" ဂင်ဂျွန်မြောင်! ဂင်ဂျွန်မြောင်! ဂင်ဂျွန်မြောင်! "
ပတ်ပတ်လည်မှ လူထုက ဂျွန်မြောင့်နာမည်ကို အားကြိုးမာန်တက် အော်ဟစ်နေကြသည်။ သို့သော် ထိုသူများ၏ မျက်နှာကိုမူ ဂျွန်မြောင် မမြင်ရ။
ရုတ်တရပ် ဂျွန်မြောင်က အမှောင်ထုထဲရောက်သွားသည်။
ဂင်ဂျွန်မြောင်ဟု အော်သံက ပိုကျယ်လာသည်။
ခပ်လှမ်းလှမ်းတွင် အလင်းရောင်တစ်ခုတွေ့လိုက်ရသည်မို့ ထိုအလင်းရောင်ဆီသွားရန် ခြေလှမ်းစဉ် တစ်ခုခုနှင့် တိုက်မိသည်ဟု ခံစားလိုက်ရသည်။
ငုံ့ကြည့်လိုက်တော့ ဘတ်စကတ်ဘောတစ်လုံး။
ဂျွန်မြောင်ကောက်ယူလိုက်သည်နှင့် ဘောလုံးကပျောက်သွားသည်။
ဂျွန်မြောင့်နာမည်ခေါ်သံက နားစည်ပေါက်ထွက်မတတ်ကျယ်လာသည်။
သို့သော် အရင်လို ပျော်သံစွက်မနေတော့။
ပြီးတော့ လက်မောင်းအောက်မှ တုန်ခါမှုနှင့်အတူ ဂျွန်မြောင်နိုးလာသည်။
ဖုန်းလာနေတာဖြစ်သောကြောင့် ကိုင်လိုက်သည်နှင့် ဒေါသတကြီးအော်သံက နားထဲဝင်လာသည်။
"ရား..ဂင်ဂျွန်မြောင်။ မင်းအခုထိ မလာသေးဘူးလား။ ဒီနေ့ projectအတွက် ဆွေးနွေးစရာရှိတယ်လို့ ငါပြောခဲ့တယ်လေ။ အခု ၈နာရီကျော်နေပြီ"
ဆဲဆိုသံများ ဆက်တိုက်ထွက်လာသောကြောင့် ဖုန်းချကာ ပြက္ခဒိန်ကြည့်တော့ ၂၀၁၁ခုနှစ်..။
အချိန်တွေက တကယ်ပင် ကြုံရာကျပန်း လည်ပတ်နေပုံရသည်..။
.....................
၈နာရီကို မိနစ်၆၀နှစ်ခါပြန် စွန်းစွန်းနောက်ကျပြီးမှ ကျောင်းထဲရောက်လာသဖြင့် ဂျွန်မြောင့်ကို သူငယ်ချင်းများက သိပ်မကြည်။
ကြိုဝယ်လာတဲ့ မုန့်ထုတ်တွေကို စားပွဲပေါ်တင်ကာ မင်းတို့အတွက်ဘာညာ မျက်နှာချိုသွေးလိုက်မှ ဆဲသံများကြားက ဂျွန်မြောင်လွတ်တော့သည်။ ဒါတောင်မှ ညကျတစ်ဝိုင်းဟု ကတိပေးလိုက်ရသေးသည်။
ဒီအသံတွေကို ဂျွန်မြောင် မကြားရတာ တကယ့်ကို ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ....။
.........................
နေ့လည်ခင်း အတန်းများပြီးပြီမို့ ရီရှင်းဆီသွားဖို့ လစ်ထွက်တုန်းမှာပဲ basketball clubမှ emailတစ်စောင် ဝင်လာသည်။
"နောက်တစ်ပတ် လူမှုရေးသိပ္ပံမေဂျာနဲ့ ပြိုင်ပွဲရှိတာမို့ ဒီနေ့ လေ့ကျင့်ချိန်ကို မပျက်မကွက် လာစေချင်ပါတယ်။"
ရုတ်တရပ် ညကအိမ်မက်က ခေါင်းထဲဝင်လာသည်။
ကောက်ယူရန် ကြံစဉ်မှာပဲ ပျောက်သွားသောဘောလုံး၊ အမှောင်ထုနဲ့ ဂင်ဂျွန်မြောင်...။
ဘုရားက ဒုတိယအခွင့်အရေးပေးခဲ့မည်ဆိုပါက ဒါသာဖြစ်မယ်ထင်သည်။
ခုန်ပေါက်မြူးတူးနေသော ဂျွန်မြောင့်ကို ဖြတ်သွားဖြတ်လာများကငေးကြည့်နေကြသော်လည်း ဂျွန်မြောင်ဂရုမစိုက်..။
ပုံမှန်လေ့ကျင့်ချိန်ထက် စောရောက်လာသည့် ဂျွန်မြောင့်ကို စီနီယာတွေကပင် တအံ့တသြကြည့်နေသည်မို့ သွားဖြီးပြလိုက်ရသေးသည်။
ပစ်ပေးလိုက်သည့် ဘောလုံးကိုဖမ်းယူရင်း တစ်ချက်နှစ်ချက် ပုတ်လိုက်သည်နှင့် နှစ်အတန်ကြာ ပျောက်ဆုံးနေခဲ့သည့် ယုံကြည်မှုများ ပြန်ရလာသယောင်..။
"ဟေး..အားလုံးပဲ ကျွန်တော့်ကို ကြည့်ကျ"
အော်ရင်းပင် ဘောလုံးကို ပစ်ထည့်လိုက်ရာ ဝင်သွားသည်မို့ မျက်နှာပိုးသတ်မရ..။
ထူးထူးခြားခြား အစောကြီးရောက်ကာ တက်ကြွနေသည့် ဂျွန်မြောင့်ကို စီနီယာတွေက ပျော်စရာရှိတာလား လို့တောင် မေးယူရသည်။
"အင်း...ရှိတယ်။ ကျွန်တော် သဘောကျနေတဲ့ တစ်ယောက်က ဖုန်းနံပါတ်ပေးသွားတဲ့အပြင် အိမ်လာလည်ဖို့ပါခေါ်သွားတယ်လေ"
"ဘယ်မေဂျာက ကောင်မလေးလဲ..?။ ရည်းစားရရင် တစ်ဝိုင်းနော် ဟိတ်ကောင်..လျှိုမထားနဲ့."
"ရရင်ပြောမယ်ဗျာ...အခုတော့ လေ့ကျင့်ရအောင်..ကျွန်တော် အလယ်မှာ နေရင် ဖြစ်လားအစ်ကို..?
စီနီယာဂျန်ဟွန်းက ခေါင်းငြိမ့်ပြရင်း ကွင်းထဲသို့ ပြေးဝင်သွားသည်။
စီးပွားရေးမေဂျာမှ လူအချင်းချင်းမို့ ပွဲက လက်ရည်ညီနေသည်။ တစ်ဖက်အသင်းမှ ပစ်ပေးနေသည့် ဘောလုံးများကို ပုတ်ထုတ်ရင်း ဂျွန်မြောင့် လက်တွေက ပိုမိုမြန်ဆန်လာသည်။
ပွဲပြီးဖို့ တစ်မိနစ်အလိုတွင် ဂျွန်မြောင်ပစ်လိုက်သောဘောလုံးက ခြင်းထဲသို့ တန်းတန်းမတ်မတ်ဝင်သွားခဲ့သည်။
၂၃မှတ် ၁၅မှတ်..။
ဂျွန်မြောင့်အသင်းက အပြတ်အသတ်ကို နိုင်သွားခဲ့တာပဲ...။
"သုံးမှတ်ပဲ ဂျွန်မြောင်..။ မင်းက တကယ်တိုးတတ်လာတာပဲ..ဒီထက်ပိုပြီးကျင့်မယ်ဆို KBLထဲတောင် ပါနိုင်လောက်တယ်။"
(KBL-Korean Basketball League)
"တကယ်လား..အစ်ကိုရော အဲ့လိုထင်တာလား..?"
"ငါကနောက်စရာလားကွ..မင်းသာဆက်ကြိုးစားရင် တကယ်အောင်မြင်မှာကွ"
အားတက်သရောပြောနေသော အစ်ကိုရှီဝန်းကို ဂျွန်မြောင်က ရယ်ပြတော့ ဆက်ကြိုးစားကွာ လို့ပြောရင်း ထွက်သွားသည်။
ညနေစောင်းပြီမို့ အင်ချွန်းသွားရန် အဆင်မပြေတော့သဖြင့် အိမ်ပြန်ရန်သာ ဂျွန်မြောင်ဆုံးဖြတ်လိုက်သည်။ နောက်လအပြီးတင်ရမည့် projectကလည်း ရှိသေးသည်မလား..။
ရေချိုးထမင်းစားပြီးသည်နှင့် မနေ့ကရလာတဲ့ ရီရှင်းဖုန်းနံပါတ်ကို "ကောင်းကောင်းအိပ်"လို့ ပို့ပြီး ဂျွန်မြောင်အိပ်ပျော်သွားတော့သည်။
ဒီ အချိန်မှားသံသရာကြီးက ပျော်ဖို့ကောင်းသည်ဟု ဂျွန်မြောင်ထင်စပြုလာသည်...။