ကျောင်းပြန်ဖွင့်ချိန်နီးလာသည်နှင့်အမျှ အသစ်၊အသစ်သောပစ္စည်းများအတွက် စျေးဝယ်ထွက်နေရခြင်းဖြင့် အလင်းဝေတစ်ယောက် မအားလပ်တော့ပေ။
တချို့ အဝတ်အစားတွေဆိုရင် အသစ်ဖြစ်နေတာတောင် အလင်းဝေက ပိုထွားလာသောကြောင့် ဝတ်လို့မရတော့သဖြင့် ထပ်ဝယ်ရသည်။ ကျောပိုးအိတ်ကိုတော့ တစ်နှစ်တစ်လုံး အသစ်ဝယ်နေကျဖြစ်သောကြောင့် ရှော့ပင်းစင်တာတွေကို ခြေတိုအောင် ပတ်ရပြန်သည်။ အလင်းဝေမှာ ဂျီးများတတ်သူဖြစ်၍ ကျောပိုးအိတ်အတွက် အချိန်ပေးရသည်ကပင် တစ်နေ့ကုန်လေသည်။
ထို့နောက် ကျောင်းမဖွင့်ခင် ရက်ပေါင်းများစွာ အလိုကတည်းက ဝယ်ထားပြီးသောပစ္စည်းများအား ကျောင်းဖွင့်ရက်ကို စောင့်မျှော်ရင်း ကြိုတင်ပြင်ဆင်ထားလေသည်။
ယခင်နှစ်တွေနှင့်မတူဘဲ ကျောင်းတက်ရမည်ကို ထူးထူးခြားခြား စိတ်လှုပ်ရှားနေမိသည်။ ဆယ်တန်းဖြစ်သောကြောင့်လား...။ ဒါမှမဟုတ် တစ်စုံတစ်ယောက်နှင့်တွေ့ရမည့်ရက် နီးကပ်လာ၍လား...ဆိုတာတော့..သေချာ မပြောတတ်နိုင်အောင်ဖြစ်နေသည်။
ငွေရှိုင်း...ငါငွေရှိုင်းနဲ့ တွေ့ရတော့မှာပဲ..ဟု တွေးမိလျှင်တွေးမိချင်း မှိုင်းခေါင်ဝေဦးက ကပ်ပါလာပြန်သည်။
ဒါပေမယ့် သူ ကျွန်တော်တို့ကို ဘယ်လိုမှ မနှောင့်ယှက်နိုင်တော့ပါဘူး.. ။
ကျောင်းမြန်မြန်ဖွင့်ပါတော့..ဟု မကြာခဏ ရေရွတ်နေမိခြင်း၏ နောက်ကွယ်တွင် ဖိအားများလာတော့မည့် အကြောင်းကိုတော့ ကျွန်တော် သတိမထားမိခဲ့ပေ။
ကိုးတန်းနှစ်အထိ ကျူရှင်တက်စရာ မလိုခဲ့သော်လည်း ဆယ်တန်းက အရေးကြီးတယ်ဆိုသော ကြီးစန်း၏အကြံပြုချက်ကြောင့် ကျွန်တော့်ကို ကျူရှင်ထားပေးရန် စစီစဉ်ကြသည်။ အဓိကကတော့ စာကျက်ပျင်းသည့် ကျွန်တော်ကို ကျောင်းနဲ့ကျူရှင် နှစ်ဖက်ပိတ်ကာ ညှပ်ထားခြင်းသာဖြစ်သည်။
တက်ဆိုတော့လည်း တက်တာပေါ့...ဆိုပြီး လက်ခံလိုက်သည်နှင့် ကျောင်းမဖွင့်ခင် ငါးရက်ခန့်အလို ကျမှ အားလပ်နေသော ကျွန်တော့အချိန်များကို အပြင်ကျူရှင်တွင်သာ ဖြုန်းတီးနေရတော့သည်။
.
.
.
တစ်ညလုံးအိပ်မပျော်ခဲ့သော်လည်း ယခု မနက်ခင်းသည် ကျောင်းဖွင့်ရက်ဖြစ်သောကြောင့် အလင်းဝေအား လန်းဆန်းတက်ကြွမှုအပြည့်ဖြင့် ပြုံးစေခဲ့သည်။ ရေမိုးချိုးပြီးသည်နှင့် ကြီးစန်းတစ်ယောက် ညကတည်းက မီးပူတိုက်ပေးထားသော ကျောင်းစိမ်းဝတ်စုံကို ဖွဖွကလေးကိုင်၍ ကိုယ်ပေါ်တွင် တင်လိုက်သည်။ ဗီရိုမှန်တွင် တစ်ကိုယ်လုံး လှည့်လည်ကြည့်ရှုပြီးနောက် ဆံပင်မှာလည်း ရှည်နေပြီဖြစ်သောကြောင့် ပဲများစရာ တစ်ခုထပ်တိုးလာသည်။
ကတုံးဆံပင်ပေါက်မှ ရာထူးတိုးသွားသော ဆံပင်များသည် နဖူးထိပင် အုပ်ဆိုင်းနေခဲ့ပြီ။ ငွေရှိုင်းရဲ့ဆံပင်ပုံစံနှင့် ဆင်တူနေပြီဖြစ်၍ နဖူးပေါ်မှ ဆံပင်များကို အနောက်ဘက်သို့ လှန်မတင်ချင်သော်လည်း အလင်းဝေမှာ ချွေးထွက် သန်သူဖြစ်သောကြောင့် ဆံပင်ကို ဦးခေါင်းထက်သို့သာ လှန်တင်လိုက်ရင်း ဂျယ်နှင့်ကျကျနန ပုံသွင်းယူလိုက်ရသည်။
ထို့နောက် ကော်လံ၊ အကျႌလက်ဖျားနှင့် ရင်ဘတ်တို့တွင် ရေမွှေးဆွတ်လိုက်သည်။ အလင်းဝေသည် မှန်ရှေ့မှ မခွာနိုင်သေးဘဲ ကျောပိုးအိတ်ကို ခပ်မြန်မြန်လှမ်းယူကာ သိုင်းလွယ်ပြီး တစ်ပတ်လှည့်ကြည့်ပြန်သည်။ ဤမြင်ကွင်းကို ကြီးစန်းသာမြင်လျှင်တော့..." ကျောင်းသွားမှာလား...ရုပ်ရှင်သွားရိုက်မှာလား..."ဆိုပြီး အမေးခံရမှာ ကျိန်းသေသည်။
မကြာပါ...။ မနက်စာစားရန် အော်ခေါ်နေသော ကြီးစန်းရဲ့အသံသဲ့သဲ့အား ကြားလိုက်ရသဖြင့် အောက်ထပ်သို့ ပြေးဆင်းသွားလိုက်သည်။ ထမင်းစားပွဲတွင် အိန္ဒြေရရနှင့် ဝင်ထိုင်နေသော်လည်း
"ရေမွှေးတွေ ဆွတ်ထားတာလား...ကလေး..." ဟု မေးလိုက်သောကြောင့် ရယ်ဖြဲဖြဲနှင့် ခေါင်းညိတ်ပြရသည်။
"ကြီးစန်းမေးပါဦးမယ်...သားငယ်ကျောင်းမှာ
ကောင်မလေးတွေ ဘာတွေရှိနေပြီလား..."
သောက်လက်စ ကော်ဖီကို သီးမသွားအောင် မနည်းမြိုချလိုက်ရသည်။ထို့နောက်ခပ်ဟဟရယ်ရင်း...
"ကြီးစန်းကလည်း ပေါက်တတ်ကရ..." ဟု ဖြေမိချိန်တွင်
ကျွန်တော့ ရင်ထဲ၌ခုန်နေသည်။
ထို့နောက် ချခဲ့မိပြန်သော သက်ပြင်းတစ်ချက်။
"ယောကျ်ားလေးပဲလေ...ရှိရင်လည်းရှိမှာပေါ့..ကြီးစန်းက ဆူမလို့မဟုတ်ပါဘူး...ဒီနှစ်က ဆယ်တန်းဆိုတော့ အချစ်ရေးကို စိတ်ဝင်စားလွန်းပြီး စာဘက်လျော့သွားမှာစိုးရိမ်လို့ပါ ကလေးရယ်..."
"အဲ့တာတော့စိတ်မပူပါနဲ့ ကြီးစန်းရဲ့
သားက အကန့်တွေ ခွဲထားပြီးသား..."
"အမယ်...ရှင်လေးက ငြင်းလည်း မငြင်းဘူးတော့..."
"ဟာဗျာ..ကြီးကြီးကလည်း..."
ကြီးစန်းတစ်ယောက်နဲ့တော့ တကယ်မလွယ်ပါ..။စကားကို အစ်အောက်မေးနိုင်စွမ်းမှာ အဖေ့ထက်တောင် ဆိုးလေသည်။ ပြုံးပြုံးကြီးစိုက်ကြည့်နေပြန်သောကြောင့် အနေရခက်စွာနှင့် မုန့်တွေကိုသာ ငုံ့စားနေရသည်။
ထမင်းချိုင့်မယူဖြစ်ဘဲ ကျောင်းသို့ရောက်လာခဲ့သည်။ ကျွန်တော်ရောက်လာချိန်မှာ စောလွန်းနေသောကြောင့် အတန်းထဲတွင် ကျောင်းသားများပင် မရှိကြသေး။ ကိုးတန်းတုန်းက ထိုင်ခုံနေရာ အတိုင်းပင် အတန်းသစ်တွင် ထိုင်ဖြစ်သည်။ နောက်ဆုံးအတန်း၏ အရှေ့ခုံတွင်ဖြစ်သည်။
အခန်းပတ်ပတ်လည်ကို လှည့်လည်ကြည့်ရှုမိသောအခါ ဤအခန်း၏ အရှေ့ဆုံးအတန်းတွင် ထိုင်နေကျဖြစ်သူ တစ်ယောက်ကို သတိရသွားသည်။
Angry birdအနီကောင်က ဒီကျောင်းမှာ
မရှိတော့တာတောင် ကျွန်တော့စိတ်ကို လွှမ်းမိုးနိုင်တုန်းပဲ။
မကောင်းသော လွှမ်းမိုးခြင်းမျိုးနဲ့ပေါ့...။
.
.
.
"ဟိတ်..."
စားပွဲခုံထုသံနှင့်အပြိုင် ပေါ်ထွက်လာသော အသံစူးစူးရယ်ကြောင့် ခန္ဓာကိုယ်က တုန်တက်သွားမိသည်။ ထို့နောက်တွင် ဘေးနှစ်ဖက်မှ ကြားလိုက်ရသော ဟားတိုက်၍ရယ်သံ...။
ချာလီနှင့်ဂေါ်လီတို့ပင်....။
"အာ....ဒီကောင်တွေတော့..."
"ပထမဆုံးနေ့ကတည်းက တက်ကြွနေပါလား...
ငါတို့အလင်းဝေက..." ဟု ပြောပြောဆိုဆိုနှင့် အနောက်ခုံတွင် ဝင်ထိုင်ကြသည်။
"စောစောစီးစီး ရန်မဖြစ်ချင်ဘူးနော် ဟေ့ကောင်တွေ အေးအေးဆေးဆေးနေကြ..."
"ငါတို့က နှုတ်ဆက်တာလေ..မင်းက
ရန်စတယ်ပဲ ထင်နေတာကိုး...ချာလီရာ ပြောလိုက်စမ်းပါဦး..."
"မပြောချင်ပါဘူးကွာ..သူက ငါတို့နှစ်ယောက်ကို
လယ်ခလယ်နဲ့ တွဲမြင်နေကျပဲကို..မထူးဆန်းတော့ဘူး..."
လာလာချည်သေးရဲ့...ဇာတ်လိုက်ကို
ဗီလိန်ပြန်လုပ်နေကြတဲ့ အယုတ်တမာတွေကများ...။
"ငါလည်းမင်းတို့ကိုကြည့်မရဘူး...
မင်းတို့လည်း ငါ့ကိုကြည့်လို့ရမှာမဟုတ်ဘူး...
ပါးစပ်ပါတယ်ဆိုတိုင်း သောက်ပိုတွေချည်းပြောမနေနဲ့..."
ချာလီနှင့်ဂေါ်လီတို့ အံတကြိတ်ကြိတ်ဖြစ်နေကြ၏။ ပုံမှန်ဆိုရင် သူတို့က ဒီလိုမျိုးငြိမ်ခံနေကြမည့်သူတွေမဟုတ်။ ပြန်ဆဲချင်ရင်ဆဲမည်။ ဒါမှမဟုတ် လက်ခလယ် ထောင်ပြကြမည်။ ထူးဆန်းနေသောကြောင့် အေရှေ့ပြန်လှည့်မိချိန်တွင် ငွေရှိုင်းကို တွေ့လိုက်ရပါသည်။
အော်....သူတို့ကြောက်ရမယ့် သူကိုတွေ့သွားကြတာကိုး...။
ပြုံးစိပြုံးစိလုပ်နေသော အလင်းဝေအနားတွင် ငွေရှိုင်းက ဝင်ထိုင်လိုက်လေသည်။ ခုံအလွတ်တွေအများကြီး ရှိနေသေးသော်လည်း အလင်းဝေ၏ ဘေးခုံတွင်မှ ဝင်ထိုင်လိုက်သောကြောင့် အလင်းဝေမှာ ကျေနပ်လို့မဆုံးတော့ပေ။
"ငွေရှိုင်း....ငါ့ကို ဒီကောင်တွေ အနိုင်ကျင့်နေကြတယ်..."
ပြောပြောဆိုဆိုနှင့် အနောက်လှည့်ကာ အမြွှာ နှစ်ယောက် မြင်သာအောင် မျက်စိမှိတ်ပြလိုက်သေးသည်။ ငွေရှိုင်းကတော့ အူတူတူမျက်နှာဘေးနှင့်ပင် ရှိနေဆဲ...။
ချာလီ၊ဂေါ်လီတို့က ငွေရှိုင်းကို ဘယ်လောက်တောင်မထိရဲသလဲဆို ဟိုတစ်ယောက်က သူတို့ကို ဘာမှမပြောရသေးခင် သူတို့က ဖြေရှင်းချက်ပေးပြီးနေပြီဖြစ်သည်။
"ငါတို့ သူ့ကို ဘာမှမလုပ်ရသေးပါဘူး..
.ဟေ့ကောင် ဂေါ်လီပြောလိုက်ဦးလေ..."
"ဟင်...အေး...ဟုတ်တယ်...
တကယ်ဘာမှမလုပ်ရသေးဘူး.."
ဒီအမြွှာနှစ်ယောက်ကို စချင်စိတ်
ပေါ်လာသောကြောင့် ဝင်ပြောလိုက်သည်။
"မလုပ်ရသေးဘူးဆိုတော့...လုပ်ဖို့တော့ ကြံစည်ထားတယ်လား..."
"အာ...မင်းလုပ်မှပဲ ပြဿနာက အကြီးကြီးဖြစ်တော့မယ်...
စကားကို အထအန မကောက်နဲ့လေ..အလင်းဝေရဲ့..ငါတို့က တစ်တန်းတည်းသားချင်းတွေမလား..ခင်လို့မင်လို့.
စနောက်တာလေးပဲ ရှိတာပါ..."
ချာလီမှာထိုသို့ပြောပြီးပြီးချင်း ငွေရှိုင်း၏မျက်ကွယ်တွင်
ကျွန်တော့ကို လက်သီးပုန်းထုတ်ပြသည်။
"မင်းအခုလေးတင် ငါ့ကိုလက်သီးပြနေတယ်လေ..." ဟု ပြောလိုက်ချိန်မှာတော့ ငွေရှိုင်းကလည်း အနောက်သို့ လှည့်ကြည့်သဖြင့် နှစ်ယောက်သား အတန်းထဲမှ လစ်ထွက်သွားကြတော့သည်။
တဟားဟားနှင့်အော်ရယ်နေမိသော ကျွန်တော်ကို ငွေရှိုင်းက မျက်မှောင်ကြုတ်၍ ကြည့်နေသည်။ ထို့နောက်
"ဘာတွေ အဲ့လောက် သဘောကျနေတာလဲ..." ဟု မေးလေသည်။
ကျွန်တော်ကလည်း..အဖြေပေးရန် အသင့်ရှိနေသဖြင့်...
"မင်း... ငါ့ရဲ့သူငယ်ချင်း ဖြစ်ပေးနေတာလောက် ဘယ်ဟာများ ပိုပြီး သဘောကျစရာ ကောင်းနေဦးမှာလဲ...
သူဌေးသားလေးရဲ့.." ဟု ပြောလိုက်တော့ ညင်သာစွာ ပြုံးလေသော သူ့မျက်နှာဟာ ကျွန်တော့ရင်ကို လှိုက်ဖိုသွားစေ၏။
>>>>>>>>>>>>>>
နေ့လည်ဆယ့်နှစ်နာရီအတိတွင် ဘဲလ်တီးသံမြည်လာသောကြောင့် ကျွန်တော်တို့နှစ်ယောက် ကန်တင်းတို့ ခပ်သွက်သွက် လျှောက်သွားလိုက်ကြသည်။ အစားအသောက်တန်းမှာ အတူတူတန်းစီရင်း ထမင်းကိုလည်း မျက်နှာချင်းဆိုင် စားဖြစ်ကြသည်။
"ငွေရှိုင်း....ကျောင်းပိတ်ရက်မှာ မင်းဘာတွေလုပ်နေလဲဆိုတာ
ငါ့ကို မပြောပြချင်ဘူးလား..."
"လေကုန်တယ်...မပြောချင်ဘူး..."
"ငါသိချင်တယ်ဆိုရင်ရော..."
"မင်သိချင်တယ်ဆိုတိုင်း ငါက ပြောပြရမှာလား..."
"မင်းပြောတော့ ငါတို့နှစ်ယောက် သူငယ်ချင်းဖြစ်သွားပြီဆို..." ဟု ပြောပြီးသည်နှင့် ထမင်းငုံ့စားနေလိုက်တော့သည်။ စိတ်တိုသွားတာမျိုး မဟုတ်သော်လည်း ဆူဆူအောင့်အောင့်နှင့် မကျေနပ်ပုံပြနေမိသည်။
အလင်းဝေ..အလင်းဝေ..မင်းတစ်ယောက်တည်း ရုပ်ရှင်ရိုက်နေပြန်ပြီ....။ ဟု စိ်တ်ထဲမှ ရေရွတ်မိပြီးသည်နှင့်မကြာ ငွေရှိုင်းက ကျွန်တော့ပန်းကန်ရှေ့ရှိ နေရာလွတ်ကို လက်ဖဝါးနှင့် ပုတ်လာသည်။
ခေါင်းမော့ကြည့်လိုက်တော့...
"ပြောပြမယ်...နားထောင်မှာလား...." ဟု ပြောလာသဖြင့် ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။
"အင်း....စာအုပ်တွေဖတ်ဖြစ်တယ်..ကွန်ပျူတာသင်တန်းနဲ့
အင်္ဂလိပ်စာ သင်တန်းတက်ဖြစ်တယ်...ပြီးတော့ ငါ့အစ်ကိုဆီမှာ ခါရာတေးသင်တယ်..."
စကားတပြောပြောနှင့် ထမင်းတစ်လုတ်ချင်းစီအား ဖြည်းဖြည်းချင်းဝါးစားနေပုံကို ကြည့်ရခြင်းထက် ပိုကြည့်ကောင်းသော မြင်ကွင်းမျိုးမရှိဟု စိတ်၌မှတ်ယူမိသည်။
"ကောင်းလိုက်တာ...ငါကတော့ အိပ်လိုက်၊
စားလိုက်၊tvကြည့်လိုက်နဲ့ အားတယ်လို့ကို မရှိဘူး...
သင်္ကြန်တွင်းရော ရေဆော့ဖြစ်လား..."
"မင်းစပ်စုနေတာ ပြီးဦးမှာလား..မောင်အလင်းဝေ..."
မောင်အလင်းဝေလို့ ခေါ်လိုက်ခြင်းကို ဘယ်လို သဘောကျမိမှန်းမသိဘဲ ပြုံးစိစိကြီးဖြစ်သွားခဲ့သည်။
ထို့နောက် ချက်ချင်းပင် မျက်နှာပိုးပြန်သတ်ရင်း
"စပ်စုနေတာမဟုတ်ပါဘူး...ငါက
မင်းအကြောင်းသိချင်တာပါ..." လို့ အတည်အတံ့ ပြောကာ သူ့ရဲ့အမူအယာအသေးစိတ်ကို အကဲခတ်ကြည့်နေမိသည်။
သူကျွန်တော်ကို စက္ကန့်ဝက်မျှအကြာအထိ စိုက်ကြည့်လာပုံ၊ ထို့နောက် အကြည့်လွှဲသွားကာ မျက်တောင် ခဏခဏခတ်နေပုံ၊ ထိုမှတဆင့် ထမင်းတစ်လုတ်ကို ခပ်မြန်မြန် ကောက်ဝါးရင်း ခက်ခဲစွာ မြိုချလိုက်ရပုံတို့အား မလွတ်တမ်းစိုက်ကြည့်နေမိရင်း မျှော်လင့်ချက်လေးတစ်ခု ထားခဲ့လိုက်သည်။
မကြိုးစားကြည့်ဘဲနဲ့တော့ ဘာကြောင့်၊ညာကြောင့်ဆိုပြီး လက်မလျှော့ချင်ဘူးကွာ.... ဟူ၍ ။
>>>>>>>>>>>>>>>>>>>>>>>>>
AN/
အချစ်ကလေးတို့ရဲ့ feedback တွေကို ကိုယ်အမြဲ မျှော်နေတယ်နော်
Love you all😘
Han_Me
(15.9.2020)