ရင်ခွင်ထဲသို့ ရောက်နေသော ခန္ဓာကိုယ်လေးကို စက္ကန့်ပိုင်းမျှအကြာတွင် မှိုင်းခေါင်ဖယ်ထုတ်ဖြစ်ခဲ့သည်။ တွန်းထုတ်လိုက်ခြင်းမျိုးမဟုတ်ခဲ့သော်လည်း ရှိုင်းငယ်သည် ရှိုက်ငင်ကာ ငိုနေလေသောကြောင့် သူ၏ ပခုံးတစ်ဖက်အား အားထည့်ဖိကိုင်လိုက်ရင်း....
"ယောက်ျားဆိုတာ မျက်ရည်လွယ်လွယ်မကျရဘူးလို့ ငါမင်းကိုပြောထားတယ်မလား..." ဟူ၍ နှုတ်စကားဆိုတော့ မျက်ရည်တွေကို လက်ချောင်းများနှင့် ခပ်မြန်မြန် သုတ်ပစ်လေသည်။
"ကျွန်တော်....ကျွန်တော်က ကိုကို့ကို စိတ်ပူသွားလို့ပါ...
တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲလို့..."
"ဖြစ်စရာလား...ငါ့ကိုဘယ်သူမှ ဘာမှလုပ်လို့မရဘူး...
အေး...ငါကိုယ်တိုင်တောင် ဘာမှမလုပ်နိုင်ဘူး..."
သက်ပြင်းမောများကို ရင်တွင်း၌သာ ဖြစ်ပေါ်စေခဲ့သည်။ *ငါမှာ...မင်းတစ်ယောက်တော့ ရှိနေခဲ့သေးတာပဲ...ရှိုင်းငယ်...* ဟူသော စကားကိုတော့ စိတ်ထဲမှာသာ အကြိမ်ကြိမ်ရွတ်ဆိုမိလျှက်။
.
.
"ပြန်ကြမယ်နော်ကိုကို...
အိမ်မှာ ဖေဖေရောက်နေပြီလားမသိဘူး...ကျွန်တော်တို့ ပြန်မလာသေးတာသိရင် စိတ်ပူနေဦးမယ်..."
"သူစိတ်ပူချင်းပူ မင်းကိုပဲပူမှာပါ..."
ကွေးတက်သွားခဲ့သော နှုတ်ခမ်းထောင့်စွန်းများသည် နှစ်လိုဖွယ်ရာရှိနေလိမ့်မည် မဟုတ်ပါ။ မှိုင်းခေါင်ကိုယ်တိုင်သည်လည်း မိမိစကားကို သဘောကျသောစိတ်နှင့် ပြုံးခဲ့ခြင်းမျိုး မဟုတ်သည်လေ။
သားအရင်းထက် သူစိမ်းတစ်ယောက်ကို ပိုဂရုစိုက်နေတယ်..ဟူသော အသိကလည်း အဲ့ဒီသူစိမ်းဟာ မှိုင်းခေါင်အတွက် ဘယ်လိုလူမျိုးဖြစ်နေနေ ရင်ထဲမှာတော့ နာကျင်နေရတာပါပဲ...။
ကျောပိုးအိတ်လွယ်မည့်ဟန်ပြင်တော့ အိတ်ကို မိမိလက်ထဲမှ ဆွဲယူသွားပါသော ရှိုင်းငယ်သည် မှိုင်းခေါင်အား သူရဲ့မျက်စိရှေ့မှ ထပ်ပျောက်သွားမည်ကို စိုးရိမ်နေသည့်အလား အရိပ်တကြည့်ကြည့်နှင့်....။
နှစ်များစွာအတူရှိနေခဲ့သည့်တိုင်အောင် မှိုင်းခေါင်ကာဆီးခဲ့သော အလွှာတစ်ခုကြောင့် ရင်းရင်းနှီးနှီးမဆက်ဆံရဲခဲ့သော ရှိုင်းငယ်အတွက် ယခုညနေခင်းသည် အပြောင်းအလဲတစ်ခု ဖြစ်နေပေမည်။ မျက်မှောင်ကြုတ်ထားခြင်းမရှိတော့သော မျက်လုံးများနှင့် ဆုံတွေ့သည့် အခါမျိုးတွင် ရှိုင်းငယ်သည် သွေးသားရင်းချာကို မြင်ရသည့်သဖွယ် မှိုင်းခေါင်အား ပြုံးစစလေး ငေးကြည့်လာသည်။
သူ့ရဲ့စိတ်ထဲတွင် မှိုင်းခေါင်ကို အစ်ကိုအရင်းတစ်ယောက်ကဲ့သို့ သံယောဇဉ်ရှိနေခြင်းကို မျက်လုံးများမှတဆင့်မြင်နေရသည်။ ဤသည်ကပင် မှိုင်းခေါင်၏စိတ်ကို များစွာပင်ပန်းစေပါသည်။
.
.
.
.
.
.
.
ငွေ့ရည်မိုးသို့ ပြန်ရောက်လာသောအခါ ခုနှစ်နာရီအတိပင်ဖြစ်သည်။ ပုံမှန်ဆိုလျှင် ထမင်းစားခန်းတွင် ရှိနေရမည်ဖြစ်သော်လည်း မှိုင်းခေါင်တို့အိမ်ပြန်ချိန်မှာ နောက်ကျနေခဲ့သည်။
ဧည့်ခန်းထဲတွင် ဦးမင်းခေါင်ဦး နှင့် ဦးထက်လင်းတို့ ထိုင်နေကြသည်ကို စဝင်လာကတည်းက မြင်ရသည်။ မှိုင်းခေါင်တို့ပြန်ရောက်လာကြောင်းကို ဦးထက်လင်းက ပြောပြလိုက်သောအခါတွင် ဦးမင်းခေါင်ဦး၏မျက်နှာသည် ပို၍တည်တင်းလာသယောင်ပင်။
ငွေရှိုင်းသည် မှိုင်းခေါင်၏နောက်မှ ကပ်လိုက်လာရသော်လည်း အရှေ့ဆုံးမှရင်ဆိုင်ရသူတစ်ယောက်ကဲ့သို့ ကြောက်ရွံ့နေမိလေသည်။ မှိုင်းခေါင်ကတော့ ဦးမင်းခေါင်ဦးရှေ့တွင် ထားနေကျ မျက်နှာပုံစံနှင့် ဖခင်အနားသို့ တဖြည်းဖြည်းလျှောက်သွားလိုက်သည်။
"ထက်လင်း....မှိုင်းခေါင်ဝေဦးကို
မြေအောက်ခန်းထဲ ခေါ်သွားလိုက်..."
တုံ့ဆိုင်းသွားပါသော မှိုင်းခေါင်၏ ခြေလှမ်းတို့ကို ငွေရှိုင်းတစ်ယောက် ရှင်းရှင်းလင်းလင်းမြင်နေရသည်။ အမှောင်ကို ကြောက်တတ်သူတစ်ယောက်အား အလင်းရောင်ကင်းမဲ့သော အခန်းထဲတွင် ထည့်ပိတ်ထားပြီး စိတ်နာကျင်သွားအောင် အပြစ်ပေးဦးမတဲ့....။
ငွေရှိုင်းသည် ငွေ့ရည်မိုးသို့ ရောက်ခါစက ညတစ်ညကို စိတ်ထဲတွင် အမှတ်ရလာခဲ့သည်။ အဲ့နေ့ညတုန်းကလည်း ကိုကိုဟာ သူ့ရဲ့ကြောက်စိတ်ကို သက်သာစေဖို့ ငွေရှိုင်းကို မြေအောက်ခန်း တံခါးရှေ့မှာ တစ်ညလုံးနေခဲ့ခိုင်းတာဖြစ်လိမ့်မည်။
ကိုကိုနှင့်ဘေးချင်းယှဉ်ရပ်မိချိန်တွင် ကိုကို့မျက်နှာကိုငဲ့ကြည့်မိသည်။
နဂိုကတည်းကပင် ထင်ရှားနေသော မေးရိုးများသည် အံကြိတ်ထားသောကြောင့် ပို၍ထင်ရှားနေသည်။
ကိုကို့စိတ်ထဲမှာ ဘာတွေများ တွေးနေခဲ့မလဲ...။
ယခုထက်ထိတော့ စကားတစ်ခွန်းမဆိုဘဲ ဖေဖေ့ကို ပေတေကာ ရပ်ကြည့်နေမြဲ။ ဦးထက်လင်းသည်လည်း ထိုင်ရာက ထမလာသေးပေ။ ကိုကိုနှင့်ဖေဖေ့ကြားတွင် အနေခက်နေပုံရသည်။
"ရှိုင်းငယ်က အဝတ်လဲပြီး စားစရာရှိတာစား...
ကိုယ့်အခန်းထဲကိုယ်သွား...ရပ်ကြည့်မနေနဲ့...."
ဖေဖေ့စကားအဆုံးတွင် ကိုကို့ထံမှ ရယ်သံထွက်လာသည်။ နာနာကျင်ကျင်နှင့် ရယ်လိုက်သော အသံမျိုးဖြစ်သည်။
"ဖေဖေ့ကိုယ်ဖေဖေ တရားမျှတတယ်လို့ထင်သေးရဲ့လား...
အိမ်ပြန်နောက်ကျတာချင်းအတူတူ ဘာလို့ကျွန်တော့ကိုပဲ အပြစ်ပေးတာလဲ...ဘာလို့အမြဲတမ်း ကျွန်တော့ကိုလဲ.."
ကိုကို.......ဟူသော အာမေဋိတ်ဖြင့် ရေရွတ်မိသံသည် အပြင်ဘက်သို့ ထွက်ကျမလာခဲ့ပေ။ ကိုကိုသည် ငွေရှိုင်းအား နာကျည်းသော မျက်လုံးများနှင့် ကြည့်နေပြန်သည်။
ကိုကို့မျက်လုံးတွေက ကျွန်တော့ကို
နာကျင်စေတာ ကိုကိုသိပါရဲ့လား....။
သွေးသားမတော်စပ်လည်း ညီအစ်ကိုအရင်းကဲ့သို့ နေနိုင်တာပဲ ဟူသော စိတ်ကူးလေးများ ရုတ်တရက်ပျောက်ပျက်သွားရသည်။ ကိုကို့ဘက်က စဉ်းစားကြည့်လျှင်တော့ ဖေဖေက ကျွန်တော့ကို တစ်ခါမှအပြစ်မပေးဖူးခြင်းဟာ ကိုကို့အတွက် နာကျင်စရာ ဖြစ်နေခဲ့သည်ပေ။
"အိမ်ပြန်နောက်ကျတာချင်းတူပေမယ့်
ကြိုးစားပုံချင်းတော့ မတူဘူး...မင်းကြောင့် Green leafရဲ့ သိက္ခာ၊ ငါ့ရဲ့သိက္ခာ..ဘယ်လောက်တောင် ကျသွားတယ်လို့ မင်းထင်လဲ...
ရှိုင်းငယ်ကိုကြည့်လေ...ကျောင်းပြန်တက်တာမကြာသေးဘူး...အတန်းထဲမှာ ထိပ်ဆုံးရအောင် လုပ်နိုင်တယ်...မင်းက ဘာပိုအသုံးကျလို့လဲ...
ကိုယ်လုပ်ချင်တာလုပ်မယ်...အဖေကိုပြန်ခံပြောမယ်...
ဒါတွေနဲ့ပဲ မင်းခေါင်းထဲမှာပြည့်နေတာ...အခန်းထဲပိတ်ပြီး အပြစ်မပေးတာကြာလို့ အချိုးက မင်းအမေနဲ့ တစ်ချိုးတည်းဖြစ်လာတာ....
သူလည်းသေသာသွားတယ်....ဘာအသုံးကျလို့လဲ..."
ငွေရှိုင်းသည် တော်ပါတော့ ဟု စိတ်ထဲမှ အော်ဟစ်မိခဲ့သည်။ ဦးမင်းခေါင်ဦး၏စကားလုံးများသည် သက်ဆိုင်သူမဟုတ်သည့် ငွေရှိုင်းကိုတောင် မွန်းကျပ်စေသည်ဆို မှိုင်းခေါင်အတွက်ကတော့ ပြောဖွယ်ရာ မရှိတော့ပေ။
မှိုင်းခေါင်သည် အရွဲ့တိုက်ကာ အော်ကြီးဟစ်ကျယ် ရယ်ချလိုက်ချင်သော်လည်း ဝမ်းနည်းစိတ်သာ ရင်ထဲတွင် စိုးမိုးလာသည်။
မှိုင်းခေါင်ကြောင့် မေမေ ..တမလွန်မှာ.
အေးအေးချမ်းချမ်းနေရရဲ့လား...။
ဟုတ်ပါတယ်...ဖေဖေ့လိုလူမျိုးကို ချစ်ခဲ့တဲ့မေမေက ဘာမှအသုံးမကျတဲ့ မိန်းမတစ်ယောက်ပါ...။
တန်ဖိုးမထားတတ်တဲ့ ဖေဖေ့အတွက်တော့ သိပ်ချစ်တတ်တဲ့
မေမေက ဘာမှအသုံးမကျတဲ့ မိန်းမတစ်ယောက်ပေါ့...။
ရင်ထဲတွင် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ နာကျင်မိခြင်းနဲ့အတူ ကျဆင်းလာသော မျက်ရည်တွေကို ဘယ်သူမှမမြင်ခင် မြေအောက်ခန်းထဲသို့ ထွက်သွားလိုက်သည်။
အမှောင်ထဲရောက်မှ အံကြိတ်ထားခြင်းကို ဖြေလျော့ဖြစ်တော့ တရစပ်စီးဆင်းလာသော မျက်ရည်ပေါက်တွေသည် မှိုင်းခေါင်၏ပကတိစိတ်ဓာတ်ပင်ဖြစ်သည်။
မှိုင်းခေါင်တွင် မည်မျှပင် အရွယ်ရောက်လာစေကာမူ မိခင်ရင်ခွင်ထဲသို့ ခိုဝင်၍ ရှိုက်ငိုချင်သော ကလေးတစ်ယောက်၏ ပုံစံလေးရှိနေဆဲပင်။
မငိုဖြစ်တာ ကြာသောကြောင့်လားမသိ..ယောက်ျားဆိုတာ မျက်ရည်လွယ်လွယ်မကျရဘူးလို့ ပြောခဲ့သူမှာ မှိုင်းခေါင်မဟုတ်သည့်နှယ်..အားရပါးရငိုခဲ့မိလေသည်.။
အချိန်အကြာကြီးငိုနေခဲ့ပြီးနောက်တွင် မှိုင်းခေါင်၏ ရင်အစုံမှာ ပေါ့ပါးသယောင် ရှိလာသည်။
ဝမ်းနည်းခြင်းတွေ လွန်မြောက်လာသောအခါတွင်တော့ ကြောက်စိတ်များခိုဝင်လာပုံမှာ မြန်မြန်ဆန်ဆန်။ အမှောင်ထဲတွင် မှိုင်းခေါင်တစ်ယောက်တည်းသာရှိသည်။ မှိုင်းခေါင်ကို အပြစ်တင်မည့်သူ၊ နှစ်သိမ့်မည့်သူ၊ ရှုတ်ချမည့်သူ၊ အားပေးမည့်သူ ဘယ်သူ့ဘယ်သူမှမရှိ....။
အမှောင်သည် မှိုင်းခေါင်၏ အထီးတည်း တည်ရှိမှုကို သတိတရဖြစ်စေသည်။ မေမေ့ကိုဆုံးရှုံးလိုက်ရသော ခံစားချက်အား ပြန်လည်သတိရစေသည်။
မှိုင်းခေါင်မှီထိုင်နေရာ တံခါးထက်တွင် အပူငွေ့ပင် ရေးရေးမျှမရှိ။ ထို့အပြင် မှိုင်းခေါင်အား အဖော်ပြုပေးမည့် မေမေလည်း မရှိတော့ပေ။
ကြာလှပြီ....။ထိုကဲ့သို့ ကြာလှပြီဖြစ်သောအချိန်ကာလတွင် မှိုင်းခေါင်ဘေး၌ ရှိနေခဲ့သည်က ရှိုင်းငယ်တစ်ယောက်တည်းသာ ဖြစ်သည်။
မှိုင်းခေါင်ထံသို့ မေမေ့ကိုယ်စားရောက်လာသည်ဟု
ထင်မှတ်စေခဲ့သော ထိုကောင်လေးကို မှိုင်းခေါင်ချစ်သည်။
သို့သော် ထိုအချစ်မှာ မှိုင်းခေါင်ကို ရှိုင်းငယ်ချစ်သော ဖြူစင်သည့်အချစ်မျိုးနှင့် မဟုတ်ခဲ့ပေ။ ရှိုင်းငယ်ကို ခက်ထန်စွာဆက်ဆံရသောအချိန်တိုင်းတွင် မှိုင်းခေါင်သည် မိမိ၏နှလုံးသားကို မိမိကိုယ်တိုင် ဆုပ်ခြေရသကဲ့သို့ ခံစားရလေသည်။
ထို့အပြင် မှိုင်းခေါင်သည် မိမိကိုယ်တိုင်နာကျင်စေရုံသာမက ရှိုင်းငယ်ကိုလည်း နာကျင်စေချင်ခဲ့သည်။ ရှိုင်းငယ်သည် ငှက်ကလေးတစ်ကောင်ဖြစ်ခဲ့မည်ဆိုလျှင် ထိုငှက်ကလေးအား ချုပ်နှောင်ထားချင်သော လှောင်အိမ်ငယ်မှာ မှိုင်းခေါင်သာလျှင်ဖြစ်သည်။
ဘယ်သူ့ဘယ်သူမှ မှိုင်းခေါင်ရဲ့လှောင်အိမ်ကို ဖွင့်ခွင့်မရှိ...။
ငှက်ကလေးအား ခေါ်ထုတ်သွားခွင့်မရှိ...။
အဲ့လိုမဖြစ်အောင်လည်း မှိုင်းခေါင်က အတ္တကြီးရလိမ့်မည်။
ရှိုင်းငယ်မရှိရင် မှိုင်းခေါင်ရဲ့ဘဝဟာ အလင်းမဲ့သွားတော့မှာ....။အခုလိုမျိုးပေါ့ အမှောင်ထဲရောက်နေချိန်မှာ ကြားချင်မိတဲ့ အသံလေးကို စောင့်မျှော်နေမိသလိုမျိုးပေါ့..ရှိုင်းငယ်ကို တစ်သက်လုံး အနားမှာ ထားချင်မိတာပါပဲ....။
.
.
.
.
.
.
ခြေထောက်နှစ်ချောင်းအား ကျစ်ကျစ်ပါအောင်ထွေးပွေ့ထားပြီး ဒူးခေါင်းထက်တွင် မျက်နှာအပ်သည့်အနေအထားနှင့်ပင် အချိန်တွေ ကြာမြင့်လာသည်။ အေးစက်နေသော ခြေချောင်းလေးများသည် ပုဆိုးခြုံထဲတွင် လုံလုံခြုံခြုံရှိနေစေကာမူ နွေးထွေးလာသည်ဟု မခံစားရ....။
ဗိုက်ထဲတွင်လည်း အော်မြည်သံများနှင့် ဆူညံနေပေသည်။ နေ့လည်ကတည်းက အစာတစ်ခုခု မဖြည့်တင်းခဲ့ရသဖြင့် ဟာနေသောဝမ်းဗိုက်ငယ်သည် မှိုင်းခေါင်အား တဆင့်ချင်းတိုး၍ ဆန္ဒပြနေလေသည်။
ဒီအခန်းထဲမှာ ဘယ်လောက်ကြာကြာနေရဦးမှာလဲ....။
မိနစ်ပိုင်းမျှပင် ရှိဦးမည်ဖြစ်သော်လည်း အမှောင်ထဲတွင် ငုတ်တုတ်ထိုင်နေရသူ တစ်ယောက်အတွက်တော့ အချိန်တွေက ကုန်ခဲလှသည်။
မှိုင်းခေါင်၏ခံနိုင်ရည်အားများ တဖြည်းဖြည်းလျော့နည်းလာသည်။ အိပ်စက်ခြင်းဖြင့် အချိန်ဖြုန်းရန်အတွက် နွေးထွေးမှုမရှိသော တမံသလင်းပေါ်တွင် ကွေးကွေးလေးလှဲချလိုက်သည်။ အမှောင်ထုမှာ စေ့စေ့တင်းပိတ်ထားသော မျက်လုံးများထဲသို့ ပို၍တိုးဝင်လာပြီး မှိုင်းခေါင်တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လာသည်။
ခြေသံအချို့.....။
တံခါးဖွင့်လိုက်သံ....။
ထို့နောက် မျက်လုံးမှိတ်ထားလျှက်နှင့်
ခံစားသိရှိလိုက်ရသော အလင်းရောင်ဖြာထွက်မှု...။
ထို့နောက် ထို့နောက်တွင်တော့....ကိုကို...ဟူ၍ ခေါ်တွင်သံလေး...။
အလင်းရောင်နှင့် ကျင့်သားမရသူတစ်ယောက်ပမာ ဖြည်းဖြည်းချင်းဖွင့်ယူမိသော အမြင်အာရုံအလွန်၌ တံခါးအပြင်ဘက်တွင် မတ်တပ်ရပ်နေပါသော ကျောင်းစိမ်းဝတ်စုံနှင့် ကောင်လေးတစ်ယောက်...ရှိနေသည်။
ရှိုင်းငယ်လား......။
အိပ်ပျော်သွားပြီးနောက် မက်သောအိပ်မက်ဟုပင် မှိုင်းခေါင်ထင်သွားခဲ့သည်။
ဒါပေမယ့် မှိုင်းခေါင်ကို ဆွဲထူလိုက်တဲ့ ရှိုင်းငယ်ရဲ့လက်ဖဝါးနှစ်ဖက်မှာ အနွေးဓာတ်တွေ
ခိုဝင်နေခြင်းကတော့ အစစ်အမှန်ရယ်ပါ...။
.
.
"အပြင်ထွက်လို့ရပြီနော် ကိုကို...."
မျက်ရည်ဥများတွဲလဲခိုနေသော မျက်ဝန်းလေးများနှင့် မှိုင်းခေါင်စတင်ရင်ဆိုင်လိုက်ရသည်။ထိုပုလဲလုံးလေးတွေအား ဖယ်သုတ်ပေးချင်သည်ဟု ကြံရွယ်ခဲ့သော်လည်း ထိုနေရာမှာတင် ရပ်တန့်ဖြစ်ခဲ့သည်။
"ဒီတံခါးဖွင့်ပေးဖို့ မင်းကို ဘယ်သူခွင့်ပြုလိုက်လို့လဲ..."
"ဖေဖေပါ ကိုကို...
ဖေဖေကိုယ်တိုင် ဖွင့်ပေးဖို့ပြောလိုက်တာပါ..."
"ဘယ်လိုဖြစ်ရတာလဲ...အခုနလေးတင်
သူပဲငါ့ကို ဒီထဲမှာထည့်ပိတ်ထားဖို့ပြောခဲ့တာ မဟုတ်လား..."
ကျိုးကြေမှုများနှင့် ထွက်ပေါ်လာသော စကားများကို ရှိုင်းငယ်သည်လည်း မနှစ်သက်ဟု ယူဆရသည်။ မျက်နှာပျက်သွားပုံမှာ သိသာလှသည့်အပြင် စကားလမ်းကြောင်းပါ လွှဲခဲ့သောကြောင့်...။
"အဲ့တာနောက်မှပြောရအောင် ကိုကို...
အခုထမင်းသွားစားမယ်နော်...ကျွန်တော်လည်းဗိုက်ဆာနေပြီ..."
"အခု ဘယ်နှစ်နာရီရှိပြီလဲ...."
"ရှစ်နာရီခွဲတော့မယ်...ကိုကို..."
"ဟုတ်လား...အဲ့တာကို မင်းက ဘာလို့အခုထိ ထမင်းမစားရသေးတာလဲ...ကျောင်းဝတ်စုံတောင် မလဲရသေးဘူး"
အခုအချိန်လောက်ဆို ရှိုင်းငယ်က သူ့အခန်းထဲမှာ အေးအေးဆေးဆေး စာကျက်နေရမည့်အချိန်ဖြစ်ပြီး ဖေဖေကလည်း အဲ့လိုနေရန်ပြောခဲ့သည်မဟုတ်လား...။
ယခုလိုကျောင်းစိမ်းအင်္ကျီဝတ်လျှက်သား ရှိနေသည်ကိုပင် စိတ်ထဲတွင်ဘဝင်မကျဖြစ်၍ မေးမိသောအခါ ခပ်တွေတွေလေးငေးကြည့်ရင်း ပြန်ဖြေပါသည်။
"ကိုကို ဒီထဲမှာရှိနေတာကို...
ကျွန်တော်က ဘယ်လိုလုပ်ပြီး..စားနိုင်မှာလဲဗျာ." တဲ့....။
ရင်ကိုနွေးထွေးသွားစေသော စကားလေးဖြစ်သည်။ အရိုးခံစိတ်နှင့်ပြောလိုက်ပုံရသော.စကားလေးတစ်ခွန်းဖြစ်သော်ငြား မှိုင်းခေါင်အတွက်တော့ အကျိုးသက်ရောက်မှုများစွာဖြစ်စေသော ခံစားချက်တစ်ပုံတစ်ပင်နှင့် ကျန်ရစ်ခဲ့ရသည်။
.
.
.
ကျောက်စားပွဲရှည်ကြီး၏ တစ်ဖက်တစ်ချက်စီတွင် မှိုင်းခေါင်ဝေဦးနှင့် ငွေရှိုင်းတို့ မျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်။ ထို့နောက် အသင့်ခူးခပ်ပေးထားသော အစားအသောက်များကို တိတ်ဆိတ်စွာဖြင့် စားကြသည်။
ငွေရှိုင်းသည် မိမိ၏ ဆာလောင်ခြင်းဝေဒနာ အတန်ငယ် လျော့ပါးသွားချိန်တွင် မှိုင်းခေါင်၏မျက်နှာကို မသိမသာ ငေးမိလေသည်။ ဖောင်းအစ်နေသော မျက်လုံးများကိုမထင်မှတ်ဘဲ မြင်ခဲ့ရချိန်မှာတော့ မှိုင်းခေါင်သည်လည်း ထိခိုက်နာကျင်လွယ်သော လူငယ်တစ်ယောက်ဖြစ်လေသည်ဟု ငွေရှိုင်းသိခဲ့ရလေသည်။
အခုရော... ကိုကို့စိတ်ထဲမှာ ဘာတွေတွေးနေမှာလဲ....။
"ငါမင်းကိုမေးစရာရှိတယ်...."
တိတ်ဆိတ်ခြင်းအား ဖြိုခွဲထွက်လာသော စကားသံကြောင့် အတွေးများကို ခေတ္တရပ်ဆိုင်းမိသည်။ ငွေရှိုင်းသည် ထမင်းပန်းကန်ကိုပဲ ငုံ့ကြည့်နေရမည်လား...၊ မှိုင်းခေါင်မျက်နှာကိုပဲ ဆက်ကြည့်နေရမည်လားဟု ဝေခွဲရခက်စွာနှင့် ရှိနေစဉ်တွင် မှိုင်းခေါင်ကတော့ မျက်လွှာကိုသာချထားမြဲ ၊ ထမင်းလုံးတွေကို အကြောင်းရင်းမဲ့စွာ ထိုးဖွနေမြဲပင်...။
"ငါ့ကိုထုတ်ပေးဖို့ ဖေဖေ့ကို မင်းပဲပြောလိုက်တာမလား...ငါနဲ့ပတ်သတ်ရင်
ဖေဖေ့စိတ်က စိန်ထက်မာတယ်လေ...
ပြီးတော့ ငါက သူ့ကိုဒေါသထွက်အောင်လုပ်ထားတာ...
အခုလိုခဏလေးနဲ့ ပြန်ထုတ်ပေးဖို့ဆိုတာ...
မဖြစ်နိုင်ဘူး..."
ငွေရှိုင်း၏အတွေးများသည် လွန်ခဲ့သောနာရီပိုင်းဆီသို့ ပြန်ရောက်သွားပါသည်။ မှိုင်းခေါင်ထင်နေခဲ့သလိုပင် ငွေရှိုင်းသည် မှိုင်းခေါင်ကို အပြစ်မပေးဖို့ ဦးမင်းခေါင်ဦးအား အာပေါက်မတတ် တောင်းပန်လိုက်ရသည်။ ဦးမင်းခေါင်ဦး၏စိတ်သည် စိန်ထက်မာသည်ဟု မှိုင်းခေါင်ပြောနေခြင်းကို ငွေရှိုင်းလည်းထောက်ခံပါသည်။
"သူစိုက်ပျိုးခဲ့တဲ့အတိုင်း သူရိတ်သိမ်းရမှာပဲ ရှိုင်းငယ်...
အပြစ်လုပ်ခဲ့လို့ အပြစ်ပေးခံရတာ.ဒီတိုင်းပဲ..နေပစေ..." ဟူသော စကားကိုသာ ထပ်တလဲလဲပြောခဲ့လေသည်။
ငွေရှိုင်းသည် ကြံရာမရသည့်အဆုံးတွင် မြေအောက်ခန်းတံခါးရှေ့တွင် မှိုင်းခေါင်ကိုအဖော်ပြုပေးဖို့အထိပါ စဉ်းစားခဲ့သည်။ နောက်မှသတိရသွားသည်မှာ စာမေးပွဲမဖြေခင်က ဦးမင်းခေါင်ဦးပြောခဲ့သော "လပတ်စာမေးပွဲမှာ အဆင့်ကောင်းရင် ရှိုင်းငယ်လိုချင်တာ ဖေဖေပေးမယ်..".ဟူသော ကတိစကား.ဖြစ်သည်...။
ထို့ကြောင့် ငွေရှိုင်းသည် မိမိတွင်လည်း တခြားဆန္ဒမရှိသဖြင့် မှိုင်းခေါင်ကို မြေအောက်ခန်းထဲမှထုတ်ပေးရန်သာ တောင်းဆိုဖြစ်ခဲ့သည်။
.
.
.
"ကိုကိုဘယ်လိုလုပ်ပြီး သိသွားရတာလဲ.."
"ခန့်မှန်းကြည့်တာလေ...မှန်နေတာလား...
ဖေဖေက မင်းကို ငါ့ထက်ပိုချစ်တယ်ဆိုတာ သေချာသွားပြီပေါ့..."
တလွဲတွေ ထင်နေပြန်သော ကိုကို့ကို ရှင်းပြရန်အတွက် သက်ပြင်းမောကို အရင်ရှိုက်ထုတ်ဖြစ်သည်။
"ဖေဖေက ကျွန်တော့ကိုပိုချစ်လို့ ကျွန်တော့စကားကို
နားထောင်တာ မဟုတ်ပါဘူးကိုကိုရာ...သူက သိပ်ခေါင်းမာတယ်လေ...
ပြီးတော့ သူ့ကိုတစ်ခုခုတောင်းဆိုချင်ရင်
တောင်းဆိုသူဘက်ကလည်း တစ်ခုခုပြန်ပေးရတယ်...
အဲ့လိုမျိုး စီးပွားရေးဆန်တဲ့ ဖေဖေ့ဆီကနေ ကျွန်တော့လိုသူစိမ်းတစ်ယောက်က ဘာများအလကားရမှာလဲ...ကျွန်တော်ဖေဖေ့ကို ကိုကို့အတွက်တောင်းပန်ပေးခဲ့တာ...
မရတဲ့အဆုံးတော့ ဘာအတွက် အသုံးချရမယ်မှန်းမသိတဲ့ ကတိတစ်ခုကို ကိုကို့အတွက် သုံးခဲ့ရတာပေါ့...
ကိုကိုမှတ်မိလားတော့မသိဘူး...ကျွန်တော်အဆင့်ကောင်းရင် ကျွန်တော် လိုချင်တာပေးမယ်လို့ ဖေဖေပြောခဲ့တာလေ..."
ငွေရှိုင်းသည် ဤမျှလောက် စကားများများမပြောခဲ့ဖူးသဖြင့် မှိုင်းခေါင်၏တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေရင်း စိတ်လှုပ်ရှားနေမိသည်။
"တကယ်လို့ သူက လက်မခံရင်ရော
မင်းဘာလုပ်မှာလဲ..."
မှိုင်းခေါင်၏အသံမှာ အဖျားသတ်တွင် တုန်ယင်သွားသည်။ သို့သော်ဤသို့ဖြစ်သွားခြင်းကို သူကိုယ်တိုင်သာ သတိထားမိလေသည်။
အမြင်အာရုံတို့ကို ထမင်းလုံးများပေါ်တွင် ပို့လွှတ်ထားသော်လည်း အကြားအာရုံမှာတော့ ငွေရှိုင်းပြောမည့် စကားလုံးများထံသို့ စူးစိုက်လျှက်ရှိသည်။
"လက်မခံရင်လား....
လက်မခံရင်တော့ ငယ်ငယ်ကလိုပဲ
ကိုကို့ကို ကဗျာတွေ လာဆိုပြရဦးမှာပေါ့..."
ရယ်သံလွှမ်းသော စကားလုံးများနှင့်အပြိုင်
မျက်ရည်စများကြားမှ မှိုင်းခေါင်တစ်ယောက် ပြုံးခဲ့မိလေခြင်း....။
>>>>>>>>>>>
အင်္ဂလိပ်စာသင်သော တီချယ်လေးအနားတွင် ချစ်မြတ်နိုးမတ်တပ်ရပ်နေသည်။ ချစ်မြတ်နိုးသည် အမှတ်ခြစ်ပြီးသော စာအုပ်တစ်အုပ်ချင်းစီကို အပုံလိုက်ဖြစ်အောင် စုပြီးတော့မှ မေဆုနိုင်ကို လှမ်းခေါ်လေသည်။ ထို့နောက် တစ်ဝက်စီ အချိုးကျခွဲကာ စာအုပ်များကို စာအုပ်ပိုင်ရှင်များ၏ ထိုင်ခုံဆီသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ဝေပေးနေသည်။
အမြွှာနှစ်ယောက်၏ ဂယက်ကြောင့် ကျွန်တော်နှင့်မေဆုနိုင်တို့ကို တစ်ခန်းလုံးက စနေကြပြီဖြစ်သည်။ အခုလည်း မေဆုနိုင်က သူ့ဘာသာစာအုပ်ဝေရင်း ကျွန်တော့ဘေးကနေ ဖြတ်သွားဖြတ်လာ လုပ်နေတာကို အောင်သစ္စာဆိုတဲ့ ချာလီကောင်က မထိတထိစနေပြန်သည်။
"ဟေ့ရောင်....ဝိုင်းကူပေးလိုက်ဦးလေကွာ..
တစ်ယောက်တည်းမနိုင်မနင်းဖြစ်နေတာ...
မင်းကလည်းနေနိုင်လိုက်တာ..." ဟူ၍....။
ကျွန်တော့မှာ မေဆုနိုင်ကိုလည်း အားနာနေသည့်အပြင် ငွေရှိုင်းကိုလည်း ငဲ့ငဲ့ကြည့်မိသေးသည်။ သူဌေးသားလေးကတော့ ထိုစကားသံများကို မကြားရသည့်အတိုင်း စာငုံ့ရေးနေလေသောအခါ
စိတ်ထဲတွင် မတင်မကျဖြစ်ရသေးသည်။
ဟိုက ဘာမှလည်းဖြစ်မနေဘဲနဲ့ မင်းက ဘာတွေ ရှင်းပြချင်နေရတာတုန်း...။
အလိုမကျသော ခံစားချက်ကြောင့် စုတ်သတ်မိချိန်တွင် မေဆုနိုင်မှာ တိုက်တိုက်ဆိုင်ဆိုင်သလို ကျွန်တော့အနားသို့ရောက်လာသည်။
စာအုပ်ကို စားပွဲပေါ်မှာ တင်သွားလည်းရနေတာပါပဲ...။
တကူးတကကြီးကို နာမည်ခေါ်ပြီး လက်ထဲလာထည့်ပေးတော့ ချာလီနဲ့ဂေါ်လီတို့အကွက်ထဲ ရောက်သွားတာ တန်းနေရောပဲ။ ဆရာမကလည်း အတန်းပြင်ထွက်သွားတော့ ခုံကိုတဘုန်းဘုန်းထုပြီး အောင်ပွဲခံသလိုလုပ်နေတာ သူတို့ညီမ ယောက်ျားရသွားတဲ့အတိုင်း။
ကျွန်တော့မှာ စိတ်တွေတိုလိုက်ရတာ။ ဒါပေမယ့်.မေဆုနိုင်ကတော့ မထိတထိလေး ပြုံးနေတယ်။ မျက်လုံးမှားတယ်ထင်ပြီး သေချာပြန်ကြည့်တော့လည်း ဒီမျက်နှာနဲ့ပဲ။
ဟာ...ဒီကောင်မလေး ငါ့ကို တကယ်ကြီး ကြိုက်နေတာလားဆိုပြီး တောင်ထင်မြောက်ထင် ထင်ရင်း ထမင်းစားချိန်မရောက်ခင် ဝင်တဲ့ အတန်းချိန်တွေမှာ ဘာတွေသင်သွားမှန်းတောင် မသိခဲ့ပါဘူးဗျာ...။
.
.
.
.
.
ထုံးစံအတိုင်း ဘဲလ်တီးသံမြည်သည်နှင့် ချာလီနဲ့ဂေါ်လီတို့ ကန်တင်းသို့ အသည်းအသန်ပြေးထွက်သွားကြသည်။ တခြားသူများလည်း သုတ်သုတ်ရုတ်ရုတ်နှင့် အသီးသီးထွက်သွားကြပြီး ကျွန်တော်ကတော့ ထမင်းချိုင့်လက်ကိုင်ပေါ် မေးတင်ရင်း ငွေရှိုင်းထွက်သွားသည်အထိ စောင့်နေလိုက်သည်။
သူထွက်သွားပြီဆိုတာနဲ့ ထမင်းချိုင့်ဆွဲပြီး သူ့ အနောက်ကနေ အမှီလိုက်ဖြစ်သည်။ ဘေးချင်းယှဉ်လျှက်ရှိရမည်ကို မလိုလားသူကြောင့် ခိုးကြောင်ခိုးဝှက်လိုက်ခဲ့ရသော်လည်း ကန်တင်းရောက်မှ သူနဲ့ မျက်နှာချင်းဆိုင်ပြီး ထမင်းစားနိုင်ရမယ်ဟုတော့ တေးထားမိသည်။
ကျွန်တော့ကို လိုလားသော အပေါင်းအသင်းတွေ များပါလျှက်နှင့် အဖက်မလုပ်သူကိုမှ အောက်ကျခံပြီးလိုက်ပေါင်းနေရတာကို အောက်ကျတယ်လို့ မမြင်တော့တာ ဘာဖြစ်လို့လဲတော့ ကျွန်တော်လည်းမသိဘူး။
ကန်တင်းရောက်တော့ သူက အစားအသောက်တန်းမှာ သွားတန်းစီပြီး ကျွန်တော်ကတော့ နေရာလွတ်ရှာကာ ဝင်ထိုင်လိုက်သည်။
ဆယ်မိနစ်ခန့်ကြာသော် ....
အစားအသောက်ဗန်းအား မြဲမြံစွာ ကိုင်ဆောင်လျှက် ဟိုကြည့်ဒီကြည့်လုပ်နေသော ငွေရှိုင်းကို အလင်းဝေက လက်ပြကာ လှမ်းခေါ်လေသည်။ နေရာလွတ်လည်းမရှိသောကြောင့် အလင်းဝေထိုင်နေသော စားပွဲဝိုင်းဆီသို့ ငွေရှိုင်းလျှောက်သွားလိုက်ရသည်။
ငွေရှိုင်းတစ်ယောက် မျက်နှာချင်းဆိုင်ရှိထိုင်ခုံတွင် ဝင်ထိုင်လိုက်သောအခါ အလင်းဝေသည် မလိုအပ်ဘဲနှင့် စားပွဲခုံပေါ်ကို tissueဖြင့် လိုက်သုတ်နေသည်။
"မင်းငါ့ကို ဒီတိုင်းပဲ ထိုင်ကြည့်နေတော့မှာလား..."
ထမင်းချိုင့်ဖွင့်ဖို့လုပ်ရင်း မတော်တဆ ငေးခဲ့မိသလားမသိ။ အကြည့်ခံရသူမှ ပေါ်ပေါ်ထင်ထင်ပြောလာသောအခါတွင် ယောင်တိယောင်ကမ်းဖြစ်ကာ ဖွင့်ပြီးသားချိုင့်ကို ပြန်ပိတ်ဖို့ လုပ်ခဲ့သည်။
အလင်းဝေရာ။ မင်းဘာတွေဖြစ်နေတာလဲ ဟူ၍ပင်
ကိုယ့်ကိုယ်ကိုယ် ပြောမိသေးသည်။ မျက်နှာချင်းဆိုင် ထမင်းစားခွင့်ရသော်လည်း ပြောစရာစကား မရှိပြန်။ သက်ပြင်းတစ်ချချနှင့် ထမင်းတစ်လုတ်ပြီး တစ်လုတ်စားလိုက်သည်။
ကြီးကြီးစန်းကို "သက်ပြင်းခဏခဏချလို့ ကြီးစန်း ပိုရင့်လာတာ"ဟု ပြောခဲ့သမျှ တစ်ထိုင်တည်းနှင့် ဝဋ်လည်ကုန်ပြီ။
လုပ်လေ...။တစ်ခုခုပြောလိုက်စမ်းပါ။
ငြိမ်နေတာ... မင်းမပီသ သလိုပဲ အလင်းဝေ။
ထိုအချိန်တွင် ကံတရားက မျက်နှာသာပေးလာသဖြင့် ငွေရှိုင်းတစ်ယောက် ဂေါ်ဖီတွေကို အပိုပန်းကန်ထဲသို့ ဖယ်ထုတ်နေတာမြင်လိုက်သည်။
"အစိမ်းကြော်မှာ ဂေါ်ဖီက ငါးပုံပုံရင် လေးပုံလောက် ပါနေတာကို အဲ့တာတွေ ဖယ်ထုတ်ပစ်တော့ မင်းဘာသွားစားမှာလဲ..."
မျက်လုံးလှန်ကြည့်လာသဖြင့် မေးခွန်းကိုဖြေရန် မေးဆတ်ပြလိုက်သည်။
"ဂေါ်ဖီကမာပြီး စိမ်းတဲ့အရသာကြီးမို့လို့ မကြိုက်ဘူး..."
ဒီလောက်ကောင်းတဲ့ အသီးအရွက်ကို မကြိုက်တဲ့သူလည်းရှိသေးတာလား....။
အလင်းဝေသည် ရေတစ်ငုံသောက်လိုက်လေသည်။ ထို့နောက် ချောင်းတစ်ချက်ဟန့်လိုက်သည်။
"စိမ်းတဲ့အရသာကို မကြိုက်ဘူးဆိုရင်
ငါ့ကိုရော ဘာလို့စိမ်းနေတာလဲ..."
"ထမင်းစားရမှာလား..မင်းမေးတာတွေကိုပဲ ထိုင်ဖြေနေရမှာလား..."
ဟုတ်တာပေါ့။ မေးသမျှမေးခွန်းတိုင်းကို ပြန်ဖြေနေရင် ငွေရှိုင်းဘယ်ဟုတ်တော့မလဲ။ သူ့နေရာမှာ
ချာလီ၊ဂေါ်လီတို့သာဆိုရင် ကျွန်တော်နဲ့ နပန်းထသတ်နေတာကြာပြီ။
ဒါပေမယ့် ဟိုကောင်တွေနဲ့ငွေရှိုင်းက မတူဘူးလေ...။
"မဖြေချင်လည်း မဖြေပါနဲ့...သူဌေးသားလေးရယ်
အဲ့ဂေါ်ဖီတွေကို မင်းမစားရင် ငါ့ကိုကျွေးလို့ရတယ် ငါက ဂေါ်ဖီသိပ်ကြိုက်တာ..."
"ဟုတ်လား...ဒါဆိုလည်းယူလေ..."
ဂေါ်ဖီတွေကို မမြင်ရရင်ပြီးရော ဟုတွေးနေခဲ့သည်လားမသိ အပိုပန်းကန်ကို ချက်ချင်းတွန်းပေးလာသည်။ အပုံလိုက်ဖြစ်နေသော ဂေါ်ဖီတွေကို ထမင်းကုန်သွားပြီဖြစ်၍ အစိမ်းသက်သက်ဝါးစားနေရင်းမှ စချင်စိတ်ပေါ်လာသည်။
ဂေါ်ဖီမကြိုက်တဲ့သူကို ဂေါ်ဖီကျွေးလိုက်ရင် ဘာဖြစ်မှာလဲ...။
ဒီမေးခွန်းရဲ့အဖြေကို ကျွန်တော်မသိချင်။ စိတ်ထက်အပြုအမူက ပိုမြန်လေသောအခါ သူပါးစပ်ဟသည်နှင့်အံကိုက် ဂေါ်ဖီဖတ်ကို ထိုးကျွေးလိုက်သည်။
မျက်မှောင်များကြုတ်သွားခြင်းနှင့်အတူ ပြန်ထွေးထုတ်မည်ဟု ထင်လိုက်သော်လည်း ပါးစပ်ထဲတွင် ဘာမှမကျန်သည်အထိ တဖြည်းဖြည်းချင်း ဝါးစားနေသည်ကို တွေ့ရလေသည်။ ထို့နောက် ရေသောက်ချလိုက်သည်။
"မင်းပြောတော့မကြိုက်ဘူးဆို ဘာလို့ထွေးမထုတ်တာလဲ..."
"အစားအသောက်ကို မဖြုန်းတီးရဘူး...
ပါးစပ်ထဲရောက်လာမှတော့ ဝါးစားရုံပဲပေါ့"
"ဒါဆို ဘာလို့ဖယ်ထုတ်နေသေးလဲ...အဲ့တာလည်း ဖြုန်းတီးတာပဲမဟုတ်ဘူးလား..."
မေးခွန်းတွေက မကုန်နိုင်သေးဘူးလား
ဆိုသည့်အကြည့်ဖြင့် ကြည့်နေလေသည်။
ဒါကတော့ သက်သက်ရစ်နေတာမဟုတ်ဘူး။
ကျွန်တော်လည်း တကယ်သိချင်လို့။
"ငါမစားပေမယ့် ကျောင်းရှေ့မှာရှိတဲ့ ခွေးလေးတွေ စားလို့ရအောင်ပေါ့...ငါတို့အတွက်က ပေါနေတယ်လေ..
သူတို့ကတော့ နေ့တိုင်းစားချင်မှစားရမှာ..."
စိတ်ကောင်းကတော့ရှိသား...။ ဒါပေမယ့် သူပြောတဲ့စကားက ကျွန်တော့ကို နင်သွားစေတယ်။
"အဲ့တာဆိုငါက ခွေးလေးတွေရဲ့အစာကို လုစားမိတာပေါ့..."
"အဲ...ငါ အဲ့လိုဆိုလိုတာမဟုတ်..."
ဖြေရှင်းရခက်နေပုံကိုကြည့်ရင်း အသံထွက်၍ရယ်မိလေသောအခါ ငွေရှိုင်းမျက်နှာသည်လည်း ပြုံးယောင်သမ်းလာသည်။ မထင်မှတ်ဘဲ မြင်လိုက်ရသော ငွေရှိုင်း၏အပြုံးငယ်ကြောင့် အလင်းဝေသည် မိမိရဲ့ကျဆင်းသွားသော သိက္ခာများကိုပင် အဖက်မဆည်ချင်တော့။
အစောပိုင်းကတည်းက စောင့်ကြည့်နေသူ တစ်စုံတစ်ယောက်မှာတော့ ထိုမြင်ကွင်းကြောင့် ဒေါသထွက်သွားပုံရသည်။
ထိုဒေါသမီးပွားစမှာ ကာယအချိန်တွင်
တဟုန်းဟုန်းတောက်လောင် လာပေတော့သည်။
.
.
.
.
.
ငွေရှိုင်းရောက်နေသည့်နေရာမှာ အားကစားရုံ၏ ဘတ်စကတ်ဘောကစားသည့် ခန်းမတွင်ဖြစ်သည်။ ရန်ပွဲဟု သတင်းလာရာနေရာမှာ ဘောလုံးကန်သည့် ဖူဆယ်ကွင်းတွင်ဖြစ်သည်။ အားကစားရုံ၏ ဘေးဘက်တွင် ရှိနေသောကြောင့် သတင်းကြားကြားချင်း ခပ်မြန်မြန်ပြေးသွားလိုက်သည်။
ဖြစ်ပုံမှာ ဘတ်စကတ်ဘောခန်းမတွင် တခြားသူများကစားနေသည်ကို ထိုင်ကြည့်နေစဉ်တွင် အမြွှာထဲမှတစ်ယောက် ပြေးဝင်လာပြီး
"ဖူဆယ်ကွင်းထဲမှာ ငါတို့ရဲ့သခင်လေးနဲ့ အလင်းဝေ ထိုးကြိတ်နေကြတယ်..." ဟူ၍ ပြောသွားခြင်းဖြစ်သည်။
သခင်လေးဆိုသည်မှာ မှိုင်းခေါင်ဝေဦး၏ နာမည်ပြောင်ဖြစ်သည်။ ငွေရှိုင်းသည် အစောပိုင်းကလေးတင် အလင်းဝေကို မြင်မိပါသေးတယ်ဟု တွေးနေရင်း ကျောင်းသူ၊ကျောင်းသားများ ပြေးထွက်သွားရာနောက်သို့ လိုက်သွားခဲ့သည်။
ရန်ပွဲမှာ ဘယ်ကစဖြစ်မှန်း ဘယ်သူမှမသိကြ။ ကွင်းထဲတွင် မှိုင်းခေါင်ဝေဦးက အလင်းဝေကို ထိုးလိုက်သည့်အချိန်၌ ကျောင်းသားတစ်ယောက်မြင်သွားပြီး ဆရာမတွေကိုပါ သွားခေါ်ပုံရသည်။
ငွေရှိုင်းတို့ရောက်သွားတော့ အပြင်ဘက်တွင် ကျောင်းသားတွေ စုစုရုံးရုံးနှင့် အထဲသို့ကြည့်နေကြသည်။ ဖူဆယ်ကွင်းထဲတွင် မှိုင်းခေါင်ဝေဦးနှင့် အလင်းဝေတို့နှစ်ယောက်အပြင် ဆရာမသုံးယောက်နှင့်အတူ ကျောင်းအုပ်ကြီးပါရှိနေသည်။
အလင်းဝေကတော့ ဘယ်ဘက်ပါးပြင်ကို လက်ဖဝါးနှင့် အုပ်မိုးထားသည်။ မှိုင်းခေါင်ဝေဦးတွင် ထိခိုက်ဒဏ်ရာမရှိ။ ထိုကြောင့်ဤရန်ပွဲမှာ အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်ရုံသက်သက်ဟုပင် ကျောင်းသားအများစုက ယူဆနေကြသည်။
ပါးစပ်ဖွာပုံရသော ကျောင်းသားတစ်ယောက်သည် နောက်မှရောက်လာသူများကို အာပေါင်အာရင်းသန်သန် ပြောပြနေသည်။
"ဆရာမတွေက ဘာကြောင့်ရန်ဖြစ်ရတာလဲလို့ မေးတာကို နှစ်ယောက်စလုံးမဖြေကြဘူး...ကျောင်းအုပ်ကြီး
မေးတာတောင် မဖြေလို့ အခုမိဘတွေကို ရုံးခန်းခေါ်မယ်တဲ့...ငါတို့သခင်လေးကလည်း သိပ်မကြာခင်ကတင် ရုံးခန်းခေါ်တွေ့ခံရတာကို အခုနောက်တစ်ခေါက် ထပ်ခေါ်ခံရပြန်ပြီ....
သတင်းသဲ့သဲ့ကြားမိတာက သူနဲ့ရန်ဖြစ်တဲ့ကောင်လေးအဖေက founderရဲ့ မန်နေဂျာတဲ့...အဲ့တော့မင်းတို့ရော ဘယ်လိုထင်လဲ...ငါကတော့ သူတို့မိဘတွေကြားမှာုပြဿနာတစ်ခုခုရှိနေတာကြောင့် ဖြစ်မယ်လို့ထင်တယ်..."
ထိုကျောင်းသားစကားကို အတော်များများ ထောက်ခံကြသည်။ ငွေရှိုင်းသည် အကြောင်းအရင်းမှန်ကို သေချာမသိဘဲ စိတ်အထင်ဖြင့် ခန့်မှန်းပြောဆိုနေကြသူများထံမှ ထွက်လာခဲ့သည်။
ရုံးခန်းထဲသို့သွားကြည့်ချင်သော်လည်း နောက်တစ်ချိန်သို့ပြောင်းသွားပြီ ဖြစ်သောကြောင့် လူစုနေသောကျောင်းသားများ ကိုယ့်အတန်းကိုယ် ပြန်ကြရပြီဖြစ်သည်။ စာသင်ချိန်တစ်လျှောက်လုံးတွင် ငွေရှိုင်းသည် နံဘေးရှိ နေရာလွတ်ကလေးကိုသာ ငေးကြည့်နေမိသည်။
ကိုကိုက ဒေါသထွက်လွယ်သူတစ်ယောက်ဆိုပေမယ့် သူ့ကိုရန်လာစမှ တုံ့ပြန်တတ်သူမျိုးပါ။ ဒါဆိုရင်အလင်းဝေက ကိုကို့ကိုရန်စခဲ့တာလား...။ ပြီးတော့ ပြန်ထိုးခဲ့သေးလား...။
ထို့နောက် အတွေးများက ရောက်တတ်ရာရာ...။ ရုံးခန်းထဲတွင် ဘယ်လိုအခြေအနေရှိလဲဆိုတာလည်း သိချင်လှသည်။ ဆရာမကိုခွင့်တောင်းကြည့်တော့ ငွေရှိုင်းကို အတန်းထဲမှာသာ နေခိုင်းသည်။ ဖေဖေနဲ့ သူ့မန်နေဂျာ ကျောင်းကိုရောက်နေပြီဟုတော့ ဆရာမပြောပြ၍သိရသည်။ ဒီထက် ပို၍မသိရ။
ငွေရှိုင်းတင်မကပါ။ ရုံးခန်းထဲက အခြေအနေကို လူတိုင်းသိချင်နေကြသည်။
ဖေဖေစိတ်မထိန်းနိုင်ဘဲ ကိုကို့ကိုရိုက်လိုက်လေမလား။ ကျောင်းအုပ်ဆရာမကြီးကရော ရန်ဖြစ်သည့် ကျောင်းသားနှစ်ယောက်ကို ဘယ်လိုအရေးယူမှာလဲ။ အဓိကသိချင်ရတာကတော့ သူတို့နှစ်ယောက် ဘာကြောင့် ရန်ထဖြစ်ရသလဲဟုပင်။
ငွေရှိုင်းသည် အတွေးများစွာနှင့် နေမထိ၊ထိုင်မသာဖြစ်နေလျှက်...။
ရုံးခန်းထဲရှိ အခြေအနေမှာတော့ ဆွဲဆန့်ထားသည့်
သရေကွင်းကဲ့သို့ တင်းမာနေသည့်ကြားမှ ပြတ်ထွက်လုအံ့ဆဲဆဲ။
>>>>>>>>>>>>>>>>>>>>>>>>>
AN/
ရေးနေရင်းနဲ့စာလုံးရေ ရှစ်ထောင်ကျော်သွားတယ်။
အလင်းဝေက ပေါ်လာတော့လည်း ရန်ပွဲနဲ့။
ပုံ/
မင်းတို့ကို အမြဲအလိုလိုက်ချင်သူ
Love you all😘
Han_Me
(31.8.2020)