အတိတ်၏ပုံရိပ်များထံမှ ပြန်လည်လွန်မြောက်လာချိန်၌ မီမီဝင်းဖေရဲ့သီချင်းသံကိုလည်း မကြားရတော့ပေ။
အကိုလေးဟု ခေါ်တွင်သံကြောင့် မှိတ်ထားသောမျက်လုံးများ ပြန်ပွင့်ခဲ့ရသည်။ ပတ်ဝန်းကျင်သည်ကား လူပုဂ္ဂိုလ်အရ ရင်းနှီးနေသော်လည်း စိတ်အာရုံတို့နှင့်တော့ စိမ်းသက်နေသော နေရာဖြစ်သည်။ ငွေ့ရည်မိုးစံအိမ်သည် မှိုင်းခေါင်အတွက်တော့ အိပ်မက်ဆိုးများ ရှင်သန်နေဆဲဖြစ်သော နေရာတစ်ခုပင် မဟုတ်ပါလား...။
ဘေးဘက်သို့ သတိတရလှည့်ကြည့်မိသောအခါ ကားတံခါးဖွင့်ကာ အိမ်ထဲသို့ ခပ်သုတ်သုတ်ဝင်သွားပါသော ရှိုင်းငယ်.....။
ခါတိုင်းဆိုလျှင် အိမ်ထဲသို့ အရင်ဝင်သွားသည်က မှိုင်းခေါင်ဖြစ်သော်လည်း ရှိုင်းငယ်၏ ယခုအပြုအမူအရ မကျေနပ်မှုတစ်စုံတစ်ရာ ရှိနေပြီဖြစ်ကြောင်းကို မှိုင်းခေါင်သိလိုက်ရသည်။
ပုန်ကန်လိုသည့် အရွယ်ရောက်နေပြီဖြစ်သော ရှိုင်းငယ်သည် အရင်လို မှိုင်းခေါင်ပြောသမျှအား ခေါင်းညိတ်လက်ခံမည့် ကလေးတစ်ယောက် မဟုတ်တော့ပေ...။
ငယ်စဉ်ကတည်းက မွေးမြူပေးလိုက်သော အကြောက်တရားကြောင့်သာ ကလန်ကဆန် မလုပ်သော်လည်း မျက်လုံးနှင့် အပြုအမူများတွင်တော့ မှိုင်းခေါင်ကို ဆန့်ကျင်လိုသော အရိပ်အယောင်တွေကို မြင်နေရသည်။
လှောင်အိမ်ထဲက ငှက်ကလေးဟာ
အခွင့်အရေးရတာနဲ့ လှောင်အိမ်ရဲ့ အဝေးဆုံးကို ပျံထွက်သွားမှာပါပဲ...။
အဆုံးသတ်ကျရင် အတ္တကြီးစွာနဲ့
ပိတ်လှောင်ထားခဲ့တဲ့သူသာ နာကျင်မှုတွေကို ပွေ့ပိုက်ရင်း
ကျန်ရစ်ခဲ့ရလိမ့်မယ်...။
မှိုင်းခေါင်သည် ငွေရှိုင်း၏ကျောပြင်ကို
ငေးကြည့်ရင်း သက်ပြင်းရှည်ကြီးချခဲ့မိသည်။
ဘယ်တော့မှပြီးဆုံးမှာ မဟုတ်ဘူးလို့ ထင်ခဲ့တဲ့ ခရီးရှည်ကြီးတစ်ခုဟာလည်း တစ်ချိန်ချိန်မှာတော့
အဆုံးသတ်ကို ရောက်လာရဦးမှာပါလေ....။
.
.
.
.
.
.
.
.
ငွေရှိုင်းသည် ကျောပိုးအိတ်ကို စားပွဲပေါ်တွင် တင်ပြီးသည်နှင့် ကုတင်ပေါ်သို့ ပစ်လှဲလိုက်သည်။ အနောက်လှည့်မကြည့်ဘဲ ခပ်သုတ်သုတ်လျှောက်လာချိန်၌ ဒေါသတကြီးနှင့် ဟစ်အော်သံကို ကြားရမည်ကိုလည်း စိုးရိမ်ခဲ့သည်။ သို့သော် သူထင်နေခဲ့သလိုမျိုး မဖြစ်ခဲ့ပါ။
သက်ပြင်း အကြိမ်ကြိမ်ချနေခဲ့သော်လည်း မောဟိုက်နေဆဲပင်....။ ကိုကိုသည် ပါးနပ်သောသူတစ်ယောက်ဖြစ်သည်နှင့်အညီ ငွေရှိုင်း၏အပြုအမူကိုလည်း ကောင်းစွာ သဘောပေါက်နေခဲ့လိမ့်မည်။
လတ်တလောအချိန်မှာတော့ ငွေရှိုင်းသည် မိမိ၏
စိတ်အလိုမကျမှုကို ပြသချင်သော်လည်း မပြသနိုင်ပါ။ ထို့ကြောင့်ပင် ခဏတာစိတ်ရူးပေါက်၍ လော့ချထားခဲ့မိသော အခန်းတံခါးကို မှိုင်းခေါင်တစ်ယောက် အချိန်မရွေး ဝင်လာနိုင်အောင် ပုံမှန်အတိုင်းသာ ဖွင့်ထားလိုက်ရတော့သည်။
အိမ်ပြန်ရောက်သည်နှင့် ပထမဆုံးလုပ်ရမည့်အလုပ်မှာ ရေချိုးရန်ဖြစ်သည်။ သို့သော်လည်း ငွေရှိုင်းသည် သူ၏ ဆန္ဒပြနေသော ဝမ်းဗိုက်ငယ်ကြောင့် လုပ်စရာရှိသည့် အလုပ်ကို ပြီးပြတ်အောင် မလုပ်နိုင်ဘဲ ရှိနေသည်။
ထမင်းစားချိန်ရောက်သည်အထိ အောင့်ခံထားဖို့နေနေသာသာ ဘာမှမလုပ်နိုင်သည်အထိ အားအင်ကုန်ခမ်းမှုကို ခံစားနေရသဖြင့် အောက်ထပ်ဆင်းကာ တစ်ခုခုသွားစားရန် ဆုံးဖြတ်လိုက်သည်။
အခန်းထဲမှ ဖြည်းဖြည်းချင်း ခေါင်းပြူထွက်ကြည့်သောအခါ အပြင်တွင် ဘယ်သူမှမရှိ။ အထူးသဖြင့် မျက်နှာချင်းဆိုင်ရှိ တံခါးပိတ်ထားသော အခန်းရှေ့တွင် လူအရိပ်အယောင် မရှိသည်ကို တွေ့ရမှ အခန်းပြင်သို့ ရဲရဲတင်းတင်း ထွက်လာနိုင်သည်။
ဒါနဲ့များ......ပုစွန်ဦးနှောက်လို မရှိစလောက်သတ္တိလေးနဲ့
တစ်ခါမှ မလုပ်ဖူးတဲ့ အပြုအမူမျိုး လုပ်ပြခဲ့သတဲ့....။
.
.
.
.
.
ဒုတိယထပ်သို့အရောက်တွင် ဧည့်ခန်းတွင် ဦးထက်လင်းရှိနေသည်ကို တွေ့ရသည်။ ဦးထက်လင်းသည် ငွေရှိုင်းအောက်ဆင်းလာသည်ကို မြင်သောအခါ ပြုံးသည်ဆိုရုံသာ ပြုံးပြနှုတ်ဆက်၍ သတင်းစာကို ငုံ့ဖတ်နေသည်။
*ဒါဆို ဖေဖေလည်း အိမ်ပြန်ရောက်နေပြီပေါ့....*
ထိုမျှသာတွေးပြီး ထမင်းစားခန်းဘက်သို့ လျှောက်လာလိုက်သည်။ ပျော်ရွှင်မှုနှင့် နွေးထွေးမှုများ ပျောက်ဆုံးနေသော စံအိမ်ကြီးထဲတွင် အိမ်သားတစ်ယောက် အိမ်မှာရှိနေခြင်း၊ မရှိနေခြင်းဟာလည်း အရေးတယူပြုရမည့် ကိစ္စမျိုးမဟုတ်ပေ...။
လူတိုင်းသည် ကိုယ်လုပ်ရမည့် ကိစ္စကိုသာ ဦးတည်လုပ်ကိုင်ရင်း စက်ရုပ်ဆန်ဆန် အသက်ရှင်နေကြသူများသာ ဖြစ်ကြသည်ဟု ငွေရှိုင်းသတ်မှတ်ထားလေသည်။
အသင့်လှီးထားသည့် ပန်းသီးစိတ်များကို ဗိုက်ပြည့်ရန် ရည်ရွယ်ချက် တစ်ခုတည်းနှင့် ပါးစပ်ထဲသို့ တစ်ခုပြီးတစ်ခု သွတ်သွင်းနေခဲ့သည့် ငွေရှိုင်းသည်လည်း ထိုသူများထဲမှ တစ်ယောက်ဖြစ်သည်။ တစ်နေရာတည်းသို့သာ ဦးတည်နေသော အကြည့်များသည် လှုပ်ရှားခြင်းမရှိခဲ့...။
.
.
.
ထမင်းစားခန်းမှ ငွေရှိုင်းပြန်ထွက်လာသောအခါ ဦးထက်လင်းကို ဧည့်ခန်းတွင် မတွေ့ရတော့ပေ။ ခြေလှမ်းမှန်မှန်ဖြင့် ဒုတိယထပ်သို့တက်လာခဲ့ရာမှ ဦးမင်းခေါင်ဦး၏ အခန်းရှေ့မှအဖြတ်တွင် အငြင်းပွားသံအချို့ကို ကြားလိုက်ရသည်။
ငွေရှိုင်းသည် ခိုးနားထောင်ရန် ရည်ရွယ်ချက်မရှိသော်လည်း နံရံထောင့်တွင်ကပ်၍ အသံများကို နားထောင်နေမိသည်။
"ကျွန်တော့ကို ဆယ်တန်းမအောင်စေချင်ဘူးလား ဖေဖေ..."
"မဆိုင်တာတွေလျှောက်မပြောနဲ့...မင်းကိုပြောနေတာက ခါရာတေး ပုံမှန်ပြန်ကစားဖို့ပဲ...ငါ့ခွင့်ပြုချက်မရှိဘဲနဲ့ ဘာလို့ရပ်လိုက်တာလဲ..."
စကားနှစ်ခွန်းကြားလိုက်ရရုံနှင့် ဘာတွေဖြစ်နေလဲဆိုသည်ကို ငွေရှိုင်းသိလိုက်ရလေသည်။ ကိုးတန်းနှစ်တုန်းကလည်း ခါရာတေးကစားတာကို ကိုယ့်သဘောနဲ့ကိုယ်ရပ်လိုက်လို့ ကိုကိုနဲ့ဖေဖေတို့ ပြဿနာဖြစ်ကြသေးသည်။
အရင်တစ်ခေါက်တုန်းကတော့ ကိုကိုက ဖေဖေ့စကားကို နားထောင်လိုက်၍ စကားတစ်ခွန်း၊နှစ်ခွန်းပြောကြရုံနှင့် ပြီးသွားကြသော်လည်း အခုတစ်ခေါက်တွင်တော့ နှစ်ယောက်စလုံး၏ လေသံတွေက မာထန်နေသည်။
"ဖေဖေ့ရဲ့ဂုဏ်အတွက်..All Dပါအောင် လုပ်ပေးရမှာမလား...အဲ့အတွက် ကျွန်တော်စိတ်မပါတဲ့ အရာတစ်ခုကိုတော့ ရပ်ထားမှဖြစ်မယ်လေ..."
"အရေးမပါတဲ့ ပန်းချီဆွဲတာကျ မရပ်ဘဲ ဆက်လုပ်နေမယ်ပေါ့...မင်းရဲ့စောက်ရေးမပါတဲ့ ဝါသနာကြောင့် စာမေးပွဲကျခဲ့ရင်တောင် ငါ့ကြောင့်ဖြစ်ရတယ်ဆိုပြီး ရမယ်ရှာဦးမယ်...
မင်းက မင်းအမေနဲ့တစ်ပုံစံတည်းပဲ...ငါ့ကို
စိတ်ဒုက္ခပေးဖို့သက်သက် မွေးလာတဲ့သူတွေ..."
ဦးမင်းခေါင်ဦးပြောလိုက်သော နောက်ဆုံးစကားလုံးများမှာ ငွေရှိုင်းနှင့်ရင်းနှီးနေသော စကားလုံးများဖြစ်လေသည်။ ထိုစကားလုံးများကို မှိုင်းခေါင်နှုတ်မှ ခဏခဏကြားခဲ့ရသည်ကိုပင် ငွေရှိုင်းမအံ့သြတော့ပေ။
အမှန်တကယ်တွင်တော့ ကိုကိုသည် ငွေရှိုင်းကို သူ၏စိတ်ထွက်ပေါက်ဖြေရာအဖြစ် သဘောထားခဲ့ခြင်းဖြစ်လိမ့်မည်။ ဒါကြောင့် ငွေရှိုင်းသည် ကိုကို့စကားကို မြေဝယ်မကျ နားထောင်သည် ဆိုသော်လည်း ကိုကို့ဆီမှ ဒေါသနှင့် မကျေနပ်ခြင်းတွေကိုသာ ရနေခဲ့လေသည်။
စကားသံများကို မကြားရတော့ပြီဖြစ်၍ အပေါ်ထပ်သို့ ပြေးတက်လာခဲ့သည်။ မိမိကိုယ်ပိုင် အခန်းထဲသို့ ရောက်သွားပြီဖြစ်သော်လည်း ငွေရှိုင်း၏စိတ်ထဲတွင် မငြိမ်းချမ်းနိုင်ပါ။ ကိုကို့ရဲ့စိတ်အခြေအနေ ဘယ်လိုရှိမည်ကိုတွေးရင်း သက်ပြင်းမောများ ချခဲ့ရသည်။
"ငါ့ကို စိတ်ဒုက္ခပေးဖို့သက်သက် မွေးလာတဲ့သူ"ဆိုသော စကားမှာ ဘယ်လောက်အထိ နာကျင်ရကြောင်းကို ငွေရှိုင်းသာ အသိဆုံးဖြစ်လေသည်။
.
.
.
စာကြည့်စားပွဲတွင် ခဏထိုင်၍အမောဖြေချိန်၌ တစ်စုံတစ်ခု ကျကွဲသံကို ငွေရှိုင်း ကြားလိုက်ရသည်။ အပြင်ထွက်ကြည့်တော့မှ ထိုကျကွဲသံမှာ မတော်တဆမှုကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ တမင်ရည်ရွယ်၍ ပေါက်ခွဲလိုက်ခြင်း ဖြစ်နေပါသည်။
ငွေရှိုင်းသည် မှိုင်းခေါင်အခန်းရှေ့တွင် ရပ်နေခဲ့သော်လည်း တံခါးဖွင့်ပြီးဝင်သွားဖို့ကို တွန့်ဆုတ်နေခဲ့မိပါသည်။ မှိုင်းခေါင်သည်သာ ငွေရှိုင်းအခန်းထဲသို့ အချိန်မရွေး ဝင်လာနိုင်သော်လည်း ငွေရှိုင်းကတော့ ထိုကဲ့သို့သော အခွင့်အရေးမျိုးမရှိပေ။ မှိုင်းခေါင်၏အခန်းရှေ့တွင် ရပ်နေဖို့ကိုပင် သတ္တိအများကြီးမွေးယူခဲ့ရသည်။
ဒေါသတကြီးအော်ဟစ်သံများနှင့်အတူ ပြိုလဲကျလာသော ပစ္စည်းတို့ရဲ့အသံကို ထင်ထင်ရှားရှားကြားနေရသည်။ ထို့နောက် တစ်စစီ ပြန့်ကျဲနေမည်ဖြစ်သော ပစ္စည်းများကြားတွင် ထိုင်ချလိုက်ပုံရသော တစ်စုံတစ်ယောက်၏ အသက်ရှူသံပြင်းပြင်း...။
ငွေရှိုင်းသည် ကြောက်ရွံ့စိတ်များကို ဘေးသို့ပို့ကာ တံခါးပေါ်တွင် ရွယ်ထားပြီးဖြစ်သော လက်သီးဆုပ်နှင့် အသံမြည်အောင် လုပ်လိုက်ပါသည်။
"ကိုကို....အဆင်ပြေရဲ့လား....
ကျွန်တော်ဝင်လာခဲ့ရမလား...."
"မလာနဲ့......"
တံခါးလက်ကိုင်ကို ရွယ်ပြီးတော့မှ ပြန်ရုတ်သိမ်းဖြစ်သည်။ မလာနဲ့ဆိုသော စကားသံမှာ မာထန်နေသော်လည်း ငွေရှိုင်းသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုကဲ့သို့သာ လျစ်လျူရှုလိုက်လေသည်။ သို့သော် စကားသံကို လျစ်လျူရှုနိုင်သော်လည်း ကိုကို့အပေါ်တွင် အစ်ကိုရင်းတစ်ယောက်ကဲ့သို့ သံယောဇဉ်ရှိစိတ်ကိုတော့ လျစ်လျူမရှုနိုင်၍......
"အဲ့တာဆို တစ်ယောက်ယောက်လွှတ်ပေးရမလား...
အခန်းထဲက ပစ္စည်းတွေကို ရှင်းပေးဖို့လေ..."
"ရတယ်....မလိုဘူး...."
"ဒါပေမယ့်...ကိုကို...."
"မင်းကို ငါ ရတယ်လို့ပြောနေတယ်မလား....
ငါ့အခန်းရှေ့ကနေသာ မြန်မြန်ထွက်သွားစမ်းပါ...
မင်းကိုပါ ငါ့ဒေါသရဲ့ အဖျားတစ်စက်မှ လာမခတ်စေချင်ရင် ပါးစပ်ပိတ်ပြီး ထွက်သွားလိုက်တော့..."
ငွေရှိုင်းသည် ထိုစကားတို့ကို ဆန့်ကျင်ဘက်အဓိပ္ပါယ်သို့ ကောက်ယူရမည်မှန်း မသိခဲ့ဘဲ မှိုင်းခေါင်ပြောသည့် အတိုင်းသာ မိမိအခန်းဆီသို့ ပြန်လာခဲ့တော့သည်။
မှိုင်းခေါင်သည်လည်း အပြင်ဘက်တွင် ဘယ်သူမှမရှိတော့ကြောင်း သေချာသွားသောအခါ အခန်းတံခါးကို မျှော်ကြည့်နေရာမှ ဒူးပိုက်၍ ခေါင်းမှောက်နေလိုက်တော့သည်။
စိတ်ထဲရှိသည့်အတိုင်းသာ ပြောထွက်ခဲ့မည်ဆိုလျှင် .....
ထိုစကားတို့မှာ....
တစ်ယောက်ယောက်ကိုဘေးတွင် ရှိစေချင်ပြီး...ထိုကဲ့သို့ ရှိစေချင်သည့် တစ်ယောက်ယောက်ဆိုသည်ကလည်း ရှိုင်းငယ်သာ ဖြစ်သည်ဟူ၍...။
.
.
.
>>>>>>>>>>>>
ညစာစားမည့်အချိန်သို့ ရောက်နေပြီဖြစ်သော်လည်း ကျောက်စားပွဲရှည်ကြီးတွင် ထိုင်နေသူမှာ ငွေရှိုင်းတစ်ယောက်တည်းသာ ဖြစ်လေသည်။
အလုပ်များသည့်နေ့တွေဆိုလျှင် အိမ်ပြန်မလာနိုင်သည့် ဦးမင်းခေါင်ဦးအကြောင်းကို သိပြီးဖြစ်၍ အရေးတယူ မမေးမိသော်လည်း မှိုင်းခေါင်ကို မတွေ့ရသည့် အကြောင်းကိုတော့ အလုပ်သမားလေးအား မေးမိလေသည်။
"ကိုကို့ကိုရော ခေါ်ပြီးပြီလား....."
"အကိုလေးက မစားတော့ဘူးလို့ ပြောပါတယ်..."
ငွေရှိုင်းသည် ညနေကဖြစ်ရပ်ကို ပြန်တွေးမိသွားသည်နှင့် ခေါင်းအသာညိတ်လိုက်လေသည်။ မှိုင်းခေါင်သည် ထမင်းမစားဖို့ ဆုံးဖြတ်ထားလျှင် ဘယ်သူပြောပြော ဆုံးဖြတ်ချက်ကို မပြောင်းတတ်သူဖြစ်၍ ငွေရှိုင်းလည်းငြိမ်နေလိုက်တော့သည်။
မိမိဘေးတွင် လိုအပ်သမျှလုပ်ပေးမည့်သူများ ရှိနေသော်လည်း အထီးကျန်သည့်ခံစားချက်ကို ငွေရှိုင်းတစ်ယောက် နင့်နဲစွာခံစားနေရသည်။ ငွေရှိုင်းသည် မျက်နှာချင်းဆိုင်ရှိ ခုံအလွတ်ကိုကြည့်မိတိုင်း သက်ပြင်း ခဏခဏချမိလေသည်။
အတူရှိနေစဉ်က ကျဉ်းကြပ်သည်ဟု ထင်ခဲ့သော်လည်း အနားတွင်မရှိတော့မှ မနေတတ်ဖြစ်နေသော အဖြစ်ရယ်လေ...။
ထမင်းတစ်လုတ်၊နှစ်လုတ်ခန့်စားပြီးသည်နှင့် ထမင်းဝိုင်းမှ ထလိုက်တော့သည်။ မိမိစားပြီးသားပန်းကန်ကို သိမ်းဆည်းနေသည့် အလုပ်သမားလေးတွေကိုတော့ ကိုကို့ဆီသို့ အသီးအနှံနှင့်နွားနို့တစ်ခွက် ပို့ပေးရန်တော့ ပြောခဲ့လိုက်သည်။
စာကြည့်စားပွဲတွင် ပြန်ထိုင်လိုက်သည်နှင့် ထမင်းစားပြီးချိန်နှင့် သိပ်မကြာဘဲ စားပွဲပေါ်သို့ရောက်လာတတ်သော နွားနို့အေးကို မျက်လုံးထဲတွင် မြင်လာသည်။
အမှန်တကယ်တွင်တော့ ငွေရှိုင်းသည် နွားနို့သောက်ရမည်ကို အရိုက်ခံရမှာထက် ပိုကြောက်သော ကောင်လေးတစ်ယောက် ဖြစ်သည်။ နွားနို့၏ညှီနံ့ကိုလည်းမကြိုက်၊ ပူ၍ဆိမ့်သော အရသာကိုလည်း မကြိုက်...။
ဘယ်လောက်ထိမကြိုက်လည်းဆို မေမေ့စကားဆို နားထောင်တတ်သော ငွေရှိုင်းက မေမေချော့မြူ၍ တိုက်သည့် နွားနို့ကိုတောင်မှ အားနာပါးနာသောက်ခဲ့သည် မဟုတ်ပေ။
သို့သော် မေမေ့နာမည်နှင့်တူသော စံအိမ်သို့ရောက်ပြီးမှ သေးညှက်နေသော ကိုယ်ခန္ဓာကို ဖွံ့ဖြိုးကြံ့ခိုင်လာအောင် နွားနို့တစ်ခွက်တော့ ပုံမှန်သောက်ပေးရမည်ဟု ဆရာဝန်က ပြောသောအခါ ငွေရှိုင်းဒုက္ခရောက်တော့သည်။ နွားနို့လာပို့ပေးတိုင်း ငြင်းလွှတ်ခဲ့သောကြောင့် ငွေရှိုင်းကို ခေါင်းမာသောကလေးဟူ၍ အလုပ်သမားများက တီးတိုးပြောဆိုကြသည်။
ငွေရှိုင်း၏မွေးစားဖေဖေ ဦးမင်းခေါင်ဦးသည်လည်း သူ့အလုပ်နှင့်သူမအားသောကြောင့် ငွေရှိုင်းကိုအာဏာသုံး၍ တိုက်မည့်သူလည်းမရှိပေ။
ငွေရှိုင်းကိုနွားနို့သောက်အောင် လုပ်နိုင်သူကတော့ ဤစံအိမ်ကြီးသို့ရောက်ပြီးကာမှ ငွေရှိုင်း အသေအလဲ ကြောက်ရသူဖြစ်သည်။ ကိုကိုသည် သူများအိမ်သို့ တစ်ယောက်တည်းရောက်လာရသော ငွေရှိုင်းကို ရောက်ရောက်ချင်းမှာတင် ကြောက်ရွံ့စိတ်တွေဝင်အောင် တွန်းပစ်ခဲ့သူဖြစ်သည်။
တစ်ညလုံးမအိပ်ရဲဘဲ အသံတွေဝင်သည်အထိ ကဗျာအော်ဆိုအောင် လုပ်နိုင်သူလည်းဖြစ်သည်။ ကိုကိုသည် ငယ်ငယ်ကတည်းက ငွေရှိုင်းကို မျက်မှောင်ကြုတ်၍ ကြည့်တတ်ပြီး ဘဝင်မကျဘဲ အမြဲတမ်း အပြစ်တင်နေတတ်သောသူဖြစ်သည်။
ထိုစဉ်က နွားနို့ခွက်ကို ကိုင်ကာ အခန်းထဲဝင်လာသည့် ကိုကို့အား မိမိကို အမြင်ကတ်ပုဒ်မနှင့် ဒုက္ခလာပေးသူဟု ငွေရှိုင်းထင်ခဲ့သည်။
ကိုကိုပြောခဲ့သည်က....
"ရော့......သောက်...
သောက်ပြီးမှ မကြိုက်ရင် မသောက်နဲ့....
ဒါပေမယ့် ငါတိုက်တာကို မကြိုက်ဘူးဆိုပြီး
မသောက်ရင်တော့ မင်းနာပြီပဲ...." တဲ့...။
ကြောက်ကြောက်လန့်လန့်နှင့် သောက်ခဲ့ရသောနွားနို့သည် ပူလောင်မနေဘဲ အေးမြနေသည်။ ညှီနံ့ပျောက်ကာ ချိုမြမြလေးနှင့် သောက်လို့ကောင်းနေသောကြောင့် ငါမကြိုက်တဲ့ နွားနို့မှဟုတ်ရဲ့လားဟု တွေးမိကာ ဖန်ခွက်ကိုပင် သေချာပြန်ကြည့်မိသည်။
တစ်ဖန်ခွက်လုံးကုန်သည်အထိ သောက်ပြီးသောအခါ
ကိုကိုက ပြောလေသည်။
"နောက်နေ့တွေ ငါကိုယ်တိုင်
နွားနို့လာတိုက်မှာနော်..မင်းမသောက်လို့မရတော့ဘူး.ရှိုင်းငယ်..."တဲ့.....။
ငွေရှိုင်းသည်လည်း ပြန်ပြောခဲ့ပါသည်....။
"ဒီလိုအရသာမျိုးသာဖြစ်မယ်ဆိုရင် သောက်မှာပေါ့ကိုကို...." ဟူ၍....။
မျက်ရည်စက်လက်နှင့်ပြန်ပြောခဲ့သော စကားဖြစ်သော်ငြား ကိုကို့ထံမှ ပထမဆုံးအကြိမ်အဖြစ် ခံစားခဲ့ရသော နွေးထွေးမှုကြောင့် ပျော်နေခဲ့သည်ကတော့ အမှန်ဖြစ်သည်...။
ဘယ်တော့မှ အရပ်ရှည်ပြီး ယောကျ်ားပီသမှာမဟုတ်တော့ဘူးလို့ ထင်ခဲ့တဲ့ အတွေးတွေကိုလည်း နေ့စဉ်သောက်သုံးခဲ့ရသော အာဟာရများက တိုက်ဖျက်ပေးခဲ့လေပြီ။
နွားနို့တစ်ခွက်နဲ့တင် ကိုကို့ကို အစ်ကိုရင်းတစ်ယောက်ကဲ့သို့ သံယောဇဉ်ဖြစ်သွားတာကတော့ အတိတ်ဘဝက ရေစက်တွေကြောင့်ပဲ ဖြစ်မှာပါ။
အဲ့ဒီလိုပဲ.....။
ငွေရှိုင်းကို ကိုကိုမုန်းနေခဲ့တာကလည်း ငွေရှိုင်းရဲ့ ဝဋ်ကြွေးတွေကြောင့်ပဲပေါ့....။
မျှော်နေမိသော နွားနို့ဖန်ခွက်လေးကတော့
အချိန်ကျပြီ ဖြစ်သော်လည်း စားပွဲပေါ်သို့.
ရောက်မလာသေးပေ...။
ငွေရှိုင်းသည် နွားနို့ဖန်ခွက်ကိုင်ကာ မျက်မှောင်ကြုတ်လျှက် ဝင်လာမည်ဖြစ်သော မှိုင်းခေါင်ကို တမျှော်မျှော်ရှိနေစဉ် ....
တံခါးအပြင်ဘက်ရှိ တစ်ယောက်သောသူမှာတော့...
နွားနို့ဖန်ခွက်လေးကို ကိုင်ထားလျှက် အခန်းပြင်တွင်သာ တွန့်ဆုတ်စွာ ရပ်နေမိခဲ့သည်....။
>>>>>>>>>>>>>>>>>>>>>>
Love you all😘
Han_Me
(20.7.2020)