပြေးခဲ့ရခြင်းဖြစ်သည်။
အလင်းဝေသည် ငွေရှိုင်းတစ်ယောက် ဆူဆူပူပူလုပ်နေတာကို နားထောင်ပြီး ရယ်နေလေသည်။" ပါးစပ်ကသာ အပြစ်ပြောနေတာ။ ပြီးတော့ မလိုက်ဘဲလည်း နေနိုင်တာမဟုတ်ဘူး"လို့ အလင်းဝေက ပြောတဲ့အခါကျတော့ ငွေရှိုင်းသည် မျက်မှောင်ကြီးကို ကြုတ်လျှက် ခေါင်းပဲခါနေတော့သည်။
ကျောင်းစောင့်က အရင် ကျောင်းစောင့်ပဲဖြစ်သောကြောင့် သူတို့ကိုမှတ်မိနေသည်။ "ကောင်လေးတွေ မတွေ့ရတာကြာပြီနော်.." လို့နှုတ်ဆက်တော့ ပြိုင်တူပြုံးပြဖြစ်သည်။ ကျောင်းမြေသည် သူတို့ကို အေးချမ်းစေသည်။ ခြေချလိုက်သည်နှင့် ရင်းနှီးသော ခံစားချက်ကို နှလုံးသားထဲတွင် ပြန်ခံစားလိုက်ရသည်။ အပြင်ဘက် ပတ်ဝန်းကျင်ရှိ လေထုထက် ပိုမိုသန့်စင်သောလေထုကို ရှူရှိုက်လိုက်ရသကဲ့သို့ စိတ်ကိုကြည်လင်သွားစေသည်။
ဖူဆယ်ကွင်းရှေ့ရောက်တော့ အလင်းဝေက....
"ငါအထိုးခံလိုက်ရတဲ့ နေရာပဲ..."ဆိုပြီး ခပ်လေးလေးပြောတော့ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မိကြသေးသည်။ အဲ့ဒီအချိန်တုန်းကတော့ အလင်းဝေမှာ ဒေါသလည်းထွက်၊ နာလည်းနာ၊ ကိုယ်က ခံရတဲ့သူဖြစ်တာတောင် ရုံးခန်းပါ ရောက်သွားသေးတော့ ခံပြင်းမိသော်လည်း အခုအချိန်မှာတော့ ဟာသတစ်ခုလိုပင် သဘောကျရသည်။
နောက်တော့ သူတို့နှစ်ယောက် ကန်တင်းဘက်သို့ ရောက်သွားကြပြန်သည်။ ထမင်းစားပြီးချိန်ဖြစ်၍ ကန်တင်းတွင် လူရှင်းနေသည်။ ထမင်း၊ဟင်းချက်သော အဒေါ်ကြီးတွေ ထိုင်စကားပြောနေကြသည့်အတွက် အထဲသို့မဝင်ဖြစ်တော့ပေ..။ ထို့နောက် စာသင်ဆောင်ဘက်ဆီသို့ သွားဖြစ်ကြသည်။
ဆရာမတွေ အစည်းအဝေးလုပ်နေကြသောကြောင့်ဖြစ်မည်။ စာသင်ခန်းထဲတွင် ဆရာမတွေမရှိကြသောကြောင့် ကျောင်းသားများ၏ ဆူညံသံတွေက လျှောက်လမ်းပေါ်သို့ပင် လျှံထွက်လာကြသည်။ အလင်းဝေနှင့် ငွေရှိုင်းတို့ကို မှတ်မိနေကြသော ဆယ်တန်းအခန်းမှ ကျောင်းသားငယ်လေးတွေက သူတို့အတန်းရှေ့မှ အဖြတ်တွင် ထွက်ပြီးနှုတ်ဆက်ကြသည်။
စိတ်ထဲတွင် ကြည်နူးသလို၊ဝမ်းနည်းသလို ခံစားချက်တွေဝင်လာပြီး မျက်ရည်ဝဲချင်သေးသည်။ တကယ်တော့ ကျောင်းသားဘဝရဲ့ အမှတ်တရတွေ ဆိုတာက ဘယ်အချိန်ပဲတွေးလိုက်၊တွေးလိုက် ပျော်စရာကောင်းသော အမှတ်တရတွေသာ ဖြစ်နေလိမ့်မည်။
ကွန်ပျူတာခန်းသည် ယခင်အတိုင်းပင် လူရှင်းနေမြဲ....။ ထိုနေရာတွင်ရှိနေသော cctvတစ်ခုသည် ကျောင်းနောက်ဆုံးနေ့က အလင်းဝေနှင့်ငွေရှိုင်းတို့၏ ပုံရိပ်တွေကို ဖမ်းယူထားကောင်း ယူထားနိုင်သည်။ သူတို့နှစ်ယောက်၏ နှလုံးသားထဲတွင်လည်း ထိုပုံရိပ်တို့ကျန်ရစ်နေပါသေးသည်။
"ငါသိချင်တာ တစ်ခုရှိတယ်...ငွေရှိုင်း...အဲနေ့က ငါထွက်သွားပြီးတော့ မင်းဘယ်လိုကျန်ခဲ့လဲ..."
ငွေရှိုင်းက လျှောက်လမ်းအလယ်တွင် ငုတ်တုတ်ထိုင်ချလိုက်သည်။ ပြီးတော့ သူ့မျက်နှာကို ဒူးခေါင်းထက်တွင် လက်နှစ်ဖက်၏ အကူအညီနှင့် ကွယ်ဝှက်ထားဟန်မျိုးလုပ်ပြသည်။ ထို့နောက် အလင်းဝေကို မော့ကြည့်ပြီး "အဲ့လိုပုံစံမျိူးနဲ့ ကျန်ခဲ့တာ..." ဟု ပြောဆိုလျှက် ရယ်မောနေလေသည်။
အလင်းဝေသည် ငွေရှိုင်းရဲ့အရှေ့တွင်
သူပါငုတ်တုတ် ထိုင်ချလိုက်သည်။ ငွေရှိုင်းရဲ့မျက်နှာက သူနဲ့နီးနီးလေးတွင် ရှိနေသည်။
"မမြင်ဖူးလို့လား...စိုက်ကြည့်နေတာ..."
ငွေရှိုင်းရဲ့စကားကြောင့် သူပြုံးလိုက်သည်။ ရုတ်တရက်ဖြစ်လာသော ဝမ်းနည်းစိတ်ကြောင့် သူ့အပြုံးတွေကလည်း ဖျော့တော့နေလိမ့်မည်။
"ငါမင်းကို ပြောစရာတစ်ခုရှိတယ်..."
ငွေရှိုင်းသည် မေးထောက်ကာ အလင်းဝေကို ငေးကြည့်နေလေသည်။ သူကြည့်နေရင်းမှာပင် အလင်းဝေရဲ့ နှာခေါင်းထိပ်က တဖြည်းဖြည်းချင်း နီလာသောကြောင့် နီနေသော နှာခေါင်းထိပ်လေးကို လက်ချောင်းများဖြင့် ခပ်ဖွဖွ ထိတွေ့လိုက်သည်။
ထို့နောက် အလင်းဝေသည် သူ့ရဲ့ဒူးခေါင်းထက်သို့ ခေါင်းမှီတင်လာသည်။ ငွေရှိုင်းသည်လည်း အလင်းဝေ တစ်ယောက် ဘာဖြစ်သွားမှန်း မသိသောကြောင့် မှီတင်လာသော သူ့ရဲ့ခေါင်းလေးကိုသာ ဖွဖွပုတ်ပေးနေမိသည်။
ထိုအချိန်တွင် အလင်းဝေသည် ခေါင်းမှောက်ထားရင်းက
"ငါမသွားချင်ဘူး...ငွေရှိုင်းရာ..
.ဒါပေမယ့် ဒါက ငါ့အတွက် အခွင့်အရေးတစ်ခုဖြစ်နေတော့ သွားလည်း သွားချင်မိတယ်...ဘယ်လိုလုပ်ရမလဲမသိဘူး...
ငါမင်းနဲ့လည်း မဝေးချင်တော့ဘူး..." ဟူ၍ ပြောလာပါတော့သည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>
Love you all❤
Han_Me
(10.10.2020)