လပတ်စာမေးပွဲကြောင့် pressure ပိနေရချိန်တွင် မိမိ ခေါင်းထဲသို့ ဝင်ရောက်လာသော အတွေးများသည် ဦးနှောက်နှင့်နှလုံးသားကို ခပ်နာနာ ဖိနှိပ်နေခဲ့၏။
စာအုပ်တစ်အုပ်ကို ကိုင်လိုက်တိုင်း လေလွင့်သွားသော စိတ်တို့ကို နာကျည်းစွာဖြင့် တောက်ခတ်မိသည်။
ဒီနေ့လည်းစာကျက်ဖို့ စိတ်မပါပြန်...။
ခါတိုင်းဆိုလျှင် ငွေရှိုင်း၏အခန်းတွင် ရှိနေဖြစ်သော်လည်း စာမေးပွဲရှိနေသည့်ကလေးကို မိမိကြောင့် အနှောင့်အယှက်ဖြစ်မည်စိုး၍ ခြံထဲရှိ အမှောင်ရိပ်တွင်သာ ထိုင်နေရန် ရွေးချယ်ခဲ့သည်။
ဆိတ်ငြိမ်လှသော ပတ်ဝန်းကျင်သည် မှိုင်းခေါင်၏အတွေးများကို ပြန့်ပွားစေရန် ပိုမိုထောက်ကူပေးလေသည်။ ငွေ့ရည်မိုးစံအိမ်သည် တောကြီးမျက်မည်းထဲတွင် ဆောက်ထားသော ရဲတိုက်တစ်လုံးကဲ့သို့ မှိုင်းခေါင်၏မျက်လုံးထဲတွင် အထီးကျန်ဆန်စွာရှိနေသည်။
ကောင်းကင်သည်ပင် မှိုင်းခေါင်ကို အဖော်ပြုနေခြင်းမရှိ...။ လမင်းကြီး၏ အလင်းရောင်တစ်ဝက်သည်သာ ထွန်းလင်းနေ၍ မှိန်ပျနေသော အနက်ရောင်ကောင်းကင် မျက်နှာပြင်တွင် ကြယ်ကလေးတွေသည်လည်း လင်းလင်းလက်လက် ရှိမနေပေ။
ဤကဲ့သို့ ရှုချင်ဖွယ်မကောင်းသော ပတ်ဝန်းကျင်နှင့် မှိုင်းခေါင်၏ ယှဉ်တွဲနေမှုမှာ ပနံသင့်စွာရှိနေမည်လား။
အထီးကျန်ဆန်နေသူ တစ်ယောက်နှင့် အထီးကျန်နေသော ပတ်ဝန်းကျင်ဟာ ပန်းချီကားတစ်ချပ် ဖြစ်ခဲ့လျှင် ယခုကဲ့သို့ အရုပ်ဆိုးမနေဘဲ လှပနိုင်ပါ့မလား...ဟု မှိုင်းခေါင်စဉ်းစားမိတော့ မိမိဝါသနာကိုပါ ချိုးနှိမ်ထားဖို့ တွန်းအားပေးနေသူကို သွားသတိရမိသည်။
စိတ်ဆိုးဒေါသထွက်ပေမယ့် ဘာမှတုံ့ပြန်ခွင့်မရှိတာ
သားသမီးတိုင်းရဲ့ အားနည်းချက်တစ်ခုပဲလား....။
ဒါမှမဟုတ် ဝါသနာကို ပိတ်ပင်ခံရတာက သားသမီးတိုင်း ကြုံတွေ့နေရတာမျိုးမဟုတ်ဘဲ မှိုင်းခေါင် တစ်ယောက်တည်းမှာမှ လာဖြစ်နေတာလား...။
စိတ်ထဲတွင် ခပ်ဟဟကျိတ်ရယ်နေမိစဉ် စံအိမ်ထဲမှ ထွက်လာသည့် ပုံရိပ်သေးသေးလေးတစ်ခုကို မှိုင်းခေါင်လှမ်းမြင်လိုက်ရသည်။ တဖြည်းဖြည်းနီးကပ်လာပြီး မှိုင်းခေါင်အနားတွင် ထိုင်ချလိုက်သော ပုံရိပ်ကလေးသည် မှိုင်းခေါင်ကို အထီးမကျန်စေသော ပုံရိပ်ငယ်လေးဖြစ်သည်။
ထိုပုံရိပ်ငယ်လေးကို မှိုင်းခေါင်က ရှိုင်းငယ်ဟုခေါ်လေသည်။
"ကိုကို ထိုင်နေတာတွေ့လို့...ဆင်းလာတာ" တဲ့။
မှိုင်းခေါင်ထင်နေခဲ့တာက ရှိုင်းငယ်သည်လည်း မိမိအနားမှာ ရှိမနေချင်သူတွေထဲတွင် ပါနေလိမ့်မည်ဟု...။
ပြီးတော့ ပြောပါသေးတယ်...။
"စာမေးပွဲနီးပြီမို့...စာကျက်သင့်တယ်..." တဲ့။
ကိုကိုစာမေးပွဲကျမှာကို စိုးရိမ်လို့လားဆိုတဲ့ စကားထက် ဆရာလာလုပ်နေတာလားလို့ ပြောထွက်သွားမိတော့ ပျာပျာသလဲနဲ့ပြန်ဖြေပုံက အသက်ကြီးလာပြီးနောက်ပိုင်းမှာ ထပ်မကြားရတော့တဲ့ သူ့ကိုယ်သူသုံးနှုန်းတဲ့ အခေါ်အဝေါ်လေးနဲ့...။
ရယ်မောမိသည့်အပြင် ရှိုင်းငယ်ဘေးတွင် ဆက်မထိုင်နိုင်တော့သည်အထိ ပင်ကိုယ်စိတ်ရင်းက ပေါ်လာသည်။ အမြဲတမ်း.ဒေါသထွက် နေခဲ့သော အဖေမတူ အမေကွဲ အစ်ကို၏ အမှတ်မထင် ယုယမှုတချို့တလေနဲ့တင် သူ့အပေါ်တွင် မှိုင်းခေါင်ပေးခဲ့သော ခပ်ကြမ်းကြမ်းစကားနှင့် အပြုအမူတို့ကို မေ့ပျောက်လိုက်နိုင်သည့် နူးညံ့သောနှလုံးသားနှင့် ရှိုင်းငယ်...။
ဒီကောင်လေး နှလုံးသားက နူးညံ့နေလွန်းလို့ မှိုင်းခေါင်မဟုတ်တဲ့ တခြားတစ်ယောက်က ထပ်ပြီး ဖျက်ဆီးပစ်လိုက်မှာကို ဘယ်လောက်တောင် စိုးရိမ်နေရလဲ။
အဲ့တာကြောင့် အများအမြင်မှာ(အထူးသဖြင့် အလင်းဝေရဲ့အမြင်မှာ) ရှိုင်းငယ်ကို မှိုင်းခေါင်ရဲ့ နယ်ရုပ်ကလေး တစ်ရုပ်အဖြစ် မြင်နေစေမိပြီလား...။
"သားလို့ပြောသံလေး မကြားရတာ ဘယ်လောက်ကြာခဲ့ပြီလဲ ...."
တိုးညှင်းသည်ထက် ပို၍တိုးညှင်းသောအသံဖြင့် ရေရွတ်မိခဲ့သည်။
အနောက်မှလိုက်လာသော ကလေးငယ်ကို
*ကိုကို... ရှိုင်းငယ်ကို အမြဲတမ်း မမုန်းနိုင်ပါဘူး..* လို့
တစ်ခါတလေတော့ ပြောပြချင်မိသား...။
>>>>>>>>>>>>>>>>>>
လပတ်စာမေးပွဲဖြေရမည့်နေ့သို့ ရောက်လာလေပြီ။
တစ်ရက်တစ်ဘာသာနှုန်းနှင့် ဖြေရသောကြောင့် ပိုနေမည့် ကျောင်းချိန်များတွင် စာကျက်ရန် နောက်တစ်နေ့ဖြေဆိုရမည့် ဘာသာအတွက် လိုအပ်သည့်စာအုပ်များသာ ထည့်သွားရမည် ဖြစ်သော်လည်း အလင်းဝေ၏ ကျောပိုးအိတ်မှာ အဆမတန်ဖောင်းနေသောကြောင့်...
"နောက်ဆုံးဘာသာအထိ ကျက်ဖို့
စာအုပ်တွေ အကုန်လုံးသယ်လာတယ်လို့ သူများတွေက ထင်နေဦးမယ် ကလေးရယ်...." ဟု ကြီးကြီးစန်းက ပြောလေသည်။
အလင်းဝေသည် ရယ်ကျဲကျဲနှင့်
"ကြီးစန်း သားကိုမရွဲ့ပါနဲ့...
ကြီးကြီးမသိလို့ဗျ... စာကျက်ရင် ဗိုက်က တအားဆာတာ...
တီချယ်တွေက အိမ်ပြန်မလွှတ်ဘဲ ကျောင်းမှာ တစ်ခါတည်းကျက်ခိုင်းတော့...ကိုယ့်ရိက္ခာကိုယ်
သယ်သွားရတာပေါ့..."
ကြီးကြီးစန်းသည် အလင်းဝေကိုပြုံးပြီးတော့သာ ကြည့်နေတော့သည်။ ထို့နောက် စာမေးပွဲဖြေရာတွင် လိုအပ်သည့်ပစ္စည်းများ မေ့ကျန်ခဲ့မည်စိုး၍ ခဏခဏသတိပေးနေလေသည်။
"အဖေတို့များတော့ ကိုယ့်သားလေး စာမေးပွဲဖြေရမယ်မှန်းသိတာတောင် ဖုန်းတစ်ချက်ဆက်ပြီး အားပေးစကားမပြောဘူး...
ကြီးကြီးစန်းသာမရှိရင် သားက ဒီလောကကြီးမှာ
တကယ် တစ်ကောင်တည်းပဲသိလား..."
နံပြားကို အပိုင်းကြီးကြီးဖဲ့၍ ပဲပြုတ်များများထည့်လိပ်ကာ ပါးစပ်ထဲသို့ ထိုးထည့်ပြီး အားရပါးရစားရင်း မြန်မာစာ noteစာရွက်ကို ကြည့်နေလိုက်သည်။ သို့သော်လည်း မျက်လုံးထဲတွင် စာလုံးတွေဘာမှမမြင်။ မျက်ရည်ပါ ဝဲလာသောကြောင့် မျက်တောင်အမြန်ပုတ်ခတ်ပစ်ရသည်။
ကြီးကြီးစန်းကတော့ စိတ်သက်သာရာရအောင် ပြောရှာပါသည်။
"အော်...ကလေးရယ်...အစ်ကိုကြီးက ကြီးကြီးကိုတော့ သူ့သားလေးကို ဂရုစိုက်ပေးဖို့ပြောပါတယ်...
သူ အလုပ်မအားတာကိုတော့ ကလေးကပဲ
နားလည်ပေးလိုက်ပါ..."
"သားက တစ်ဖက်ပိတ်ဝါဒီသမား မဟုတ်ပါဘူး ကြီးကြီးရယ်...ဒါပေမယ့် ဖုန်းလေးဆက်ဖို့တောင် အချိန်မရှိတာကိုတော့ နားမလည်နိုင်လွန်းလို့..."
"ကားပိတ်မှာစိုးလို့ အိမ်ကနေ
စောစောထွက်လိုက်တော့မယ် ကြီးကြီး..."
ကြီးကြီးစန်းတစ်ယောက် ပြန်ပြောရန် ဟန်ပြင်နေသော်လည်း စကားစဖြတ်လိုက်သည်။ အိမ်မှာခံစားရတဲ့ သောကစိတ်တွေကို စာမေးပွဲခန်းထဲအထိ အလင်းဝေသယ်မသွားချင်ပါ။
.
.
.
.
.
.
.
စာမေးပွဲခန်းထဲဝင်ရမည့်အချိန်ထက် တစ်နာရီခွဲလောက် စောရောက်သွားသောကြောင့် ကားထဲတွင်သာ စာပြန်ဖတ်နေလိုက်သည်။ အလင်းဝေသည် စာမေးပွဲနားနီးမှ စာသေချာကျက်ဖြစ်သော်လည်း အလယ်အလတ်အဆင့်နှင့် ဘိတ်ဆုံးအဆင့်ဆီသို့ မျက်စောင်းပင် လှည့်မထိုး...။ ဉာဏ်ကောင်းသောကြောင့် ထိပ်ဆုံးအဆင့်၌သာ အမြဲရှိနေတတ်သည်။
နာရီဝက်အလိုကျမှ ပစ္စည်းတွေပြန်စစ်ပြီး စာမေးပွဲဖြေရမည့်အခန်းသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။ လှေကားပေါ်တက်လာရင်း လှေကားထိပ်တွင် ချာလီနှင့်ဂေါ်လီတို့ အမြွှာနှစ်ယောက်နှင့်တိုးသည်။
ဒီရက်ပိုင်းတွင် လူတိုင်းလိုလို pressureပိနေကြ၍ အမြွှာနှစ်ယောက်စလုံး ကျွန်တော့ကို စိတ်တိုအောင် လုပ်ဖို့မေ့နေပုံရသည်။ ကျွန်တော်ကတော့ စာရွက်ကိုယ်စီကိုင်ကာ အသည်းအသန်ကျက်နေကြသော သူတို့ပုံစံကိုမြင်ပြီးစချင်လာသဖြင့် သူတို့အနားတွင် မတ်တပ်သွားရပ်လိုက်သည်။
"မောင်အောင်သစ္စာနဲ့ မောင်နောင်သစ္စာ မင်းတို့က...အခုမှ အသည်းအသန်ကျက်နေကြတာ...
လူမြင်ကောင်းအောင်လို့လား.စာမေးပွဲခန်းထဲဝင်ဖို့ ဆယ့်ငါးမိနစ်ပဲလိုတော့တယ်...ကျက်မနေနဲ့...ကျမှာက ကျမှာပဲ...."
နှစ်ယောက်စလုံး လက်ခလယ်ပြိုင်တူထောင်ပြကြသည်။ ညီအစ်ကိုနှစ်ယောက်စလုံး စကားပြန်ပြောဖို့တောင် အချိန်မရှိဖြစ်နေကြသည့်အတွက် သူတို့ကိုဟားတိုက်ရယ်ပြီး ထွက်လာခဲ့တော့ စာမေးပွဲခန်းရှေ့တွင် ငွေရှိုင်းကိုတွေ့သည်။
စာအုပ်ကလေးကိုင်ပြီး ပါးစပ်ကလည်း တတွတ်တွတ်ရွတ်နေသေးတာ...။
အနားသွားပြီး အမြွှာနှစ်ယောက်ကိုပြောသလို ပြောမည်ပြုသော်လည်း တကယ်တမ်းကျ မိမိနှုတ်မှ ထွက်လာသည့် စကားတို့မှာ....
"အခုအချိန်အထိ စာအုပ်နဲ့မျက်နှာမခွာသေးတာ...
ကျောင်းသားသစ်လေးက အဆင့်တစ်ကို သိမ်းကျုံးယူတော့မလို့လား..." ဟူ၍။
ကိုယ့်ကိုယ်ကိုယ်လည်း သဘောကျ၍ စိတ်ထဲမှရေရွတ်မိခဲ့သည်။
*ကွာလိုက်တာ...။ မင်းရဲ့မျက်နှာလိုက်ချက်ကတော့ လွယ်မနေဘူးအလင်းဝေ...*
ငွေရှိုင်းကတော့ တစ်ချက်သာမော့ကြည့်ပြီး စာပြန်ကျက်နေသည်။ စာထဲတွင်အာရုံစိုက်နေသူကို မနှောင့်ယှက်ချင်တော့သောကြောင့် စာမေးပွဲခန်းထဲသို့ ဝင်ရမည့်အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်သည်။
အချိန်ကျလာသောအခါ ကျောပိုးအိတ်များကို အပြင်ဘက်တွင် ထားပေးထားသော စားပွဲခုံများပေါ်တွင်တင်ခဲ့ပြီး စာမေးပွဲခန်းထဲသို့ အသီးသီးဝင်လာကြသည်။
ကျွန်တော့ခုံနံပါတ်ရှိနေသော နေရာမှာ အခန်းရဲ့ အနောက်ဆုံးတွင်ဖြစ်သောကြောင့် ကျေနပ်သွားသည်။ အရှေ့ဆုံးတန်းမှာဆိုရင် ဆရာမတွေက စာဖြေတာကို ခဏခဏလာကြည့်နေရင် ဖြေရတာ အာရုံမရတော့ဘူးလေ။
ငွေရှိုင်းကတော့ ကျွန်တော်နဲ့ မျက်စောင်းထိုးနားလောက်မှာ...။ ကျွန်တော့ရှေ့မှာက မေဆုနိုင်။ ဘေးနှစ်ဖက်မှာကတော့ ကျွန်တော့ရဲ့ရေစက်ဆိုးတွေဖြစ်တဲ့ အမြွှာနှစ်ယောက်ဖြစ်သည်။
ကျွန်တော့ရဲ့ဘဝက ပဲကြီးလှော်ကြားညှပ်နေတဲ့ ဆားပွင့်လေးလား..၊ ပေါင်မုန့်နှစ်ချပ်ကြားညှပ်နေတဲ့ အသားဖတ်ကလေးတွေလား...မသိ။ သေချာသည်ကတော့ ဒီနှစ်ယောက်အလယ်မှာ ရှိနေရတယ် ဆိုတာနှင့် ဆားပွင့်ဖြစ်ဖြစ်၊ အသားဖတ်ပဲဖြစ်ဖြစ် ကောင်းစရာအကြောင်း မရှိတော့ဘူးလေ။
*အဝါးခံရမှာက အဝါးခံရမှာပဲပေါ့....*
ကံကောင်းတယ်လို့ ထင်နေသော်လည်း ကံဆိုးမှုက ခြေထောက်လေးချောင်းနဲ့ ဝင်လာပြီး မျက်နှာတွေလည်း တူနေကြသည်။
ကျွန်တော့ရဲ့ စာမေးပွဲ ခြောက်ရက်တာလေးဟာ
အကြီးအကျယ် ကံဆိုးမိုးမှောင်ကျတော့မှာပဲ..။
.
.
.
တော်သေးသည်က စာမေးပွဲဖြေနေစဉ်တစ်လျှောက်လုံး အခန်းစောင့်ဆရာမတွေက ကျွန်တော်တို့ အနောက်နားတစ်ဝိုက်မှာ တစ်ဝဲလည်လည်ဖြစ်နေပေးတာ။
ပြောရရင် ဟိုနှစ်ယောက်ဆီမှာ စာအမေးခံရတော့မယ်ထင်လို့ စိတ်အိုက်နေခဲ့တာက တီချယ်တွေကြောင့် အေးမြသွားရတယ်ပေါ့...။
အစောတုန်းက တီချယ်တွေ ခဏခဏလာကြည့်နေလို့ အာရုံနောက်တယ်လို့ ဒီစိတ်ကြီးနဲ့တွေးခဲ့တာပဲ...။ အခုတော့ ကန်တော့၊ကန်တော့လို့ စိတ်ထဲကပဲ ပြန်တောင်းပန်လိုက်ရတယ်။
စာမေးပွဲဖြေနေစဉ်မှာလည်း ငွေရှိုင်းထံသို့ အကြည့်ရောက်ရောက်သွားမိသည်။ မြင်နေရသော မျက်နှာတစ်ခြမ်းနဲ့ အဖြူရောင်ကျောပြင်တို့ ငြိမ်းအေးနေသည်ကိုတွေ့ရတော့ ကျွန်တော်လည်း ပြုံးမိသလိုပင်။
ပြိုင်ဘက်ရယ်လို့မတွေးမိဘဲ သူ့ကိုလည်း ဖြေနိုင်ပါစေလို့ ဆုတောင်းပေးနေမိခြင်းကို ကျွန်တော့စိတ်က သူငယ်ချင်းကောင်း ပီသ၍ဟုသာ မှတ်ယူလိုက်သည်။
သူကတော့ သူငယ်ချင်းမဖြစ်ချင်သေးပေမယ့်
အသွားအပြန်ဆိုတာ နေရာတိုင်းမှာ ရှိနေတာပဲမဟုတ်လား။
.
.
.
.
.
.
.
စောစောဖြေပြီးနေသော အလင်းဝေသည် အချိန်မပြည့်မချင်း ပျင်းရိလေးတွဲစွာ ထိုင်စောင့်နေရသည်။ အနောက်ဘက်မှကြည့်လျှင် တစ်ယောက်ချင်းစီကို မြင်နေရသောကြောင့် ထိုသူတို့၏အပြုအမူများကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင်...
အလင်းဝေလို စောစောပြီး၍ ထိုင်နေသူလည်းရှိသည်။
ချာလီ၊ဂေါ်လီတို့လို စာမရ၍ ခေါင်းမှောက် အိပ်နေသူလည်းရှိသည်။ ချစ်မြတ်နိုးနှင့်ငွေရှိုင်းတို့လို စာရွက်ကို ဖွတ်ဖွတ်ညက်ညက် ကြေသည်အထိ အပြန်ပြန်အလှန်လှန် စစ်နေကြသော ပုဂ္ဂိုလ်များလည်းရှိသည်။ အချိန်ပြည့်သည်အထိ ရေးမပြီးနိုင်သော မေဆုနိုင်ကဲ့သို့ သူများလည်းရှိလေသည်။
"ဆယ်မိနစ်ပဲ လိုတော့တယ်နော်...."
ဆရာမ၏သတိပေးသံကြောင့် မပြီးသေးသည့် ပုဂ္ဂိုလ်များ ပို၍ အလျင်စလို ဖြစ်လာကြသည်။ အဖြေစာရွက်အပ်ချင်နေသည့် အလင်းဝေလိုလူကတော့ ဆယ်မိနစ်ကိုပင် ကြာလွန်းသည်ဟု ထင်နေသည်။
သို့သော်လည်း ဆယ်မိနစ်လွန်သောအခါ ဖြေပြီးခဲ့သော ဘာသာအတွက် စိုးရိမ်စိတ်လျော့သွားရလေပြီ။ နောက်ရက်ဖြေမည့် ဘာသာအတွက် ကျက်ရမည့်စာအုပ်များနှင့် အလုပ်ရှုပ်နေစဉ်
မေဆုနိုင်က အလင်းဝေ၏ မျက်လုံးထဲသို့ ဝင်လာသည်။
ဆရာမသည် အလင်းဝေတို့အား နေရာမပြောင်းခိုင်းသောကြောင့် စာမေးပွဲဖြေစဉ်က အတိုင်းပင် ထိုင်နေကြရသည်။ အလင်းဝေ၏ အရှေ့ထိုင်ခုံတွင် မေဆုနိုင်တစ်ယောက် စာထိုင်ကျက်နေတုန်းက အကောင်း။
သူမ ထလိုက်တော့မှ မိန်းကလေးတစ်ယောက်ရဲ့ သဘာဝအရ စွန်းထင်းမှုကို မြင်လိုက်ရသော အလင်းဝေသည် ဒီအတိုင်း မသိချင်ယောင်ဆောင် မနေနိုင်တော့ပေ။
တခြားယောကျ်ားလေးတွေ တွေ့သွားခဲ့ရင် "မနီမနီထထ ထထနီမနီမ"ဆိုပြီး စနေကြမည်ကို အလင်းဝေတစ်ယောက် မြင်ယောင်မိသေးသည်။
အရင်နှစ်ကတောင် ကောင်မလေးတစ်ယောက် အဲ့လိုမျိုးစခံလိုက်ရလို့ ငိုသွားတာပဲကြည့်။ မကောင်းတဲ့ကောင်တွေဆိုတာ နေရာတိုင်းမှာရှိနေကြတာ။
အိမ်မှာလည်း ကြီးကြီးစန်းရှိနေတာမို့ ဒီလိုကိစ္စမျိုးမှာ အလင်းဝေအတွက် မထူးဆန်းတော့ပေ။ သူသည် ပြောရန်လည်းအခက်၊ မပြောပြန်ရင်လည်း အခက်နှင့်မို့ ချစ်မြတ်နိုးကိုသာ တိုးတိုးတိတ်တိတ် သွားပြောရလေသည်။
စကားနှင့်မပြောချင်၍ စာရေးပြီး ပြောပြလိုက်သည်။ ချစ်မြတ်နိုးသည် အလင်းဝေ၏စာအုပ်ကို ယူဖတ်ပြီးသည်နှင့် မျက်မှောင်ကြုတ်၍ စိုက်ကြည့်လာသည်။
"ဟဲ့....နင်ငါ့သူငယ်ချင်းကို
လိုက်ကြည့်နေလို့ အဲ့တာတွေ့တာမလား...."
*ဖွီး.....ပြောစမ်းပေါက်ကရ...*
"ပါကြီးမ...ငါက ငါ့ဘာသာစာကျက်နေတာ...
နင့်သူငယ်ချင်းက ငါ့မျက်လုံးထဲတန်းဝင်လာတာ..
ငါပြောရင်မကောင်းလို့ နင့်ကိုပြောခိုင်းပါတယ်ဆို ပိုဆိုးနေလားမသိဘူး..."
"အေးပါ..သူ့အစားကျေးဇူးတင်တယ်..
.မကြည့်ရင်လည်းပြီးရောပေါ့...*
ချစ်မြတ်နိုးသည် မေဆုနိုင်ကို သူမကိုယ်တိုင် တွေ့လိုက်သည့်ပုံစံနှင့် သွားပြောပြသောအခါ ပြဿနာတစ်ရပ်ပေါ်လာပြန်သည်။ မကြာခင် အလင်းဝေဆီသို့ ချစ်မြတ်နိုးတစ်ယောက် မျက်နှာငယ်ကာ ရောက်လာသည်။
"ဟဲ့....နင့်အနွေးထည်လေး...ခဏငှားစမ်းပါဟာ...
သူက တစ်ယောက်ယောက်တွေ့သွားမှာ စိုးလို့တဲ့...ငါကွယ်ပေးမယ်လို့ပြောနေတာကို မထရဲဘူးဖြစ်နေတယ်.."
မနက်တုန်းက နည်းနည်းချမ်းလို့ ဝတ်လာခဲ့သော အနွေးထည်ကို ချစ်မြတ်နိုးက မျက်စောင်းထိုးနေသည်။ အိုက်လာသောကြောင့် ချွတ်ကာ ခုံတန်းပေါ် တင်ထားသော်လည်း မိန်းကလေးတစ်ယောက် ခါးမှာစည်းရန် ပေးလိုက်ဖို့က နည်းနည်းတစ်မျိုးမြင်စရာ ဖြစ်နေသည်။
အတန်းထဲကို လှည့်ပတ်ကြည့်တော့လည်း ဘယ်သူမှ အကျႌလက်ရှည်ဝတ်မလာကြ။ အထူးသဖြင့် မိန်းကလေးတွေသည် ရင်ဖုံးကိုက လက်ရှည်ဝတ်လာကြသောကြောင့် ယောကျ်ားလေးတစ်ယောက်စ၊ နှစ်ယောက်စထံတွင်သာ အနွေးထည်ရှိနေသည်။
"သူကရော ငါ့အကျႌကို စည်းရဲလို့လား..."
"ဘယ်သူ့အကျႌဖြစ်ဖြစ်ဟာ...စည်းရဲတာ၊မစည်းရဲတာထက် အဓိကက အခန်းထဲက ထွက်နိုင်ဖို့ပဲ..အိမ်သာကလည်း နောက်ခန်းတင်ပဲဟာ ဒီအနောက်ပေါက်ကတင် ပတ်ထွက်ရင် ဘယ်သူမှ သတိထားမိမှာတောင် မဟုတ်ဘူး..."
"အဲ့တာများ...ဒီတိုင်းသွားလိုက်ပါလား...
ငါ့အကျႌတောင်မလိုဘူး..."
"နင်က ဘာသိလို့လဲ...ဒီတိုင်းသွားရင်
နောက်ကျောမလုံဘူးဟဲ့..စျေးကိုင်လိုက်တာ အစ်ကိုတော်ရယ်..အကျႌလေးပဲဟာကို...
ငါအသစ်ပြန်ဝယ်ပေးပါ့မယ်.."
အမြွှာနှစ်ယောက်စလုံး ဆရာမကို စာအုပ်သယ်ပေးရန် ပါသွားကြသည်ဖြစ်၍ ချစ်မြတ်နိုးပြောသည်ကို အလင်းဝေတစ်ယောက် လက်ခံလိုက်သည်။
ဘာပြဿနာမှ မရှိလောက်ဘူးဟု ထင်ထားခဲ့သော်လည်း ချစ်မြတ်နိုးတို့ပြန်လာမှ သူ့အကျႌပေးလိုက်ခြင်းဟာ အမှားတစ်ခုဖြစ်သွားခဲ့ကြောင်း အလင်းဝေ သိလိုက်ရသည် ။
ချာလီနှင့်ဂေါ်လီသည် မေဆုနိုင်လက်ထဲတွင် ပြန်ကိုင်လာသော အလင်းဝေ၏အကျႌနှင့် ပတ်သတ်၍ အလင်းတို့နှစ်ယောက်ကို အတွဲတွေဖြစ်နေပြီဟု စကြသည်။
"မင်းတို့သိကြလား...အလင်းဝေနဲ့မေဆုနိုင်က အတွဲတွေဖြစ်နေပြီကွ...အနွေးထည်တောင် ပေးဝတ်ကုန်ကြပြီ..."
ချာလီ၏မူပိုင်ဖြစ်သော အသံသြသြနှင့်အော်သံသည် အနောက်ဘက်တစ်ခြမ်းတွင် ပျံ့နှံ့ကုန်သောကြောင့် အလင်းဝေဒေါသထွက်လာရသည်။
"ချာလီ..မင်းနာချင်လို့လား...မဟုတ်တာတွေ
လျှောက်မပြောနဲ့..ငါတို့ကသူငယ်ချင်းတွေ..."
"ဟုတ်လား...အနွေးထည်ပေးဝတ်ရတဲ့အထိ
မင်းတို့ဘယ်တုန်းက ရင်းနှီးသွားတာလဲ.."
အလင်းဝေသည် ဒီလိုကိစ္စမျိုးနှင့်ကြုံရမည်ကို မလိုလားခဲ့သော်လည်း ငြိမ်ခံနေမည့်သူမျိုးတော့မဟုတ်ပေ။ ထို့်ကြောင့် ကိုယ့်ကို ထိလာသော စကားတို့အတွက် ပြန်ချေပရန်စကားတို့လည်း အသင့်ရှိနေသည်။
"ဘာလဲ.....မင်းမနာလိုဖြစ်နေလို့လား...
ငါ့အနွေးထည်ပေးတာ မကြိုက်ရင် မင်းအနွေးထည် ယူလာပြီးပေးလိုက်လေ...မင်း...မေဆုနိုင်ကို ကြိုက်နေတာတော့ မဟုတ်ဘူးမလား..."
ချာလီတစ်ယောက် လည်ချောင်းထဲတွင် နင်နေသလို ရုပ်မျိုးဖြစ်လာပြီး ဘာစကားမှ ဆက်မပြောတော့ပေ။
အလင်းဝေသည် မိမိအနိုင်ရသွားခြင်းကို ကျေနပ်မိသဖြင့် ခပ်ဟဟပြုံးရင်း အရှေ့ပြန်လှည့်လိုက်သည်။သို့သော် ငွေရှိုင်းနှင့် အကြည့်ချင်း ဆုံသွားသောအခါ ထိုအပြုံးတို့မှာ ချက်ချင်း ပျောက်ကွယ်သွားရလေသည်။
အလင်းဝေသည် မေဆုနိုင်နှင့်မိမိအား အတွဲတွေဟု
ငွေရှိုင်းထင်သွားမည်ကို ရုတ်တရက် စိုးရိမ်လာသည်။ ထို့နောက် ဘယ်တုန်းကမှ မခံစားဖူးသော မွန်းကျပ်သည့် ဝေဒနာတစ်ရပ်ကို သူစတင်ခံစားလာရသည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>
See you next week
Love you all😘
Han_Me
(10.8.2020)