အကြည့်ချင်းဆုံမိခြင်း~
ဂိမာန်နွေဦး~~~ အမည်နာမနှင့်ကိုက်ညီလှအောင် အလှတရားတို့ပြည့်စုံလှသော ရာသီ~ သက်တန့်ဖြာသကဲ့သို့ အရောင်စုံသည့် ပန်းတွေဝေနေအောင် ပွင့်ဖူးသကဲ့သို့ မိုးစနည်းနည်းပျိုးသည့် ရာသီဥတု၏အနေအထားသည်ကား ဆေးရောင်စိုစို ရောင်စုံပန်းချီတစ်ချပ်နှယ်…။
ဤရာသီသို့ရောက်သည်နှင့် စာပေပညာရှင်တို့က လက်ဖက်ရည်ဝိုင်းပြုကာ ကဗျာချိုးစာချိုးနှင့် ဘဝင်တွေ့ကြရသကဲ့သို့ မှူးကြီးမတ်ရာတို့သည်လည်း အနုပညာ အကအလှတို့စု၍ ပွဲသဘင်နှင့်မွေ့လျော်ကြလေ၏။
နန်းတော်သည်လည်း ချွင်းချက်တစ်ခုမဟုတ်ခဲ့……။
မယ်တော်ဖုရား~ ဧကရီတို့ ကြီးမှူးကျင်းပသော နွေဦးပန်းပွဲတော်က မှူးကြီးမတ်ရာများ၏ အမျိုးကောင်းသမီးပျိုများကို ပွဲထုတ်ရာနေရာဖြစ်သကဲ့သို့ အပျိုလူပျိုကြင်ဖက်ရှာကြရာ နေရာလည်းဖြစ်၏။ ပန်းပွဲတော်သို့ တက်ရောက်ချင်ကြသည့် မျှော်လင့်ချက်က ရည်မှန်းချက်မြင့်သော အမျိုးသမီးတိုင်းထံ၌ရှိကြကာ
နန်းတော်တွင်းအမျိုးသမီးများကမူ ပွဲသဘင်ကိုမွေ့လျော်ခြင်း၊ ညနေခင်းသဘင်(မင်း၊မိဖုရားများအတွက် သီးသန့်ကျင်းပသော သဘင်)၌ ခင်ပွန်းအရှင်သဘောကျလာစေရန် အစွမ်းအစတို့ကို ထုတ်ပြကြရာပွဲတော်ပါပေ။
ယခုနှစ်နွေဦးပွဲတော်သည်ကား အသစ်စက်စက်ဧကရီဖြစ်သော လင်းယွီကိုယ်တိုင် ကြီးမှူးကျင်းပသည့်ပွဲဖြစ်ကာ ဧကရီ၏ဂုဏ်သတင်းကြောင့် စိတ်ဝင်စားနေကြသူက အများအပြား…။
အထူးသဖြင့် အများတကာလိုချင်လှပါသည့် ဧကရီထိုင်ခုံ၌ထိုင်ခွင့်ရသည့် သူမ၏ ရုပ်ရည်၊အရည်အချင်းတို့အား သိလိုစိတ်ပြင်းပြနေသူကများလှပေ၏။
ယခုပွဲတော်စကျင်းပရာ၌ပင် စောင့်ဆိုင်းနေကြသော ရောင်စုံပန်းကလေးများနှယ် လှပကြသော ဂုဏ်သရေရှိ သခင်မမိန်းမပျိုလေးများက ဟိုတစ်စုသည်တစ်စု သတင်းဖွလျက်၊ဝေဖန်လျက်ရှိကြကာ တချို့ကမူ ယဉ်ကျေးသမှုနှင့်အချင်းချင်း နှုတ်ဆက်မှုပြုနေကြလေ၏။
"ဟုန်သခင်မလေး~ ဒီနေ့သိပ်လှနေတာပဲ။ "
"ကျေးဇူးတင်ပါတယ်။ ချူသခင်မလေးလည်း ဒီနေ့လှနေပါတယ်"
"ခ်ခ် မဟုတ်တာပဲရှင်။ သခင်မလေးလို အလှနတ်သမီးနဲ့တော့ ယှဉ်နိုင်ပါ့မလား"
မျက်နှာဝိုင်းဝိုင်း၊အသားအရည်ဖြူစွတ်လှသည့် အဝါရောင်ဝတ်မိန်းမပျိုလေး၏ စကားကြောင့် ခရမ်းရောင်ဝတ်ရုံလွှာလေးနှင့် အလှလေးက ရှက်ပြုံးပြုံးသည်။ သူမ၏အလှက အတော့်ကိုထူးခြားသည်မို့ ပန်းပွဲတော်သို့လာရောက်သူတိုင်း သူမကိုသမင်လည်ပြန် ငေးကြရလောက်သည်အထိ……။ ဇာမဏီမွှေးကဲ့သို့ မျက်ခုံးလွှာတစ်သွယ်~ နှာတံစင်းစင်း၊ အပြစ်ကင်းစင်လှသော မျက်ဝန်းကြည်ကြည်များ~ ပန်းဝတ်လွှာကဲ့သို့ နှုတ်ခမ်းဖူးက ပြုံးဟန်ဆင်နေသည့်အခါ ပုရိသတို့အား ရူးသွားစေလောက်အောင်လှသည်။
သူမ၏အလှပအား မြင်သူတိုင်းငေးနေရသော တစ်ခဏ…
ပန်းနုရောင်ဝတ်
မိန်းမငယ်တစ်ယောက်က မကျေမနပ်နှာခေါင်းရှုံ့ကာ ဆိုလာ၏။
"ဟွန့် အပိုတွေပါဟယ်။ သူဘယ်လောက်လှလှလေ။ဧကရီ မိဖုရားမယ်မယ်လောက် လှနိုင်လို့လား?
ဟိုက သူ့ထက်လှလို့ အရှင်မင်းကြီးက သူ့အစား ချန်းအိမ်တော်ကိုပဲရွေးသွားတာပေါ့။ "
ထိုမိန်းကလေး၏ ထေ့လုံးငေါ့လုံးများကြောင့် ပြုံးရွှင်နေသည့်နတ်သမီးလေး၏ မျက်နှာက ချက်ချင်းအလျင် အပြုံးပျောက်ကွယ်သွားရသည်။ ထိုခရမ်းရောင်ဝတ်နတ်သမီးလေး၏ ဘက်တော်သားများကမူ မခံမရပ်နိုင်နှင့် ပန်းနုရောင်အမျိုးသမီးငယ်အား ရန်ရှာကြတော့၏။
"နင်ဘာစကားပြောတာလဲ? ဖူယိရွှယ် နင့်ကိုယ်နင်အထင်ကြီးမနေနဲ့။ အရှင်မင်းကြီးက နင့်အဖေကို မင်းသားဘွဲ့ပေးထားတာ နင့်ကိုသရဖူတက်ဆောင်းပေးထားတာ မဟုတ်ဘူး "
"အဲ့လိုပဲ မခံနိုင်တဲ့ခွေးလေးတွေက နာကြတယ်။ နင်တို့ရဲ့မြင့်မြတ်လှတဲ့ ရှင်းချန်းနတ်သမီးကလည်း အမတ်ချုပ်သမီးသာသာပဲဆိုတာ မမေ့နဲ့!"
"နင်!!"
"ဖူယိရွှယ်!!"
"တော်ကြပါတော့။ တို့ဘာမှမဖြစ်ဘူး။ ယန်းယန်း၊ချူသခင်မလေး~ လာပါ နန်းတော်တံခါးပွင့်ပြီ ဝင်ကြရအောင်နော်"
"ဟွန့်! ဖူယိရွှယ် နင်ထပ်တွေ့လို့ကတော့ အသေပဲ။ "
အပြာရောင်ဝတ်မိန်းမပျိုလေးနှင့် အဝါရောင်ဝတ်မိန်းကလေး၏ ဒေါသကြောင့် ခရမ်းရောင်ဝတ်နတ်သမီးငယ်က မျက်နှာပျက်ရကာ အလျင်စလို ဆွဲခေါ်သွားတော့၏။ လူတိုင်းကမူ မျက်နှာပျက်သွားရရှာသည့် အလှလေးကို စိတ်မပျက်ကြ……။ သခင်လေးတွေကလည်း နတ်သမီးလေးကိုသာ ဝိုင်းသနားကြကာ အပြစ်တင်ရန်ရှာသည့် မင်းသားဘွဲ့ရစစ်သူကြီးဖူ၏ သမီးကိုသာ မုန်းမိကြတော့၏။
"အနီရောင် ~ ဟင်း~ ဘာလို့အရမ်းတောက်နေရတာလဲ?"
"ဒီနေ့က ပွဲတော်နေ့လေ မယ်မယ်ရဲ့ တောက်တောက်ပပနဲ့ လှနေမှဖြစ်မှာပေါ့။"
အားလန်က လင်းယွီ၏ဆံပင်အား တက်ကြွစွာ ပြင်ဆင်ပေးရင်းဆိုသည့်အခါ လင်းယွီသက်ပြင်းသာခိုးချမိသည်။ မြင်လွှာ၌မြင်နေရသော ဇာမဏီဆံထိုးနှင့်နှောင်ဖွဲ့သော ဇာမဏီပျံတက်ဟန် ဆံထုံး…။ အနီရင့်ရောင်၌ ရွှေချည်ထိုးသော တန်ဖိုးကြီးဝတ်ရုံက အလွန်တရာကိုမှ တောက်တောက်ပပ…။ မျက်နှာချေက လင်းယွီ၏မျက်နှာဖွှေးလွှလွှထက် သင့်တင့်စွာနေရာယူထား၏။
ထို့အပြင် နှုတ်ခမ်းဆိုးဆေးကို နီရဲရဲသာခြယ်ထားသည်မို့ လင်းယွီ၏အသွင်အပြင်က ခက်ထန်ထန်ဧကရီတစ်ဦးအသွင် ဖြစ်ပေါ်၍နေ၏။ မနှစ်မြို့သော်ကား မတတ်နိုင်ချေ။ ရှေးအစဉ်အဆက်ဧကရီတို့က ဤသို့သည်ပင် ဝတ်ဆင် ဆင်ယင်ခဲ့ကြသည် ဖြစ်လေသည်ကြောင့်……။
လင်းယွီ အဆောင်တော်မှသည် လျှောက်လှမ်းလာရင်း ပွဲနေရာသို့ပင်မရောက်သေး ……။ လမ်း၌ ဘုရင်မင်းမြတ်နှင့်တွေ့ရသည့်အခါ မျက်ခုံးပင့်မိသည်။ ဤအကြိမ်က သူတို့၏နောက်ဆုံးအကြိမ် တွေ့ဆုံခြင်းအပြီး နှစ်ပတ်အကြာမှ ပြန်လည်တွေ့ဆုံကြခြင်းပင်…။
သူက ပွဲနေရာသို့ လင်းယွီထက် ရောက်နေပေရမည်မဟုတ်လော…။ အဘယ်ကြောင့် နောက်ကျနေရသနည်းဟု တွေးမိ၏။ အဘယ်ကြောင့်ဆိုသော် ထိုဘုရင်နှင့်အတူ လင်းယွီ ယှဉ်တွဲလျှောက်လှမ်းလိုစိတ် မရှိသည်ကြောင့်……။
လင်းယွီမှ ဟန်ကျင်းရှန်းကို မြင်မြင်ချင်း အနည်းငယ်မျှသာ တွေးတောမိပြီး မျက်နှာအမူအရာက ရှေးထုံးမပြယ် အေးစက်စက်နှင့် ပြောင်းလဲသွားခြင်းမရှိသော်ငြား ဟန်ကျင်းရှန်းသည်ကား ဟန်မဆောင်နိုင်စွာ မျက်မှောင်ကြုံ့သွားရသည်။
သူယနေ့ နောက်ကျနေရခြင်းက ချုံးကုန်းကုန်း၏ ဝတ်လဲတော်ပေးခြင်း အသုံးမကျမှုဖြစ်နေရ၍ဖြစ်ပြီး လမ်း၌ ထိုမြေခွေးမလေးနှင့် ကြုံရဆုံရမည်ဟု မထင်ထားခဲ့…။ ပွဲနေရာမှသာ တွေ့ကြရမည်ဟု ထင်ထားခဲ့သည်။ သူ့ဘက်မှထိုမိဖုရားအား စတင်နှုတ်ဆက်လိုစိတ်မရှိ…။ သို့သော် ယောကျာ်းသားက သေးသိမ်သည့်စိတ်မရှိသင့်သည်မို့ သူကအလျင်နှုတ်ဆက်ရန် ပြင်လိုက်၏။
"မိဖုရား~ " "အရှင်မင်းကြီး"
"……"
နှစ်ဦးသား၏ အတွင်းစိတ်သဘောထားက တိုက်ဆိုင်နေ၍ နှစ်ဦးအတူခေါ်ဆိုမိကြသည့်နောက် စကားသံမဲ့တိတ်ဆိတ်သွားရသည်။ အကြောင်းသိချုံးကုန်းကုန်နှင့် ရံရွှေတော်အချို့ကမူ အနှီဖရိုဖရဲ ကတောက်ကဆနိုင်လှသည့် နှုတ်ဆက်မှုအား အသာပြုံး၍နေကြ၏။
လင်းယွီကမူ နဂိုမျက်နှာ ရေခဲမျက်နှာသေအတိုင်း ရှိနေသော်လည်း
ဟန်ကျင်းရှန်းက အရှက်ပြေချောင်းတစ်ချက်ဟန့်ရင်း ဆို၏။
"အဟမ်း~ မိဖုရား ဒီပွဲတော်အတွက် အများကြီးကြိုးစားထားတယ် ကြားတယ်။ "
"အဲ့လောက်ထိလည်း မဟုတ်ရပါဘူး။ အရှင်မင်းကြီး~ "
"မိဖုရားက တစ်ကယ်အရည်အချင်းရှိတဲ့သူပဲ"
"မခံယူဝံ့ပါဘူး အရှင်မင်းကြီး~ "
သူ၏မိန်းမများနှင့်စကားပြောရာ၌ ချွဲနွဲ့ကာ တီတီတာတာပြောကြသည်ကသာ များ၍
တစ်ခွန်းမေးတစ်ခွန်းဖြေ အဖြစ်သနစ်က တစ်ခေါက်တစ်ခါမှ မကြုံဖူးသည်မို့ ဟန်ကျင်းရှန်းအနေရခက်သွားရသည်။ ထိုမိန်းကလေးက အရာရာအား ခံစားချက်မဲ့လေသည့် ကျောက်သားပန်းပုအလား…။ အမြဲတစေ မျက်နှာသေနှင့်…
သူမ၏မျက်နှာက မည်မျှပင် နတ်ဘုရားရှုံးအောင် လှပါစေ။ အမြဲတစေ ခံစားချက်မဲ့သည့်အဖြစ်ကြောင့် နတ်ဘုရားရုပ်ထုလျင်သော်မှ သူမထက် နှစ်လိုဖွယ်ရာ ကောင်းဦးမည်ဖြစ်၏။ ဟန်ကျင်းရှန်း မကျေမနပ်တွေးမိနေစဉ်၌ပင် ရေခဲငွေ့သက်သည့် အသံမာမာက နားထဲသို့ဝင်ရောက်လာ၏။
"အရှင်မင်းကြီး မသွားသေးဘူးလား?"
"အင်း အင်း အတူတူသွားကြတာပေါ့ မိဖုရား~ "
"ကြွပါ အရှင်မင်းကြီး~ "
ဟန်ကျင်းရှန်း တစ်ခါပြောတစ်ခွန်းသာဆိုလေသည့် ထိုအေးစက်စက်မြေခွေးမလေးအား ဆက်၍စိတ်တိုလိုစိတ်ပင်မရှိတော့။ စကားတစ်လုံးတစ်ပါဒမှမဆို အတူတကွ ယှဉ်တွဲလျှောက်လှမ်းလာပြီး နွေဦးပွဲတော်အဖို့ သူမကိုယ်တိုင်ကြီးမှူးလေသော ပွဲနေရာစင်မြင့်သို့ရောက်သည်အထိပင် နှစ်ဦးသားတိတ်ဆိတ်နေကြလေ၏။
သူတောင် စကားမပြောပဲနေနိုင်သေးတာပဲ။
ငါက ဘာလို့မနေနိုင်ရမှာလဲ??
"အရှင်မင်းကြီးကြွချီလာပါပြီ။ "
"မိဖုရားကြွချီလာပါပြီ။ "
တောင့်တင်းသော အသိုင်းအဝိုင်းကချည်း လာသည့် အပျိုလူပျိုလေးများအပါအဝင် မှူးမတ်များအစချီသည့် ဧည့်သည်များက မင်းမိဖုရားနှစ်ပါးကို အရိုအသေပြုကြပြီး… ထိုနှစ်ဦးသည်လည်း မယ်တော်ကြီးကို အလျင်ဂါရဝပြုကြသည်။
ကုန်းကုန်း၏ထိုင်နိုင်ပါပြီဟူသော အမိန့်သံ၌ အသက်ဝင်ကုန်ကြသော လူထုသည် မင်းမိဖုရားမောင်နှံအား တစ်ချက်ခိုးကြည့်ကြလေ၏။
အရှင်မင်းကြီးက အရပ်ထောင်မောင်း၍ ဖြူစင်သောအသားအရည်၊ဓါးတစ်စင်းကဲ့သို့ မျက်ခုံးနက်နက်နှစ်ဖက်~
၊ တောင်စဉ်ကဲ့သို့ပြေပြစ်သော နှာတံမြင့်မြင့် ၊ပန်းဖျော့ဖျော့နှုတ်ခမ်းမထူမပါး အနေအထားနှင့် နတ်ဘုရားတစ်ပါးကဲ့သို့ အသက်ငယ်ရွယ်စွာ ခန့်ညားသကဲ့သို့
မိဖုရားမယ်မယ်အား ငေးကြည့်မိသည့်အခါ ပုရိသ၊ဣတ္ထိယနှစ်ဖြာလုံး ဆွံ့အသွားရ၏။
"ကောလဟာလတွေက ညာနေတာတစ်ခုမှမပါဘူးပဲ……"
အကယ်၍~
အပြုံးတစ်ပွင့်ဖြင့် လှပစွဲမက်ဖွယ်ကောင်းလှသော ဟုန်လန်က နတ်သမီးဟုဆိုလျင် ဧကရီတစ်ပါးဖြစ်လာပြီဖြစ်သော ချန်းလင်းယွီသည်ကား အမတနတ်ဘုရားမတစ်ပါးပင်……။
ချန်းလင်းယွီက သိပ်လှရက်နိင်လွန်းသည်ဟု ဆိုကြသော်ငြား ကောလဟာလသာဖြစ်ပြီး သူမကချန်းအိမ်တော်ဝန်း၌သာ အနေများသည်မို့ ကောလဟာလအနေနှင့် ယုံသည့်သူက ယုံ၍မယုံသည့်သူက များသည်။ သို့သော် ယခုကဲ့သို့ မျက်မြင်ဒိဋ္ဌကြုံဆုံလာရသည့်အခါ အမျိုးသမီးတို့မှာ အားငယ်လာ၍ အမျိုးသားတို့မှာ ခြေဖျားလက်ဖျား အေးစက်လာရ၏။
သူမ၏အလှက နှိုင်းယှဉ်ခြင်းမဲ့အောင် လှရက်သည်။ မည်သို့မျှ ခေါင်းစဉ်တပ်၍မရ…။ ထို့အပြင် သမင်မျက်ဝန်းကဲ့သို့ မျက်ဝန်းညိုညိုတွေမှလာသော အပြုံးမဖက်သည့် အေးစက်စက်အကြည့်တစ်ချက်က လူသားတိုင်းကို စိတ်လှုပ်ရှားစေမည်က အမှန်…။ ဧကရီအား ကြည့်မိသူတိုင်း ခံစားရမည့်ခံစားချက်ကား မနာလိုမှုဟူသည့်ခံစားချက်……။
အမျိုးသမီးတို့က သူမ၏အလှတရားကို မစ္ဇရိယပွားရသကဲ့သို့ အမျိုးသားတို့ကမူ မဖြစ်သင့်သော်လည်း အရှင်မင်းကြီးကိုပင် မနာလိုမရှုစိမ့်ဖြစ်ကြရကုန်၏။
ဟန်ကျင်းရှန်းကမူ ဟန်မဆောင်နိုင်စွာ ငေးမောနေသည့်လူထုကိုအမြင် မဲ့ပြုံးအလျင်ပြုံးမိသည်။ အလွန်ငယ်လှသော်ငြား မြေခွေးမလေး၏အလှ၌ မကြွေဆင်းသည့် ပုရိသ မရှိပါပြီကော…။
သူမသည်ကား မုန်းဖို့ကောင်းလောက်အောင်ပင် လက်ဖက်ရည်ကြမ်းခွက်နှင့်သာ အာရုံများနေလျက် မည်သူ့ကိုမှ ဂရုမစိုက်ပါလေ။
လင်းယွီအမုန်းဆုံးက ဤနေရာကဲ့သို့ အခမ်းအနားမျိုးပင်…။ ကိန်းကြီးခန်းကြီးနှင့် ပျော်ပွဲရွှင်ပွဲပြုသည်အား ဖခင်ဖြစ်သူပြုစဉ်ကပင် လင်းယွီမနှစ်မြို့တတ်…။ ယခု အမျိုးသားလေးများ၏ဓါးရေးလှံရေး မြှားပစ်စသောလက်ရုံးရည်အတတ်၊ စာပေ ပန်းချီ အနုပညာတည်းဟူသော နှလုံးရည် စွမ်းရည်ပြပွဲ…။ ထို့အပြင် အမျိုးသမီးလေးများ၏ ပန်းချီ၊အက၊ဂီတစသော အနုပညာစွမ်းရည်ပြပွဲတို့အား အတန်ကြာ ကြည့်ရှုရင်း လင်းယွီ ငိုက်မြည်းချင်လာရသည်။ တဖြည်းဖြည်းပျင်းရိလာသည့်အဆုံး လက်ဖက်ရည်ကြမ်းခွက်မှ ဒေလီယာပန်းပွင့်လွှာများကိုသာ အာရုံထား၍ စူးစိုက်ကြည့်နေမိသည့်ခဏ လျစ်လျူရှုပစ်ခြင်းမစွမ်းသာသည့် အသံချိုချိုလေးတစ်ခုက နားတွင်းသို့ ဝင်ရောက်လာ၏။
"အရှင်မင်းမြတ်၊ မယ်တော်ကြီး မိဖုရားမယ်မယ်နဲ့ ကြွရောက်လာတဲ့ ဧည့်ပရိသတ်ကို ဟုန်လန် ဂါရဝပြုလိုက်ပါတယ်။ လန်အာက အကကမှာပေမယ့် သိပ်မကျွမ်းကျင်တာမို့ အမှားပါရင် လန်အာ့ကို ဗွေမယူကြပါနဲ့နော်။"
အသံချိုချိုလေးနှင့် ရှက်ရွံ့ဟန်ဆိုနေသည်က ပုရိသတို့အဖို့ အလွန့်ကိုမှ အူယားဖွယ်…။ ထို့အပြင် ခရမ်းရောင်ဝတ်ရုံလွှာလေး ဆင်မြန်းထားသည့် သူမက အတော်ဆိုသည့်ထက် အလွန့်အလွန်ကို လှသည့်ထဲ၌ပါဝင်၏။
ထို့အပြင် သူမက မိမိကိုယ်ကိုနှိမ့်ချသွားသော်ငြား အကပါရမီနည်းသည့်လင်းယွီထက်ပင် တပုံတပင်ကြီးသာအောင် ကပြသွားနိုင်သည်။ ရေပြင်ထက်မှဟင်္သာလေးနှယ် လေဟုန်ထက်မှလိပ်ပြာအသွင်သို့ အချိုးအဆစ်အလွန်လှစွာ တင်ဆက်သွားနိုင်သည်က မျက်စိမလွှဲနိုင်လောက်အောင် ရင်သပ်ရှုမောဖွယ်…။
ထိုခဏ လင်းယွီအတွေးတစ်ခုဝင်လာ၍ ဘုရင်မင်းမြတ်ထံသို့် လှမ်း၍ကြည့်ရှုဖြစ်သည်။ ထိုစဉ် တိုက်ဆိုက်လွန်းလှစွာ အကအလှ၌နစ်မြောနေဟန်ရှိသည့် ဘုရင်က လင်းယွီထံသို့ တူရူကြည့်ရှု၍လာ၏။ လင်းယွီ၏မျက်လုံးထက်မှ အရိပ်အယောင်တွေကို နားမလည်ဟန် အမူအရာပြုပြသော်ငြား လင်းယွီက ရှင်းလင်းအောင်ပြောပြနိုင်ခြင်း မရှိခဲ့ချေ။
လင်းယွီဆိုလိုချင်သည်က ဟန်ကျင်းရှန်းအတွက် အမှန်တစ်ကယ်ကို
အဓိပ္ပာယ်ပြည့်ဝသော စကားစုကိုပင်…။ သို့သော် သူမ၏မျက်နှာသေထက်မှ မျက်နှာရိပ်မျက်နှာကဲကို အဘယ်သို့မှ နားမလည်နိုင်ပါချေ။
ဒီတစ်ယောက်အတော်လှတယ်။ ဘုရင်~~ ရှင်ယူဦးမှာလား သူမကို မောင်းမဆောင်ထဲသွင်းပေးရမလား??
ဒီမြေခွေးမလေး ရုတ်တရက် ငါ့ကိုဘာလို့ အကြာကြီး လာစိုက်ကြည့်နေတာပါလိမ့်??
ဟန်ကျင်းရှန်း အမတ်ချုပ်ဟုန်၏ သမီးရတနာ၏ အကအလှကို ကြည့်ရှုရင်း ခံစားမိသည်က သူမက သိပ်လှပါသည်။ ထိုမျှလောက်သာ…။
သို့သော် မျက်စိရှေ့မှ အလှအပပဒါသထက် နံဘေးမှ အကြည့်စူးစူးကို စိတ်ထဲခံစားမိနေ၍ လှည့်အကြည့် ထင်သည့်အတိုင်းပင် မိဖုရားက သူ့ထံသို့စူးစိုက်ကြည့်နေခြင်းပါပေ။
သူမအကြည့်၏ ဆိုလိုရင်းကို နားလည်နိုင်အောင် ကြိုးစားသော်ငြား မည်သို့မှ နားမလည်…။ ရုတ်တရက် မကောင်းသော ခံစားမှုကို ခံစားမိ၍ ထိုမြေခွေးမလေးနှင့် အကြည့်ချင်းပြိုင်နေရင်းမှပင် ကြက်သီးမွှေးညင်းတို့ ထလာရ၏။
သူမ တစ်ကယ်ပဲ ဘာလို့လာကြည့်နေတာပဲ။
စင်မြင့်အောက်မှ နတ်သမီးလေးဟုန်လန်သည်ကား အကအဆုံးသတ်သည့်နောက် လက်ခုပ်သြဘာသံတို့ လျှံနေသော်ငြား စိတ်ပျက်သွားရသည်။ သူမ၏အဓိကရည်ရွယ်ချက်က ဖျော်ဖြေမှုထက်အများကြီးသာ၏။ ဟုန်လန်၏ရည်မှန်းချက်က ဖခင်၏ညွှန်ကြားမှုအတိုင်း အတွင်းဆောင်မိဖုရားတစ်ပါး ဖြစ်လာစေရန်……။ သို့သော် သူမ၏မျှော်လင့်ချက်ဖြစ်သော အရှင်မင်းကြီး၏ အကြည့်က သူမထံသို့ရောက်မလာခဲ့ချေ။ သူမကို ဤပွဲတော်မှအမျိုးကောင်းသားတို့ကဲ့သို့ တပ်မက်စွာကြည့်ရမည့်အစား အကြည့်တို့က နတ်ဘုရားမကဲ့သို့သော ဧကရီထံ၌သာခိုနားနေ၏။ ပွဲတော်အခမ်းအနား၌ပင် တစ်ဦးကိုတစ်ဦး ချစ်ကြည်နူးစွာကြည့်နေကြသည်က မနာလိုဖွယ်ရာ……။
ဟုန်လန်ဒေါသဖြင့် မိမိလက်ကို လက်သည်းဖြင့်နာကျင်စွာ စိုက်ထားမိသော်ငြား ပွဲတစ်နေရာမှဖခင်ထံသို့ လှမ်းရှုမိသည့်အခါ ဖခင်က မလုပ်သင့်ဟူသည့်သဘောနှင့် ခေါင်းယမ်းပြသည်မို့ ဦးညွှတ်ဂါရဝပြုကာ မိမိနေရာထံသို့သာ ပြန်သွားလိုက်ရလေ၏။
သို့သော် သူမ၏ရည်မှန်းချက်ကိုမူ တစ်ရက်လေး ရှုံးရုံနှင့် မစွန့်လွှတ်သေး…။
ဧကရာဇ်၏ခန့်ညားသောမျက်နှာကို တစ်ချက်စူးစိုက်ကြည့်ရင်း သူမ၏ မပြည့်မြောက်သေးသည့် အကြံအစည်တို့ကို စိတ်ထဲ၌တွေးတောနေမိလိုက်၏။