အရမ်းလှတဲ့ ကိုယ်လုပ်တော်ငယ်ငယ်လေး~
ဟန်ကျင်းရှန်း သည်နေရာသို့ တစ်ဖန်ရောက်လာပြန်သော်လည်း ဤနေရာ၌ရှိခဲ့သည့် အမှတ်တရတို့ကသိပ်မကောင်း၍ ခံစားချက်က အဆင်မပြေ…။
အဆောင်တော်တွင်း ချည်းနင်းဝင်ရောက်လာစဉ်၌ ဧကရီသူမမှာ စာရင်းဇယားတွေနှင့် အလုပ်များနေသည်ကို တွေ့ရ၏။ သို့သော် သူမမျက်နှာပေါ်၌ ပင်ပန်းခြင်းအငွေ့အသက်ဟူ၍ မခံစားရ…။ စတွေ့စဉ်ကကဲ့သို့ ပကတိအေးစက်နေဆဲပင်……။ ဟန်ကျင်းရှန်းအနေရခက်စွာ ချောင်းဟန့်မိသည့်အခါ သူမက ရိုကျိုးခြင်း ပျော့ပျောင်းခြင်းကင်းသည့် တသမတ်တည်းလေသံနှင့် စကားအစချီလာ၏။
"အရှင်မင်းကြီး ဘာအကြောင်းများ ဆွေးနွေးချင်လို့ပါလိမ့် "
"မင်းအလုပ်တွေ အကုန်ပြီးပြီလား?"
"ပြီးလုနီးပါးပါပဲ။ အရှင်မင်းကြီး ခိုင်းစရာများ ရှိလို့ပါလား?"
"ဟုတ်တယ်။ မင်းနဲ့ဆွေးနွေးစရာရှိတယ် မိဖုရား~ "
"ထိုင်လိုက်ပါဦးလား အရှင်~ "
သူမစကားကြောင့် တောင့်တင်းတင်းမတ်မတ်ရပ်နေခဲ့သည့် ဟန်ကျင်းရှန်းတစ်ယောက် ရှက်ရွံ့သွားရသည်။ သူပိုင်နန်းတော်၌ သူကဧည့်သည်အဖြစ် ပြုမူနေမိသကဲ့သို့ အနေရခက်ဟန်ရှိနေသည်က ဤအမျိုးသမီးက သူ့အကြွေးရှင်အလား……။
သူမကဲ့သို့ တည်ငြိမ်လှသောအမျိုးသမီးက ဆယ့်ငါးနှစ်သမီးဟု ယုံချင်စရာမရှိပေ။
"ဘာကိစ္စများပါလိမ့် အရှင်မင်းကြီး~ "
"အင်း…… မိဖုရားနဲ့ကိုယ်တော် ဆွေးနွေးချင်တာကတော့ ဆက်ခံသူအကြောင်းအရာပဲ။ "
"ဆက်ခံသူ?? အရှင်က ငယ်သေးတာပဲ အဲ့အကြောင်းက ဘာဖြစ်လို့များပါလိမ့်"
ဟန်ကျင်းရှန်း ဆက်ခံသူဟူသည့်စကား၌ ပြောင်းလဲသွားမည့် သူမအမူအရာအား ရှာနေမိသော်ငြား အနည်းငယ်မျှပင် ရွေ့ခြင်းမရှိသော ကျောက်စိုင်ခဲပမာ…။
မေးခွန်းထုတ်ဟန်ဖြင့်သာ ကြည့်ရှုလာသည့်နောက် ဟန်ကျင်းရှန်းအနည်းငယ် စိတ်ပျက်သွားရ၏။
"ဆက်ခံသူဆိုတာ ကိုယ်လုပ်တော်ယွီသာ သားရတနာဖွားမြင်ခဲ့မယ်ဆိုရင် သူ့ကိုကိုယ်တော့်ရဲ့ ဆက်ခံသူအဖြစ်ကြေငြာချင်လို့ မိဖုရား ကူညီပေးရမယ်"
"သားမွေးခဲ့ရင်? အရှင် စိတ်စောလွန်းမနေဘူးလား??"
"………"
"သားမွေးခဲ့တယ်ပဲထားပါတော့ အရှင့်သားတော်က ဤတိုင်းပြည်ရဲ့ မင်းဖြစ်ထိုက်သူလို့ ဆိုမရဘူးလေ။ အရှင့်အသက်က နှစ်ဆယ့်တစ်ပဲရှိပါသေးတယ်။ ဒီမိဖုရားအမြင်အရ အရှင့်ကြည့်ရတာ လောနေသလိုပဲ။ "
"အဲ့တော့…… မိဖုရားအမြင်က ဘယ်လိုပါလိမ့်?"
လင်းယွီက အရှင်မင်းမြတ်ဟန်ကျင်းရှန်း၏ အမေး၌ဟန်လုပ်ပြုံးရင်း ရေနွေးတစ်ခွက်ကို စိတ်ရှည်လက်ရှည်ငှဲ့၏။ သူမ၏ အမြဲတစေ ခံစားချက်မဲ့သော မျက်ဝန်းများဖြင့် ပြန်လည်ကြည့်ရှုရင်း ဧကရာဇ်၏မေးခွန်းကို အဖြေပြန်ညှိ၏။
"အရှင်~ မင်းသားတစ်ပါးတည်းရှိလာမှာမှ မဟုတ်တာ အရှင်ကြိုးစားရင် ကြိုးစားသလောက် သားတော်တွေရလာဦးမှာပါ။ သားတော်နှစ်ယောက်လောက် ရလာရင်တော့ ဒီမိဖုရားကိုပြောပါ။ အဲ့ဒီကျ အရှင့်ကို ကူစဉ်းစားပေးနိုင်မှာပါ။ "
"မင်း သူများကလေးကို ကိုယ့်ကလေးလို ပြုစုပျိုးထောင်ပေးဖို့ တစ်ကယ်ပဲ ဆန္ဒရှိသလား? မိဖုရား~ "
"ဒါပေါ့ အရှင်~ အရှင့်ကလေးတွေက ကျွန်မကလေးတွေပါပဲ။ "
လင်းယွီ၏စကား၌ လှောင်ရိပ်သန်းသည့် အငွေ့အသက်တို့က တစွန်းတစ……။ ဟန်ကျင်းရှန်းသည်ကား ရှက်ရွံ့ရမလို ဒေါသပင်ထွက်ရမလိုနှင့် ဗျာများနေရကာ ဧကရီ၏မျက်နှာအား တစ်ချက်စူးစိုက်စိုက်ကြည့်ကာ မည်သည့်စကားမှမဆိုပဲ ပြန်လည်ထွက်ခွာသွားတော့၏။
သူမျှော်လင့်သည်က သူ့ကလေးကိုမွေးဖွားပေးရန်၊ သူ့မေတ္တာကို ရရှိစေရန် တစ်နေ့ ဒူးထောက်တောင်းပန်လာရမည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် ဤအမျိုးသမီးက ဘယ်သောအခါမှ ဤသို့ပြုမည်မဟုတ်မှန်း သိလာရသည်မို့ စိတ်ပျက်လက်ပျက်ထွက်ခွာလာရုံမှအပါး တခြားမရှိချေ။ သူသိရသည်က ဧကရီနှင့်စကားပြောတိုင်း အထေ့အငေါ့တွေနှင့် စိတ်ညစ်ညူးရကာ မည်သို့မျှ အဆင်မချောပေ။
လင်းယွီ အရှင်မင်းကြီးထွက်ခွာသွားကာမှ စိတ်ပျက်လက်ပျက် သက်ပြင်းတစ်ချက်ချမိလိုက်သည်။ လုပ်လက်စစာရင်းစာအုပ်ကို ပြန်ကိုင်မိရင်း အတွေးများနေမိသည့်အခိုက် အားလန်က ခပ်ကုပ်ကုပ်နှင့် ပြန်ဝင်လာရင်း သခင်မအနား အပြေးရောက်လာ၏။
လင်းယွီကမူ စာရင်းစာအုပ်တွေထက် ကလေးဟူသည့် နာမကြောင့် လက်ကြောတွေပင် တုန်လာရကာ မျက်နှာလှလှထက်မှ မျက်ခုံးနက်နက်လေးတွေက မျက်မှောင်ကြုံ့ခြင်းဖြင့် ရှုံ့မဲ့လျက်ရှိ၏။
"မယ်မယ် ~ ဘာများဖြစ်လို့ပါလဲ?"
"ဘုရင်က ငါ့ကို ကလေးကိစ္စလာပြောနေတယ်။ "
"ရှင်!!?? မယ်မယ့်ကို မွေးခိုင်းတာလား?"
လင်းယွီက မဲ့ပြုံးနှင့်ခေါင်းယမ်းလိုက်ပြီး…
"ကိုယ်လုပ်တော်ယွီရဲ့ကလေးကို မွေးစားခိုင်းတာ"
"ဒါဆို မယ်မယ်စိတ်တိုနေတာလား?"
"အင်း တိုတယ်"
"အရှင်မင်းကြီးရဲ့ ရက်စက်မှုကြောင့်လား?"
"မဟုတ်ဘူး။ "
လင်းယွီ၏ ပြုံးစစအသွင်နှင့် ခေါင်းယမ်းပြမှုကြောင့် အားလန်က ခေါင်းကုတ်ကာ နဝေတိမ်တောင်ပုံစံလေးနှင့်…
"အဲ့ဒါဆို ဘာလို့……"
"ငါ ကလေးတွေကို အရမ်းမုန်းတယ်။ "
အားလန်မှာ သူမမယ်မယ်၏ စိတ်ညစ်ညူးစွာဆိုလာသည့် စကားကြောင့် ဆွံ့အသွားရလေ၏။ အလွန်လှသည့် နတ်ဘုရားမလေးတွင် ဤသို့ပြစ်ချက်ရှိမည်ဟု မည်သူကထင်မည်လဲလေ။ အားလန်၏မယ်မယ်က ငယ်စဉ်ကတည်းက သူများသခင်မလေးတွေကဲ့သို့မဟုတ်ပဲ
အလွန်အနေအေးကာ စူးရှသောမျက်ဝန်းအစုံက အရာရာကိုခွဲခြားသိမြင်နိုင်သည့်အလား ရှိ၏။
အေးဆေးငြိမ်သက်သည့် ဣတ္ထိယအမျိုးအစားထဲ ပါဝင်ပြီး ပန်းဖြူလေးကဲ့သို့ မနူးညံ့နေတတ်သော တစ်ဦးတည်းသောမမလေးလည်းဖြစ်၏။
သို့သော် အမျိုးသမီးတိုင်းက ကလေးချစ်တတ်သည်မို့ သူမက ကလေးတွေမုန်းသည်ဟု မထင်ထားခဲ့ပေ။
*************
"နန်းတော်ဥယျာဉ်ကို ပြင်ဆင်တယ်!! သူကများ ဘာအာဏာနဲ့!"
"မယ်တော် စိတ်လျှော့ပါ။ ဒီကိစ္စကို အရှင်မင်းကြီးလည်း ခွင့်ပြုပြီးသားပဲ ။"
"ဟုတ်သားပဲ မယ်တော်ရယ် စိတ်လျှော့လိုက်ပါနော်။ "
မိဖုရားနှစ်ပါး၏ဖြောင်းဖျမှုကြောင့် မယ်တော်ကြီးဒေါသက ခဏတာလျော့ပါးသွားရသော်ငြား ထိုမိန်းကလေးအပေါ်တော့ အတော်ကြီးကို ရွံမုန်းနေမိပြီဖြစ်သည်။ သူမကို နန်းတွင်းစဝင်ကတည်းက နန်းတွင်းရေးရာမသင်ပေးခဲ့သည်က ထိုမိန်းကလေး အကြီးအကဲတို့အပေါ် ဦးကျိုးတတ်လာစေရန်နှင့် တောင်းတောင်းပန်ပန်ပြုလာစေရန်။
ယခုမူ… ထိုမိန်းကလေးက သူကိုယ်တိုင်ကိုယ်ကျ စီမံသွားနိုင်သည့်အပြင် နန်းတော်တစ်ခုလုံးစာ အလုပ်တွေကို ကိုယ်တွယ်သွားနိုင်ခဲ့၏။ နန်းတွင်းရေးရာ၏ အာဏာတော်တော်များများက ထိုမိန်းကလေးဆီသို့ ရောက်ရှိသွားသည့်အပြင် ယခုနန်းတော်မှအမျိုးသမီးများ လက်ဖက်ရည်စုသောက်ကြရာ ဥယျာဉ်အား သူမက ပြန်လည်ပြင်ဆင်မည်တဲ့။
ထို့အပြင် သူမ၏သားတော်ကသည်ပင်လျင် ထိုမိန်းကလေးအား ရိုက်ချရန်မတတ်နိုင်သည်မို့ သည်အတိုင်းခွင့်ပြုထားရသည်တဲ့လေ။ တွေးလေတွေးလေ သူမခွင့်မပြုနိုင်လေဖြစ်၏။
"အဲ့ဟာမလေးကို ငါကိုယ်တိုင် ပညာပေးနိုင်မှဖြစ်မယ်။ !"
"မယ်တော်ရယ် စိတ်လျှော့ပါနော်။ ဒေါသထွက်တာက ကျန်းမာရေးအတွက် မကောင်းပါဘူး"
ချီရှန်းဖေးက ဒေါသတို့ကြီးစိုးနေသည့် မယ်တော်ကြီးအား စိတ်လျှော့ရန် နားချနေသော်ငြား ယန်ကွေ့ဖေး၏မျက်လုံး၌မူ တစ်စုံတစ်ရာသော အကြံက ဖြတ်ခနဲပြေးသည်။
သူမက မာယာနှောသည့် အပြုံးနှင့် မယ်တော်ကြီး၏ လက်မောင်းများကို နှိပ်နယ်ပေးဟန်ပြုရင်း နူးညံ့ညံ့လေသံဖြင့် စကားစလာ၏။
"မယ်တော် ထောင်လွှားနေတဲ့ မိဖုရားကို ကြည့်မရဘူးဆိုရင် … ဒီနိမ့်ကျတဲ့ကွေ့ဖေးက အကြံလေးပေးပါရစေလား မယ်တော်"
"ကွေ့ဖေးမယ်မယ်!"
"ဘာလို့ မင်းက တို့ကိုတားရတာလဲ?"
"…."
"ပြောစမ်းပါဦး ဘာများလဲ?"
မယ်တော်ကြီးက အကြံဆိုသည်အား စိတ်ဝင်စားဟန်ဆိုလာသည့်အခါ ချီရှန်းဖေးက မည်သို့မှမတတ်နိုင်။ နှုတ်ဆိတ်၍နေလိုက်ရ၏။ ယန်ကွေ့ဖေးသည်ကား မယ်တော်ကြီး၏စိတ်ပါဝင်စားမှုကြောင့် အားရတက်ကြွစွာ အကြံအစည်အား ဖွင့်ဟလာလေ၏။
"မကြာခင် နွေဦးပွဲတော် ရောက်တော့မှာပါ။ အဲ့ဒီအချိန်ကျ မယ်တော် မိဖုရားကိုစိတ်ရှိလက်ရှိ အပြစ်ပေးနိုင်ပါပြီ မယ်တော်~ "
"မင်းစကားက ဘာအဓိပ္ပာယ်လဲ?"
"ကြားထားတဲ့ သတင်းတွေ မှန်မမှန် မသိပေမယ့် မိဖုရားက အခြားသူအတွက် အသုံးတော်ခံရတာ သိပ်မုန်းလို့ ဘယ်တော့မှလူရှေ့မှာ မတီး၊ မကဘူးတဲ့လေ။ "
"အဲ့တော့ မင်းပြောချင်တာက… ဟားဟား သားတော်ကို အသုံးချပြီး သူမကို အရှက်ခွဲမယ်ပေါ့လေ။ ဒီလိုပြောင်မြောက်တဲ့အကြံ ဘယ်ကနေထွက်လာရတာလဲ?"
"ကွေ့ဖေးရဲ့ မဖြစ်စလောက် အကြံပြုချက်လေးပါ မယ်တော်~ "
"မဟုတ်တာပဲ လာကြစမ်း~ ကွေ့ဖေးအတွက် ကျောက်စိမ်းလက်စွပ်ချီးမြှင့်လိုက်"
"မခံယူဝံ့ပါဘူး မယ်တော်ရယ်"
ယန်ကွေ့ဖေး၏ သကာလူးသည့်အရယ်အပြုံးနှင့် မယ်တော်ကြီး၏နှစ်ထောင်းအားရဟန်ကို ရှုကာ ချီရှန်းဖေး ရနံ့သင်းသည့် ရေနွေးသုံးဆောင်ရင်းမှ သက်ပြင်းချမိသည်။ ယန်ကွေ့ဖေးက ဦးနှောက်မရှိတာပဲလုပ်ချင်နေသည်ဟု တွေးမိကာ နောင်ဆို ထိုအမျိုးသမီးနှင့် ဝေးဝေးနေသင့်သည်ဟု ဆုံးဖြတ်မိ၏။
သူမထံ၌ သည့်ထက် မြင့်မားသည့်အကြံအစည် အမြောက်အမြားရှိသည်မို့ ဤဘာမဟုတ်သည့် အရှက်ခွဲချောက်ချချင်နေခြင်းများ၊လူညံ့များက သူမအဖို့အရေးမကြီးပေ။
**************
နွေဦးရာသီ၌ မနက်ပိုင်း၌ နွေးထွေးထွေးရှိလှကာ နေ့လည်ခင်း၌မူ အပူဒဏ်က အနည်းငယ်ကဲ၏။ ပန်းများဖူးပွင့်သည်ကာလပေမို့ နေရာကာ ပတ်ဝန်းကျင်တစ်လျှောက် အရောင်စုံအသွေးစုံသည့် ပန်းတွေက ဖူးကြွကြွ လှသွေးကြွယ်နေလျက်…။
နန်းတော်ဥယျာဉ်မှ တော်ဝင်ပန်းများသည်ကား ဖူးပွင့်ခြင်းနှင့် မမော်ကြွားနိုင်ကြသေး
သူတို့၏ပိုင်ရှင်က ဟိုရွှေ့သည်ရွှေ့ပြုချင်နေသည်မို့ ပန်းလွှာတို့မှာ အလှချင်းပင်မပြိုင်နိုင်
နေပူ၌ညှိုးလျော်နေကြရှာ၏။
"ဒီအပင်က ဟိုးဘက် မြောက်ဘက်ထောင့်မှာ စိုက် "
"ဟုတ်ကဲ့ပါ မယ်မယ်"
"ခဏ……ဒါကြွေပန်းတွေမလား? "
"……"
"ဒီပန်းကို အလယ်မှာစိုက်လို့မရဘူး။ ဟိုးဘက်ထောင့်ကျနေရာမှာစိုက်ပါ။ နှင်းဆီအဖြူက အလယ်မှာ ပြီးရင်အနီ အဝါ ပန်းရောင် အတန်းစဉ်လိုက်စိုက်ပါ ပြီးတော့ ဒီလေးရာသီပန်းတွေက သူတို့ဘေးမှာ အရောင်တစ်မျိုးစီ ခြံရံပြီးစိုက် "
"ဟုတ်ကဲ့"
"မယ်မယ် ခဏလေးနားပါဦး မယ်မယ် ပင်ပန်းနေလိမ့်မယ်။ "
"ငါက ညွှန်ကြားမှုပဲပေးရတာ ဘယ်လိုလုပ်ပင်ပန်းမှာလဲ အိမ်မှာဆို ငါကိုယ်တိုင် စိုက်တာပဲ။ ဟေ့~~ ဇီးပန်းပင်ကို နက်နက်တူးပြီးစိုက်ပါ ဒါမှအမြစ်တွယ်မှာပေါ့ "
"မယ်မယ်!"
သူမစကားအား အရေးမစိုက် အလုပ်များလျက်ရှိသည့် မိဖုရားမယ်မယ်ကြောင့် အားလန်ခေါင်းကုတ်ကာ ခြေဆောင့်မိရ၏။ ပင်ပန်းပါသည်ဆိုကာမှ နေပူထဲ၌ ဟိုပြေးသည်ပြေးနှင့် ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားနေသကဲ့သို့ ယခုလည်း မြေကြီးပေလူးမည်အားမရွံ့မကြောက် ဇီးပန်းပင်အမြစ်အတွက် ကျွင်းနက်နက်တူးခြင်းအား တူရွင်းကိုင်လျက် သူမကိုယ်တိုင်တူးနေပြန်၏။
သူမကမူလဧကရီဝတ်ရုံအစား အရောင်ဖျော့ဖျော့ သစ်ခွရောင်ဝတ်ရုံလေးအား ဆင်မြန်းထားကာ အဆင်တန်ဆာရိုးရှင်းရှင်းသာ ဆင်ယင်ထားသည်မို့ ဤပုံစံအားမြင်လျင် မည်သူကမှ ဧကရီဟု ခန့်မှန်းနိုင်မည်မဟုတ်ပေ။ ထို့အပြင် သူမကိုယ်တိုင် သဘောကျသည့်ဝါသနာအား ပြုနေရသည်မို့ ရေခဲသားကဲ့သို့ အေးစက်စက်မျက်နှာထက်၌ နေခြည်လိုနွေးသည့် အပြုံးကပျောက်ပျက်မသွား…
အေးစက်စက်နေတတ်သည့်
သခင်မလေး၏ နှစ်လိုဖွယ်အပြုံးအား မြင်ရခဲပေသည်မို့ အားလန်မှာ တားရအခက် လွှတ်ရအခက်နှင့် ဗျာများနေရရှာ၏။
"နန်းတော်ကို ပြုပြင်နေတာလား? ဘာလုပ်နေကြတာလဲ?"
ဟန်လျန်ဖုန်းတစ်ယောက် နန်းတော်ကိုမလာတာကြာမှ ပြောင်းလဲမှုတွေကြောင့် အတော်အံ့အားသင့်နေရသည်။ ယခင် သူတို့ဆော့ကစားနေကြ နန်းတော်ဥယျာဉ်အား ပြန်လည်ပြင်ဆင်နေကြသည်က သူမှတ်မိဖွယ်ရာပင် မရှိတော့……။ ပန်းတွေကိုလည်း ဟိုရွှေ့သည်ရွှေ့ပြုနေသည်က မြင်မကောင်း…။
လျန်ဖုန်းတစ်ယောက် သူတို့တော်ဝင်မျိုးနွယ်၏ငယ်ဘဝ အမှတ်တရကို ဖျက်စီးနေဟန် ခံစားလိုက်ရကာ ရင်ထဲနာကျင်လွန်းလှ၍ နီးစပ်ရာကြီးကြပ်သူတစ်ယောက်ကို ဖမ်းဆွဲမိ၏။
"မင်းသားလျန်ဖုန်း~ "
"ဒါ ဘယ်သူ့လက်ချက်လဲ?"
"ခင်ဗျာ??"
"ဒါကို ဘယ်သူဖျက်စီးခိုင်းတာလဲလို့ မေးနေတာ!"
ကြီးကြပ်ရေးမှူးက တုံးလွန်းလှသည်ကြောင့် ခေါင်းကုတ်နေရုံမှလွဲ မတတ်နိုင်။ သူတို့အားလုံးကို အမိန့်ပေးခိုင်းစေသည်က မိဖုရာခေါင်ဖြစ်သော်ငြား ယခုခိုင်းစေနေသည်က နတ်ဘုရားမကဲ့သို့ အလွန်လှပသော ကိုယ်လုပ်တော်ငယ်ငယ်လေးကပင်…။
မိဖုရားခိုင်းစေသည်ဟုဆိုစေ ယခုမူသူမ၏အမိန့်ကို ယခုနာခံနေရသည်မို့ ကြီးကြပ်ရေးမှူးက ထိုကိုယ်လုပ်တော်ငယ်ငယ်လေးထံ လက်ညှိုးညွှန်လိုက်မိ၏။
"အဲ့ မယ်မယ် ငယ်ငယ်လေးက ခိုင်းစေနေတာပါ ကျွန်တော်မျိုး ဘာမှသေချာမသိရပါဘူး။ "
"ဘာ!"
ဥယျာဉ်ကြီးကြပ်ရေးမှူးစကားကြောင့် လျန်ဖုန်း၏အေးစက်ခြင်းက နှစ်ဆတိုးသွားရသည်။ အကိုတော်က အဘယ်ကြောင့် ယခုတလော မိန်းမတွေကို ပစားပေးလွန်းရပါသနည်း။ထိုသို့စဉ်းစားမိလျင် အနား၌ကပ်ချွဲနွဲ့ကာ တိုင်းပြည်ကိုကပ်ဆိုက် ပျက်စီးစေတတ်သော အမျိုးသမီးတို့ ရှိနေသည်ပဲဟု အတွေးရောက်မိကာ လက်သီးတင်းတင်းဆုပ်လျက် ကြီးကြပ်ရေးမှူးညွှန်ပြရာဆီသို့ ဒေါသတကြီးလျှောက်သွားလိုက်မိ၏။
လျန်ဖုန်းဒေါသတကြီးလျှောက်သွားစဉ်၌ပထမဆုံးမြင်ရသည်က မြေကြီးတို့ကိုတူရွင်းနှင့်ထိုးဆွရင်း အလုပ်များနေသည့် မိန်းမလှလေးတစ်ဦး…။ သစ်ခွသွေးရောင်ပိုးသားပေါ်၌ ပန်းဆီရောင်ပန်းလွှာလေးများ ထိုးထားသည့် ဝတ်ရုံကိုဝတ်ဆင်ထားကာ သူမက ရိုးရှင်းလှသည့် မူဟန်နှင့်ပင် အတော်ကိုလှ၏။ ထိုမိန်းမလှလေးက ပျော်ရွှင်မှုအပြည့်နှင့် မြေကြီးတူးနေဟန်က ချစ်စဖွယ်ကောင်းလှသော်လည်း လျန်ဖုန်းမျက်လုံးထဲ၌်မူ မိန်းမတိုင်းက မိစ္ဆာမတွေသာဖြစ်သည်မို့ နှာခေါင်းရှုံ့မိ၏။ လျန်ဖုန်း၏အကြည့်ကို ရိပ်စားမိသည့်အလား မြေကြီးတူးနေရာမှ ရုတ်တရက် မော့ငေးလာသည့် ထိုအမျိုးသမီးငယ်…။ ရုတ်တရက် လျန်ဖုန်းမှတ်ချက်ပေးမိသည်က ထိုအမျိုးသမီးက ပြည်ပျက်စေလောက်သော အလှကိုပိုင်ဆိုင်သည်မို့ အကိုတော်က အရူးအမူးစွဲလန်းနေသည်ပဲဟု။
(ဟိုက လှည့်ကိုမကြည့်ဘူး လျန်ဖုန်းရေ)
"ဘယ်သူများပါလိမ့်?"
"ဥယျာဉ်ကို ပြင်ဆင်ခိုင်းတာ မင်းလား?"
"ဟုတ်တယ် ကျွန်မပဲ။ အဲ့ဒီတော့~"
လွန်လေပြီးသောအခိုက်အတန့်၌ပင်
ပျော်ရွှင်နေသေးသည့်မျက်နှာထားက လျန်ဖုန်းကိုတွေ့စဉ်၌မူ ချက်ချင်းအလျင် တည်ငြိမ်အေးစက်သွား၏။
စိတ်ထင်သည်လား မသိ။ သူမ၏မျက်ဝန်းညိုညိုတွေက လျန်ဖုန်းနှင့်ထိပ်တိုက်တွေ့စဉ်၌ပင် အရိုအသေမဲ့၍ အကြောက်တရားကင်းသည်။ တူရွင်းကိုပစ်ချရင်း လျန်ဖုန်းရှိရာထံ ချည်းကပ်လာသည့်အခါ မရည်ရွယ်ပါပဲနှင့် နောက်သို့ ခြေလှမ်းတစ်ပြန်ဆုတ်မိရလေ၏။
"မင်းကို ဘယ်သူကခိုင်းလို့ ဒါမျိုးတွေလုပ်နေရတာလဲ ?"
"ဒီမှာ~ ဒီကအမျိုးကောင်းသားက ဘယ်သူများပါလိမ့် ကျွန်မမှန်းတာ မမှားဘူးဆိုရင်တော့ ဟွေ့အန်းကနေစစ်နိုင်ပြီး ပြန်လာတဲ့ မင်းသားလျန်ဖုန်းပဲဖြစ်မယ်နဲ့တူတယ်။"
"ဒါဆို ဒီမင်းသား ပြန်မေးပါဦးမယ် ဒီက ကိုယ်လုပ်တော်ရဲ့ အမည်နာမက ဘယ်သူများပါလိမ့်?"
"ကိုယ်လုပ်တော်?"
ထိုမင်းသားလျန်ဖုန်းစကားကြောင့် လင်းယွီ မျက်မှောင်ကြုံ့သွားရသော်လည်း ရုတ်တရက်သဘောပေါက်မိသွားသည့်သူမ၏ ဝတ်စားဆင်ယင်ပုံ…။ နံဘေးမှအားလန်က အဆင့်အတန်းရာထူးအား ကြေငြာပြချင်ဟန်ရှိသော်ငြား လင်းယွီလက်ပြကာ တားမြစ်မိလိုက်သည်။ သူသည်လိုထင်နေမှတော့ ဆက်၍ထင်ပါစေ။ လင်းယွီက ငါဟဲ့ဧကရီဟု ကြုံးဝါးချင်စိတ် စိုးစဉ်းမျှပင်မရှိချေ။
"လင်း… အာ ဟုတ်တယ် လင်းအာ~"
"ဟုတ်ပါပြီ ကိုယ်လုပ်တော်လင်းက ဘာဖြစ်လို့ ဒီဥယျာဉ်ကို သဘောရှိပြုမူနေရတာလဲ ရှင်းပြပေးနိုင်မလား??"
"ဧကရာဇ်ရဲ့ခွင့်ပြုချက် ဧကရီရဲ့အမိန့်"
သူမ၏ပြောချက်တို့က ရိုးရှင်းသည်။ ရုတ်တရက်မို့ လျန်ဖုန်းပင် မည်သို့ဆိုရပေနည်းမသိတော့။ သူစကားဆက်ဆိုရန် ပြုနေဆဲ၌ပင် သူမကအလျင် တည်ငြိမ်သောအသံဖြင့် စကားဆိုလာ၏။
"နေရာတွေကမှားယွင်းနေတယ်။ ပန်းကောင်းကောင်းပွင့်မှာမဟုတ်ဘူး။ လောင်းရိပ်မှာစိုက်ရမှာကို နေရောင်ခြည်ထဲစိုက်တယ်။ နေခြည်ပေးရမှာကိုကျ အမှောင်ထဲမှာပျိုးတယ်။ အဲ့ဒါကြောင့်ပန်းတွေက ဒီထပ်ပိုပြီး အများကြီးပွင့်မလာကြတာ ဒီ့ထပ်ဆိုးလာရင် နန်းတော်ဥယျာဉ်က ပန်းတောင်ပွင့်တော့မှာမဟုတ်ဘူး။"
"နေရာတွေမှားယွင်းနေတယ်??"
သူပင်မမေးရသေး
အတိအကျအဖြေပေးလာသည်က
ရုတ်တရက်မို့ လျန်ဖုန်းအံ့အားသင့်သွားရကာ ထိုကိုယ်လုပ်တော်ငယ်လေးမှာတော့ အနည်းငယ်လေးပင် တုန်လှုပ်မှုမရှိ။
ရပ်မြဲအတိုင်း လက်နှစ်ဖက်အား နောက်ကျောပစ်ရင်း ရပ်နေခဲ့လေသည်။
အစက လျန်ဖုန်းဒေါသပွေနေခဲ့ရသော်ငြား ထိုအေးစက်စက်အမျိုးသမီးငယ်လေး၏ မူဟန်ကိုမူ ထူးခြားခြားမနှစ်မြို့ဟန် မဖြစ်မိ…။
အပြုံးတစ်စက်မှမရှိသော်လည်း သူမသည်ရေခဲနှင်းဆီတစ်ပွင့်ပမာ ငွားစွင့်စွင့်လှပနေဟန်ပေါ်နေခဲ့ပါ၏။