ဇာမဏီ၏ ကံကြမ္မာ~
ရှင်းချန်းသက္ကရာဇ် ၂၅၇
ယုန်နှစ်...၁လမြောက် ၁၂ရက်
လေးနှစ်ဟူသော အချိန်ကာလသည် လင်းယွီ၏အချိန်ယန္တရားသို့ တိုက်စားပြိုပျက်သွားခဲ့သည်က ယမန်နေ့တစ်နေ့ကကဲ့သို့...။
မှော်ဆန်ဆန် ပြီးဆုံးသွားခဲ့သော
လေးနှစ်အတွင်း ဤနန်းထည်ဝါ၌ လင်းယွီအေးအေးချမ်းချမ်း ဆိတ်ငြိမ်စွာ နေထိုင်ခဲ့ရပါသည်ဟုဆိုလျင် ညာနေသည်ဟုပဲ သတ်မှတ်ရမည်ဖြစ်သည်။
ဆယ့်ခြောက်နှစ်မြောက် မွေးနေ့တွင် အဆိပ်ခတ်ခံခဲ့ရသည်က လင်းယွီ မရဏလမ်းသို့ မြန်းရလုနီးနီး...။
ဆယ့်ခုနှစ်နှစ်တွင် ကိုယ်လုပ်တော်ချင်သတ်သေမှု၌ ချောက်ချခံရ၏။
ဆယ့်ရှစ်နှစ်တွင် မယ်တော်ကြီးထံက မရိုမသေ မလေးမစားပြုမူသည်ဟူသော အကြောင်းအချင်းရာဖြင့် ရေခဲနန်းဆောင်သို့ ပို့ခံလုနီးနီးဖြစ်ခဲ့သည်။ ပြီးလျင် လင်းယွီ၏ စိတ်ထိခိုက်ဖွယ် ကြောက်မက်ဖွယ် အမှန်တရားတစ်ခုသည်လည်း ခြောက်ခြားဖွယ်ကောင်းလောက်အောင် အရိပ်ကြီးစိုးခဲ့၏။ သို့သော် လင်းယွီ၏ကံတရား~ ယုံကြည်မှု၊ နဂိုမူလစိတ်ဓာတ်ကြံ့ခိုင်ခြင်းနှင့်အတူ လောက၌မားမတ်မတ် ရပ်တည်နိုင်ခဲ့သည်။
ရှင်ဘုရင်??
ထိုသူသည်ကား လေးနှစ်တာ၌ တိုင်းပြည့်အရေးကို တိုင်ပင်မှုပြုလင့်ကစား လင်းယွီအပေါ်အမြဲတစေ ဘာသိဘာသာပြုမြဲပါပေ။
သို့သော် လေရှူခိုက်ပင် အဆိပ်မိနိုင်ပါသည့်ဤနေရာ၌ အေးဆေးဆေးနေခဲ့ခြင်းအား လင်းယွီ တဖြည်းဖြည်းအသားကျလာခဲ့ရ၏။
"မယ်မယ်~ ယွီဟွားမင်းသမီးလေး ရောက်လာပါတယ်။ "
"ထပ်လာပြန်ပြီလား??"
လင်းယွီ စုတ်တံတသွယ်ဖြင့် စာရေးနေခြင်းအမှုကို ရပ်ဆိုင်းလိုက်ကာ စိတ်ညစ်ညူးစွာ သက်ပြင်းချလိုက်မိ၏။
ဤမင်းသမီးလေးက လင်းယွီအထူးတလည် ချစ်ခင်ခဲ့သည်လည်း မရှိပဲနှင့် အားရှိလျင် မိဖုရားမယ်မယ်ဆီသွားမည်ဟုပဲ ဂျီကျနိုင်လွန်းသည်။ အသက်အရွယ်လေးနှစ်ဟူသည့် ကာလအသက်အရွယ်နှင့်မှမလိုက် အလွန်ဥာဏ်ပြေးကာ ထိုကလေးမ၏ဖခမည်းတော်ကလည်း ထိုကလေးပုစိမကို အလွန်ချစ်မြတ်နိုး၏။ ထိုကလေးမကြီးပြင်းလာကတည်းက မွေးအမေထက် လင်းယွီကိုသာပို၍ ကပ်ချင်နေသည်ကြောင့် လင်းယွီမှာ ကလေးမချစ်သော်ငြား ငြင်းမရပြုမရ ငြိမ်နေရခြင်း...။ ယခုတွေးနေရုံပင်ရှိသေး ပန်းနုရောင်ဝတ်ရုံလေးနှင့် လုံးလုံး၊လုံးလုံးပြေးလာကာ လင်းယွီ၏ဧကရီဝတ်ရုံစွန်းအား လာရောက်ဆွဲကိုင်လေ၏။
"မယ်တော်မိဖုရား~ "
"...... "
"ဒီနေ့ရော ဘာလာလုပ်တာလဲ မင်းသမီးလေး~ "
"မယ်တော်မိဖုရားကို သတိရလို့ပါ မယ်တော်မိဖုရား အလုပ်တွေလုပ်နေတာလား?"
"အင်း~ မင်းသမီးလေးရဲ့ ခမည်းတော်က ခိုင်းထားလို့ ဒါတွေအပြီးလုပ်ပေးရဦးမယ်။"
လင်းယွီ၏အဖြေက မနူးညံ့သကဲ့သို့ ဂရုစိုက်မှုအနည်းငယ်လေးပင် မပျော်ဝင်နေ...။မင်းသမီးငယ်လေးကိုလည်း မကြည့်ရှု စာအုပ်တို့ကိုသာ စိုက်ကြည့်ရင်း အဖြေပြုနေခြင်း...။ လေးနှစ်အရွယ် မင်းသမီးငယ်လေးယွီဟွားကမူ ကြယ်ရောင်တဖျတ်ဖျတ်လတ်သည့် မျက်ဝန်းရွှန်းရွှန်းတို့ဖြင့် လင်းယွီကို မော့ငေးနေ၏။
သူမလေး၏ မယ်တော်မိဖုရားက အမြဲတစေ ဥပေက္ခာပြု လျစ်လျူရှုသော်ငြား မငြီးငွေ့သွားရသည့်အကြောင်းက အမြဲတစေ ရိုးအီသွားလေးမရှိသော အေးစက်စက် မယ်တော်မိဖုရား၏ အလှတရားကြောင့်ပင်......။ ယွီဟွား၏မွေးအမေသည်လည်း လှသည်။ သို့သော် မယ်တော်မိဖုရား၏အလှကို မမှီ...။
ကလေးပီပီ အလှကြိုက်တတ်သည့် ယွီဟွားမင်းသမီးလေးသည် ကြွေရုပ်လေးအတိုင်း အမြဲတစေ အေးစက်လှပနေသည့် မယ်တော်မိဖုရားအား သူမမည်သို့လျစ်လျူရှုပါစေ။ အမြဲတစေ သဘောကျနှစ်ခြိုက်စွာ လာရောက်ကြည့်ရှုမြဲပါပေ။
"မင်းသမီးလေး... မင်းသမီးလေးရဲ့ မွေးမိခင် ယွီဖေးကခေါ်ခိုင်းလိုက်ပါတယ်။ "
"မလာချင်သေးဘူး။ မယ်တော်မိဖုရားနဲ့ နေချင်သေးတယ်"
"မင်းသမီးလေး မနက်ဖြန်ဒါမှမဟုတ် နောက်ရက်မှလာပါလား? ဒီမယ်တော်က အခုအလုပ်များနေတာမို့ပါ။ "
လင်းယွီ၏အပြောကြောင့် မင်းသမီးလေးယွီဟွားက ငိုမဲ့မဲ့ဖြစ်သွားရသော်ငြား မနက်ဖြန်ဟူသောစကားလုံး၌ မျက်လုံးအရောင်လေးများ တောက်ပလျက်...။ အထိန်းတော်လာပြန်ခေါ်သည်ကို လိုက်သွားသည်ကိုပင် မနက်ဖြန်လာမှာနော်ဟု ကြိုတင်ချိန်းဆိုချက်က ယူနေသေးလေ၏။ လင်းယွီကမူ ထိုကလေးမကြောင့် ခေါင်းသာယမ်းမိရသည်။ ကိုယ်၌ကိုယ်က ကလေးမချစ် ကလေးလည်းမရှိသော်ငြား ခင်ပွန်းသည်ဘုရင်၏ ကလေးကို ထိန်းကျောင်းရမည့် လင်းယွီ၏ကံဇာတာကိုသာ အပြစ်ဖို့မိကာ ပြုလက်စအလုပ်တို့ကိုသာ ဆက်ပြုရန် အာရုံစိုက်မိလေ၏။
လင်းယွီ တော်ဝင်မိသားစု ဘဏ္ဍာနှင့်ပတ်သတ်သော စာရင်းဇယားများအဆုံးသတ်ပြီးနောက် လင်းယွီ၏ကိုယ်ပိုင်ဘဏ္ဍာထဲမှ ဖွံ့ဖြိုးတိုးတက်ရေးအဖို့ ပြည်သူလူထုအတွက် ပေးအပ်ရမည့် ဘဏ္ဍာနှင့်ပတ်သတ်၍ အလုပ်များနေစဉ်ခဏ အားလန်က နားနားသို့ကပ်၍ တစ်စုံတစ်ခုကို ပြောကြားလာသည်။ ထိုစကားကို နားထောင်ရင်း နားထောင်လေ လင်းယွီ၏ အေးစက်စက်မျက်နှာထားပေါ်မှ မျက်ခုံးနက်နက်တို့က စုကြုံ့လာလေဖြစ်၏။
"အမဲလိုက်ပွဲ? နန်းတော်က တစ်နှစ်ပတ်လုံးအားယားနေတာလား? အလကားနေပွဲပဲလုပ်နေတယ်။ ဒီမှာ ငါအလုပ်များနေတာကျ တစ်ယောက်မှ မသိကြဘူးလား"
"မယ်မယ်ရယ် စိတ်လျှော့ပါ။ ဆန်ဝေငှမယ့်ကိစ္စက မယ်မယ်အဲ့ဒီကနေ ပြန်လာရင် လုပ်လို့ရတာပဲမဟုတ်လား?"
"ဒါဆို အခုဆာလောင်ငတ်မွတ်နေကြတဲ့ ပြည်သူတွေကို ငါပြန်လာတဲ့ထိ စောင့်ပါလို့အချိန်းအချက် ပြုထားရမှာလား? အဓိပ္ပာယ်မရှိဘူး။ လုံးဝအဓိပ္ပာယ်မရှိဘူး။ သူတို့ကျ ပျော်ပါးနေကြတယ်။ ပြည်သူတွေက သေချင်သေပါစေပေါ့လေ !"
လင်းယွီက ဒေါသထွက်စွာ စားပွဲခုံအား လက်ဖဝါးအားဖြင့် ထိရိုက်မိသည့်အခါ အားလန်ကတုန်ယင်သွားကာ မည်သည့်စကားမှ မဆိုရဲတော့...။
လင်းယွီကမူ ထိုအဓိပ္ပာယ်မဲ့သော လုပ်ရပ်တို့ကြောင့် ဒေါသသာကြီးစိုး၏။ မနှစ်ကစပါးရိတ်သိမ်းရမည့် ရာသီ၌ မိုးကျသွား၍ စပါးတွေမရိတ်လိုက်ရပဲ ပျက်စီးကုန်သည်။ သည်နှစ်ကျပြန်တော့လည်း ခေါင်လိုက်သည့်မိုးက တစ်စက်မျှပင်မရွာ...။ ပြည်သူတွေ အဆင်မပြေသကဲ့သို့... လယ်သမားတွေလည်း ဒုက္ခအတိ...။
လူကုံထံ ကုန်သည်တို့ကမူ အမြတ်ကြီးစား ခေါင်းပုံဖြတ်သည့်မူအတိုင်း ဈေးကြီးတင်ကာ ဆန်ကိုရောင်းမြဲ...။
နန်းတော်သည်ကား ဖြေရှင်းမည်ဟူသည့်လက်သုံးစကားကိုသာ လက်ကိုင်ပြု၍ လေကိုသာဖောသီစွာ အသုံးပြုနေခြင်း...။ လင်းယွီက မိမိဘာသာ ထောက်ပံ့ကူညီခြင်းကို ပြုရန်ကြံနေသည်ကိုပင် ဤပွဲတော်မည်သည့် အဖျက်အနှောင့်က ဝင်လာသေးသည်မို့ လင်းယွီဒေါသပိုလာရသည်သာတည့်။
နန်းတွင်းမှကြီးမှူးကျင်းပသည့် ထိုတော်ဝင်အမဲလိုက်ပွဲက တောင်တွေပေါများကာ ဝန်းရံလျက်ရှိသော ပိုင်ဖုန်းတောတွင် ကျင်းပတတ်လေ့ရှိပြီး တော်ဝင်မိသားစုမှန်လျင် ကျား၊မအယုတ်အလတ်အမြတ်မရွေး ပါဝင်ခွင့်ရှိသော ပွဲတစ်ပွဲပင်...။ အမျိုးသမီးတွေကလည်း စွမ်းရည်ရှိလျင် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်မို့ ဧကရာဇ်၏ မိန်းမလှလေးများက လိုက်ပါခွင့်ရရှိကြသည့်အတွက်ကြောင့်
ပျော်မြူးလျက်......။
လင်းယွီသည်ကား မည်မျှပင် ငြင်းဆန်ချင်နေပါစေ မလွဲဧကန်ပင် ဧကရာဇ်နှင့်အတူ သွားရမည်ဖြစ်၍ မသွားရမည့်အရေး စိတ်ပူပန်နေစရာပင်မလိုချေ။ သို့သော် လင်းယွီမှာ မုတ်သုံလေဝေ့ရမည့်အစား ခေါင်ခိုက်ခြောက်သွေ့သည့် ဤရာသီဥတု၌ တောကြီးမျက်မည်းသွားရမည်အား ဘဝင်မတွေ့......။ လင်းယွီ၏ဖခင်ကမူ သတင်းကြားလျင်ကြားချင်း လင်းယွီကိုင်ဆောင်နေကျ ဆိတ်ကတိုးသားရေဖြူဖြင့် ဖန်တီးထားသည့် လေး၊မြှားအစုံအား ဆောင်ယူလာပေးသည့်အပြင် လေ့ကျင့်နေကျ လက်စွဲတော်ဓါးကိုပါ သယ်ဆောင်လာပေးသည့်အတွက် လင်းယွီမှာ ရယ်အခက်၊ငိုအခက် ...။
သို့သော် လင်းယွီ ဖခင်၏စိတ်ပူပန်မှုအဖုံဖုံအား နားလည်စာနာ၏။ တစ်... လင်းယွီသွားရမည့်ဒေသနယ်ပယ်က တောကြီးမျက်မည်းဖြစ်၏။
နှစ်... လင်းယွီသာ မသမာသူတို့လက်ချက်ဖြင့် တစ်စုံတစ်ခုဖြစ်ခဲ့သော် လက်နက်မရှိလျင် ခုခံနိုင်မည်မဟုတ်။
သုံး... ထိုလက်နက်က မိမိကိုယ်ပိုင်ဖြစ်ခဲ့မူ ရန်သူကိုရင်ဆိုင်ရန် အခွင့်အလမ်းပိုများ၏။
လေး... မတော်တဆ လင်းယွီသာ ထိခိုက်မိသွားလျင် တော်ဝင်မိသားစုက တာဝန်ယူမည်မဟုတ် မည်သူကမှလည်း လင်းယွီ၏ မတရားခံရမှုအပေါ် အယူခံဝင်ပေးမည့်အင်အားစုလည်း မရှိ...။
အများစုသော မျိုးနွယ်စုတွေက ချန်းမျိုးနွယ်စုကို မုန်းနေကြသည်မို့...။
လင်းယွီ ဖခင်လာပို့ပေးလေသည့် လက်နက်အစုံကို တစ်ချက်အသာထိတွေ့ကြည့်ရင်း ဖခင်ထံကျေးဇူးတင်စကားဆိုမိ၏။
"ကျေးဇူးတင်ပါတယ် အဖေ~ "
"လိုအပ်သေးတာရှိရင်ပြော ဒါမှမဟုတ် ရှို့ယွမ်ကိုပါ လိုက်ခိုင်းရမလား?"
အဖေ့၏အားတက်သရော မေးစကား၌ လင်းယွီ အသာပြုံးလိုက်ရင်း...
"အကိုကြီးလိုစာပေသမားက သမီးကို ကာကွယ်နိုင်ပါ့မလား စိုးရိမ်မိတယ်။ သမီးက အိမ်တော်က ကာကွယ်ရေးသမားတွေကိုတောင် အလဲထိုးနိုင်တာပါ စိတ်မပူလည်းရပါတယ်။"
"မယ်မယ်အဲ့လိုတွေ တတ်လို့ ဒီဖခင်က ပိုပြီးစိုးရိမ်မိတာ~ "
"......"
"ယောကျာ်းတစ်ယောက် မြတ်နိုးတာက ပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက် မဟုတ်ဘူး မယ်မယ်~ သူ့အပေါ်မှီခိုနိုင်မယ့် အမျိုးသမီးကိုပါ မယ်မယ် နားလည်တယ်မဟုတ်လား?"
ဖခင်၏ တုန်လှုပ်နေသည့် မျက်လွှာကြည်ကြည်ကို ငေးကြည့်မိလျက် လင်းယွီ နှလုံးသားက စိတ်မကောင်းခြင်းတို့ပြည့်သည်။
သို့သော် မျက်နှာအေးစက်စက်ကမူ ပြောင်းလဲသွားခြင်းအလျင်းမရှိ...။ သက်ပြင်းတစ်ချက်သာချလျက် လေသာပြတင်းမှသည် ခပ်လှမ်းလှမ်းသို့ ယောင်ယမ်းငေးရင်း စကားဆိုမိ၏။
"ပြည့်စုံရပါစေလို့ ဆုမတောင်းဖူးဘူး အဖေ~ သမီးနန်းတွင်းဝင်ရမယ်လို့ ကြားကတည်းက ဒီသမီး အဖေ့ကိုပြောခဲ့ပါတယ်။ အရှင်မင်းကြီးဆီက မေတ္တာကို မျှော်လင့်နေရတဲ့ အဲ့လိုမိန်းမမျိုးတွေရဲ့ ဘဝလိုမျိုး သမီးမနေချင်ဘူးလို့... ချန်းမျိုးနွယ်အတွက်... သမီးတတ်နိုင်တာ သည်မျှ သည်ရွေ့ပဲ။ အဲ့ထပ်ပိုပြီး ရှေ့ဆက်မတိုးနိုင်တော့ဘူး"
"ချန်းမျိုးနွယ်အဖို့ စိတ်ပူစရာမလိုပါဘူး မယ်မယ် ... ဒီအဖေက မယ်မယ့်အတွက်ပဲ ပူတာပါ။ ပယောဂအတိုက်ခံရတယ်။ အဆိပ်ခတ်ခံရတယ်။ ဒါတွေအတွက် အရှင်မင်းကြီးက မယ်မယ့်ကိုကာကွယ်ပေးခဲ့လို့လား? "
"သူက သေစေချင်ခဲ့မလားမှ မသိတာ ~"
"မယ်မယ်?!"
"စိတ်မပူပါနဲ့ အကယ်၍ ဒီသမီးသေခဲ့ရင်တောင် ... ချန်းမျိုးနွယ်က ပျက်စီးကိန်းဆိုက်မှာမှ မဟုတ်တာ... ဒါက နဂါးကိုတုလို့ ပြန်ရမယ့်ကံဆိုလည်း သမီးတစ်ယောက်တည်း စတေးလို့ဖြစ်ပါတယ်။ မပူပါနဲ့ "
"မယ်မယ်ရယ်~"
ဖခင်က ဆို့နင့်သည့်အသံနှင့် စကားဆိုလာသည့်အခါ လင်းယွီ၏တင်းတင်းဆုပ်သည့် လက်တို့က တုန်ယင်လာရသည်။ ဖခင်၏မျက်ဝန်းတို့၌ မျက်ရည်မရှိသော်လည်း ထိုမျက်ဝန်းတို့၏ တုန်လှုပ်ခြင်းက မည်မျှဝမ်းနည်းကြေကွဲနေသနည်း မည်သူမဆို အတပ်ပြောနိုင်သည်။ မိခင်ဆိုလျင် သာ၍ပင် ဆိုးဦးမည်။ မိခင်က တုယွီမင်းသမီးအဖြစ် ကြီးပြင်းခဲ့ရသူဖြစ်ကာ အိမ်ထောင်ကျခဲ့သည်အထိ လိုလေသေးမရှိစွာ ကြီးပြင်းနေထိုင်ခဲ့ရသူမို့ လင်းယွီသာ တစ်ခုခုဖြစ်ခဲ့လျင် တောင့်ခံနိုင်အံ့မထင်...။
သို့သော် မတတ်နိင်ပါလေ။ ရှင်ဘုရင်မြတ်နိုးမှုမရှိသည့် ဤဧကရီထိပ်ခေါင်နေရာက အပ်ဖျား၌ထိုင်ရသကဲ့သို့ အန္တရာယ်များလှပေသည် မဟုတ်လား?
မည်သို့ပင်ဆိုစေကာမူ စိတ်ဓာတ်ပြင်းလှသည့် လင်းယွီသည်ကား မျက်ရည်တစ်စက်လေးပင် မကျမိခဲ့...။ ဝမ်းလည်းမနည်းမိပါချေ။ ညနေခင်း၌ အားလန်အား ရေချိုးရန်အဖို့ ရေခဲမွသည့်ရေအေးစက်စက်အား ပြင်ဆင်ခိုင်းကာ ခါတိုင်းကဲ့သို့ အေးအေးလူလူပင်...။ အဆိပ်မိစဉ်ကကဲ့သို့ပင် မတုန်မလှုပ်ပဲနေလေ၏။ အားလန်ကမူ ရေခဲရေဖြင့်သာ ရေစိမ်တတ်သည့်မယ်မယ်အား ဖျားနာမည်စိုး၍ တားမြစ်ချင်မိသော်ငြား ရေခဲရေဖြင့်သာရေချိုးတတ်လေသည့် မယ်မယ့်ကြောင့် တားမရနိုင်စွာသာ ပြင်ဆင်ပေးရလေတော့၏။
လင်းယွီသည်ကား နှင်းဆီနီပွင့်လွှာတို့ဝေသည့် အရိုးခိုက်မတတ် အေးသည့်ရေတွင်းသို့ တစ်ကိုယ်လုံးစိမ်သည်၌ပင် အေးအေးလူလူ......။ မည်သို့မျှမဖြစ်လေဟန်နှင့် မျက်လွှာချလျက်သာ ရှိနေ၏။ အားလန်ပင် မယ်မယ့်၏ပခုံးသားတို့အား နှိပ်နယ်ပေးရင်း အေးစက်သွားရသည်မို့ တွန့်ခနဲ...။
သူမ၏မယ်မယ်က ဤမျှ အအေးမကြောက်တတ်သည်လားဟု တွေးမိရင်းမှ ပင်ပန်းနေသည့် သခင်မအဖို့ ကျောပြင်ပခုံးတို့အား နှိပ်နယ်ပေးကာ ဖြေလျှော့ပေးမိလေ၏။
*******
"သူမက ဘာလို့ရေခဲရေတွေကိုပဲ ရေချိုးဖို့ အသုံးပြုနေရတာလဲ? ခဲပြီးသေမှာ မကြောက်လို့လား? ဒါမှမဟုတ် အဆိပ်ကအခုထိ မပြယ်သေးတာလား?"
ဧကရာဇ်၏ဒေါသငွေ့လွှမ်းသော
ချုံးကုန်းကုန်းက ခိုး၍ပြုံးသည်။ ဒေါသတို့ထံ၌မူ တစွန်းတစသော စိုးရိမ်မှုက အတိုင်းသာမြင်ရလေ၏။ ချုံးကုန်းကုန်းကမူ မည်သို့မှမဆို အရှင်သခင် တစ်ဦးတည်းဆိုစကားအား ဤအတိုင်းသာလွှတ်ထားလေ၏။
သူ အရှင်မင်းကြီးငယ်စဉ်ကတည်းက ခစားလာခဲ့သည်မို့ အရှင်မင်းကြီး၏အူမချေးခါးမကျန် အကုန်သိ၏။ အရှင်မင်းကြီးကဤလေးနှစ်အတွင်း ဧကရီငယ်လေးအား ဂရုမစိုက်ဟုဆိုခဲ့လျင်သော်မှ သူလျှိုထံမှ သူမဘာလုပ်နေသနည်းဟူသော သတင်းစကားအား မေးမြန်းကာ သူမ၏မလေးစားသည့်အပြုအမူတို့အားသိရလျင် အပြစ်မယူ ပြုံး၍သာခွင့်လွှတ်တတ်သေးသည်။ ဧကရီကို မနှစ်သက်ဟုဆိုလင့်ကစား ဧကရီအဆိပ်မိစဉ်က ဒေါသတကြီးဖြင့် တရားခံကိုမဖော်ထုတ်နိုင်သေးသော်ငြား ကြံရာပါကျူးလွန်သူ ကိုယ်လုပ်တော်ယင်း၏ မိသားစုကို အပြစ်ပေးခဲ့လေ၏။
ဧကရီအဆိပ်ဖြင့် သေလုမျောပါးဖြစ်စဉ်ကလည်း ထိုင်မရထမရစိတ်ပူနေခဲ့သည်က အနှီဧကရာဇ်ပါပေ။ ချန်းမျိုးနွယ်ပေမို့ သေလို့မဖြစ်သေးဟု အကြောင်းပြသော်ငြား ချုံးကုန်းကုန်းက အတပ်သိသည်။ သိသိသာသာ လတစ်လ၏ ဆယ့်ငါးရက်၌ ဧကရီအဆောင်သို့ကြွရန် တိုက်တွန်းလျင်လည်း မျက်နာနီရဲကာ အသည်းအသန်ငြင်းတတ်လေသည့် ဧကရာဇ်သည် အတွေ့အကြုံနည်းသည့် သားရဲပေါက်စလေးနှယ်...။ ချုံးကုန်းကုန်းသည်ကား ကိုယ့်စိတ်ကိုယ်ညာနေသည့် ဧကရာဇ်၊ မည်သို့မျှ ဂရုမမူသော ဧကရီတို့အကြား မည်သို့မျှ ဖြန်ဖြေမရ ဗျာများရကာ သက်ပြင်းသာချနိုင်ရလေ၏။
"ဒါဆို အမဲလိုက်ပွဲမှာ သူ့ကိုထားခဲ့ရမလား?"
"အဲ့လိုဆိုရင် အမတ်တွေက တစ်ခုခုပြောပါလိမ့်မယ်။ မိဖုရားမယ်မယ်ကို ထားခဲ့မယ်ဆိုရင် ကိုယ်လုပ်တော်တွေကိုပါ ထားရစ်ခဲ့လိုက်ပါ။ "
"ဒီမှာထားခဲ့ရင်...... "
အဲ့မြေခွေးမလေး ပိုလို့တောင်ဘေးကင်းမှာမဟုတ်ဘူး။ ငါ့မျက်စိရှေ့မှာထားတာ ပိုကောင်းတယ်မဟုတ်လား?
"အဟမ်း~ အတူသွားတာကပဲ ကောင်းမယ်နဲ့တူတယ်။ "
ရှက်တက်တက်အမူရာနှင့်ဆိုသော အရှင်သခင်၏စကား၌ ချုံးကုန်းကုန်းက အဖြေသိဟန် အလိုက်သိစွာ ပြုံးလျက် ခေါင်းငြိမ့်၏။
"ဒါဆို မိဖုရားမယ်မယ်ကိုဒီလိုပဲ ပြင်ဆင်ခိုင်းလိုက်ပါ့မယ်။ "
"အင်း... အင်း အဲ့လိုပဲလုပ်လိုက်~ "
ဆယ်ကျော်သက်ကဲ့သို့ အရှက်ပိုနေသည့် အရှင်သခင်အား ချုံးကုန်းကုန်း သည့်ထပ်ပိုပြီး မနှောင့်ယှက်တော့။ ရိုကျိုးနာခံစွာသာ အရိုအသေပြုကာ နန်းဆောင်မှ ထွက်ခွာလာခဲ့လိုက်၏။ ယနေ့လည်း အရှင်မင်းကြီးသည် မည်သည့်မိဖုရားနန်းဆောင်မှ ကြွရောက်မည်မထင်ချေ။ တစ်ကိုယ်တည်းသာ အချိန်ဖြုန်းမည်ထင်၏။
ချုံးကုန်းကုန်းလည်း ဟိုသည်အဆောင် ကြွချီဖို့အရေး ပြောမနိုင်သည့် ခေါင်းမာမာအရှင်သခင်ကို ထားရစ်ခဲ့လျက် နန်းဆောင်ပြင်ပထွက်လာကာ မှုန်မှိုင်းမှိုင်းကောင်းကင်ကို ကြည့်လျက် သက်ပြင်းချကာ တစ်ကိုယ်တည်းတီးတိုး စကားဆိုမိ၏။
"လေးနှစ်ရှိပြီ။ မိုးစက်တွေလည်း မရွာသွန်းတာကြာပေါ့။ နဂါးသားတော်ကတော့ ဖွားမြင်ဖို့ အတော်ကြာဦးမှာပါပဲလေ။ "
(မည်သည့်မိဖုရားနှင့်မှ အိပ်ဆောင်မဝင်ခြင်းအားဆိုလို)
(နဂါးကိုတု- ချန်းမျိုးနွယ်၏အင်အားက ဧကရာဇ်ကိုတောင် ယှဉ်ပြိုင်နိုင်ခြင်းကို ဆိုလိုခြင်း)
(မယ်တော်မိဖုရား- Englishလိုဆိုရင် mother empressပေါ့နော်။ ရှင်ဘုရင်ရဲ့ကလေးတွေမှန်သမျှက မိဖုရားခေါင်က မိခင်အရင်းမဟုတ်ရင်တောင် ရိုသေသမှုနဲ့ မယ်တော်လို့ခေါ်ရတာမျိုးပါ)
လေးနှစ်အတွင်းမှာယွီလေး ဘာဖြစ်သွားတယ်ဆိုတာ အတိတ်အနေနဲ့ ပြန်ပေါ်လာမှာပါ။ စိတ်မရှုပ်သွားဖို့ပဲမျှော်လင့်ပါရဲ့နော်