ကန်ရေပြင်ကမ်းစပ်ရှိ မြင့်မားသောသစ်ပင်ကြီးမှ ဖြာကျနေသော အကိုင်းအခက်များသည် ရေပြင်ပေါ်သို့ အရိပ်ကျနေသည်။ ထိုအကိုင်းအခက်ကြားမှ လှမ်းမြင်နေရသော ကမ်းစပ်တွင် ရပ်တန့်ထားသော လှေငယ်များသည် ရေတစ်၀က်၊ မြေတစ်၀က်ပေါ်တွင် ရှိသည်။ လှေဦးများသည် ကမ်းခြေပေါ်သို့ မေးတင်ထားသော လှပျိုဖြူများနှယ်။
သိပ်မေ၀းသောနေရာတွင်တော့ ပြခန်းအဆောက်အဦငယ်သည် ဆည်းဆာရောင်အောက်တွင် အလှနှင့်အယဥ်ပေါင်းကာ ကျက်သရေရှိစွာ တည်ရှိနေသည်။ အဆောက်အဦရှေ့ ကျောက်ခင်းလမ်းလေးအဆုံးတွင် ကန်စပ်ကိုရောက်သော တံတားငယ်လေးရှိသည်။ ရေပြင်ထဲထိရောက်အောင် ထိုးဖောက်ထားသော ထိုတံတားငယ်ပေါ်တွင် ဆောင်းကိုကိုနှင့် ကလေးနှစ်ယောက်။
ဆောင်းကို၏ လက်ထဲတွင် ကျောက်ခဲငယ် သုံးလုံးရှိနေပြီး ထိုကျောက်ခဲလေးများကို စက်၀ိုင်းပုံဖြစ်သည်အထိ အောက်မကျစေဘဲ ပတ်ချာလှည့် ဖမ်းလိုက်ပစ်လိုက် လုပ်နေခြင်းပင်။ ကလေးငယ်များသည် ပါးစပ်များ၀ိုင်းဟကာ အံ့သြတကြီး ကြည့်နေသည်။ ကျောင်းစိမ်းအင်္ကျီလေးများနှင့်ဖြစ်ကာ ပါးပြင်ပေါ်မှ သနပ်ခါးပါးကွက်များသည် အစွန်းအစသာ ကျန်တော့သည်။ ဆီလိမ်းထားသော ဆံပင်များမှာ ဖုန်များပေနေသည်။
ပြခန်းမှစာအုပ်များကို လာရောက်ဖတ်ရှုကြသော ဒေသခံကလေးငယ်နှစ်ယောက်ဖြစ်သည်။ ပြခန်းစာကြည့်တိုက်လေးသည် သုတ၊ ရသ စာအုပ်များ ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကလေးရုပ်ပြများနှင့် ေ၀ဆာလာခဲ့ပြီ။ ကမ္ဘာ့ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့၊ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့ အစရှိသည့် အထိန်းအမှတ်နေ့များအတွက် ပန်းချီပြိုင်ပွဲများကျင်းပနေကြပြီ။ ပညာပေးပန်းချီများ၊ ရုပ်ပုံဆွဲခြင်းများနှင့်အတူ အပျော်နှင့်အလှ တွဲဖက်လို့နေကြပြီ။
ကလေးငယ်များသည် ပြခန်းပိတ်ချိန်ရောက်ပြီဖြစ်သော်လည်း သူတို့ အနှစ်ခြိုက်ဆုံး ပြကွက်ကို မမြင်ရမချင်း မပြန်နိုင်ကြ။ မိနစ်ပိုင်းအကြာမှာ ကျောက်တုံးငယ်များ ပတ်ချာလှည့်နေသည်ကို ဆောင်းကို ရပ်လိုက်သည်။ မြေပြင်ပေါ်မကျအောင် တစ်လုံးချင်း တစ်လုံးချင်း ဟန်ပါပါ ဖမ်းတော့ ကလေးငယ်များထံမှ ရယ်မောသံများ ထွက်လာသည်။ လက်ခုပ်သံများ ကြားရသည်။
ကျောက်ခဲသုံးခုကို ကမ်းပေးလိုက်တော့ ပျော်သွားကြသည်။ သာမာန် ကျောက်ခဲများပင် ဖြစ်သော်လည်း မှော်ဆရာလက်ကြောင့် တန်ဖိုးရှိခဲ့ပြီ။ အချင်းချင်း ဂုဏ်ယူပြသရင်း ကျောက်ခင်းလမ်းအတိုင်း ပြေးထွက်သွားကြသည်။
ကျောက်ခင်းလမ်းဘေးတွင် ကန်ရေပြင်နှင့် ဆက်စပ်နေသော ရှည်မျောမျော ရေကန်ငယ်လေးထဲတွင် ကြာပန်းများ လှိုင်လှိုင်ပွင့်နေသည်။ သစ်ရိပ်၊ ကောင်းကင်ရိပ်သည် ကြာပန်း ကြာရွက်များကြားရှိ ရေကန်ပြင်တွင် ရောင်ပြန်ဟပ်လို့နေသည်။ ပုစဥ်းငယ်တစ်ကောင်သည် အသည်းပုံကြာရွက်ပေါ်တွင် နားနေရာမှ ထပျံသွားသည်။
၀တ်ဆင်ထားသော လက်ပတ်ကြိုးငယ်ကို ဆောင်းကို လက်ဖျားနှင့် ထိကိုင်မိသည်။ မိမိနှလုံးသားကို ထွေးပွေ့ထားသလိုပင် ချည်နှောင်ပေးခဲ့သူ၏ လက်ချောင်းများ၏ အတွေ့ကို မမေ့သေးပါ။ အလွမ်းသည် ရင်ခွင်မှာ အသစ်တစ်ဖန် နိုးထရပြန်သည်။ သို့သော် ငွေကြိုးလက်ပတ်လေးသည် ခံရခက်အောင် လွမ်းနေချိန်တိုင်းမှာ ချစ်ရသူကိုယ်စား နွေးထွေးမှု ပေးနေဆဲပါ။ အခက်အခဲမျိုးစုံနှင့် ကြုံရချိန်တိုင်းမှာ ပုစဥ်းကောင်လေး၏ ခွန်အားကို သတိရသည်။ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အမှန်တရားတဲ့။ ဒီစကားတွေကို သူ တစ်သက်လုံး မေ့နိုင်မှာ မဟုတ်တော့။
တစ်နှစ်ဆိုသော အချိန်တို့သည် ကုန်ဆုံးခဲ့ပြီ။ ချစ်သူသည်လည်း ဒေါက်တာဘွဲ့ကို ထိုက်ထိုက်တန်တန် ရခဲ့ပြီး သိပ်မေ၀းသော အရှေ့တောင်အာရှမှာ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေခဲ့ပြီ။ ချစ်ခြင်းမလျော့၊ အဆက်အသွယ်မပြတ်ခဲ့သလို အလွမ်းများနှင့် ဆောင်းကို နေသားကျခဲ့ပြီ။ အလုပ်ထဲသို့ အာရုံရောက်ချိန် အရာရာကို ခေတ္တခဏ မေ့နိုင်သည်။ ရင်တွင်းတစ်နေရာမှ လစ်ဟာမှုကိုလည်း မေ့ဖျောက်လို့ရသည်။
သို့သော် အလွမ်းများသည် အချိန်တန်လျှင် ဖူးပွင့်လာသည့် နွေဦးမှပန်းပွင့်များလို။ မြေပြင်အောက်မှာ ခိုပုန်းနေသော်လည်း ရှိနေဆဲ။ ရှိနေမြဲပင်။ တိုက်ဆိုင်တိုင်း သတိရသည်ဟု မပြောနိုင်။ မတိုက်ဆိုင်လျှင်တောင် တသီးတသန့် တွေးနေမိကာ ဒီအလွမ်းများကိုပင် တမြတ်တနိုး သိမ်ဆည်းပွေ့ဖက်ထားသည်။
"ကိုကို.."
ခေါ်သံကြောင့် ကန်ရေပြင်ကို ငေးကြည့်နေရာမှ နောက်လှည့်ကြည့်သည်။
"ပြန်ရောက်ပြီလား ညီ"
"အခုနကပဲ"
"မေမေရော.."
"မောလို့ဆိုပြီး နားနေတယ်"
"မြမဥ္ဇူဘုရားရောက်ခဲ့လား"
"ရောက်တယ်လေ..မေမေဗျာ.. ဘုရားဖူးပြီးတော့ မပြန်ချင်ဘူး လုပ်နေလို့ အတင်းပြန်ခေါ်ရတယ်"
မြမဥ္ဇူဘုရားသို့ရောက်ရန် ကမ်းစပ်နားတွင် လှေရပ်ကာ ခြေလျင်တက်ကြရသည်။ သိပ်မမြင့်သော တောင်ကုန်းလေး ဖြစ်သော်လည်း ထိုနေရာမှ ကန်ရေပြင်ရှုခင်းသည် ကြည့် မ၀အောင် လှသည်။ မည်သည့်နေရာ၊ မည်သည့်အရပ်မှမဆို ရေနဂါးတို့ စံပျော်ရာ အင်းတော်ကြီးကန်ကြီး၏အလှသည် ပြုစားနိုင်စွမ်းအပြည့်။
"ကနူးလှေစီးချင်တယ် ကိုကိုရ၊ မမဖြူကို ပြောပေးပါဦး"
မိုးညီညီသည် ခေါင်းလျှော်ပြီးစ ဆံပင်ရေစိုများနှင့် ဖြစ်သည်။ အင်းတော်ကြီးကန်သို့ မိခင်နှင့်အတူ စတုတ္ထအကြိမ် အလည်ရောက်နေခြင်းပင်။ အင်းတော်ကြီးဒေသကို မခွဲချင်သူများထဲတွင် မိုးညီတစ်ယောက် ထပ်တိုးလာခဲ့ပြီ။
"မနက်ဖြန် ငါ လိုက်ပို့ပေးမယ်"
"နေပါစေ၊ မင်းက အလုပ်များတယ်"
"ဖြူလည်း အလုပ်များတယ်"
"ဒါပေမဲ့ ငါ့အတွက်ဆိုရင် အချိန်ပေးနိုင်ပါတယ်တဲ့"
"အဲဒါ ဖြူ ပြောတာမဟုတ်ဘူး၊ မင်းပြောတာ"
ပြုံးလိုက်ရင်း ညီဖြစ်သူ၏ ပခုံးကို သိုင်းဖက်ကာ ခေါင်းမှဆံပင်များကို ဆွဲဖွသည်။ သူတို့နှစ်ယောက်ကြားမှ ကတိအတိုင်း ယခုအချိန်မှာ မိုးညီနှင့်ဖြူ့ကြား ဆောင်းကို ၀င်မပါတော့။ သို့သော် ဖြူ ဆိုသည့် မိန်းကလေးကို စွဲလမ်းမိသည့် ညီဖြစ်သူသည် အတော်ပင်ကြိုးစားရလိမ့်မည်။
"မင်းတို့အခြေအနေဘယ်လိုလဲ"
"မမဖြူက ရေဘဲနှစ်ကောင်ကိုတော့ တွဲပြီးကြည့်လို့ရပြီပြောတာပဲ"
မျက်နှာမဲ့မဲ့နှင့်ဖြေနေသည့် ညီဖြစ်သူကို သနားချစ်နှင့် ပြုံးရသည်။ နှင်းဖြူရိပ်နှင့် ဆောင်းကိုကိုကြောင့် ဒီကောင်လေးလည်း ပင်ပန်းနေပြီ။ မိုးညီလေးသည် ဆောင်းကို၏ ဖြစ်တည်မှုကို လက်ခံသော်လည်း ပြန်ပြီး ပြောင်းလဲလာဦးမည်လားဟု မျှော်လင့်နေသေးသည်။ မိန်းမလှလေးတွေပုံ ပို့သည်။ ဆွဲဆောင်မှုအပြည့် အမျိုးသမီးလေးတွေမြင်လျှင် ကိုကို လာကြည့် ဟု ခေါ်ပြတတ်သေးသည်။ ရာနှုန်းပြည့်လက်ခံဖို့ဆိုတာ ခက်ခဲလိမ့်မည်ဖြစ်သောကြောင့် အခုအချိန်မှာ မိမိကသာ ညီဖြစ်သူကို နားလည်ပေးနိုင်ဖို့ ကြိုးစားဖြစ်သည်။
"ကိုကို.."
"အင်း.."
"ငါ မင်းကို မေးချင်နေတာ"
"ပြော.."
"မင်း ပျော်နေလား"
"ဟင်.."
"မင်းပုံစံက အရင်တစ်ခေါက် ငါတို့လာတုန်းကနဲ့ မတူဘူး"
"ဟုတ်လား"
အပြုံးနှင့်ဖြေတော့ မိုးညီ မကျေလည်သလို စူးစူးစိုက်စိုက် ကြည့်သည်။ ဆောင်းကိုကို နှုတ်ခမ်းများကို ဖိကိုက်သည်။ ထိန်းမရသော အပြုံးများကို ဖုံးထားဖို့ဆိုတာ မလွယ်။
"မင်းပျော်နေတယ်"
မေးခွန်းမဟုတ်သော အတည်ပြုချက်မျိုးဖြစ်သည်။ ငြင်းဖို့မကြိုးစားချင်သလို ငြင်းစရာလည်း မလိုအပ်ပါသောကြောင့် အဖြေစကားမဆိုဖြစ်။
"ဘာဖြစ်လို့လဲ၊ မင်း လူကြီးဆီက အီးမေးလ် ရလို့လား"
မိုးညီသည် သူ့ ချစ်သူအကြောင်းကို အားလုံးအလုံးစုံ မဟုတ်သော်လည်း တစ်ပိုင်းတစ်စ သိထားသည်။ သူတို့နှစ်ယောက် အဆက်အသွယ် မပြတ်တာကိုပါ သိသည်။
"မနက်က.."
"ထင်သားပဲ၊ ဘာပြောလဲ"
"ငါ မေးထားတာတွေကို ဖြေတာလေ၊ အခု အသစ်ထပ်လုပ်မယ့် ထိန်းသိမ်းရေး.."
"နေ.. နေ.. မင်း အလုပ်ကိစ္စတွေ လာမရှင်းနဲ့၊ နားငြီးတယ်၊ မင်းကို သူဘာပြောလို့ ဒီလောက်ပျော်နေတာလဲပဲ ငါ သိချင်တာ"
တကယ်တော့ အီးမေးလ်သည် အတော်ပင် ရှည်သည်။ အားလုံးနီးပါးသည် အလုပ်အကြာင်းများသာ ဖြစ်သည်။ နောက်ဆုံး စာ တစ်ကြောင်းသာ ကိုယ်ရေးကိုယ်တာ ကိစ္စနှင့် သက်ဆိုင်သည်။ ဒီ့ထက်ပိုပြီး အတိအကျ ပြောရမည်ဆိုလျှင် P.S ဆိုသည့် စာကြွင်းခံထားသည့် စာတစ်ကြောင်းသာ။ ချစ်ရသူ၏ထုံးစံပင်။ ကိုယ်ရေးကိုယ်တာနှင့် အလုပ်ကိစ္စ ခွဲထားပါဟု ဆောင်းကို မပြောရဲ။ မဟုတ်လျှင် စာတစ်ကြောင်းသာပါသည့် မေးလ်ကို ပို့မည့်သူ။
"ဒီကို နောက်လဆိုရင် အစိုးရနဲ့လက်တွဲလုပ်မယ့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရောက်လာလိမ့်မယ်"
"ဘာကိစ္စလဲ"
"ရမ်ဆာရေ၀ပ်ဒေသထိန်းသိမ်းရေးနဲ့ ဆိုင်တာတွေလေ၊ နှစ်ရှည်စီမံကိန်း ပရောဂျက်တစ်ခုပဲ"
"မင်း ပျော်နေတာ အဲ့ဒါကြောင့်လား"
"ဒါပေါ့"
မိုးကောင်းကင်ရှိရာ ခေါင်းကိုမော့ရင်း ကြည်နူးစွာပြုံးသည်။ လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း မျက်လုံးများမှိတ်ကာ ဖြတ်သန်းတိုက်ခတ်နေသော ကန်လေပြည်ကို နှစ်သက်စွာခံယူသည်။ ဘယ်ဘက်ရင်အုံမှ နှလုံးသားသည် ပျော်ရွှင်မှုကြောင့် ကြည်နူးစွာ ရယ်မောနေသလို။
အောက်ဆုံးနားမှာ စာကြွင်းခံကာ ရေးခဲ့သည့် စာကြောင်းလေးကို မျက်လုံးထဲမှာ မြင်ယောင်နေသည်။
သိပ်ချစ်ရတဲ့ ဆင်အိုကြီးဆီ ကိုယ် ပြန်လာပြီ...
အလုပ်ကိစ္စများသာပါ၀င်သည့် ရှည်လျားလှသော အီးမေးလ်ထဲမှ ဒီစာကြောင်းတိုလေးကိုတော့ မိမိအတွက်သာဟု ဆောင်းကို သတ်သတ်မှတ်မှတ် ခံယူထားသည်။
ဆည်းဆာချိန်ဖြစ်သောကြောင့် တိမ်စိုင်များသည် ရွှေရောင်သန်းကာ လှနေသည်။ ကွာေ၀းသော တစ်ဖက်ကမ်းခြေတောင်တန်းများဆီမှာတော့ ပန်းရောင်အသွင် ပြောင်းနေပြီ။ ကန်ရေစပ်မှ သစ်ပင်ကြီး၏ သစ်ကိုင်းပေါ် နားခိုနေသော ငှက်ငယ်တစ်ကောင်။ ပန်းရောင်နှုတ်သီးသေးလေးနှင့် ချစ်စရာ့နက်ပြာရောင် အမွှေးအတောင်များ ပိုင်ရှင် အာမွန်သိမ်းငှက်လေးပင်။
သူတို့လေးတွေ ပြန်လာကြပြီ။
ဆောင်းခိုငှက်လေးကို လှမ်းကြည့်ကာ ကြည်နူးစွာ ပြုံးမိသည်။ ကန်ကြီးရှိနေသ၍ ဆောင်း၀င်ချိန်တိုင်းမှာ ဒီနေရာ ဒီဒေသကို သူတို့လေးတွေ အမြဲ ပြန်လာကြဦးမည်။ ထို့အတူ ဆောင်းရင်ခွင်တွင် ခိုလှုံနားစေချင်သည့် ဆောင်းခိုငှက်လေးတစ်ကောင်၏ ပြန်လာချိန်သည် သိပ်မလိုတော့ပါ။
⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸
ငှက်ငယ်လေးများ မြူးတူးပျော်ရွှင်ကာ..
ကိုင်းချင်းဆက်၊ အပင်ချင်းယှက်မည့် သစ်ပင်ကြီးများ ကြီးထွားရှင်သန်လျက်..
ပန်းမျိုးစုံတို့ ေ၀ဆာဖူးပွင့်ရင်း...
တောတောင်ရေမြေ သာယာအေးချမ်းစွာ...
အစဥ်ထာ၀ရတည်ရှိနိုင်ပါစေ...
🌳🌳🌳🌳🐒🐝🦅🐢🌳🌳🌳🌳
⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸
အကြင်နာမွန်
၀၇.၀၄..၂၀၂၀
၁၈.၀၆