ဘာလုပ်ရမှန်းမသိတော့ဟန်နှင့် အစ်ကို့ပုံစံက အရမ်းချစ်ဖို့ကောင်းသည်။ ကျွန်တော် သဘောကျသည်။
"အစ်ကို့ကို ကျွန်တော်က ဒီရောက်ဖူးတယ် ထင်နေတာ"
"ရောက်တာတော့ နှစ်တိုင်းရောက်တာပဲ...အရင်က အုပ်စုလိုက် နောက်ပြောင်ရင်းနဲ့ဆိုတော့ လမ်းတွေ သေချာမမှတ်မိဘူး"
"....."
"ကိုယ် ဦးဆောင် ခေါ်လာမှပဲ တလွဲတွေ ဖြစ်တော့တယ်....မင်း အစ်ကို့ကိုတော့ ယုံသေးတယ် မဟုတ်လား"
ကျွန်တော် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ အစ်ကိုက ဆက်လျှောက်ပြန်သည်။
"ဒီနေရာတွေ ရောက်ခဲ့ပြီးတာ သိလား"
ကျွန်တော် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့့်သည်။ ဦးနှောက်ထဲ ဘာမှ ပေါ်မလာ။
"ကျွန်တော် မမှတ်မိဘူး"
"အဲဒါဆို မရောက်သေးဘူး ထင်ပါတယ်"
"မဟုတ်ဘူး...ကျွန်တော်က ရောက်ခဲ့လည်း မမှတ်မိဘူး ပြောတာ"
"ကိုယ်လည်း မမှတ်မိဘူးလေ....အဲဒါဆို မရောက်ရသေးလို့ ဖြစ်မှာပါ"
လှောင်ပြောင်ချင်တာ မဟုတ်ပေမဲ့ ကျွန်တော်တကယ် ရယ်ချင်သည်။ အစ်ကို့၏ စိတ်မသက်မသာဖြစ်နေဟန်က တစ်မျိုး။ မကြည့်ရက်သော်လည်း အမှန်တကယ် ကြည့်ကောင်းနေပြန်သည်။
ရုတ်တရက် အစ်ကိုက ခြေလှမ်းတွေကို ရပ်လိုက်ပြီး ဆိုင်တစ်ခုထဲကို ငေးသွားသည်။ ဆိုင်က မိန်းကလေး အဝတ်အစားတွေ ရောင်းသည့်ဆိုင်။ အရုပ်တွေ ဝတ်ထားသည်က အဖြူရောင် ဂါဝန်တွေချည်း။
အစ်ကိုက ဆိုင်ရှေ့က ဖြည်းဖြည်းဖြတ်လျှောက်နေရင်း ဝတ်စုံတစ်ခုရှေ့ ရပ်သွားသည်။
"အသားညိုတဲ့ မိန်းကလေးကျ ဒီဝတ်စုံနဲ့ လိုက်ပါ့မလား"
"ဗျာ..."
"မိန်းကလေး တစ်ယောက်အတွက်ပါ...သူက ဘယ်လိုနေနေလှပေမဲ့ အဖြူရောင်ဂါဝန်နဲ့ မြင်ဖူးချင်လို့"
"အစ်ကို့ ချစ်သူ ??"
"ဟား...ဟား...ဖြစ်နိုင်ပါ့မလားကွာ"
အစ်ကိုက သဘောတကျနှင့် ရယ်မောကာ ပြောသော်လည်း သူ့မျက်ဝန်းတွေက မပြုံးဘူး ထင်ရသည်။
စကားပြောနေရင်း ရုတ်တရက် မြည်လာသော ဖုန်းသံကြောင့် အစ်ကိုက လန့်ပင်သွားသည်။ ပြီးတော့ ဝမ်းသာသွားဟန်......
"ဟဲလို....jongdae....ငါ အဖွားဆိုင်ကို မမှတ်မိတော့ဘူး...လူတွေ အရမ်းရှုပ်နေတာနဲ့"
"......"
"အဲဒါတွေ ထားစမ်းပါ....ငါတို့ အခုရောက်နေတာ ဘယ်နားလဲကို မသိဘူး....××× အင်္ကျီဆိုင်ရှိတယ်....လမ်းအကွေ့ကို ရောက်ရင် ငါလာတတ်တယ်...အခု ဘယ်သွားရမလဲ"
"......"
"Ok......ok ok"
ရောက်ခဲ့လား မရောက်ခဲ့လား မသေချာပေမဲ့ အချိန်တော်တော်ကြာအောင် ထပ်လျှောက်လိုက်ရသည်။ နောက်ဆုံးတော့ ကျွန်တော်တို့ အနားယူရမည့် အဖွားအိမ်သို့ ရောက်ရှိခဲ့သည်။ အချိန်က နေ့လည် ၁ နာရီ....
"ဘယ်လိုတောင်လဲ...jongin...လမ်းမကြီးက ၃ ခုပဲ ရှိတာလေ...တဖြောင့်တည်းကြီးတွေ...ဘာတွေကြောင်နေတာလဲ"
"လူအရမ်းများတယ်လေကွာ...ငါလည်း တခြားတွေ လျှောက်တွေးနေမိတော့ ဘယ်ရောက်လို့ ရောက်သွားမှန်းကို စဉ်းစားမရတော့တာ"
"sehun ကရော...ဒီလမ်းဖြောင့်ကြီးကို မမှတ်မိဘူးလား"
"အဲ...ကျွန်တော်လည်း သတိမထားမိ...လိုက်...ဘူး"
Jongdae hyung က မျက်ခုံးတန်းတွေပါ ပင့့်သွားသည်။ ကျွန်တော် ရယ်ကျဲကျဲ လုပ်နေလိုက်သည်။
အစ်ကိုနှင့် စကားပြောနေသော အဖွားက နှစ်လိုဖွယ် ကောင်းသည်။ ကျွန်တော့်ကို အရေးပေးလှသည်။
"လာ.....သား...jongin နဲ့မှ လိုက်လာတော့ ပင်ပန်းရပြီ...အဲဒီကောင်လေးက ဘာမှကို အရေးမထားဘူး...သူ ကျောင်းပိတ်တိုင်း အဖွားဆီ လာနေကျ...အဲဒါကို လမ်းပျောက်ရတယ်လို့"
ကျွန်တော် ပြန်မပြောတတ်၍ ပြုံး၍သာ နေလိုက်သည်။ အစ်ကိုက တခစ်ခစ်နှင့် ရယ်မောနေလေသည်။
ကျွန်တော်တို့အတွက် ထမင်းစားရန် ပြင်ပေးနေသော အဖွားကို jongdae hyung က ကူညီပေးသည်။ ကျွန်တော်နှင့် အစ်ကို နှစ်ယောက်တည်း ထမင်းစားရသည်။ အချိန်လွန်နေပြီ ဖြစ်သော်လည်း ဗိုက်မဆာသည့်အပြင် ကျွန်တော် မစားနိုင်။
ကျွန်တော်က ထမင်းပန်းကန်နှင့် အလုပ်ရှုပ်နေချိန် အဖွားကျွန်တော့်ကို ပြောသော စကားအများစုကို အစ်ကိုက ဒိုင်ခံဖြေပေးနေသည်။
"မနက်ဖြန် အဖွားနဲ့ လိုက်ခဲ့....သားလေး...jongin က နေရာအစုံ မပြဘူးမလား"
အဖွား၏ စကားသံချိုချိုနှင့်အတူ ကျွန်တော့်ပန်းကန်ထဲ ရောက်လာသော ဟင်းရည်တစ်ဇွန်း....
ကျွန်တော် ချွေးပင် ထွက်လာသည်။
"သူက ညနေပြန်မှာ အဖွား...စာမေးပွဲ ရှိလို့...ကျွန်တော် လိုက်ပို့ပေးမှာ"
ဟင်းရည်ထဲပါသည့် အမွှေးရွက်တစ်မျိုးကြောင့် ကျွန်တော် ငိုချင်သွားသည်။ ကျွန်တော့်အတွက်တော့ နံသည်။ အဖွားကို အားနာသောကြောင့် စားရန်ကြိုးစားသော်လည်း အဆင်မပြေ။
"မစားချင်ရင် အစ်ကို့ပန်းကန်ထဲ ထည့်လိုက်လေ"
"ဗျာ..."
အဖွား ထွက်သွားတုန်း အစ်ကိုက ကျွန်တော့်ကို တိုးတိုးကပ်ပြောသည်။
"မကြိုက်ရင် မစားနဲ့လေ....ကုန်သလောက်ပဲစား...အားနာလို့လား"
ကျွန်တော့်ပန်းကန်လုံးထဲမှ ဟင်းရည်ဆမ်းထားသော ထမင်းအချို့ကို အစ်ကိုက သူ့ပန်းကန်သေးသေးထဲ ဂရုတစိုက် ပြောင်းယူသည်။ ကျွန်တော်မကြိုက်သည့်အပိုင်းတွေ သေးသေးလေးတောင် မကျန်ခဲ့အောင်....
"အစ်ကို...ဒါ....အဆင်ပြေရဲ့လား"
ကျွန်တော်ဆိုရင်တော့ အဆင်မပြေလောက်သည်မို့.....
အစ်ကိုက ကျွန်တော့်ကို တစ်ချက်သာကြည့်ပြီး ပြုံးပြသည်။ ဘာမှပြန်မပြောပေ။
.
.
.
ထမင်းစားပြီးသည်နှင့် အစ်ကိုက ဘယ်ရောက်သွားသည် မသိ။ jongdae hyung က ခုံတန်းတစ်ခုတွင်ထိုင်ပြီး ဆေးလိပ်သောက်နေသည်။
"Jongdae hyung...အစ်ကိုရော"
"Jongin အခန်းထဲမှာ ခဏအိပ်နေတယ်...မင်းကို ညနေမှ ပြန်လိုက်ပို့မယ်တဲ့"
"ကျွန်တော်လည်း အဲဒါပြောမလို့...ကျွန်တော် အိမ်က ကားကိုပဲ လာခေါ်ခိုင်းလိုက်မယ်...အစ်ကိုက ဒီပြန်လာရဦးမှာလေ"
Jongdae hyung က စဉ်းစားနေသလို ခဏငြိမ်သွားသည်။ ဒါ အကောင်းဆုံးနည်းလမ်းလေ။ ကျွန်တော်လည်း အစ်ကိုနဲ့ အချိန်ကြာကြာ ရှိနေခဲ့ရပြီပဲ။
"မကောင်းပါဘူး...jongin က သူ့အကြောင်းသူ သိပါတယ်...မင်းကို ခေါ်လာပြီးမှတော့ သူကိုယ်တိုင် စောင့်ရှောက်ပေးချင်လိမ့်မယ်...သူနဲ့ပဲ ပြန်လိုက်ပါ"
"သူ ပင်ပန်းနေတာကို....ကျွန်တော် အားနာပါတယ်...သူ မနိုးခင် ကျွန်တော်ပြန်သွားလိုက်မယ်"
"မင်း ဒီတိုင်း ပြန်သွားမှ သူတကယ် စိတ်ဆိုးမှာ...အားနာမနေနဲ့...သူ လုပ်ချင်လို့ လုပ်တဲ့ကိစ္စပဲ"
ကျွန်တော် ဘာဆက်ပြောရမှန်းမသိတော့။ jongdae hyung က ကျွန်တော်ထိုင်ရန် နေရာတစ်ဘက်တိုးပေးပြီး ဆေးလိပ်ဆက်သောက်နေသည်။
"အများကြီး မတွေးနဲ့တော့...သူ ပြောသလိုပဲလုပ်ပါ"
"အစ်ကိုက ပင်ပန်းနေတာ"
"ငါတော့ အဲလိုမထင်ပါဘူး...သူ ပျော်နေသားပဲ"
"အင်း...အစ်ကိုက စိတ်ထားကောင်းတယ် မဟုတ်လား"
Jongdae hyung က ခေါင်းငုံ့ပြီး တိုးတိုးလေး ရယ်သည်။
"သူ ပျော်တာက မင်း ပျော်နေလို့ပါ...ပြီးတော့ သူ စိတ်ထားမကောင်းလည်း မင်းက ချစ်မှာပဲ မဟုတ်ဘူးလား"
ကျွန်တော် ဘေးကပ်လျက်ထိုင်နေသော hyung ကို လှည့်ကြည့်လိုက်သည်။
"chanyeol ပြောပြလို့လား"
သူက ခေါင်းယမ်းသည်။
"မြင်နေရတာပဲ....မင်းမှ ဖုံးကွယ်မထားခဲ့တာ"
"ဒါဆို အစ်ကိုရော"
Jongdae hyung က ဖြည်းဖြည်းလေး ရယ်သည်။ ပြီးတော့ တိုးတိုးလေး ပြောသည်။
"သူ မသိချင်ရင်တော့ မသိဘူးပေါ့"
ကျွန်တော် အသက်ပြင်းပြင်း ရှူသွင်းမိလိုက်သည်။ စကားဆက်ပြောသင့် မပြောသင့် ဝေခွဲမရ။
"sehun....မင်း နာကျင်ရမှာ ကြောက်သလား"
"ကျွန်တော်.................မပြောတတ်ဘူး"
Jongdae hyung က စီးကရက်ငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး ခေါင်းညိတ်ကာ နေရာမှ ထသည်။
"hyung...ဘာဖြစ်လို့ ကျွန်တော်ပျော်တာနဲ့ အစ်ကိုကပျော်ရတာလဲ"
"အဲဒါက တခြားအကြောင်းပြချက်တွေ ရှိသေးလို့လား"
"ဟင်...."
"jongin က သူ့ကြောင့် ပျော်ရွှင်တဲ့သူရှိရင် သူလည်း ပျော်တယ်...အဲဒါက သူမှလဲ မဟုတ်ပါဘူး"
"အစ်ကို့မှာ ချစ်သူရှိသလား"
Jongdae hyung က စကားပြောရန် ပါးစပ်ပြင်လိုက်သေးသော်လည်း မပြောဘဲ ခေါင်းသာယမ်းပြသည်။ ကျွန်တော် ထပ်မေးရန် ပြင်တော့.....
"သူ့မှာ အစွဲအလန်းကြီးလွန်းတဲ့ နှလုံးသားပဲ ရှိတယ်...ကဲ....ငါတို့ ပြောတာများနေပြီ...မင်း အခန်းထဲမှာ သွားနားလို့ရတယ်...jongin ရှိတယ်"
နောက်ကျောပြင်သေးသေးလေးကို ကြည့်ရင်း chanyeol စကားတွေနဲ့ သိပ်မကွာကြောင်း ခံစားမိသည်။ ဒါပေမဲ့ jongdae hyung က ကျွန်တော့်ကို တားမြစ်လိုသည်ဟု မခံစားရချေ။
.
.
.
ကြမ်းပြင်တွင် အခင်းမခင်းဘဲ ခေါင်းအုံးတစ်လုံးနှင့် ကွေးကွေးလေး အိပ်ပျော်နေသော အစ်ကို......
ကျွန်တော် ဖွဖွလေး အနားတိုးသွားလိုက်သည်။
မှေးပိတ်နေသော မျက်ခွံမို့မို့လေးတွေ.....
စင်းကျနေသော မျက်တောင်ရှည်ရှည်တွေ....
စေ့ပိတ်ထားသော ပန်းရောင်နှုတ်ခမ်း တို့ဖြင့်
အစ်ကိုသည် တည်ငြိမ်စွာ လှပနေ၏။
အညိုရောင်ပြေပြေ အသားရောင်နှင့် အစ်ကို့မျက်နှာသည် ချွေးစို့နေချိန်မှာတောင် စွဲမက်ဖွယ် ကောင်းသည်။
အစ်ကို့မျက်နှာနှင့် တစ်ပြေးတည်းဖြစ်အောင် ကိုယ့်လက်မောင်းပေါ် ကိုယ်အုံး၍ အစ်ကို့နည်းတူ လဲလျောင်းလိုက်သည်။
ဘေးချထားသည့် အစ်ကို့လက်ချောင်းလေးတွေကို ကျွန်တော့်လက်ချောင်းထိပ်လေးနှင့် ထိကြည့်ချင်သည်။
ဒီလိုမျိုးလေးသာ တစ်သက်လုံးဆို
ဘာပဲစွန့်လွှတ်ရပါစေ....နော်
တရွေ့ရွေ့ကုန်ဆုံးနေသော မိနစ်တွေ နှစ်ပတ်လည်ချိန်အထိ ကျွန်တော် အစ်ကို့ဆီမှ မျက်လုံးမလွှဲနိုင်ခဲ့။
ဖွဖွကြားလိုက်ရသော ခြေသံနှင့်အတူ jongdae hyung အနားသို့ ရောက်လာသည်။ ကျွန်တော် အိပ်ပျော်မနေခြင်းကို သူကပြုံး၍သာ အသိအမှတ်ပြုသည်။
"Jongin...ထတော့...မင်း sehun ကို လိုက်ပို့ရဦးမှာ"
အစ်ကို့မျက်ဝန်းတွေ ပွင့်မလာခင် အချိန်လေးတွင် ကျွန်တော် အခန်းအပြင်သို့ ခပ်သွက်သွက် ထွက်လာခဲ့သည်။ မသိ....ကျွန်တော် ရင်မဆိုင်ရဲပါ။
.
.
"sehun....ပြန်ချင်ပြီလား...တစ်ခါ ထပ်လည်ချင်သေးလား"
မျက်နှာသစ်လာဟန်တူသော အစ်ကိုက ဆံစအချို့မှာပင် ရေစက်တို့ စိုနေသေး၏။
"အစ်ကို...ဟို... ကျွန်တော့်ဘာသာ ပြန်လို့ရ"
"ဟေ့...ကိုယ် မင်းကို ခေါ်လာတာလေ...အိမ်အထိ လာခေါ်ပြီးမှ ပြန်လိုက်ပို့ပေးရမှာပေါ့"
"....."
"လာ...ဦးထုပ်ကြီး မဆောင်းနဲ့...မင်း ကိုယ့်ခါးကို ဖက်ထားလည်း ရတယ်...လွယ်အိတ်က ထားခဲ့မှာ"
ပြုံးစစနှင့် ပြောသော အစ်ကိုကြောင့်
ကျွန်တော် ရယ်ပြရမလို.....ရှက်ရမလို.....
အစ်ကို့နောက်ကနေ ဆိုင်ကယ်ပေါ်ထိုင်လိုက်ပြီး အစ်ကို့ခါးကို ဖက်လိုက်တော့ အရာရာတိုင်းက ခဏလေးလို ခံစားရသည်။ အိမ်ပြန်ချိန်တောင် ရောက်သွားပြီပဲ......
အစ်ကိုက ဆိုင်ကယ် ဖြည်းဖြည်းမောင်းနေသည်။ အလာတုန်းကလည်း ဒီလမ်းမှာ ဒီလိုပဲ ဆိုပေမဲ့ ခံစားချက်ခြင်းက ကွာခြားနေသည်။
"အိပ်ချင်နေတာလား"
"ဟင့်အင်း"
"မင်း အရမ်းငြိမ်နေသလားလို့"
ကျွန်တော် အရင်က စကားတော်တော်များခဲ့မိလား မသိ။
"ပြန်ရတော့မယ် ဆိုတော့ နှမြောသလိုလိုကြီး"
"သြော.....အင်း"
ကျွန်တော် နီးကပ်နေသော အစ်ကို့ကျောပြင်ပေါ် ပါးအပ်ထားလိုက်သည်။ မသိဘူး....တကယ် ငိုချင်သလို ဖြစ်နေတာ.....
ထိုအနေအထားအတိုင်း ကျွန်တော်ရော အစ်ကိုရော တိတ်ဆိတ်နေကြ၏။ ချက်ချင်းကြီး ကျွန်တော်တို့ အရမ်း နီးစပ်သွားတာ.....အဲဒါအတွက် ကျွန်တော် ဘာလို့ မပျော်မရွှင် ဖြစ်နေရတာလဲ။
အစ်ကိုသာ ကျွန်တော့်ကို ဒီလောက်ဂရုမစိုက်ခဲ့ရင်......
"အစ်ကိုတို့ နောက်လည်း သွားကြတာပေါ့...ဒါ နောက်ဆုံးမှ မဟုတ်တာ"
"အင်း....နောက်ထပ်လား"
ခေါင်းမော့လိုက်တော့ နီးကပ်နေသော ခန္ဓာကိုယ်နှစ်ခုကြောင့် အစ်ကို့ပုခုံးပေါ် မေးတင်မိသွားသည်။ ဦးထုပ်မဆောင်းရတာ တကယ်ကောင်းတာပဲ။
"အခု မပျော်ဘူးလား"
"အား...ပျော်တာပေါ့...ဒီလိုပွဲတော်မျိုး....ဒီလိုပုံစံမျိုး...ဒါ ပထမဆုံးပဲ....ပြီးတော့ အစ်ကိုနဲ့....ကျွန်တော်ချစ်တဲ့သူနဲ့....ဒီလို အမှတ်တရကို တစ်သက်လုံး မေ့တော့မယ် မထင်ဘူး"
အစ်ကို့မျက်နှာကို သေချာမမြင်ရပေမဲ့ နီးကပ်နေသော အစ်ကို့ပါးပေါ်က အချိုင့်လေးရေးရေးထင်သောကြောင့် အစ်ကိုပြုံးနေကြောင်း သိနိုင်လေသည်။
"အစ်ကိုကရော....မပျော်ဘူးလား"
"ဟား....ပျော်တာပေါ့ကွာ"
ကျွန်တော်လေ ~~
အစ်ကို့ကို သိပ်ချစ်တာပဲ.....
တစ်ယောက်နဲ့ တစ်ယောက် အမုန်းကိုတောင် ထုတ်ဖော်ပြသနေကြတာ....ချစ်ခြင်းမေတ္တာက ဖုံးကွယ်ထားစရာမှ မလိုအပ်ဘဲ....နော
"ဆိုင်ကယ်မောင်းကြည့်ချင်တယ်...အစ်ကို"
အစ်ကိုက ခပ်စောင်းစောင်း လှည့်ကြည့်သည်။
"ဘာလို့လဲ hun ရဲ့...အန္တရာယ်များတယ်"
"ကျွန်တော် စမ်းချင်လို့...မနက်ကကျ အစ်ကိုပဲ မေးပြီး"
"အဲဒါ စ တာလေ....hun မှာ ကားရော မောင်းပေးမဲ့သူရော ရှိတာပဲ...ဆိုင်ကယ်နဲ့မှ သွားချင်ရင်လည်း အစ်ကိုလိုက်ပို့မှာပေါ့"
စကားမဆုံးသေးဟု ထင်ရသော်လည်း အစ်ကိုက ပင့်သက်ရှိုက်ရင်း အဆုံးသတ်လိုက်သည်။ လမ်းက ဖြောင့်ဖြူးနေပြီး အစ်ကိုကလည်း ဖြည်းဖြည်းစီးနေသည်မို့ ကျွန်တော့်ကိုယ်ကို ခွာကာ အစ်ကို့ ခါးမှလက်ကို လျော့ပေးလိုက်သည်။
"ဟုတ်ပါပြီ...ကျွန်တော် ဆိုင်ကယ်မမောင်းတော့ပါဘူး"
"တကယ် အန္တရာယ်များလို့ ပြောတာ"
"ဟုတ်...."
အစ်ကိုက ကျွန်တော်စိတ်ဆိုးသည်ဟု ထင်ပုံရသည်။ အနောက်သို့ လှည့်ကြည့်သည်။ နောက်ထပ်တစ်ခါ......
"ကျွန်တော် စိတ်မဆိုးပါဘူး"
ဆိုင်ကယ်က ရပ်တန့်သွားပြီ ဖြစ်သည်။
"ကျွန်တော် တကယ်ဘာမှမဖြစ်ဘူး...ဆက်သွားလို့ ရတယ်"
အစ်ကိုက ကိုယ်တစ်ခြမ်းလှည့်လာသည်။ သူ့မျက်နှာက ခန့်မှန်းရခက်ခက်.....ကျွန်တော် ရယ်ချင်လာသည်။
"အစ်ကိုက တကယ်စိတ်ပူလို့ ပြောတာ"
ရော်.....စိတ်မဆိုးပါဘူးဆို.....
ကျွန်တော် စချင်လာ၍ အစ်ကို့အိပ်ကပ်ထဲမှ တစ်စွန်းတစ်စပေါ်နေသော စီးကရက်ဗူးကို ကြည့်လိုက်သည်။
"ကျွန်တော် ဆိုင်ကယ်မမောင်းချင်တော့ဘူး...ဆေးလိပ်သောက်ကြည့်ချင်တယ်"
"......"
အစ်ကိုက ချက်ချင်းငြင်းဆိုဟန် ပြင်လိုက်သော်လည်း ပြန်ငြိမ်သွားပြီး တော်တော်လေး တွေဝေစဉ်းစားသွားသည်။
"အင်း........သောက်ချင်ရင် တစ်လိပ်လောက် စမ်းသောက်ကြည့်ပေါ့"
အစ်ကိုက ကျွန်တော် ထပ်စိတ်ဆိုးမှာ စိုးရိမ်ပုံရသည်။ တကယ်တော့ အစကတည်းက စိတ်မဆိုးဘူးလေ.....
"မသောက်ပါဘူး....အစ်ကိုရယ်....ကျွန်တော်က လူလိမ္မာလေး...အစ်ကို့ကို နောက်နေတာပါ"
"တကယ် ပြောနေတာလား"
"တကယ်"
အစ်ကိုက ကျွန်တော့်ကို သေချာကြည့်နေပြီးမှ ပြုံးသည်။ မျက်ရစ်လေးတွေ ဖြည်းဖြည်းချင်း တွန့်ကွေးသွားတာက အစ ပြည့်စုံနေတာ...
"ဟုတ်တယ်...လိမ္မာတဲ့ကလေးတွေက ဆေးလိပ်တွေ မသောက်ရဘူး"
ထို့နောက်တွင် လမ်းတစ်လျှောက်လုံး အစ်ကိုက အတိုးချ၍ စ နောက်နေတော့သည်။ ခဏလေးပင် မပြုံးဘဲ မနေရအောင်......
ကျွန်တော်တို့တွေ အလာတုန်းကထက် အဆပေါင်းများစွာ ရင်းနှီးဆူညံနေခဲ့သည်။
နေမစောင်းခင် ကျွန်တော့်အိမ်ရှေ့ အရောက်ပို့ပေးပြီး အစ်ကိုက မရိုးသော မေးခွန်းတစ်ခုကို ထပ်မေးသည်။ 'ဒီနေ့ ပျော်ရဲ့လား' တဲ့......
မျက်နှာချင်းဆိုင်ထားသည့် အကြည့်နှင့် လေသံတွင် အစ်ကို့ပျော်ရွှင်မှုတွေက ကျွန်တော့်အဖြေကို စောင့်စားနေသလို....
ကျွန်တော် နှစ်ခြိုက်စွာ သွားတွေပေါ်အောင် ပြုံးလိုက်သည်။
"အစ်ကို မယုံဘူးလား....ကျွန်တော် ဒီနေ့ အရမ်းပျော်နေတာကို"
အစ်ကိုက အကြီးကြီး အကြီးကြီး ပြုံးနေသည်။ အစ်ကို သိပ်ပျော်နေသည်။
"အစ်ကို့ ညီမလေးလို မင်းပြုံးတယ်...မင်း တကယ်ပျော်နေတာ အစ်ကို ခံစားလို့ရတယ်...မင်း ပြောတာကို ကြားချင်လို့ပေါ့"
"အင်း....အရေးကြီးဆုံး တစ်ချက် ကျန်သေးတယ်...အဲဒါက.........ဒီနေ့တစ်နေ့လုံးအတွက် ကျွန်တော်ပျော်ခဲ့ရတာ အစ်ကို့ကြောင့်ပဲ"
အစ်ကိုက ဘာမှပြန်မပြောဘဲ ပြုံးနေခဲ့သည်။
အစ်ကို့ရဲ့ အဲဒီအကြည့်ကိုလဲ ကျွန်တော် မေ့လို့ရတော့မယ် မထင်ဘူး.....
အစ်ကိုက သိပ်ကို ကြည်နူးပျော်ရွှင်နေသလိုမျိုး ကြည့်နေတယ်....သူ ကျေးဇူးတင်နေတယ်....
ပြီးတော့ အဲဒီကနေ ကျွန်တော်သိသွားတယ်...
အစ်ကို ကျွန်တော့်ကို သိပ်ချစ်တာကိုပေါ့....
Your Smile 🌟