မှိုင်းခေါင်ဝေဦးသည် နွေရီရီနွယ်တစ်ယောက် သူ့ရှေ့သို့ရောက်ရောက်ချင်း ဖော့ဘူးကို လက်ထဲသို့ထည့်ပေးကာ....
"နွေရီ....ဒါလေးကို ရှိုင်းငယ်ဆီ သွားပေးပေးပါ..." ဟု ပြောလိုက်သည်။
အတန်းရှေ့တွင် မှိုင်းခေါင်ဝေဦး ရပ်စောင့်နေခဲ့သည်ကို မြင်ရစဉ်တွင် နွေရီ့စိတ်ထဲ၌ ပျော်ရွှင်သော ခံစားချက်မျိုး ဖြစ်ပေါ်ခဲ့သည်။သို့သော် ဤကဲ့သို့ ရပ်စောင့်နေခဲ့ခြင်းသည် နွေရီ့ကိုမျှော်နေခြင်းမဟုတ်ဘဲ ငွေရှိုင်းအတွက် မျှော်နေခဲ့ခြင်းသာ ဖြစ်နေသောအခါ နွေရီ့စိတ်ထဲမှ ပျော်ရွှင်ခြင်းသည်လည်း ချက်ချင်း ပျောက်ကွယ်သွားရလေပြီ။
"သူထမင်းမစားရသေးဘူး..အဲ့တာ...ဗိုက်ဆာနေမှာစိုးလို့
ဘဲလ်မတီးခင် နင်မြန်မြန်သွားပို့ပေးပါ..."
တစ်ဆက်တည်းပြောလိုက်သော စကားသံများ၌ စိုးရိမ်နေခြင်းတို့မှာ ထင်ပေါ်လှသော်လည်း မှိုင်းခေါင်ဝေဦးသည် အပေါ်ယံတွင်တော့ ဟန်ဆောင်နေမြဲဖြစ်သည်။
"ရှိုင်းငယ်က သူ့အစ်ကို စိတ်ဆိုးသွားပြီထင်လို့ စိတ်မကောင်းဖြစ်နေတာ...နင်ကိုယ်တိုင်သွားပေးရင် သူလည်းပျော်သွားမှာ...ကိုယ့်ဘာသာသွားပါလား..."
"ငါသွားရင် သူရောင့်တက်သွားမှာပေါ့...."
ထို့နောက် ခဏတာ တွေဝေသွားသော မျက်နှာထက်တွင် တင်းခံထားမှု တစ်စုံတစ်ရာကိုလည်း နွေရီမြင်နေရသည်။
*နင့်အကြောင်းကို နွေရီရီနွယ်မှမသိရင် ဘယ်သူသိတော့မှာလဲ...*
"တော်ပါပြီဟာ...ငါသွားပေးလိုက်မယ်..စိတ်ထဲက
ပါတာလည်းမဟုတ်ဘဲနဲ့...ကြားထဲက ငါပဲအလုပ်ရှုပ်တယ်.."
နွေရီသည် ဒေါသမပါသော မျက်စောင်းလေးနှင့် ခပ်ဟဟ ပြုံးရယ်ကာ လှည့်ထွက်လာခဲ့သည်။ မှိုင်းခေါင်ဝေဦးကို ကျောခိုင်းလိုက်သည်နှင့် နွေရီ၏ ပြုံးနေသောမျက်နှာလေးမှာ ချက်ချင်းတည်ခဲ့သည်။
သူမသည်ကား ငယ်ငယ်လေးကတည်းက မှိုင်းခေါင်ဝေဦးအတွက် အဖြည့်ခံသက်သက် ဖြစ်ခဲ့ရသည်သာ....။
သူငယ်ချင်းမရှိသည့် ကောင်လေးတစ်ယောက်အတွက် ပတ်ဝန်းကျင်၏ အပြောအဆိုကိုခံပြီး တစ်ဦးတည်းသော သူငယ်ချင်းဖြစ်ပေးခဲ့ရသည်။ ထိုမျှမကသေးဘဲ. မှိုင်းခေါင်ဝေဦးသည် ငွေရှိုင်းကို ဂရုစိုက်မှုပေးလိုသည့် အချိန်တိုင်း၌လည်း သူမကပင် ကြားဝင် ဆောင်ရွက်ပေးခဲ့ရသည်။
ဤကဲ့သို့ဖြစ်လာရသည်မှာလည်း ငယ်စဉ်ကတည်းက ဖြစ်သည်။ ပြောရမည်ဆိုလျှင် နွေရီ့အမေနှင့် မှိုင်းခေါင်ဝေဦးအမေ ဒေါ်ငုဝါစိုးတို့က ငယ်သူငယ်ချင်းတွေ ဖြစ်ပြီး အမေချင်းရင်းနှီးမှုကို အစပြု၍ နွေရီတို့နှစ်ယောက်လည်း သူငယ်ချင်းဖြစ်ခဲ့ရသည်။
နွေရီသည် ငွေ့ရည်မိုးစံအိမ်ကြီးအတွင်းသို့ ချောင်းပေါက်မတတ် သွားလာ၍ရသော်လည်း မှိုင်းခေါင်ဝေဦး၏အမေ သေဆုံးချိန်မှစ၍ အရာအားလုံးပြောင်းလဲခဲ့ရသည်။ အထူးသဖြင့် မှိုင်းခေါင်ဝေဦး၏ အပြုံးများကို သူမ မမြင်ရတော့ပေ။ မျက်နှာချိုသော ကောင်လေး တစ်ယောက်ထံတွင် အေးစက်မှုများ အစားထိုးဝင်ရောက် လာသည်ကိုသာ သူမတွေ့ရသည်။
မှိုင်းခေါင်ဝေဦးသည် သူ၏အမေသေဆုံးမှုမှာ ငွေရှိုင်းကြောင့်ဖြစ်သည်ဟု ယူဆပြီး ငွေရှိုင်းအပေါ်တွင် ခက်ထန်သောသူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုစဉ်က သူမတို့နှစ်ယောက်စလုံးမှာ ဆယ်နှစ်အရွယ်သာ ရှိကြသေးသည်။
ဒေါ်ငုဝါစိုးမရှိတော့သည့် နောက်ပိုင်းတွင် သူမသည်လည်း မှိုင်းခေါင်ဝေဦးတို့အိမ်သို့ ဝင်ထွက်သွားလာခွင့်ဆိုသည်မှာ မရှိသလောက် နည်းပါးသွားရသည်။ နွေရီ့မေမေကလည်း မိမိ၏သူငယ်ချင်းကို ဆုံးရှုံးခဲ့ရခြင်းနှင့်ပတ်သတ်၍ ဦးမင်းခေါင်ဦးနှင့်ငွေရှိုင်းကို မကျေနပ်ခဲ့ပေ။
ပြီးခဲ့သည့်နှစ်တွေမှ အချိန်ကာလများနှင့် နှိုင်းယှဉ်လျှင် ယခုလက်ရှိအချိန်သည် အဆင်အပြေဆုံးအချိန်ဟု ယူဆ၍ရသော်လည်း အသက်ဆယ့်ငါးနှစ်အရွယ် မှိုင်းခေါင်ဝေဦးအတွက်တော့ ဒဏ်ရာတွေမှာ အနည်ထိုင်ဦးမည် မဟုတ်သေးပေ...။
ထို့ကြောင့် အပြင်ပန်း၌ဖြစ်ချင်သောပုံစံနှင့် အတွင်းစိတ်တို့ မတူညီကြသောအခါ မှိုင်းခေါင်ဝေဦးသည် ဟန်ဆောင်တတ်သောသူ တစ်ယောက်အဖြစ် ပြောင်းလဲခဲ့သည်။
နွေရီရီနွယ်အတွက်တော့ မှိုင်းခေါင်ဝေဦးသည်ကား သူငယ်ချင်းတစ်ယောက်ဖြစ်ရုံသာမက သူမ၏နှလုံးသား တစ်ခုလုံးကိုပါ ပုံအပ်ထားမိသော တစ်ယောက်သောသူ ဖြစ်နေခဲ့သောကြောင့် ထိုသို့သောပြောင်းလဲခြင်းမျိုးသည် သူမအား ကာယကံရှင်ထက်ပို၍ နာကျင်စေသောသူ ဖြစ်စေခဲ့ပါသည်။
>>>>>>>>>>>>>>>>>>>>>>
"Sandwich စားလိုက်သေးလား...."
"ဗျာ......"
ကားထဲရောက်ရောက်ချင်း ကြားလိုက်ရသောစကားသည် ငွေရှိုင်း၏ရင်ခုန်နှုန်းတို့ကို မြန်စေသည်။ မှိုင်းခေါင်ဝေဦး၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ကင်းမဲ့နေသော်လည်း ငွေရှိုင်းကတော့ ပြန်မဖြေရဲအောင်ဖြစ်နေသည်။
ကိုယ့်စိတ်ကိုယ် မလုံမလဲဖြစ်မှုကြောင့် အဖြေထွက်ဖို့ ခက်ခဲနေဆဲအချိန်တွင်....မှိုင်းခေါင်ဝေဦးသည် ချောင်းတစ်ချက်ဟန့်၍...
".ကျောင်းသားတွေစားပြီး ကျန်နေတာကို ခွေးတွေကျွေးမလို့ လုပ်နေတာတွေ့တာနဲ့..မင်းကိုသတိရပြီး နွေရီနဲ့ ထည့်ပေးလိုက်တာလေ.ကောင်းတော့ ကောင်းသေးတယ်မလား.."
ဟု ပြောလိုက်သည်။
မှိုင်းခေါင်ဝေဦး၏ စကားသည် ငွေရှိုင်းကို စိတ်မကောင်း ဖြစ်သွားစေသည်။ မှိုင်းခေါင်ဝေဦးထံတွင် မိမိအတွက် ကြင်နာစိတ်အနည်းငယ်တော့ ရှိနေသည်ဟု ငွေရှိုင်းထင်ခဲ့သော်လည်း ထိုအထင်တို့မှာ မှားယွင်းနေကြောင်း သိလိုက်ရသည်။
"စေတနာနဲ့ ထည့်ပေးလိုက်လို့လားမသိဘူး...
.အရမ်းစားလို့ကောင်းပါတယ် ကိုကို...."
စိတ်မကောင်းဖြစ်ခြင်းကြောင့် ရစ်ဝဲလာရသော မျက်ရည်များကို ထိုသို့ပြောဆိုခဲ့သူ မြင်အောင် စိုက်ကြည့်ရင်း ပြောလိုက်သည်။ မှိုင်းခေါင်ဝေဦး၏ မျက်လုံးများကိုတော့ ပို၍ဝဲတက်လာသော အရည်ကြည်တွေကြောင့် သေချာမမြင်ခဲ့ရပေ။မှိုင်းခေါင်ဝေဦးတစ်ယောက် တစ်ဖက်သို့ မျက်နှာလွှဲသွားသည်ကိုသာ မြင်လိုက်ရပြီး ငွွေရှိုင်းသည်လည်း အပြင်ဘက်ပတ်ဝန်းကျင်ကိုသာ ငေးကြည့်နေလိုက်တော့သည်။
ငွေရှိုင်း၏နောက်ကျောကို ပြန်လည်ငေးကြည့်လာသူမှာ မိမိ၏နှုတ်ခမ်းအား သွားနှင့် တင်းတင်းဖိကိုက်ထားသည်က သူပြောခဲ့မိသော စကားတို့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးနေသည့်အလား...ထင်မှတ်ရသည်.။
ထို့နောက်တွင် ထိုင်ခုံနောက်မှီပေါ် ခေါင်းတင်ကာ
မျက်လုံးမှိတ်ရင်း သက်ပြင်းများ ရှိုက်ထုတ်နေခဲ့သည်။
ရေဒီယိုမှလာနေသော သီချင်းသံသည် ကားထဲတွင် ခပ်တိုးတိုးပျံ့လွင့်နေပြီး သီချင်းစာသားအချို့က မှိုင်းခေါင်ဝေဦး၏ရင်ထဲသို့ တိုးဝင်သွားခဲ့သည်။
🎵ပျော်စရာဆိုတာ တို့ရဲ့ကမ္ဘာမှာမရှိပါ
ရင်နာစရာတွေ တွေးကြည့်ပြန်ရင်
ရင်ထဲမှာ.....ပြည့်ကြပ်ကာနေ....အလွမ်းဝေ....
သံသရာဝဋ်ဒုက္ခကနေ ကြေပါစေ...
ဒီဘဝအတွက်တော့ ဒီတင်ပဲကြေ....🎵
မှိုင်းခေါင်ဝေဦး၏ အတွေးတို့သည် ထိုသီချင်းသံနှင့်အတူ လွန်ခဲ့သောငါးနှစ်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပါသည်။
.
.
.
.
Flashback
.
ဆယ်နှစ်အရွယ် ကလေးတစ်ယောက်ရဲ့စိတ်ကူးထဲမှာ အဖေဟာ tvထဲမှာပါတဲ့ ဟီးရိုးတွေထက်ပိုသာတဲ့ သူရဲကောင်းတစ်ယောက်ပဲ။
မိသားစုကို ပိုက်ဆံတွေရှာပေးနိုင်တဲ့အပြင် အိမ်အတွင်းမှာ ပျော်ရွှင်မှုအပေါင်း ခညောင်းစေနိုင်တဲ့ အခရာဟာလည်း အဖေသာဖြစ်တယ်။
မှိုင်းခေါင်ဝေဦးအတွက်တော့ ထိုစကားတွေဟာ လူကြားကောင်းအောင် ပြောနေရုံသာဖြစ်ပြီး သူ့ရဲ့ ဆယ်နှစ်အရွယ်က ဖခင်ဖြစ်သူရဲ့ပုံရိပ်ဟာ ချစ်ခင်နှစ်လိုဖွယ်ရာ မကောင်းခဲ့သလို ယုယနွေးထွေးခြင်းဆိုတဲ့ မေတ္တာမျိုးကိုလည်း သူမခံစားခဲ့ရပါ။
မှိုင်းခေါင်၏ မှတ်ဉာဏ်ထဲတွင် ဦးမင်းခေါင်ဦးကို အလုပ် ဦးစားပေးသူ တစ်ယောက်အဖြစ် နှင့် ပိုက်ဆံရှာပေးရုံနှင့် အိမ်ထောင်ဦးစီးတာဝန်ကျေပွန်ပြီဟု ယူဆထားသူ တစ်ယောက်အဖြစ်သာ စွဲထင်နေခဲ့သည်။
တချို့အဖေတွေက သားသမီးရဲ့ စိတ်ကူးအိပ််မက်တွေအတွက် အထောက်အပံ့ ဖြစ်ပေးသော်လည်း တချို့အဖေတွေကတော့ သားသမီးရဲ့စိတ်ကူးအိပ်မက်တွေကို ရိုက်ချိုးပစ်တတ်ကြသည်။
မှိုင်းခေါင်၏ဖေဖေသည် ဒုတိယအမျိုးအစားထဲတွင် ပါဝင်ပြီး မှိုင်းခေါင်၏စိတ်ကူးအိပ်မက်တွေကို အမြဲလိုလို ရိုက်ချိုးပစ်တတ်သည်။
မှိုင်းခေါင်သည် အဖေဖြစ်သူကို ချစ်ကြောက်ရိုသေရသည်။ ထိုသို့ ချစ်ကြောက်ရိုသေရသော သဘောထားကို အချိုးညီညီခွဲခြားကြည့်မည်ဆိုလျှင် အကြောက်တရား သည်သာ ရာခိုင်နှုန်းအများဆုံးတွင်ရှိ၏။
ထိုစဉ်က မှိုင်းခေါင်၏ဘဝတွင် ငွေရှိုင်းဟူသော ကောင်လေးတစ်ယောက် မရှိခဲ့သေးပေ။ မှိုင်းခေါင်းဝေဦးသာလျှင် ဦးမင်းခေါင်ဦး၏ တစ်ဦးတည်းသောသားဆိုသည့် ဘဝမှာပင် ရှိနေချိန်ဖြစ်သည်။ မိမိ၏ဘဝအတွင်းသို့ မိမိထက် အသက်ငယ်သော ကလေးတစ်ယောက် ရောက်လာမည်ဟု မတွေးခဲ့မိသော်လည်း ငွေ့ရည်မိုးဟူသော အမည်နာမ၏ ပိုင်ရှင်အစစ်အမှန်မှာ မိန်းမတစ်ယောက်ဖြစ်နေကြောင်း အမေဖြစ်သူသိသွားချိန်မှစ၍ ပြဿနာတွေက မီးခိုးကြွက်လျှောက် ဖြစ်လာတော့သည်။
မှိုင်းခေါင်၏မှတ်ဉာဏ်ထဲတွင်
ထင်ထင်ရှားရှား မှတ်မိနေခဲ့သော ပုံရိပ်များဖြစ်သည်။
မှိုင်းခေါင်သည် ထိုနေ့ညနေက မိုးခြိမ်းသံနှင့်အပြိုင် ကြားနေခဲ့ရသော ဆူညံသံများကို အခန်းတံခါးကြားမှ ခိုးနားထောင်နေခဲ့သည်။
"မင်းငါ့အိတ်ကို မပြောမဆိုနဲ့ယူကိုင်တာတောင် လွန်လှပြီ
ပညာတတ်ဖြစ်ပြီးprivacyဆိုတာတောင် မင်းမသိဘူးလား..."
ဦးမင်းခေါင်ဦးသည် ဒေါ်ငုဝါစိုးကိုင်ထားသော အိတ်ကိုပြန်ဆွဲယူရန် လက်လှမ်းလိုက်သည်။ သို့သော်လည်း ထိုအိတ်မှာ ဒေါ်ငုဝါစိုး၏လက်ထဲတွင်သာ ကျန်ရစ်ခဲ့ပြီး သူမ၏ ကျန်လက်တစ်ဖက်တွင် ကိုင်ထားသော ဆေးမှတ်တမ်းစာအုပ်မှာ ဦးမင်းခေါင်ဦး၏ မျက်နှာရှေ့တွင် ဘယ်ညာယိမ်းထိုးနေသည်။
"စကားကိုလွှဲမသွားပါနဲ့...
ဒီဆေးစာအုပ်ထဲက.ငွေ့ရည်မိုးဆိုတာ ဘယ်သူလဲ...
ဒီစံအိမ်ရဲ့နာမည်ကို သားနာမည်ပေးမယ် ဆိုတာတောင် လက်မခံတဲ့ရှင်က တခြားကောင်မရဲ့ နာမည်ကိုတော့ ပေးဝံ့တယ်ပေါ့..အဲ့ကတည်းက ထူးဆန်းတယ်လို့တော့ ထင်သား...
ကျွန်မက ရှင်စိတ်ညစ်မှာစိုးလို့ အိမ်ပြန်မအိပ်တဲ့နေ့တွေမှာတောင် ဘာတစ်ခွန်းမှ ပြောခဲ့တာမဟုတ်ဘူး..
ကျွန်မရင်ထဲမှာ သံသယတွေနဲ့မွန်းကြပ်လာလို့ ရှင့်အိတ်ကိုရှာခဲ့တာ...လင်မယားချင်းကို privacy တွေဘာတွေပြောနေတယ် ဆိုကတည်းက ရှင်မရိုးသားတာ ကျွန်မသိခဲ့သင့်တယ်..."
"မင်းက ကိုယ်နဲ့မဆိုင်တာကို သိပ်သိချင်တာကိုး...စပ်စုတဲ့ အကျိုးဆက်က စိတ်ဆင်းရဲတာပဲ အဖက်တင်တာမလား...
ဟုတ်တယ်...ဒီစံအိမ်ရဲ့နာမည်ကို ငွေ့ရည်မိုးလို့ ငါပေးခဲ့တယ်
ငါသိပ်ချစ်တဲ့ မိန်းမတစ်ယောက်ရဲ့နာမည်ကို ငါပေးတာ အဲ့တာဘာဖြစ်လဲ...မင်းကိုတော့ မိဘတွေပေးစားလို့ ယူခဲ့ရတဲ့မိန်းမလေ..ငါ့မှာ စိတ်ဖြေစရာဆိုလို့ ဒီနာမည်ပေးတာလေးတစ်ခုပဲရှိတာ...
မင်းကိုငါမချစ်ဘဲနဲ့ ယူခဲ့ရတာမှန်ပါတယ်...ဒါပေမယ့် ငါကဖောက်ပြန်တတ်တဲ့သူတစ်ယောက်တော့ မဟုတ်ဘူး..
ငွေ့ရည်မိုးကလည်း တစ်ခုလပ် ကလေးတစ်ယောက်အမေလေ.."
"တစ်ခုလပ်ဆိုလည်း ယောကျာ်းမှမရှိတာ...ရှင့်ကိုကျွန်မက ဘယ်လိုယုံကြည်ရမှာလဲ...."
"မင်းယုံကြည်အောင် ရှင်းပြဖို့အတွက်လည်း ငါ့မှာအချိန်မရှိဘူး...ငါပိုက်ဆံရှာနေတာ မင်းနဲ့မှိုင်းခေါင် သုံးနိုင်ဖြုန်းနိုင်ဖို့ပဲလေ...
ပါးစပ်ပိတ်ပြီးတော့ မင်းရဲ့သားကိုသာ ငါ့စကားတစ်ခွန်းဆိုတစ်ခွန်း နားထောင်အောင် ဆုံးမနေစမ်းပါကွာ...."
ဒေါ်ငုဝါစိုး၏ငိုသံကိုကြားလိုက်ရသော မှိုင်းခေါင်ဝေဦးသည် အခန်းထဲသို့ပြေးဝင်သွားပြီး ထိုရန်ပွဲကို အဆုံးသတ်ပေးချင်မိသည်။ ထိုစဉ် နွေရီပြောခဲ့ဖူးသော စကားတစ်ခွန်းကို သတိရလာသည်။
*ငါကတော့ မိဘတွေရန်ဖြစ်နေရင် အော်ငိုပစ်လိုက်တာပဲ...
အဲ့တာဆို နှစ်ယောက်လုံး ငါ့ကိုသနားပြီး..
.ရန်မဖြစ်ကြတော့ဘူး...* ဟူ၍....။
မိမိသည်လည်း နွေရီကဲ့သို့ ငိုပြရမည်လားဟု
တွေးမိသော်လည်း ထိုလက်နက်မှာ မိခင်ဖြစ်သူ အပေါ်၌သာ အကျိုးသက်ရောက်မည်ကို မှိုင်းခေါင်သိသည်။ ထို့ကြောင့် မှိုင်းခေါင်သည် မျက်ရည်များ ကျဆင်းလာပြီဖြစ်သော်လည်း အသံမထွက်ဘဲ ငြိမ်နေခဲ့တော့သည်။
ခဏကြာသောအခါ ဦးမင်းခေါင်ဦးသည် အခန်းထဲမှ ဒုန်းစိုင်း၍ ထွက်လာသည်။ ဖခင်ဖြစ်သူကို ရုတ်တရက်မြင်လိုက်ရသောကြောင့် ဖင်ထိုင်လျှက် လဲကျသွားသော မှိုင်းခေါင်ဝေဦးသည် မိမိလဲကျသွားသည်ကို မြင်သော်လည်း တစ်ချက်သာကြည့်ကာ အရေးမစိုက်ခဲ့သော ဦးမင်းခေါင်ဦးကြောင့် ရင်ထဲတွင် ပို၍နာကျင်ရသည်။
ထို့နောက် မိမိဘာသာပြန်ထကာ အခန်းထဲသို့ပြေးဝင်သွားပြီး သားအမိနှစ်ယောက် ဖက်ငိုကြသည်။ မိခင်ဖြစ်သူ၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည်ဖြစ်လွန်းနေသည်ကို မြင်ရသောအခါ မွေးရာပါနှလုံးရောဂါရှိသူမို့. နှလုံးထဖောက်သွားမည်ကို မှိုင်းခေါင်စိုးရိမ်လာသည်။
"သားလေး.....မောနေမယ်လေ မငိုနဲ့တော့နော်...
မေမေတို့ဘာမှမဖြစ်ပါဘူး..သားငယ်ဖေဖေကိုလည်း ဒေါသမထွက်ရဘူးနော်..သူက ပါးစပ်ကထုတ်မပြောပေမယ့် သားကိုတော့ချစ်ပါတယ်.."
မေမေသည် သူကိုယ်တိုင်က မောနေသော်လည်း မှိုင်းခေါင်ကျောကုန်းကို ပွတ်သပ်ကာ နှစ်သိမ့်ပေးနေသေးသည်။ မှိုင်းခေါင်သည် ရင်ထဲ၌ ပြည့်ကြပ်လာသောကြောင့် မေမေစိတ်မကောင်းဖြစ်မည်ကို သိသော်လည်း ကလေးသဘာဝအရ မေးချင်သည့် မေးခွန်းများကိုတော့ အောင့်အည်းမထားနိုင်ခဲ့ပေ။
"ဖေဖေက ငွေ့ရည်မိုးကို ချစ်တယ်ဆိုတော့ မေမေ့ကိုကျ မချစ်ဘူးလားဟင်...."
မေမေ့ရဲ့အသက်ရှူသံတွေ ပိုမြန်လာသောအခါကျမှ မမေးသင့်သောမေးခွန်းကို မေးလိုက်မိကြောင်း မှိုင်းခေါင်သတိပြုမိသည်။
"မေမေတို့ရဲ့အိမ်ထောင်ရေးက စီးပွားလောဘတစ်ခုကြောင့် ဖြစ်လာရတာပါ သားငယ်ရယ်..
.မေမေက သူ့ကိုသိပ်ချစ်ပေမယ့် သူကတော့ တခြားမိန်းမ တစ်ယောက်ကိုပဲ....ချစ်တာတဲ့လေ....
ဒါပေမယ့် ဒီလောက်ကိုယ့်အပေါ် မကောင်းတာတောင် မေမေက သားဖေဖေကို မမုန်းနိုင်ဘူး သားရယ်...
စပြီးလက်ထပ်ကတည်းက မေမေ့ရင်တွေနာခဲ့ရတာ သားလေး ဆယ်နှစ်အရွယ်ထိပဲ..မေမေလေ.ဒီဝဋ်တွေကနေ ကျွတ်ချင်ပါပြီ...
သားငယ်ရဲ့အရွယ်နဲ့ မေမေပြောတာတွေကို နားလည်ချင်မှ နားလည်မယ်...ဒါပေမယ့် မေမေ့မှာ ရင်ဖွင့်စရာဆိုလို့ သားငယ်လေးပဲရှိတာ...
အကယ်၍ သားဘဝမှာ တစ်ယောက်ယောက်ကို လက်ထပ်ဖို့ဖြစ်လာခဲ့ရင် သားငယ်ကို တစ်ကယ်ချစ်တဲ့သူ...
သားငယ်လေးကလည်း တကယ်ချစ်ရတဲ့သူကိုသာ ရွေးချယ်ပါ...
အသွားအပြန်မရှိတဲ့ မေတ္တာဆိုရင်
နှစ်ဖက်စလုံး နာကျင်ရတယ်...
အထူးသဖြင့် မေတ္တာတွေ ပိုခဲ့မိတဲ့သူမှာ
နာကျင်မှုလည်း ပိုများတယ်...ကလေးရဲ့."
မေမေပြောတာတွေကို နားထောင်ရင်း မေမေ့ရင်ဘတ်ပေါ်မှာပဲ မှိုင်းခေါင်အိပ်ပျော်ခဲ့ရသည်။
နိမ့်ချည်မြင့်ချည်နဲ့ မောဟိုက်နေခဲ့သော
ရင်ဘတ်ကလေးဟာ နောက်တစ်နေ့မနက်မှာ ငြိမ်သက်သွားခဲ့မည်ကို မှိုင်းခေါင် ကြိုသိခဲ့မည်ဆိုလျှင် မေမေ့စကားတွေကို တစ်ညလုံးမအိပ်ဘဲ နားထောင်နေမိမှာပါ....။
>>>>>>>>>>>>>>>>>>>>>
Love you all😘
Han_Me
(6.7.2020)