ညဆယ့်နှစ်နာရီထိုးနေပြီဖြစ်သည်။ အပြင်ဘက်ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ငွေရည်မိုးစံအိမ်၏ အတွင်းဘက်တွင်ကား tvသံတချို့ဖြင့် ဆူညံနေဆဲ...။
ဧည့်ခန်းထဲတွင် မှိုင်းခေါင်ဝေဦးသည် ပါပီလွန်နှင့်ဗင်ဂိုစာအုပ်ကို စိတ်ပါဝင်စားစွာ ဖတ်ရှုနေသည်။ ငွေရှိုင်းသည် မှိုင်းခေါင်ဝေဦး ဘေးတွင်ပင် ငြိမ်သက်စွာထိုင်၍ ဟယ်ရီပေါ်တာ ဇာတ်ကားအပေါ်တွင် အာရုံဝင်စားနေသည်။ ဦးမင်းခေါင်ဦးကတော့ ထမင်းစားခန်းထဲမှာ အရက်ထိုင်သောက်နေသည်။
သူတို့အားလုံး တစ်ခုခုကို စောင့်ဆိုင်းရင်း အချိန်ဖြုန်းနေကြခြင်းဖြစ်သည်။ ညဆယ်နှစ်နာရီ ကျော်လွန်သွားသည်နှင့် ဆယ်တန်းအောင်စာရင်း
ထွက်တော့မည် မဟုတ်လား...။
"ဆယ့်နှစ်နာရီကျော်ပြီပဲကို ဘာလို့ဖုန်းမဆက်သေးတာလဲမသိဘူး...
ကိုကို...ကျောင်းမှာသွားကြည့်ကြမလား..."
"ဆက်မှာပါ...အခုမှ ကျော်ရုံလေးရှိသေးတာပဲ..."
*ကျောင်းမှာသွားကြည့်ကြမလား*ဆိုသော အမေးကိုကျ မသိချင်ယောင်ဆောင်လိုက်သော မှိုင်းခေါင်ဝေဦးသည် ငွေရှိုင်းကို အကဲခတ်လိုသဖြင့် မျက်လုံးစောင်းကြည့် လိုက်သည်။ ထို့နောက် နောက်တစ်နေ့မနက်ကျ အောင်စာရင်းသွားကြည့်မည်ဟု ဆိုလာလျှင်လည်း ဤကဲ့သို့ပင် ပြုမူရမည်ဟု ကြိုတွေးထားမိသည်။
ကလင်....ကလင်....ကလင်....။
ငွေရှိုင်းသည် ဖုန်းမြည်သံ သုံးချက်အရောက်မှာပင်
ဖုန်းခွက်ကို ဆုပ်ကိုင်လိုက်သည်။
"ဟယ်လို...."
ဖုန်းပြန်ထူးလိုက်သော သူ့ရဲ့အသံမှာ တုန်နေသည်ဟု ခံစားလိုက်ရသည်။ မှိုင်းခေါင်ဝေဦးကို ငေးကြည့်မိသောအခါ စာအုပ်ထဲတွင်သာ အာရုံစိုက်နေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း စာမျက်နှာမပြောင်းသေးသည်ကို ကြည့်လျှင် မှိုင်းခေါင်ဝေဦးရဲ့အာရုံမှာ ဖုန်းလာကတည်းက ငွေရှိုင်းထံသို့ ရောက်သွားပြီဟုပင် ယူဆရသည်။
"တကယ်လား တီချယ်....ဟုတ်...ဟုတ်ကဲ့ခင်ဗျ...
ကိုကိုလည်း ဘေးမှာရှိနေပါတယ်..။.ဟုတ်...
သားပဲပြောလိုက်ပါ့မယ် တီချယ်.ဟုတ်ကဲ့.ကျေးဇူးပါနော် တီချယ်.."
ငွေရှိုင်းသည် ဖုန်းချပြီးတော့မှ သက်ပြင်းရှည်ကြီးကို ရှိုက်ထုတ်လိုက်ရသည်။ ဦးမင်းခေါင်ဦးသည်လည်း အသံကြားသောကြောင့် အိမ်ရှေ့ထွက်လာပြီး အခြေအနေကို မေးကြည့်သည်။
"All Dတဲ့ ဖေဖေရ...ကိုကိုလည်း All D
ကျွန်တော်လည်း All D...တဲ့..."
ဦးမင်းခေါင်ဦး၏မျက်နှာမှာ ရွှင်ပျသွားသော်လည်း မှိုင်းခေါင်မော့ကြည့်လိုက်ချိန်မှာတော့ ချက်ချင်းတည်သွားလေသည်။သူ့ကိုစိတ်ဆိုးနေသော မှိုင်းခေါင်အရှေ့တွင် သားနှစ်ယောက် အတွက် ပျော်သောအပျော်အား ထုတ်ပြရမည်ကို ဝန်လေးနေသည်။
"တော်တယ်...မင်းတို့တော်ကြတယ်...
အင်း...ဖေဖေအိပ်ချင်လို့ သွားအိပ်တော့မယ်နော်.."
ဦးမင်းခေါင်ဦးသည် အပြုံးယဲ့ယဲ့ကို ဖော်ပြခဲ့ပြီးနောက် အပေါ်ထပ်သို့ တက်သွားပြီဖြစ်သည်။ ငွေရှိုင်းသည် ဦးမင်းခေါင်ဦးကိုတစ်လှည့်၊မှိုင်းခေါင်ကို တစ်လှည့်ကြည့်နေခဲ့ပြီးနောက် အပျော်တွေ ပျောက်သွားသလို ခံစားလိုက်ရသည်။
ဤကဲ့သို့ အနေရခက်လှသော အခြေအနေမျိုးနှင့် ကြာကြာမနေနိုင်သဖြင့် မှိုင်းခေါင်ဝေဦးကိုကြည့်ပြီး
"Congratulationsကိုကို..." ဟူ၍ ရွှင်ပျစွာပြောလိုက်သည်။
မှိုင်းခေါင်ဝေဦးသည်လည်း ငွေရှိုင်းရဲ့ခေါင်းကို ခပ်ဖွဖွပုတ်ပေးလိုက်ကာ "ရှိုင်းငယ်ကိုလည်း Congratulations"ဟူ၍ ပြောလိုက်လေသည်။
"ကျွန်တော်တို့ သုံးယောက်လုံး
All Dတဲ့ကိုကိုရာ..အလင်းဝေလည်း.ကျွန်တော်တို့လိုပဲ ပျော်နေမှာပေါ့နော်..."
"အလင်းဝေလည်း All Dပေါ့... တီချယ် ပြောတာလား..."
ငွေရှိုင်းက ခေါင်းညိတ်ပြလေသည်။ မှိုင်းခေါင်ရဲ့စိတ်ထဲတွင် အလင်းဝေပါ ဘာသာစုံဂုဏ်ထူးပါတယ်ဆိုလို့ ရှိုငး်ငယ်တစ်ယောက် ပိုပျော်နေတာလားဟူ၍ လျှောက်တွေးနေမိသည်။
"မနက်ကျရင် ကျောင်းမှာ သွားကြည့်ဦးမယ်နော်...ကိုကို..."
ငွေရှိုင်း၏စကားကို မှိုင်းခေါင်ဝေဦးက မသိချင်ယောင်ဆောင်ရင်း စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"မင်းtvကြည့်နေဦးမှာလား...မိုးလင်းတဲ့ထိ မကြည့်နဲ့နော်..
ငါအိပ်ချင်နေပြီ...သွားအိပ်တော့မယ်..." ဟူ၍....။
မနက်ကျတော့ နွေရီရီနွယ်က မှိုင်းခေါင်တို့အိမ်ကို အစောကြီးရောက်ချလာသည်။ လက်ထဲတွင်လည်း ငါးဆင့်ချိုင့် တစ်လုံးပါလာသည်။ မှိုင်းခေါင်တို့အတွက် အုန်းနို့ခေါက်ဆွဲချက်ပြီး လာပို့ပေးတာဟု ဆိုလေတော့ ငွေရှိုင်းမျက်နှာက ပြုံးစိစိ။
မှိုင်းခေါင်အပေါ်တွင် ထားရှိနေသော နွေရီရီနွယ်ရဲ့ သံယောဇဉ်အတိမ်အနက်ကို ငွေရှိုင်းတောင်မှ ရိပ်မိနေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ချိုင့်သွားလှယ်မည်ဆိုကာ နေရာမှ ရှောင်ထွက်လာခဲ့သည်။
ငွေရှိုင်းထွက်သွားတော့ နွေရီရီနွယ်က မှိုင်းခေါင်ကိုပြောသည်။
"နင့်မျက်နှာကလည်း ဘာဖြစ်နေတာလဲ...
မရွှင်မပျနဲ့ပါလား ခေါင်ဝေရယ်။ ပျော်နေရမှာ မဟုတ်ဘူးလား...။ ငါလည်း ကျောင်းတစ်ဖက်၊ သင်တန်းတစ်ဖက်နဲ့မို့ နင့်ဆီ မလာဖြစ်တာ...။
ငါမလာဖြစ်ဘူးဆိုရင်တောင် ဖုန်းလေးဘာလေး ဆက်တာမဟုတ်ဘူး..။ ဒီသူငယ်ချင်းတစ်ယောက်တည်း ရှိလို့သာပဲ ပစ်ထားနိုင်တယ်..."
"နင်အလုပ်များနေတယ်ဆို...ငါဖုန်းဆက်ရင်
နှောင့်ယှက်သလိုပဲ ဖြစ်နေမှာပေါ့...."
နွေရီရီနွယ်က ရယ်သည်။ မှိုင်းခေါင်က ဒီလိုမျိုးပဲပြောတတ်တာ သိနေတော့လည်း သူမကပင် သည်းခံလိုက်ပါသည်။
"အေးပါ...နင့်အဖေနဲ့ရော အဆင်ပြေတယ်မလား.."
မှိုင်းခေါင်တစ်ယောက် မျက်မှောင်ပိုကြုတ်သွားသောကြောင့် အဖြေကိုမကြားရသေးသော်လည်း နွေရီရီနွယ်ခန့်မှန်းနိုင်သည်။
"အဆင်ပြေအောင် နေပါဟာ...နင့်အဖေလည်း တဖြည်းဖြည်းနဲ့အသက်ရလာပြီပဲ..တစ်ခါတလေ
သူပြောတာတွေမှာ စိ်တ်ဆိုးစရာပါရင်လည်း ခေါင်းထဲထည့်မထားနဲ့..."
"မထည့်ထားလို့တော့မရဘူး..ဖေဖေက ငါ့ကိုဘယ်တော့မှ နားလည်မှာမဟုတ်တော့ဘူးနွေရီရဲ့...ငါဂုဏ်ထူးတွေ ပါပေမယ့် စိတ်ညစ်နေတယ် ဆိုတာလည်း အကြောင်းရှိတယ်.."
နွေရီနားထောင်နေတာ သေချာမှ မှိုင်းခေါင်ဆက်ပြောလိုက်သည်။
"သူ့ကုမ္ပဏီကို ဦးဆောင်နိုင်ဖို့အတွက် စီးပွားရေးတက္ကသိုလ်ပဲ တက်ရမယ်တဲ့...ငါဘာဖြစ်ချင်လဲလို့ သူတစ်ခါမှမမေးဖူးဘူး နွေရီ..."
နွေရီရီနွယ်က သက်ပြင်းချလေသည်။ မှိုင်းခေါင်ဖြစ်နေတဲ့ ခံစားချက်ကို သူမလည်း နားလည်ပေးနိုင်သည်။
"နင့်အကြောင်းကို မပြောခင်...
ငါ့အကြောင်းအရင်ပြောပြမယ်...
ငါတကယ်ဖြစ်ချင်တာက စာရေးဆရာမတစ်ယောက်..
ဒါပေမယ့် မိဘတွေဖြစ်စေချင်တဲ့ ဆရာဝန်ဖြစ်အောင် ငါကြိုးစားပေးနေရတယ်...
ငါလည်း ဘယ်ပျော်မှာလဲ...ဒါပေမယ့် ငါဆေးကျောင်းတက်လိုက်ရုံနဲ့ စာမရေးနိုင်တော့မှာ မဟုတ်ဘူးလေ...မိဘတွေဖြစ်စေချင်တာကို လုပ်ပေးရင်းနဲ့ ငါ့ဝါသနာကိုလည်း ဖြစ်အောင်လုပ်သွားလို့ရတယ်...
နင်လည်း နင်ဖြစ်ချင်တာကို လုပ်သွားလို့ရတာပဲ ခေါင်ဝေရဲ့..
တကယ်တော့ နင့်အဖေက အတ္တကြီးတာမဟုတ်ဘူး...
သူမရှိတော့တဲ့အခါ သူ့ချွေးတွေနဲ့ရင်းပြီး တည်ထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ ပျက်စီးသွားမှာကို စိုးရိမ်နေတာပါ...
အဲ့တာတွေကို ထိန်းသိမ်းဖို့အတွက် သူက နင့်ကို အားကိုးချင်လို့ပါဟာ..."
နွေရီရီနွယ်က မှိုင်းခေါင်မယှဉ်သာနိုင်လောက်အောင် ရင့်ကျက်သောမိန်းကလေးတစ်ယောက် ဖြစ်နေပြီ။ တကယ်တော့ ငယ်ငယ်လေးကတည်းကစပြီး သူမက ရင့်ကျက်နေခဲ့တာပဲ။ မှိှုင်းခေါင်ရဲ့ပြဿနာတွေကို သေချာနားထောင်ပေးပြီး အကြံဉာဏ်တွေလည်းပေးနိုင်သည်။
မှိုင်းခေါင်အတွက်တော့ နွေရီရီနွယ်က ဘယ်တော့မှ လက်မလွှတ်နိုင်မယ့် သူငယ်ချင်းကောင်းတစ်ယောက်ပါ...။
အားကိုးချင်လို့ ဆိုသော စကားကိုကြားတော့ မှိုင်းခေါင်ပြုံးလိုက်မိသည်။ နွေရီရီနွယ်ပြောသလိုမျိုး မှိုင်းခေါင် ခေါင်းထဲကို နူးနူးညံ့ညံ့လေး ထည့်သွင်းရင် ဘယ်သူက အတင်းငြင်းဆန်နေမှာလဲ။ မှိုင်းခေါင် ဖေဖေ့ဆီက တကယ် လိုချင်ခဲ့တာကလည်း ဒီလို ကြင်နာယုယခြင်းမျိုုးပဲလေ။
>>>>>>>>>>>
ဒီနှစ် ဆယ်တန်းအောင်ချက်ကောင်းသည်။
ချာလီ၊ဂေါ်လီတို့ပင် ဂုဏ်ထူးနှစ်ဘာသာစီပါကြသောကြောင့် ပျော်နေကြသည်ကိုလည်း တွေ့ခဲ့ရသည်။ အတန်းထဲမှကျောင်းသား အတော်များများ အောင်စာရင်းလာကြည့်ကြသော်လည်း ငွေရှိုင်းကတော့ ရောက်မလာခဲ့ပေ။
ငွေရှိုင်းကို တွေ့ချင်စိတ်ဖြင့် လူသူရှင်းသည်အထိ
စောင့်ဆိုင်းနေခဲ့သော်လည်း ပေါ်မလာသောကြောင့် အလင်းဝေတစ်ယောက် အိမ်သို့သာပြန်လာခဲ့ရသည်။
လူငယ့်ပန်းတိုင်မှာ ဆုပေးပွဲ
လုပ်တဲ့အခါကျရင်တော့ မင်းလာမှာပါနော်...။
အလင်းဝေသည် ခပ်လွယ်လွယ်နှင့် စိတ်ဓာတ်ကျမည့်သူမဟုတ်ပေ။ ထို့အပြင် တွေ့ချင်နေသူကို အိမ်တိုင်ရာရောက် သွားတွေ့ရမည်ထက် အမှတ်မထင် တွေ့ဆုံရခြင်းကိုပင် ပို၍ မျှော်လင့်နေသူမို့ ကံကြမ္မာက ဆုံစည်းပေးသော ရေစက်ကလေးကိုသာ စောင့်ဆိုင်းနေမိသည်။
အောင်စာရင်းထွက်ပြီး ရက်အနည်းငယ် ကြာမြင့်လာသောအခါ အလင်းဝေတို့ဆီသို့ လူငယ့်ပန်းတိုင်မှ ဂုဏ်ထူးရကျောင်းသားများအား ဆုပေးမည့်ပွဲအတွက် ဖိတ်စာရောက်ရှိလာသည်။
အလင်းဝေ မျှော်လင့်နေသလိုမျိုး အဲ့ဒီနေ့မှာ ငွေရှိုင်းရောက်လာခဲ့မလား....။
တစ်ဖက်တွင်လည်း မှိုင်းခေါင်ဝေဦးသည် ထိုဆုပေးပွဲသို့ ငွေရှိုင်းတစ်ယောက် မသွားနိုင်ဖို့အတွက် အကြံထုတ်နေခဲ့သည်။ အလင်းဝေနှင့် ငွေရှိုင်းကို ဖြစ်နိုင်သမျှ မတွေ့စေချင်သောကြောင့် ဖိတ်စာရောက်လာကတည်းက မှိုင်းခေါင် ခေါင်းခဲနေရသည်။
ဘယ်လိုလုပ်ရင် ကောင်းမလဲ....။
မသွားပါနဲ့ဆိုပြီး ဖွင့်ထုတ်ပြောရန်ကျ ထူးဆန်းနေတာမို့
ကိုယ့်ကိုယ်ကိုယ် ရင်းလိုက်ရန်ပင် မှိုင်းခေါင်တတ်နိုင်တော့သည်။
ဆုပေးပွဲမရောက်ခင် တစ်ညအလို.....။
မှိုင်းခေါင်သည် ရေပန်းအောက်တွင် တစ်ညလုံးလုံး ငုတ်တုတ်ထိုင်နေခဲ့သည်။ ချမ်းအေးသည့်ဒဏ်ကို မခံနိုင်သည့်အဆုံးကျမှ ရေချိုးခန်းထဲက ထွက်လိုက်သည်။ ဒီလိုနဲ့ မနက်ကျတော့ မှိုင်းခေါင်ရဲ့ကိုယ်တွေ ခြစ်ခြစ်တောက်ပူနေခဲ့ပြီလေ။
ငွေရှိုင်းကတော့ မနက်အစောကြီးကတည်းက ပြင်ဆင်ပြီး ဆုပေးပွဲမသွားခင် မနက်စာစားရန် ထမင်းစားခန်းထဲတွင် ကြိုရောက်နေသည်။ မှိုင်းခေါင် ရောက်မလာသေးလို့ သွားခေါ်ခိုင်းတော့မှ နေမကောင်းဖြစ်နေမှန်း သိရတော့သည်။
ငွေရှိုင်းသည် အစ်ကိုလေးဖျားနေတယ်ဟု ကြားကြားချင်းပင် ဖန်ဇလုံထဲကို ရေခဲတုံးတွေထည့်ပြီး တဘက်သန့်သန့် တစ်ထည်ကိုင်ကာ မှိုင်းခေါင်အခန်းရှေ့သို့ ချက်ချင်းရောက်လာခဲ့သည်။ တံခါးဟနေသောကြောင့် တံခါးမခေါက်တော့ဘဲ တန်းဝင်သွားလိုက်သည်။
မှိုင်းခေါင်ဝေဦးသည် မျက်လုံးမှိတ်ထားရာမှ ဖြည်းဖြည်းချင်းဖွင့်ကြည့်လာသည်။
သူသိနေသားပဲ.....။ ရှိုင်းငယ်က သူ့ကိုပြုစုဖို့အတွက်
ရောက်လာပေးမယ်ဆိုတာ....။
အပြာနုရောင်ရှပ်အကျႌ လက်ရှည်လေးနဲ့ ပုဆိုးနက်ပြာလေးဝတ်ထားသော ကောင်လေးသည် မှိုင်းခေါင်ဘေးတွင် တင်ပါးဆုံလွှဲ၍ ဝင်ထိုင်လိုက်သည်။
ရှိုင်းငယ်က ဆုပေးပွဲသွားဖို့ တက်ကြွနေပုံရသည်။ သူတစ်ခါမှထုတ်မဝတ်ဖူးတဲ့ အဝတ်အစားအသစ်တွေဝတ်ပြီး ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ် ပြင်ဆင်ထားခဲ့တာလေ။ မှိုင်းခေါင်ရဲ့ဖျက်လိုဖျက်ဆီး အကြံကိုသာသိရင် သူစိတ်ဆိုးမှာသေချာသည်။
အခုတော့ သူက တဘက်လေးကို ရေခဲရေစွတ်ပြီး မှိုင်းခေါင်နဖူးပေါ်သို့ တင်ပေးနေသည်။
"မနေ့ကတော့ အကောင်းကြီးပါ...ကြည့်ရတာ ကိုကိုဝရန်တာမှာ ထိုင်နေတာ ကြာသွားလို့နဲ့တူတယ်..."
မှိုင်းခေါင်သည် ငွေရှိုင်းကို အားတုံ့အားနာမျက်ဝန်းများနှင့် ငေးကြည့်နေမိသည်။ သူ့စိတ်ကလည်း ငွေရှိုင်းနဲ့ ပတ်သတ်လာရင် ဘာကိုမှ မစဉ်းစားနိုင်တော့ဘူးမလား...။ စိတ်လိုက်မာန်ပါလုပ်ပြီးမှ ငွေရှိုင်းရဲ့မျက်နှာငယ်ငယ်လေးကို မြင်ပြီး စိတ်မကောင်း ဖြစ်ရတော့သည်။
ငွေရှိုင်းကတော့ မှိုင်းခေါင်တစ်ယောက် ကိုယ်ပူနေသေးသည့်အတွက် ဆရာဝန်ခေါ်မှရမယ်ဆိုတဲ့ အကြောင်းကို တတွတ်တွတ် ပြောနေသည်။
ထိုအချိန်တွင် မှိုင်းခေါင်သည် ငွေရှိုင်းရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး "sorry..." ဟု တိုးတိုးလေးပြောလိုက်မိသည်။
ပထမတော့ ငွေရှိုင်းက မှိုင်းခေါင် ဘာပြောလိုက်မှန်းမသိပေ။ နောက်တော့မှ သိသွားသောအခါ သူကပင် မှိုင်းခေါင်ကို ပြန်အားပေးသည်။
"ကျွန်တော်က ကိုကိုနဲ့ ဆုအတူတူ ယူရတော့မယ်ဆိုလို့ ပျော်နေတာ...ဒါပေမယ့် ဘယ်တတ်နိုင်မလဲ...
ကိုကိုလည်းဖြစ်ချင်လို့မှမဟုတ်တာ..."
"ငါ့ကိုထားခဲ့ပြီး သွားယူလို့လည်းရတာပဲ..."
ဒီစကားကို ဘယ်လိုပြန်ဖြေမလဲ...မှိုင်းခေါင်
တကယ်သိချင်သည်။
"ဘယ်ဖြစ်မလဲ...ကျွန်တော်တစ်ယောက်တည်းလည်း သွားမယူချင်ပါဘူးဗျာ..ကိုကိုနေကောင်းတော့မှ ဆရာမနဲ့ဆရာဆီ သွားကြတာပေါ့...အခုတော့ မလာနိုင်တော့တဲ့အကြောင်းကို ဖုန်းဆက်ပြောလိုက်မယ်လေ သူတို့လည်းမျှော်နေကြမှာ..."
အဆုံးသတ်စကား တိမ်ဝင်သွားသည်မှာ မှိုင်းခေါင်စိတ်ထင်ပဲလားတော့မသိ။ ရှိုင်းငယ်ရဲ့မျက်နှာကတော့ ရွှင်ရွှင်ပျပျရှိမနေပေ။ သူ့ကိုကြည့်ပြီး မှိုင်းခေါင်လည်း မပျော်တော့တာတော့ အမှန်ပဲ.....။
.
.
.
လူငယ့်ပန်းတိုင်တွင် ဆုပေးပွဲက ကျင်းပနေမြဲ....။ ဆုယူရမည့်ကျောင်းသားတွေ ထိုင်နေသော အရှေ့ဆုံးခုံတန်းတွင် အလင်းဝေရှိနေသည်။ အလင်းဝေသည် ငွေရှိုင်းလာမည်အထင်နှင့် သူ့ဘေးက ခုံကိုပါ ငွေရှိုင်းအတွက် နေရာဦးထားပေးသည်။
သို့သော်လည်း ငွေရှိုင်း၏အရိပ်အယောင်ကိုပင် သူမမြင်ရပေ။ ဆရာ၊ဆရာမများမိန့်ခွန်းပြောပြီးသောအခါ ကျောင်းသားများ ဆုယူရတော့မည်ဖြစ်သည်။ သူ့စိတ်ထဲတွင် ဆုတက်ယူရန် မကြေညာခင်အချိန်ကလေးအတွင်း ငွေရှိုင်းရောက်လာရန် အတွက် ဆုတောင်းနေမိသည်။
အချိန်တွေ ပိုကြာလာခဲ့ပြီ။ ထို့အပြင် လူများလာပြီ ဖြစ်သောကြောင့် သူ့ဘေးကနေရာလွတ်လည်း ပါသွားပြီဖြစ်သည်။ ထိုနေရာလွတ်ကလေးနှင့်အတူ သူ့ရဲ့ ပျော်ရွှင်နေသောစိတ်ကလေးသည် ကြက်ပျောက်၊ငှက်ပျောက် ပျောက်ဆုံးသွားသည်။
အလင်းဝေထင်နေခဲ့တာက ငွေရှိုင်းတစ်ယောက်
သူ့ကိုမတွေ့ချင်တော့လို့ ဆုလာမယူခဲ့တာလို့ပေါ့....။
>>>>>>>>>>>>>>>>>>>>>>>>
Love you all😘
Han_Me
(2.10.2020)