Relationတစ်ခုက အမြဲတမ်း ချောမွေ့မနေနိုင်ဘူးဆိုတာကို Jonginနားလည်ပါသည်။ သို့ပေမဲ့ Sehunရဲ့ အပြုအမူတွေကိုတော့ သူ နားမလည်နိုင်ပေ။
အရင်ကဆို တစ်ရက်မတွေ့ရရင်မှ မနေနိုင်ပါဘူး ဆိုသူက အခုတော့ သူ့မျက်နှာကို သေချာမတွေ့ရတာ နှစ်ပတ်ကျော်ခဲ့ပြီ။ သူလည်း ကျောင်းနဲ့ practiceချိန်တွေနဲ့ ရှုပ်မည်ကို Jongin နားလည်သော်လည်း Jonginဘက်က တွေ့ရအောင် ချိန်းရင်တောင် တစ်ခုမဟုတ်တစ်ခု အကြောင်းပြကာ ငြင်းလာတတ်သော Sehunကို သူ နားမလည်ပေ။
နားမလည်ခြင်းများနှင့်အတူ ဝင်ရောက်လာသူက သံသယ.......။
သူနဲ့မတွေ့ခင်က ပွေရှုပ်တတ်သူ Sehunအတွက် သူတစ်ယောက်တည်းနဲ့ မလုံလောက်လို့လား.......။
Sehun စိတ်ဆိုးအောင်များ သူတစ်ခုခုလုပ်မိလို့လား........။
သူ့ကို မချစ်တော့လို့များလား.......။
သို့လော သို့လော သံသယများကြောင့် Jongin ပင်ပန်းလှပါသည်။ ပွင့်ပွင့်လင်းလင်းမေးလိုက်ချင်ပေမဲ့ ကိုယ်မေးလိုက်မှ ကိုယ့်ကိုပစ်သွားရင်ဆိုတဲ့ အတွေးကြောင့် မသိချင်ယောင်ဆောင်ကာ နေခဲ့လိုက်သည်။
ဒီအကြောင်းတွေကို Jongin ဘယ်သူ့ကိုမှလဲ မပြောပြဖြစ်ပေ။ မတော်တဆ ကိုကိုတို့တွေ သိသွားခဲ့လျှင် သေးသေးလေးကနေ အကြီးကြီးဖြစ်မည့် ကိစ္စဖြစ်သည်။ အခုဖြစ်နေတဲ့ သူတို့နှစ်ယောက်ရဲ့ ပြဿနာမှာ တစ်ခုခုနားလည်မှုလွှဲမှားနေခြင်းကြောင့်လို့ Jongin ထင်သည်။ အဲ့ဒီနားလည်မှုလွှဲနေတာလေးသာ ပြေလည်သွားပါက အရာရာအဆင်ပြေသွားလိမ့်မည်ဟု Jongin ယုံကြည်သည်။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် သူ Sehunနဲ့ မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်း ပြောပြဖြေရှင်းမှ ရမည်ဖြစ်သည်။
သို့သော် မနေ့ည ၉နာရီ စဆက်တည်းက မကိုင်သည့် ဖုန်းက ဒီနေ့မနက်အထိ ကိုင်မည့်သူမရှိပေ။
ကိုင်မည့်လက္ခဏာမရှိသော Sehunဖုန်းကို ချလိုက်ကာ တခြားဖုန်းနံပါတ်တစ်ခုကို Jongin ဆက်လိုက်သည်။
"Hello...... Chanyeol လား...."
"Jongin..... ပြော....."
"Sehunဘယ်မှာလဲ သိလားဟင်. ...."
"Sehun.....? သူ့တိုက်ခန်းမှာမဟုတ်ဘူးလား.... ဘာဖြစ်လို့လဲ"
"သူ့ဖုန်းကို ခေါ်နေတာ မနေ့ညကတည်းက...... အခုထိ မကိုင်လို့...... တစ်ခုခုများ ဖြစ်နေတာလားလို့......."
"ဩော်......မူးပြီး အိပ်နေတာနေမှာပါ..... မနေ့က ငါတို့နဲ့ Barသွားတယ်လေ..... ငါတို့ပြန်တော့တောင် မပြန်သေးဘူးဆိုပြီး...... သူတစ်ယောက်တည်း ကျန်ခဲ့တယ်........"
"Chanyeol......."
"ငါတို့ ပြန်ဖို့ခေါ်ပါသေးတယ်....... မပြန်ဘူးဆိုပြီး ဇွတ်ပေနေလို့ ထားခဲ့တာ..... တကယ်ပြောတာ"
Chanyeol က Sehunကို တစ်ယောက်တည်း ထားခဲ့သည်ဆိုပြီး သူ့အားစိတ်ဆိုးမည်စိုး၍ ရှင်းပြနေခဲ့သည်။
"Sehun...... သူ..... အခုတစ်လော သူ့ဆီမှာ တစ်ခုခုထူးခြားနေတာမျိုးမရှိဘူးလား ဟင်......"
Jonginရဲ့ မေးခွန်းမှာ Chanyeolဘက်က အသံ ခဏတိတ်သွားခဲ့ပြီးမှ.....
"အေးဟ..... အခုတစ်လော သူ့ကို ကြည့်ရတာ မူမမှန်ပြီး.... တစ်ခုခုကို စိတ်ညစ်နေသလိုပဲ..... မေးရင်လည်း ဘာမှမဟုတ်ဘူးဆိုပြီးပဲ ပြောတယ်....... Jongin...... မင်းတို့..... မင်းတို့ အဆင်မပြေကြဘူးလား......"
သူ Chanyeolကို ဖြေဖို့တုန်းဆိုင်းနေမိသည်။
"............. ဟင့်အင်း......ပြေပါတယ် ဘာလို့လဲ......"
တစ်ဖက်မှ Chanyeol သက်ပြင်းချသံတိုးတိုးကို ကြားလိုက်ရသည်။
"အေးပါ..... ပြေတယ်ဆိုရင်လဲ....... သူ့ကို စိတ်ဆိုးနေတယ်ဆိုလဲ မင်းကပဲ နည်းနည်းလျှော့ပေးလိုက်ပါ....... သူ့ပြိုင်ပွဲက နီးနေပြီမလား......."
"အင်း...... ငါ သိပါတယ်ဟာ...... ဒါဆို ဒါပဲလေနော်.... ငါ အတန်းသွားရမှာမလို့......"
"အင်း..... နောက်မှတွေ့မယ်....."
••••••••••••••••••••••••••••••••••••••••••••••••••
Chanyeolနဲ့ ဖုန်းပြောပြီးတည်းက Jongin အတွေးတွေ ယောက်ယက်ခတ်နေခဲ့သည်။
သို့သော် သူတို့နှစ်ယောက်ကြားက ဘာမှန်းမသိတဲ့ ပြဿနာကို မနက်ဖြန်တွေ့တော့မှ ဖြည်းဖြည်းမေးမည်ဟု တေးထားလိုက်သည်။
မနက်ဖြန် Sehun သူ့ကို လာတွေ့မည်ဆိုတာကို Jongin သေချာသိသည်။ ဘာလို့လဲဆို မနက်ဖြန်က January 14...... သူ့မွေးနေ့မဟုတ်လား.......။
သူတို့နှစ်ယောက် အတူတူ ဖြတ်သန်းရမယ့် ပထမဆုံးသောသူ့မွေးနေ့ဖြစ်သည်။
••••••••••••••••••••••••••••••••••••••••••••••••••
ဒါပေမဲ့ သူ့မွေးနေ့က သူထင်သလို ဖြစ်မလာခဲ့ပေ။ အရင်နှစ်တွေလိုပဲ ဆုတောင်းပေးမယ့်သူတွေအများကြီး ရှိသလို သူငယ်ချင်းတွေနဲ့ အစ်ကိုတွေဆီက လက်ဆောင်တွေလဲရခဲ့ပါသည်။
သို့သော် Jongin မျှော်နေသော လူတစ်ယောက်ကတော့ လာတွေ့ဖို့မပြောနဲ့ စာလေးတစ်စောင်တောင် ရောက်မလာခဲ့ပေ။
သူ့မွေးနေ့ကို လုံးဝပဲ မသိလို့လား.....။ မှတ်ပဲ မမှတ်မိလို့လား......။
လာနိုး လာနိုးနဲ့ စောင့်နေခဲ့တာ ညနေတောင် စောင်းနေခဲ့ပြီ.....။
သူက လာမတွေ့တော့လဲ ကိုယ်က သွားတွေ့ရမည် မဟုတ်လား.....။ မွေးနေ့ကို မမှတ်မိတာရယ်..... ဒီနေ့ရော အရင်နေ့တွေကရော လာမတွေ့တာရယ်..... အားလုံးပေါင်းပြီး စိတ်ဆိုးပစ်လိုက်မည်.... တွေးကာ သူ့တိုက်ခန်းရှိရာကို taxiငှါးပြီး ထွက်ခဲ့လိုက်သည်။
တိုက်ခန်းရောက်တော့ တံခါးဘဲလ် တီးသည်ကို လာမဖွင့်တာမို့ Passcode ရိုက်ကာ ဖွင့်ဝင့်ခဲ့လိုက်သည်။
Jonginအား ရှုပ်ပွနေသော ဧည့်ခန်းက ဆီးကြိုနေခဲ့သည်။ ဘီယာဘူးခွံများ အဝတ်အပေများနှင့် ပွစိတက်နေသော ဧည့်ခန်းကို Jongin အံအားသင့်စွာ ကြည့်နေမိသည်။
အသန့်အပြန့်ကြိုက်လှသော Sehunက သူ့တိုက်ခန်းကို မသိမ်းမဆည်းပဲ ပွစိတက်အောင် ပစ်ထားသည်တဲ့.....။ ဘာဖြစ်လို့လဲ...... နေမကောင်းလို့များလား.......။
Jongin စိတ်ပူသွားခဲ့သည်။
Sehunကို အော်ခေါ်ဖို့ ပြင်လိုက်ပေမဲ့ အိပ်ခန်းဘက်မှ အသံတစ်ချို့ကြောင့် Jongin ခြေလှမ်းတွေကို အိပ်ခန်းရှိရာကို ဦးတည်လိုက်သည်။
ဟနေသော အိပ်ခန်းတံခါးဝမှ မြင်ရလိုက်ရသော မြင်ကွင်းကြောင့် Jongin သွေးများ ဆောင့်တက်ကာ တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားခဲ့သည်။
ရောယှက်နေသော မွေ့ရာပေါ်က လူနှစ်ယောက်ကို ကြည့်ရင်း Jongin အသက်ရှူရပ်သွားခဲ့သည်။
Jongin မသိလိုက်ခင်မှာပင် လည်ချောင်းမှ ထွက်သွားသော အသံကြောင့် သူ့နှုတ်ခမ်းကိုသူ လက်နဲ့ ပိတ်လိုက်ရသည်။
သို့သော် နောက်ကျသွားခဲ့ပြီ.....။
သူ့အသံအဆုံးတွင် ထိုလူနှစ်ယောက်က သူ့ဘက်ကို လှည့်ကြည့်လာခဲ့သည်။ သူ့ကို မြင်တော့ သူတို့နှစ်ယောက်၏ မျက်နှာအမူအရာ ဘယ်လိုဖြစ်သွားသလဲ Jongin မသိ။ သူ့မြင်ကွင်းမှာ မျက်ရည်များနဲ့ ဝေဝါးနှင့်နေခဲ့လေပြီ......။
"Jongin....."
Sehunရဲ့ ခေါ်သံတိုးတိုးမှာ သူ ခြေတစ်လှမ်းဆုတ်လိုက်သည်။
"Jongin.....!"
ဝေ့နေသော မျက်ရည်များ ကျဆင်းသွားသည်နှင့် ထိတ်လန့်နေသော Sehun၏ မျက်နှာနဲ့အတူ သူ့အား အောင်နိုင်တဲ့ အပြုံးနဲ့ ကြည့်နေသော မိန်းကလေး၏ မျက်နှာတို့က သူ့မျက်လုံးထဲ တိုးဝင်လာခဲ့သည်။
သူဘာမှမလုပ်နိုင်ခင် သူ့မျက်လုံးများ နောက်တစ်ခါ ဝေဝါးသွားခဲ့ပြန်သည်။
"Jon..... Jongin......!"
တုန်နေသော Sehunရဲ့ခေါ်သံကို Jongin ခေါင်းတွင်တွင်ခါမိသည်။
မခေါ်နဲ့....... မခေါ်နဲ့...... မခေါ်ပါနဲ့.......။
နာကျင်လှသော ရင်ကို ဆုပ်ကိုင်ရင်း သူ မုန်းတီးလှသော မြင်ကွင်းကို ထားရစ်ကာ နောက်လှည့်ပြေးထွက်ခဲ့လိုက်သည်။
နောက်ဆုံးတော့လဲ အရာအားလုံး လှပတဲ့ အလိမ်အညာတွေ ဖြစ်ခဲ့ရုံသာ.......။
••••••••••••••••••••••••••••••••••••••••••••••••••
ဘာဖြေရှင်းချက်မှ မပေးနိုင်သော သူ့ကို Jongin လုံးဝခွင့်မလွှတ်နိုင်ခဲ့ပေ။ Jongin တန်ဖိုးထားတဲ့ အချစ်တွေကို လူရယ်စရာ ဖြစ်အောင် လုပ်ပစ်ခဲ့သော သူ့ကို သိပ်မုန်းသည်။ ရင်နင့်အောင် မုန်းသည်။
ရေရေရာရာ ဖြေရှင်းချက်တစ်ခုမှ မပေးပဲ ဒူးထောက်၍သာတောင်းပန်ခဲ့တဲ့ သူ့အား Jongin စကားတစ်ခွန်းကို နောက်ဆုံးအနေနဲ့ ပြောခဲ့လိုက်သည်။
"မင်းအချစ်က အလကားပဲ..... Sehun"
ထိုစကားက သူ့ကို တော်တော်လေးရိုက်ခတ်သွားကြောင်း Jongin သိလိုက်ပေမဲ့ လျစ်လျူရှုပစ်ခဲ့လိုက်သည်။ အဲ့နေ့ကစပြီး သူ Jonginဘဝထဲ ပျောက်သွားခဲ့သလို Jonginကလဲ မေ့ထားခဲ့လိုက်သည်။
အတတ်နိုင်ဆုံးပေါ့..........။
••••••••••••••••••••••••••••••••••••••••••••••
ကိုယ့်အချစ်တွေ မလိုတော့ဘူးလား......
ကိုယ် ပြန်သိမ်းထားလိုက်မယ်
ကိုယ့်အတွက် အမုန်းတွေလား......
ကိုယ် လက်ခံလိုက်မယ်
တစ်ခုပဲ ချစ်သူ.......
ကိုယ့်အချစ်ကို အလကားလို့တော့ မပြောပါနဲ့
ကိုယ့်ရင်နဲ့ ရင်းထားရလို့ပါ.......
••••••••••••••••••••••••••••••••••••••••••••••
A/n- ကြာပြီ😁😁 ကိုယ့်ကိုလဲ ဝိုင်းထုချင်နေလောက်ကြပြီ😁 fic အကြွေးတွေလည်း များနေပြီ...😁 ဖြည်းဖြည်းချင်း ဆပ်ပါ့မယ်လို့😁😁......
Thank you and love you guys ❤❤❤❤