အခန်း (၃၈.၁)
ပိုင်ရွှယ်
မွေးနေ့အခမ်းအနား ပြီးဆုံးသွားတဲ့အချိန်မှာ၊ ကျန်းလီရဲ့ ဖန်းဖေးဥယျာဥ်တော်က အေးချမ်းတဲ့နေ့ရက်တွေကို ပြန်ရောက်ရှိလာခဲ့တယ်။
ဆံထိုးထဲက ကျောက်မျက်ရတနာ ပြဿနာမှာ ကျန်းလီက မှားယွင်းစွပ်စွဲခံရတာကို အချက်အလက်တွေက သက်သေပြနေပေမဲ့၊ သူမကို ဘယ်သူကမှ လာရောက် နှစ်သိမ့်ခြင်း မရှိခဲ့ဘူး။ သခင်မကြီးကျန်းက ညနေခင်းမှာ ကျိရှုရန်ကို ဖီးနစ်ခန်းမဆောင်ထဲကို ခေါ်ပြီးတော့ ပြစ်တင် ကြိမ်းမောင်းခဲ့တယ်လို့ တုန်အာက တိတ်တဆိတ် ကြားခဲ့ရတယ်။ ကျန်းယို့ရောင်ရဲ့ မွေးနေ့ အခမ်းအနားကို ကျိရှုရန်က စီစဥ်ကြီးကြပ်ခဲ့ကြီးတော့၊ အခုလို ကိစ္စတွေ ဖြစ်လာတဲ့အချိန်မှာတော့ ဧည့်သည်တွေက ဟာသတစ်ခုကို မြင်လိုက်ရသလိုဖြစ်ပြီးတော့ ကျန်းအိမ်တော်ရဲ့မျက်နှာကို ပျက်စေတယ်ဆိုပြီးတော့ ကြားခဲ့ရတယ်။
"ဒီတစ်ခါမှာတော့ ကျိရှီရဲ့ အိမ်ထောင်မှု ထိန်းသိမ်းတဲ့ စွမ်းရည်ကို လူတွေက အများကြီး သံသယ ဖြစ်နေပြီ"
တုန်အာက ပျော်ရွှင်မှု အပြည့်နဲ့ အဲဒါကို ပြောလိုက်တယ်။
ကျန်းလီက ပြုံးလိုက်တယ်။ သခင်မကြိးကျန်းက ကျိရှုရန်ကို အပြစ်တင်ကောင်း တင်လိမ့်မယ် ဘာကြောင့်လဲဆိုတော့ သူမက မွေးနေ့ပွဲကို ရှုပ်ထွေးစေခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သခင်မကြီးကျန်းက အိမ်တော် အတွင်းက ယှဥ်ပြိုင်မှုတွေမှာပဲ နစ်မြှပ်နေခဲ့တဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်။ အိမ်တော်ရဲ့နောက်ကွယ်က အလှည့်အပြောင်းတွေကို သူမက ဘယ်လိုမှ နားလည်နိုင်ခဲ့လိမ့်မလဲ။ အဲဒါအပြင်၊ အခုတစ်ခါ ကျိရှုရန်ရဲ့ နည်းလမ်းက မထူးခြားခဲ့ဘူး။ သခင်မကြိီးကျန်းက ဒုတိယ သခင်မလေးကျန်းကို မနှစ်သက်ခဲ့ပေမဲ့၊ အဆုံးသတ်မှာတော့ ကျိရှုရန်ကို ပုတ်ခတ်ပြောဆိုဖို့ အတွက်နဲ့၊ ဒီကိစ္စကို အသုံးပြုပြီးတော့ သူမက သမာသမတ် ကျတဲ့သူလို့ အထင်ခံခဲ့ရနိုင်တယ်။
ဒါပေမဲ့ အခုတစ်ခါ ကျန်းလီရဲ့ ကွပ်မျက်မှုက သူမကိုယ်သူမ ကယ်တင်နိုင်သွားခဲ့မယ်ဆိုရင်၊ ကျန်းအိမ်တော်ရဲ့ မငြိမ်းချမ်းတဲ့ ပုံစံကို ပြင်ပက လူတွေကို ထုတ်ဖော် ပြသသလို ဖြစ်နေခဲ့လိမ့်မယ်။ အချိန်အတိုင်းအတာတစ်ခုအထိ၊ အိမ်တော်က လူတွေကို ဒေါသထွက်စေခဲ့ပြီးတော့ တစ်ယောက်ယောက်ကို ထုတ်ပစ်ဖို့ လိုအပ်ခဲ့လိမ့်မယ်။ လက်ရှိမှာတော့၊ ကျန်းလီကို အေးတိအေးစက် ဆက်ဆံနေခြင်းက သူမအတွက် ကျန်းမိသားစုရဲ့ အပြစ်ဒဏ်ပဲ ဖြစ်ခဲ့တယ်။
ဒါပေမဲ့ ကျန်းလီက ဂရုမစိုက်ခဲ့ဘူး။
တုန်အာက ပြုံးပြီးတော့ ပြောလိုက်တယ်။
"မိန်းကလေး အစေခံအသစ်သုံးယောက်က အပြင်ဘက်မှာ ပါတယ်။ သခင်မလေး၊ သူတို့ကို အခု အထဲကို ဝင်စေချင်ပါသလား"
ရှန်းချောင်နဲ့ ယွင်ရှန်တို့က နှင်ထုတ်ခံခဲ့ရတယ်။ ကျန်းလီမှာ တုန်အာလို့ ခေါ်တဲ့ အစေခံမိန်းကလေး တစ်ယောက်သာ ရှိခဲ့တော့တယ်။ မိန်းကလေး အစေခံ သုံးယောက်ကို ရွေးချယ်ပြီးတော့ အသက်ကြီးကြီး အမျိုးသမီးအစေခံက သူတို့ကို ခေါ်ဆောင်လာပေးခဲ့တယ်။ ဒီပုံစံနဲ့ပဲ၊ တုန်အာ အပြင်၊ ပထမတန်းစား မိန်းကလေးအစေခံနှစ်ယောက်၊ ဒုတိယတန်းစား မိန်းကလေးအစေခံ နှစ်ယောက်နဲ့ ခြံဝင်းကို တံမြက်စည်းလှည်းပြီးတော့ သန့်ရှင်းရေးလုပ်မဲ့ အခြားတစ်ယောက် ရှိလာခဲ့တယ်။
ကျန်းလီက ပြောလိုက်တယ်။
"သူတို့ကို အထဲဝင်ခိုင်းလိုက်ပါ"
မိန်းကလေး အစေခံ သုံးယောက်က အခန်းထဲကို ဝင် လာခဲ့တယ်။
ဒုတိယတန်း အဆင့် အစေခံမိန်းကလေးနှစ်ယောက်က မင်ရွှယ်နဲ့ ချင်ဖုန်းလို့ ခေါ်ပြီးတော့ ၊ တုန်အာနဲ့ အသက်အရွယ် တူညီခဲ့တယ်။ သူတို့က သွက်လက်ပြီးတော့ ထက်မြက်တဲ့ပုံပေါ်ကာ၊ ကျန်းလီကို အသံကြည်ကြည်လင်လင်နဲ့ သပ်သပ်ရပ်ရပ်ဖြစ်ပြီးတော့ တလေးတစား နှုတ်ခွန်းဆက်သခဲ့ကြတယ်။ သူတို့က ကျန်းအိမ်တော်မှာ အရင်က မခစားခဲ့ကြဘူး ဘူး။
ပိုင်ရွှယ်လို့ ပထမအဆင့် မိန်းကလေးတစ်ဦး ရှိခဲ့သေးတယ်။၊ သူမရဲ့ အသက်က တုန်အာထက် နည်းနည်းတော့ ကြီးပေမဲ့၊ တခြား မိန်းကလေး အစေခံ နှစ်ယောက်လောက်တော့ မတက်ကြွခဲ့ဘူး။ သူမကို ပိုင်ရွှယ်လို့ အမည်မှည့်ထားပေမဲ့ သူမရဲ့ အသားအရည်က မည်းကြုတ်ပြီးတော့ မာကျောတဲ့ ရုပ်ရည် ရှိနေခဲ့တယ်။ ကျန်းအိမ်တော်ရဲ့ အထူးချုပ်ထားတဲ့ မက်မွန်သီးအနီရောင် ၀တ်စုံကို ဝတ်ဆင်ထားခဲ့ပြီးတော့၊ အနည်းငယ်မလိုက်မဖက် ဖြစ်နေပြီးတော့ ရယ်စရာကောင်းခဲ့တယ်။
တုန်အာက သူမရဲ့ စိတ်ထဲမှာ ထူးဆန်းတယ်လို့ ခံစားရတော့၊ ပိုင်ရွှယ်ကို အပေါ်အောက် သေချာ ကြည့်လိုက်တယ်။ ပြောရမယ်ဆိုရင်၊ သခင်မလေးတစ်ယောက်ရဲ့ ကိုယ်ပိုင် အစေခံက သူတို့ သခင်မလေးရဲ့ သွင်ပြင်ကို ထင်ဟပ်ပေါ်လွင်စေခဲ့တယ်။ ဒါကြောင့် သူတို့ရဲ့ အကျင့်စာရိတ္တနဲ့ လုပ်နိုင်စွမ်းအပြင်၊ သူတို့ရဲ့ရုပ်ရည်က သပ်ရပ်ရမယ်၊ လှပပြီးတော့ နူးညံ့သိမ်မွေ့ခဲ့ရမယ်။ ဒီပိုင်ရွှယ်က သူမမှာ အရည်အချင်း ဘယ်လောက်ပဲ ရှိရှိ၊ သူမရဲ့ ရုပ်ရည်နဲ့ဆိုရင်၊ တစ်ခြားသူရဲ့ အိမ်တော်မှာ ပထမအဆင့် မိန်းကလေး အစေခံ ဖြစ်လာမှာ မဟုတ်ဘူး။
အသက်ကြီးကြီး အမျိုးသမီးအစေခံက ရွေးချယ်ပြီးသွားတဲ့အခါမှာ၊ ပိုင်ရွှယ်က သန်မာပြီးတော့ အပြင်ဘက်ခြံဝင်းကို တံမြက်စည်း လှဲပေးနိုင်တယ်လို့ ပြောပြီးတော့ သူမကို ခေါ်ဆောင်လာပေးခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကျန်းလီမှာ အစီအစဥ်တွေ သိပ်မရှိခဲ့ဘူး။ ဒါပေမဲ့ သူမက အဆုံးသတ်မှာ ပထမအဆင့် အစေခံ ဘယ်လို ဖြစ်လာနိုင်ခဲ့တာလဲ။
အသက်ကြီးကြီး အမျိုးသမီး အစေခံက ကျန်းလီကို ထပ်ခါ၊ ထပ်ခါ အတည်ပြုခဲ့တယ်။ ကျန်းလီက ဒီစည်းမျဉ်းကို နားမလည်ဘူးလို့ သူမက ထင်ကောင်းထင်နေလိမ့်မယ်။ ဒါပေမဲ့ ကျန်းလီက အရမ်းခေါင်းမာခဲ့တယ်။ တုန်အာက ပိုင်ရွှယ်ကို တွေ့ပေမဲ့ သူမနဲ့ ပတ်သက်ပြီး ဘာက ထူးခြားနေတာလဲ ဆိုတာကိုတော့ မသိနိုင်ခဲ့ဘူး။
ကျန်းလီက မိန်းကလေး အစေခံသုံးယောက်လုံးနဲ့ ရိုးရိုးရှင်းရှင်း စကားတစ်ချို့ကို ပြောခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ချင်ဖုန်းနဲ့ မင်ရွှယ်တို့က ချက်ချင်းပဲ အပြင်ကို သွားပြီးတော့ အလုပ်လုပ်ခဲ့ကြတဲ့ အချိန်မှာ၊ ပိုင်ရွှယ်က အခန်းထဲမှာ ကျန်ရစ်နေခဲ့တယ်။ ကျန်းလီက သူမကိုကြည့်ပြီးတော့ ပြုံးလိုက်တယ်။
"နင့်ရဲ့ ဇာတိမြို့က ကျောက်ဟွားရွာလို့ ငါ ကြားတယ်"
အစကထဲက အလွန် သတိထားပြီး မတ်တပ်ရပ်နေတဲ့ ပိုင်ရွှယ်က သူမရဲ့ ဇာတိမြို့အကြောင်းကို ကျန်းလီက ပြောပြနေတာ ကြားလိုက်ရပြီးတော့ နည်းနည်း စိတ်သက်သာရာ ရသွားခဲ့တယ်။ သူမက ပြန်ပြီးတော့ ဖြေလိုက်တယ်။
"ဟုတ်ပါတယ်"
"ကျောက်ဟွားရွာက လာတဲ့ မိန်းကလေးအစေခံတစ်ယောက်ကို ငါ အရင်က သိကျွမ်းခဲ့ဖူးတယ်"
ကျန်းလီက ပြုံးပြီးတော့ ပြောလိုက်တယ်။
(ပိုင်ရွှယ် =နှင်း)