သက်တန့်ရောင် မိန်းမပျို Book 3

By CharmZoey

111K 10.5K 171

Chapter 401- More

အပိုင်း ၄၀၁
အပိုင်း ၄၀၂
အပိုင်း ၄၀၃
အပိုင်း ၄၀၄
အပိုင်း ၄၀၅
အပိုင်း ၄၀၆
အပိုင်း ၄၀၇
အပိုင်း ၄၀၈ ရွှေရောင်လွှမ်းသည့် နွေရာသီရိတ်သိမ်းချိန်
အပိုင်း ၄၀၉ ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုအခြေခံ
အပိုင်း ၄၁၀ အကြွင်းမဲ့သစ္စာရှိခြင်း
အပိုင်း ၄၁၁+၄၁၂
အပိုင်း ၄၁၃+၄၁၄
အပိုင်း ၄၁၅+၄၁၆
အပိုင်း ၄၁၇+၄၁၈
အပိုင်း ၄၁၉+၄၂၀
အပိုင်း ၄၂၁+၄၂၂
အပိုင်း ၄၂၃+၄၂၄
အပိုင်း ၄၂၅+၄၂၆
အပိုင်း ၄၂၇
အပိုင်း ၄၂၈
အပိုင်း ၄၂၉
အပိုင်း ၄၃၀
အပိုင်း ၄၃၁
အပိုင်း ၄၃၂
အခန်း ၄၃၃ - ပုန်းကွယ်နေတဲ့ အဖျက်သမားများ
အပိုင်း ၄၃၄ - အသီးအရွက်များအတွက် ဖန်လုံအိမ်များ
စာစဉ် ၃၂ (Unicode)
စာစဥ် 32 (Zawgyi)
အပိုင်း ၄၄၉-၄၅၁
အပိုင်း ၄၅၂-၄၅၄
အပိုင်း ၄၅၅-၄၅၇
အပိုင်း ၄၅၈-၄၆၀
အပိုင်း ၄၆၁-၄၆၂
အပိုင်း ၄၆၃-၄၆၄
အပိုင်း ၄၆၅-၄၆၆
အပိုင်း ၄၆၇-၄၆၈
အပိုင်း ၄၆၉-၄၇၀
အပိုင်း ၄၇၁-၄၇၂
အပိုင်း ၄၇၃-၄၇၄
Please Advice!
အပိုင်း ၄၇၅-၄၇၆
အပိုင်း ၄၇၇-၄၇၈
အပိုင်း ၄၇၉-၄၈၀
အပိုင်း ၄၈၁-၄၈၂
အပိုင်း ၄၈၃-၄၈၄
အပိုင်း ၄၈၅-၄၈၆
အပိုင်း ၄၈၇-၄၈၈
အပိုင်း ၄၈၉-၄၉၀
အပိုင်း 491-492
အပိုင်း 493-494
အပိုင်း 495-496
အပိုင်း 497-498
အပိုင်း 499-500
အပိုင်း ၅၀၁-၅၀၄
အပိုင်း ၅၀၅-၅၀၈
အပိုင်း ၅၀၉-၅၁၂
အပိုင်း ၅၁၃-၅၁၆
အပိုင်း ၅၁၇-၅၁၈
ယွီရှောင်ချောင်း စ/ဆုံး free
Merry Christmas & Happy New Year
Happy New Year 💝
Suprise! ! !
Black Pearl Team
အပိုင်း ၅၁၉-၅၂၀
အပိုင်း ၅၂၁-၅၂၂
အပိုင်း ၅၂၃-၅၂၄
အပိုင်း ၅၂၅-၅၂၆
အပိုင်း ၅၂၇-၅၂၈
အပိုင်း ၅၂၉-၅၃၀
Promotion ❗❗
အပိုင်း ၅၃၁-၅၃၃
အပိုင်း ၅၃၄-၅၃၆
အပိုင်း ၅၃၇-၅၃၉
အပိုင်း ၅၄၀-၅၄၂
အပိုင်း ၅၄၃-၅၄၅
အပိုင်း ၅၄၆-၅၄၈
အပိုင်း ၅၄၉-၅၅၁
အပိုင်း ၅၅၂-၅၅၄
အပိုင်း ၅၅၈-၅၆၀
🔅Spring Dagu Promotion🔅
နောက်ဆုံးရက်

အပိုင်း ၅၅၅-၅၅၇

222 20 0
By CharmZoey

အပိုင်း ၅၅၅ နဂါးမင်းကြီးရဲ့သမီး ဝင်စားတာလား?


ယခုအခါ၌ လူတွေက ရေကူးဝတ်စုံတွေ ဝတ်ဆင်လာကြပြီမို့ ပိုအဆင်ပြေသွားသည်။ အရင်က ပုလဲရှာသူတွေဟာ ပင်လယ်ထဲ၌ ကိုယ်တီးလုံးနဲ့သာ ရေကူးလေ့ရှိကြသည်။ တကယ်လို့ အဆိပ်ရှိတဲ့ ပင်လယ်မြွေတစ်ကောင် ကိုက်တာခံရပြီး အချိန်မီ မကယ်တင်နိုင်ဘူးဆိုလျှင် အသက်ဆုံးရှုံးကြရတာ များသည်။ အဆိပ်ရှိတဲ့ ရေခူတွေကိုလည်း ပင်လယ်ထဲမှာ မကြာခဏ တွေ့ရတတ်သည်။ အကယ်၍ ရေငုပ်သမားတစ်ယောက်က ရေခူတွေရဲ့ လက်ချောင်းတွေကြောင့် ဒဏ်ရာရသွားခဲ့ပါက ကုသရန်အတွက် ဆေးကောင်းဝါးကောင်း မရှိပေ။ အဲ့ဒီနောက် ဒဏ်ရာက ပြည်တည်ကာ ပုတ်လာပြီး လူနာကို ပြင်းထန်တဲ့ နာကျင်မှုတွေ ခံစားရစေသည်။ ကံဆိုးပြီး ပိုမို ပြင်းထန်တဲ့ဒဏ်ရာ ရသူတွေကတော့ အသက်ပါ သေဆုံးနိုင်သည်။

ဒါ့အပြင် ရေထဲမှာ ပုလဲရှာရေငုပ်တဲ့သူတွေက လှေပေါ်မှာ ကျန်ခဲ့တဲ့ လူတွေနဲ့ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိရန်လည်း လိုအပ်သည်။ သို့မှသာ သူတို့ကိုယ်ပေါ်တွင် လှေနှင့် တွဲချည်ထားတဲ့ ကြိုးကို လှုပ်လိုက်သည်နှင့် အပေါ်မှ လူတွေက တုန့်ပြန်မှာဖြစ်သည်။ လှေပေါ်မှ လူတို့ရဲ့ တုန့်ပြန်မှုက နှေးလွန်းနေမယ်ဆိုလျှင် ရေငုပ်သမားက ရေထဲမှာ အသက်ရှူကြပ်ပြီး သေဆုံးနိုင်သည်။

ရေငုပ်သမားတွေ ဂရုစိုက်ရမည့် အန္တရာယ်များက ထိုအရာတွေတင် မကပေ။ တစ်ခါတရံ လှေပေါ်မှ လူတွေက ကြိုးကို ရစ်တင်လိုက်တဲ့အခါ အဆုံးမှာ လူမပါတော့ဘဲ ကြိုးပြတ်နေတာကို မြင်ကြရသည်။ ဤသည်က ရေငုပ်သမားဟာ ရေအောက်ရေစီးကြောင်းတွေထဲ မျောပါသွားတာမျိုး ဒါမှမဟုတ် ရေအောက်ဝဲဂယက် တစ်ခုထဲ ပျောက်ကွယ်သွားတာမျိုး ဖြစ်သည်ဟု ဆိုလိုသည်...

ထို့ကြောင့် ကျွမ်းရှောင်မော့က ဒီပုလဲရှာပြိုင်ပွဲကို ဝင်ပြိုင်သည့်အတွက် ယွီရှောင်လျန်တစ်ယောက် အလွန်အမင်း စိုးရိမ်သောကရောက်နေတာ အံ့ဩစရာမရှိပါပေ။

လက်ရှိမှာတော့ ကျွမ်းရှောင်မော့ရဲ့ကံက သိပ်မဆိုးဘူးဟု ပြောလို့ရနိုင်သည်။ သူက အကြိမ်များစွာ ရေငုပ်လိုက် ပြန်တက်လာလိုက်နှင့် လှပတဲ့ ပုလဲကမာ အနည်းငယ်ကို ကောက်ယူနိုင်ခဲ့သည်။ နေ့လည်စာစားချိန်မှာတော့ ဒီ 'ပုလဲကန်'လေးထဲ၌ ကမာခရုတွေ အတော်လေး စုဆောင်းရရှိထားလေပြီ။ မွန်းလွဲချိန်၌ သူ့အုပ်စုက တခြားနေရာတစ်ခုဆီ သွားခဲ့ပြီး အသင့်အတင့် ပြန်သယ်လာနိုင်ခဲ့သည်။

သူတို့တွေ ကမ်းစပ်ဆီ ပြန်သွားတဲ့အခါမှာ ပုလဲရှာထွက်တဲ့ လှေအများစုက ဗလာသက်သက်ချည်း ပြန်ရောက်လာခဲ့ကြသည်။ ပါဝင်ယှဉ်ပြိုင်ကြတဲ့ တခြားဧရိယာတွေက ပုလဲရှာသမားတွေဟာ ရေထဲမှာ ရှာကြဖွေကြလို့ပင် မပြီးသေးပေမဲ့ ကျွမ်းရှောင်မော့နဲ့ သူ့အဖွဲ့ကတော့ သူတို့ရဲ့ ကမာကောင်တွေကို ဖွင့်ကြည့်တဲ့အဆင့်သို့ ရောက်ရှိသွားကြပြီဖြစ်သည်။

ကမာကောင်တွေကရတဲ့ ပုလဲတွေကို အိမ်သို့ယူသွားပြီး နောက်မှ ပေးသွင်းလို့လည်း ရသလို ပြိုင်ပွဲအတွက် ဒီနေရာမှာ တစ်ခါတည်း ပေးသွင်းလိုက်လို့လည်း ရသည်။ တစ်စုံတစ်ယောက်က မသမာမှု ကျူးလွန်ဖို့ ကြိုးစားလာနိုင်မှာကိုတော့ ကျူးကျွင်းယန် မစိုးရိမ်မိ။ ပြိုင်ပွဲက အရည်အသွေးမြင့် ပုလဲတွေကို ရရှိနိုင်သရွေ့ ဆုကြေးငွေဖြစ်ဖြစ်၊ သေးငယ်တဲ့ တရားဝင်ရာထူးဖြစ်ဖြစ် သူ ဂရုမစိုက်ပါပေ။

ကမာကောင်တွေကို ဖွင့်တော့မယ့်အချိန် ရောက်တဲ့အခါ ယွီရှောင်ချောင်းနဲ့ သူမ အပေါင်းအဖော်တွေ အားလုံး စုဝေးပြီး ကျွမ်းရှောင်မော့တို့အုပ်စုအား လူသုံးလွှာဖြင့် ဝိုင်းလိုက်ကြသည်။ ကမာကောင်တစ်ခုကနေ ပုလဲတစ်လုံး ရှာတွေ့နိုင်ချေက ဆုမဲကြီးတစ်ခုကို ပေါက်နိုင်မည့် ဖြစ်စဉ်နှင့် တူညီသလောက် ရှိသည်။ အရင်ဦးဆုံး ဖွင့်လိုက်တဲ့ ကမာကောင် အချို့က အားလုံး ဗလာတွေချည်းသာ ဖြစ်နေသည်။ ထို့ကြောင့် မြို့တော်မှ သခင်လေးတွေ သခင်မလေးတွေက အစမှာ အရမ်း စိတ်လှုပ်ရှားနေခဲ့ပေမယ့် အဲ့ဒီနောက် စိတ်ပျက်လက်ပျက်ဖြင့် သူတို့ရဲ့ နှုတ်ခမ်းတွေ တွန့်ရှုံ့သွားကြသည်။

တစ်ဖက်မှာတော့ ယွီရှောင်ချောင်းက ကမာခရုပုံရဲ့ဘေးမှာ ဆောင့်ကြောင့်ထိုင်ကာ သူမလက်နဲ့ ဟိုမွှေဒီမွှေ လုပ်နေလေသည်။ ယွီဝမ်ချင်းက ခုံပုလေးတစ်ခုယူကာ သူမဘေးမှာ လာထိုင်ပြီး ကျွမ်းရှောင်မော့တစ်ယောက် ခရုတွေ တစ်ခုပြီးတစ်ခု ဖွင့်တာကိုကြည့်ရင်း စိတ်ပျက်နေတော့သည်။ အဲ့ဒီနောက် ယွီရှောင်ချောင်းရဲ့ ထို'ဖန်ဂဲလ်လေး'က စိတ်လှုပ်ရှားစွာနဲ့ ပြောလာသည်။

"အစ်ကိုရှောင်မော့, အစ်မရှောင်ချောင်းကို နည်းနည်းလောက် ဖွင့်ခိုင်းကြည့်လိုက်ပါလား။ အစ်မရှောင်ချောင်က ကံအရမ်း ကောင်းတာ!"

ဒီမိန်းမငယ်လေးကလည်း ရှောင်လျန်နဲ့ ရှောင်ချောင်းတို့ ခေါ်ကြတဲ့အတိုင်း ကျွမ်းရှောင်မော့ကို 'အစ်ကိုရှောင်မော့'ဟု ခေါ်လာခဲ့သည်။ သူမမှာ မြို့တော်က သခင်မလေးတစ်ယောက်ရဲ့ ထောင်လွှားမောက်မာမှုမျိုး မရှိပေ။ တကယ်တော့ သူမက ကျွမ်းရှောင်မော့ရဲ့ ရေငုပ်စွမ်းရည်တွေကို အတော်လေး လေးစားနေပုံပင် ရသေးသည်။

ယွီရှောင်ချောင်းက သူမရဲ့ မျှော်လင့်မထားတဲ့ အကြံပြုမှုကြောင့် အလန့်တကြား ဖြစ်သွားကာ ခဏလောက် ငိုင်သွားပြီးနောက် ဟာသဆန်ဆန် ပြန်ဖြေလိုက်သည်။

"ဒါက ကံနဲ့ဘာဆိုင်လို့လဲ? ငါက တခြားလူအစား ဖွင့်လိုက်တာနဲ့ပဲ ကမာကောင်ထဲမှာ မှော်အစွမ်းနဲ့ ပုလဲတစ်လုံး ရှိလာအောင် လုပ်နိုင်မယ်များ ထင်နေတာလား?"

ယွီဝမ်ချင်းက တည်ကြည်တဲ့ အမူအရာတစ်ခုနဲ့ မှတ်ချက်ပြုလာသည်။

"ဒီခရုပုံကြီးထဲမှာ ပုလဲတချို့ ရှိမယ်ဆိုတာတော့ သေချာတယ်။ တခြားလူတွေက မှန်ကန်တဲ့တစ်ခုကို မရွေးနိုင်လောက်ပေမယ့် အစ်မယွီကတော့ ကံ အမြဲကောင်းတယ်လေ။ အစ်မကောက်လိုက်တဲ့ ခရုထဲမှာ ပုလဲရှိမယ်ဆိုတာ သေချာတယ်!"

ဒီအချိန်မှာတော့ အံ့ဖွယ်ကျောက်တုံးလေးက ဂူအောင်းနေရာကနေ ထွက်လာကာ ကမာခရုပုံကို ခြုံငုံစစ်ဆေးဖို့ သူ့အစွမ်းကို အသုံးပြုလိုက်သည်။ သူက မနှစ်မြို့တဲ့ အသံအနေအထားဖြင့် ပြောလာသည်။

[ဒီကျွမ်းမျိုးရိုးကောင်လေးက တော်တော် ကံမကောင်းတာပဲ။ သူကောက်လာတဲ့ တော်တော်များများက အမှိုက်တွေချည်းပဲ စိတ်စွမ်းအင် ငွေ့ငွေ့လေး ရှိတဲ့ ခရုဆိုလို့ နည်းနည်းပဲ ပါတယ်]

ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာတော့ ကျောက်မြတ်နဲ့ ပုလဲတွေဆိုတာ မြေကြီးနဲ့ ကောင်းကင်၏ ရတနာတွေပင် ဖြစ်သည်။ ထို့ကြောင့် သူတို့က ဒီလိုအဖိုးတန်ပစ္စည်းတွေဆီကနေ ထွက်ပေါ်နေတဲ့ စွမ်းအင်အနည်းငယ်ကို ခံစားနိုင်ကြသည်။ စွမ်းအင်များများ ခံစားရလေ ပစ္စည်းက ပိုကြီးလေ ပိုအဖိုးတန်လေ ဖြစ်သည်။

အားလုံးရဲ့ မမြင်ကွယ်ရာမှာ အံ့ဖွယ်ကျောက်တုံးလေးက တောက်ပြောင်နေတဲ့ သူ့ရဲ့ ရွှေရောင်ကြောင်လေးပုံစံသို့ ပြောင်းလဲလိုက်ပြီး ရှောင်ချောင်းဆီသို့ မာနကြီးပြီး ကျက်သရေရှိတဲ့ အမူအရာဖြင့် အေးအေးဆေးဆေး လျှောက်လာခဲ့သည်။ ယွီရှောင်ချောင်းက ထိုအကောင်လေးကို ကောက်ယူကာ ချီထားလိုက်ရင်း ကမာခရုတွေထဲကို ရှာဖွေလိုက်သည်။ တခြားလူတွေရဲ့ မျှော်လင့်စောင့်စားနေတဲ့ အကြည့်တွေနဲ့ လှောင်ရိပ်သန်းနေတဲ့ အကြည့်တွေအောက်မှာ သူမက အံ့ဖွယ်ကျောက်တုံးလေးရဲ့ အချက်ပြမှုအတိုင်း သေးငယ်ပြီး ကြည့်မလှတဲ့ ကမာတစ်ကောင်ဆီကို လက်လှမ်းလိုက်သည်။

ယွီဝမ်ချင်းက သူမအစား ပူပန်လာခဲ့သည်။

"အစ်မယွီ, အကြီးဆုံးတစ်ခုကို ရွေးသင့်တာလေ! အသက်ပိုကြီးတဲ့ ကမာကောင်တွေက ပုလဲ ပိုထုတ်နိုင်တာ မဟုတ်ဘူးလား? အစ်မရွေးတဲ့ဟာက သေးလွန်းတယ်။ သူ့ထဲမှာ ပုလဲရှိမယ်ဆိုရင်တောင် အရမ်းကြီးမှာ မဟုတ်ဘူး"

ရှောင်ချောင်းလည်း ဒီရွေးချယ်ပုံတွေကို သိပ်ပြီး နားမလည်တာကြောင့် ယွီဝမ်ချင်းရဲ့ ခံစားချက်တွေကို ကိုယ်ချင်းစာနိုင်ပါသည်။ သို့ပေမယ့် အံ့ဖွယ်ကျောက်တုံးလေးက ဒီကမာကောင်ကနေ အကြီးဆုံး စွမ်းအင်အငွေ့အသက်ကို ထုတ်လွှတ်နေတယ်ဆိုပြီး အခိုင်အမာ ပြောနေသည်။ အံ့ဖွယ်ကျောက်တုံးလေးရဲ့ အဆုံးအဖြတ်တွေအပေါ် သူမ ဘယ်တုန်းကမှ သံသယမဝင်ခဲ့ဖူးပေ။

သူမက ခရုကို ကျွမ်းရှောင်မော့ဆီ ပစ်ပေးလိုက်ကာ ဖွင့်ကြည့်ဖို့ အရိပ်အမြွက် ပြလိုက်သည်။ လူတိုင်းက သူမရဲ့ တည်ငြိမ်ပြီး ယုံကြည်မှုရှိနေတဲ့ပုံစံကို မြင်တဲ့အခါ ချက်ချင်းပဲ သူတို့ရဲ့ စိတ်လှုပ်ရှားနေတဲ့ အကြည့်တွေကို ကျွမ်းရှောင်မော့နဲ့ သူ့လက်ထဲက ကမာကောင်ဆီ ပို့လိုက်ကြသည်။

ကမာကောင်က အလျင်အမြန် ပွင့်သွားပြီး လက်သန်းတစ်ဆစ်အရွယ်ရှိ တောက်ပနေတဲ့ ပုလဲတစ်လုံးက အလယ်မှာ ထင်ရှားစွာ ထွက်ပေါ်လာသည်။ ညနေခင်းရဲ့ မှိုန်ပျပျ အလင်းရောင်အောက်၌ ထိုပုလဲလုံးက နူးညံ့စွာ တလက်လက် ထနေပြီး တောက်ပမှုလေးတစ်ခုကို ထုတ်လွှတ်နေသည်။

"ဝိုး! တကယ် ပုလဲရှိနေတာပဲ! ရှောင်ချောင်း, မင်းက အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ဒီတိုင်း ကမာတစ်ကောင်ကို ကောက်လိုက်ပေမယ့် အဲ့ထဲမှာ ပုလဲတစ်လုံး ရှိနေတယ်!! မင်း ဘယ်လိုများ လုပ်လိုက်တာလဲ?"

ဟယ်ဝမ်နင်က ပြေးထွက်လာပြီး ဖွင့်ထားတဲ့ ခရုကို လက်ထဲဆုပ်ကိုင်လိုက်ကာ အထဲက လုံးဝန်းလှပတဲ့ ပုလဲလုံးကို သေချာ ကြည့်ရှုလိုက်သည်။ ဒါဆို ပုလဲတွေကို ဒီလို သေးငယ်ပြီး အရုပ်ဆိုးတဲ့ ကမာကောင်တွေထဲမှာ ရှာတွေ့နိုင်တာပေါ့လေ!

သူမက အားလုံးသိချင်နေတဲ့ မေးခွန်းကို မေးမြန်းလိုက်တာဖြစ်သည်။ တခြားလူတွေရဲ့ တောက်ပနေတဲ့ အကြည့်တွေအောက်မှာ ယွီရှောင်ချောင်းက အချိန်အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် ပြန်ဖြေလိုက်သည်။

"ဘာမှ အထူးအဆန်း မဟုတ်ပါဘူး။ ကျွန်မစိတ်ကနေ အလိုလိုသိနေရုံပဲ!"

"ငှဲ... ရှောင်ချောင်း, မင်းဟာက ပျင်းစရာကောင်းလိုက်တာ!!"

လူအများစုက သူမရဲ့ ဖြေရှင်းချက်ကို သိပ်မကျေနပ်ကြပေ။

ယွီရှောင်ချောင်းက သူမလက်တွေကိုဖြန့်ကာ ပြောလိုက်သည်။

"အာ ကောင်းပြီလေ! ကျွန်မရဲ့ စိတ်အာရုံထဲမှာ တစ်စုံတစ်ယောက်က ကျွန်မကို လမ်းပြနေပြီးတော့ ဒီသာမန်ပုံစံရှိတဲ့ ကမာကောင်ကို ခရုပုံကြီးထဲကနေ ရွေးထုတ်နိုင်အောင် လုပ်ပေးခဲ့တာ။ ကျွန်မ သတိမမူမိဘဲ အဲ့ဒီကမာကောင်ဆီ လက်လှမ်းလိုက်တဲ့အချိန် ကျွန်မခေါင်းထဲမှာ အသံတစ်ခု ထပ်ကာထပ်ကာ ထွက်လာတာ, 'ဒီတစ်ခုမှာ ပုလဲရှိတယ်, ဒီတစ်ခုမှာ ပုလဲရှိတယ်'ဆိုပြီး..."

"ကျွတ် ကျွတ်! မင်းရဲ့အလုပ်ကို ပုံပြောသူအဖြစ် ပြောင်းလိုက်သင့်တယ်!"

အုပ်စုထဲက လူငယ်လေးတချို့မှာ မနှစ်မြို့တဲ့ အမူအရာတွေ သိသိသာသာ ရှိနေကြသည်။ မိန်းမပျိုလေးတွေကတော့ ရယ်ချင်စိတ်ကို ထိန်းထားကြသည်။ အသေအချာပင် ဘယ်သူကမှ သူမရဲ့ ပြောစကားတွေကို တစ်လုံးမှ မယုံကြည်ကြပေ။ ယွီရှောင်ချောင်းက ပုခုံးသာတွန့်လိုက်ပါသည်။ သူမ လိမ်နေတာမှ မဟုတ်တာ; အံ့ဖွယ်ကျောက်တုံးလေးက ဘယ်ခရုမှာ ပုလဲရှိတယ်ဆိုတာကို သူမနဲ့ စိတ်ချင်းဆက်သွယ်ပြီး တကယ် ပြောပြခဲ့တာလေ။ ဘယ်သူမှ မယုံလဲနေပေါ့!

အံ့ဖွယ်ကျောက်တုံးလေးက သူမကို လာဖဲ့သည်။

[မင်းက အမှန်တရားကို အတုဆန်အောင် ပြောနေမှတော့ ဘယ်သူက မင်းကို ယုံတော့မှာလဲ!]

စိတ်တိုတိုနဲ့ ယွီရှောင်ချောင်းက ကမာခြောက်ခုကို ဆက်တိုက်ဖွင့်လိုက်ပြီး သူတို့အားလုံးမှာ မကြီးလွန်း မသေးလွန်းတဲ့ ပုလဲလုံးတွေ ပါရှိနေကြသည်။ ထို့နောက် ထိုနေရာမှ လူအားလုံးရဲ့ ကြောင်အနေတဲ့ အကြည့်တွေ အောက်ကနေ ခြေဆောင့်ကာ ထွက်လာခဲ့သည်။ ကျန်ရှိနေတဲ့ ကမာကောင်များထဲ၌ ပုလဲတစ်လုံးမှ ရှိမနေတော့ပေ။ လူတိုင်းက သူတို့ကိုယ်သူတို့ အိမ်မက်မက်နေတာများလားဆိုပြီး ထင်ကုန်ကြသည်။ ရှောင်ချောင်းရဲ့ ဆဋ္ဌမအာရုံက တစ်ခုမှ မလွဲချော်လောက်အောင်ကို တကယ်ပဲ တိကျတယ်လား?

"ငါ့ကို အမြန်ပြောစမ်း! မင်းက ကမ္ဘာမြေပေါ်ကို ဆင်းသက်လာတဲ့ နတ်ဘုရားမလေးတစ်ပါးမလား?"

ဟယ်ဝမ်နင်က ခပ်သွက်သွက် လျှောက်လိုက်လာကာ ရှောင်ချောင်းကို ထူးဆန်းတဲ့ အကြည့်တစ်ခုနှင့် ငေးကြည့်နေသည်။ သူမက တခြားလူတွေ ကြားသွားမှာကို စိုးရိမ်နေသလိုမျိုး အသံနိမ့်နိမ့်ဖြင့် မေးမြန်းလာသည်။

ယွီရှောင်ချောင်းက တစ်ဖက်မိန်းကလေးကို မျက်လုံးလှိမ့်လိုက်ကာ စိတ်ရှည်လက်ရှည်နှင့် ပြောလိုက်သည်။

"အစ်မဟယ်, အစ်မ နတ်သမီးပုံပြင်တွေ အများကြီး ဖတ်ထားတာလား? ကမ္ဘာမြေပေါ်ကို ဆင်းသက်လာတဲ့ နတ်ဘုရားမလေးတဲ့လား? ကျွန်မက လက်နဲ့ ထိလိုက်ရုံနဲ့တင် သာမန်ကျောက်တုံးတွေကို ရွှေအဖြစ် ပြောင်းနိုင်တယ်လေ! တုန်ရှန်းရွာက တောင်ကြီးရဲ့ ဘေးမှာရှိပြီး ပင်လယ်နဲ့ ဝန်းရံထားတာမလား။ အဲ့တာဆို ကျွန်မကို လူအသွင်ပြောင်းထားတဲ့ တောင်စောင့်နတ် ဒါမှမဟုတ် ကုန်းပေါ်ကို ကစားဖို့တက်လာတဲ့ နဂါးမင်းကြီးရဲ့သမီးလို့ရော ဘာလို့ မထင်မိရတာလဲ?"

သူမ ဒါကို ကျယ်ကျယ် မပြောလိုက်ပေမယ့် ယွီဝမ်ချင်းနဲ့ တခြားသူတွေက ကြားလိုက်ရသည်။ လူအုပ်ထဲရှိ လူငယ်လေးတွေက သူတို့အပြုံးတွေကို ထိန်းထားကြပြီး မိန်းမငယ်လေးတွေကတော့ တခစ်ခစ် ရယ်မောလိုက်ကြကာ ဟယ်ဝမ်နင်ကို စိတ်ကူးယဉ် ဆန်လွန်းတယ်ဆိုပြီး စနောက်နေကြသည်။

တစ်ဖက်မှာတော့ ယွီဝမ်ချင်းက သူမရဲ့ ကြီးမားတဲ့ မျက်လုံးတွေကို တဖျတ်ဖျတ်ခပ်ပြီး အတည်ပေါက်နဲ့ ခေါင်းညိတ်လာသည်။

"ဒါ လုံးဝဖြစ်နိုင်တာပဲ! အစ်မရှောင်ချောင်းက ရေကူးလည်း အရမ်းတာ်တယ် ရေအောက်မှာလည်း အသက် အကြာကြီး အောင့်ထားနိုင်တယ်။ ပြီးတော့ လင်းပိုင်လေးနဲ့လည်း သူငယ်ချင်းတွေ ဖြစ်နေသေးတယ်။ အစ်မယွီ, အရင်ဘဝတုန်းက အစ်မက နဂါးမင်းကြီးရဲ့သမီးတော် ဖြစ်ခဲ့မယ်လို့ ညီမကတော့ ထင်မိတယ်!"

ယွီရှောင်ချောင်းက မယုံနိုင်စွာနဲ့ ရယ်မောလိုက်ကာ တစ်ဖက်မိန်းမငယ်လေးရဲ့ ပါးကို ဖျစ်ညစ်လိုက်သည်။

"မင်းပြောတော့လည်း အဲ့လိုပဲ ထားလိုက်ကြပေါ့! ငါတို့အတိတ်ဘဝတုန်းက ဘာဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူကမှ မသိနိုင်ဘဲ! ငါ့ညီမလေးဝမ်ချင်းကတော့ အတိတ်ဘဝတုန်းက ကျောက်စိမ်းဘုရင်ရဲ့ သမီးတော်တောင် မနာလိုရတဲ့ အရမ်းလှတဲ့ နတ်ဘုရားမလေး ဖြစ်ခဲ့တာနေမှာ။ ဒါကြောင့် သူမက အငြှိုးအတေးတွေနဲ့ မင်းကို ဒီဘဝမှာ ဆယ်စုနှစ်ကျော်ကြာ အထီးကျန်ဖြစ်အောင်လို့ တစ်မျက်နှာလုံးမှာ အဖုတွေပေါက်အောင် လုပ်ခဲ့တာဖြစ်ရမယ်။ ပြန်လည်မွေးဖွားလာပြီး နဂါးမင်းကြီးရဲ့သမီး ဝင်စားတဲ့ငါနဲ့ ဆုံတဲ့အခါကျမှ မင်းရဲ့ကျိန်စာကို ဖယ်ရှားနိုင်သွားရော!"

"ဟုတ်တယ်! ဒါအမှန်ပဲ ဖြစ်လောက်တယ်! အစ်မယွီ, အစ်မမှာ အရင်ဘဝတုန်းက မှတ်ဉာဏ်တွေများ မရှိဘူးလား? နဂါးမင်းကြီးရဲ့ နန်းတော်က ဘယ်လိုပုံစံမျိုးလဲဟင်?"

ယွီဝမ်ချင်းက ဖြူစင်ရိုးအတဲ့ မိန်းမငယ်လေး တစ်ယောက်ဖြစ်ပြီး မမျှော်လင့်ဘဲ သူမရဲ့ ယုံတမ်းပုံပြင်ကို ယုံကြည်နေခဲ့သည်။ ဒါက အုပ်စုထဲမှ တခြားမိန်းမပျိုလေးတွေကို ဆွံ့အသွားစေခဲ့သည်။

နောက်ရက်တွေမှာလည်း ကျွမ်းရှောင်မော့က နေ့တိုင်း ကမာကောင်တွေ တစ်ချီကြီး ရလာနိုင်ခဲ့သည်။ သို့သော်လည်း သူရခဲ့တဲ့ ပုလဲတွေက ပထမဆုံးနေ့မှာ ရခဲ့တဲ့ လက်သန်းတစ်ဆစ်အရွယ်ရှိ ပုလဲကိုတော့ မကျော်နိုင်ခဲ့ပေ။ သို့ပေမယ့် သူ စိတ်ပျက်မသွားဘဲ နေ့တိုင်း စောစောထွက်ကာ နောက်ကျမှ ပြန်လာပြီး သူ့ရဲ့ ပုလဲရှာဖွေရေးကို ဆက်လုပ်ခဲ့သည်။

တခြားနေရာတွေက ပုလဲရှာသမားတွေလည်း ထပ်ရောက်လာကြသည်။ သူတို့က နည်းနည်း နောက်ကျပြီး ရောက်လာကြပေမယ့် ပြိုင်ပွဲပြီးဆုံးဖို့ နောက်ထပ် ဆယ့်နှစ်ရက်ကျော်လောက် ကျန်ရှိနေသေးသည်။ ပုလဲရှာခြင်းက ကျွမ်းကျင်မှုနဲ့ ကံကောင်းမှု နှစ်ခုလုံးအပေါ် မူတည်နေသည်။ ပါဝင်ဖို့ အခွင့်အရေးရှိသရွေ့ အချီကြီးရနိုင်ပါသေးသည်။

ပုလဲရှာပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။ ပွဲအလယ်ပိုင်းလောက်မှာ အန္တရာယ်ရှိတဲ့ အခြေအနေတချို့ ရှိခဲ့သော်လည်း အတွေ့အကြုံရှိတဲ့ ပုလဲရှာသမားတွေဟာ လွယ်လွယ်ကူကူပဲ ကျော်လွှားနိုင်ခဲ့ကြသည်။

ပြိုင်ပွဲက မပြီးဆုံးသေးပေမယ့် မျိုးရိုးမြင့် သခင်၊ သခင်မလေးတွေရဲ့ မိသားစုတွေကတော့ အိမ်ပြန်လာဖို့ နှိုးဆော်တဲ့စာတွေ အများအပြား ရေးပို့နေကြပြီ။ အထူးသဖြင့် သူတို့အားလုံးထဲမှာ အငယ်ဆုံးဖြစ်တဲ့ ယွီဝမ်ချင်းတို့အိမ်ကပင်။ သူမရဲ့ အကြီးဆုံးအစ်ကိုပါ အတူလိုက်လာပေမယ့် သခင်မယွီကတော့ သူမ အကြာကြီး ထွက်သွားတာကို စိတ်မအေးနိုင် ဖြစ်နေပြီး အိမ်ပြန်လာဖို့ လူတွေ ခဏခဏ အခေါ်လွှတ်နေတော့သည်။

ပြိုင်ပွဲပြီးဆုံးတဲ့အချိန်အထိ ဆက်နေချင်ကြသေးတဲ့ မိန်းမပျိုလေးတွေအား အခေါ်တော် လွှတ်လိုက်တဲ့ အစေခံတွေက အိမ်ပြန်သင့်ပြီဆိုတဲ့အကြောင်း ချော့ချော့မော့မော့နှင့် အကြိမ်ကြိမ် သတိပေးနေကြသည်။ ဒီအချိန်လောက် ရောက်မှတော့ အိမ်မပြန်ရဖို့ ဆင်ခြေတွေလည်း ဖန်မရတော့ပေ။ မပြန်ချင်သေးပေမယ့်လည်း တွန့်ဆုတ်စွာနဲ့ အိမ်ပြန်ကြရတော့သည်။ နင်းညီအစ်ကိုနှစ်ယောက်လည်း တူညီတဲ့ အကြောင်းပြချက်နဲ့ပဲ ပြန်သွားကြရသည်။

ရှောင်ချောင်းက သူတို့ပြန်သွားတာကို လိုက်ပို့တဲ့အခါ ဟယ်ဝမ်နင်နဲ့ နင်းသုန့်ဟွမ်းတို့က ရလဒ်ကို သိချင်နေကြတာမို့ ပြိုင်ပွဲပြီးလျှင် စာရေးလိုက်ဖို့ အထပ်အထပ် အခါခါ မှာကြားနေခဲ့သည်။

ဒါဇင်မကတဲ့ လူအုပ်ကြီး ထွက်ခွာသွားတဲ့အခါ တုန်ရှန်းရွာလေးက တဖန် ငြိမ်သက်သွားပြန်သည်။ မြို့တော်က သခင်လေး၊ သခင်မလေးတွေ အလည်ရောက်လာကတည်းက ရွာသားတွေဟာ ထိုပုဂ္ဂိုလ်တွေထဲက တစ်ယောက်ယောက်ကို သူတို့ရဲ့ အပြောအဆို၊ အပြုအမူတွေနဲ့ မတော်တဆ စိတ်ကွက်အောင် လုပ်မိမှာ စိုးတာကြောင့် စကားပြောတိုင်း အလွန် သတိထားနေခဲ့ကြရသည်။ သာမန်လူတွေရဲ့ စိတ်ထဲမှာတော့ ရာထူးမြင့် အရာရှိတွေနဲ့ တော်ဝင်မျိုးနွယ်တို့ရဲ့ သားသမီးများ အားလုံးဟာ မာနကြီးပြီး ပေါင်းသင်းဆက်ဆံဖို့ ခက်ခဲလိမ့်မည်ဟု ထင်နေကြသည်။

ကျွက်ကျွက်ညံနေတဲ့ ထိုလူအုပ်ကြီး တုန်ရှန်းရွာထဲကို ဝင်လာတိုင်း ရွာသားတွေက အဝေးကနေပြီးသာ ရပ်ကြည့်ရဲကြသည်။ ရွာထဲက ယွီရှောင်ချောင်းရဲ့ သူငယ်ချင်းကောင်းတွေပင် သူမဆီကို သိပ်ပြီး သွားမလည်ကြတော့ပေ။ သူတို့ထဲမှာ အသွက်လက်ဆုံးဖြစ်တဲ့ သူမရဲ့ သူငယ်ချင်း ကျိုးရှန်းဟူကတော့ ရှောင်ချောင်းတို့အိမ်ကို အကြိမ်အနည်းငယ်လောက် အလည်သွားခဲ့သည်။ သူမက ထိုသခင်မလေးတွေနဲ့ အများကြီး စကားမပြောခဲ့ရပေမယ့် သူတို့တွေက တခြားရွာသားတွေ ပြောသလောက် ပေါင်းသင်းရခက်ပြီး စိတ်ကြီးတယ်ဟု မထင်မိပေ။

ထက်မြတ်ပြီး ဖျတ်လတ်တက်ကြွတဲ့ ဆူညံပူညံ လူငယ်လေးတွေ ပြန်သွားကြပြီးနောက် တုန်ရှန်းရွာမှာ ငြိမ်းချမ်းရေး ပြန်ရသွားခဲ့သည်။ ရွာသားတချို့က သူတို့ရဲ့ ယုံကြည်မှုရှိပြီး လွတ်လပ်တဲ့ ပုံစံတွေကို ဆွေးနွေးဖို့ တစ်ခါတရံ ပြန်အစဖော်ကြရုံမှ တပါး သူတို့က လေညှင်းလေး တစ်ချက်လိုပင်။ တိုက်ခတ်သွားပြီးတဲ့နောက် တခြား ဘာသတင်းမှ မရှိတော့ပေ။

***


အပိုင်း ၅၅၆ ပင်လယ်ပြင်မှ အန္တရာယ်များ


ယွီရှောင်ချောင်းက လူအုပ်ကြီးကို ထိန်းဖို့ မလိုတော့တာမို့ နောက်ဆုံးတော့ ပြိုင်ပွဲကို သေချာ အာရုံစိုက်နိုင်သွားသည်။ ပုလဲရေငုပ်ပြိုင်ပွဲက ရက်ဒါဇင်လောက်ပဲ ပြိုင်ဖို့ ကျန်တော့သည်။ ကျွမ်းရှောင်မော့က ရလဒ်မကောင်းတာမို့ မျက်နှာအမူအရာ တော်တော်လေး ပျက်နေပြီ။ အခုတစ်လော ကျွမ်းရှောင်မော့မျက်နှာက အမြဲတမ်း စိုးရိမ်ပူပန်နေတဲ့ အမူအရာနဲ့ပင်။ အရင်ရက်တွေတုန်းကလည်း သူက ပြိုင်ပွဲကို အတည်ကြီး အလေးအနက် ထားလွန်းနေတာကို ရှောင်ချောင်းလည်း သတိထားမိသည်။ ဖြစ်နိုင်တာက ရှောင်လျန်နဲ့ သက်ဆိုင်‌နေတာများလား။ အကြောင်းကတော့ တစ်လျောက်လုံး ရှောင်လျန်ကို ခိုးခိုးကြည့်နေတာကြောင့်ပင်။ ဒါ့ကြောင့်ပဲ ရှောင်ချောင်းလည်း ကျွမ်းရှောင်မော့ကို တစ်ဖက်တစ်လှမ်းကနေ ကူညီဖို့လုပ်လိုက်သည်။

ဒီနယ်တစ်ဝိုက်မှာ ပုလဲရေငုပ်သမားတွေ များတာမို့ ပင်လယ်ထဲမှာ နေရာကောင်းရှာနိုင်ဖို့ဆိုတာ အရမ်း ခက်ခဲသည်။ ဒါကြောင့် ကျွမ်းရှောင်မော့ရဲ့ ပုလဲရှာဖွေရေးလှေက ပင်လယ်နက်ပိုင်းအထိ သွားရလေ့ရှိသည်။ ယွီရှောင်ချောင်းကလည်း ရှောင်ပုရဲ့ အကူအညီနဲ့ နေ့တိုင်း အကွာအဝေးတစ်ခု ထားပြီး နောက်ကနေ လိုက်ကာ စောင့်ကြည့်လေ့ရှိသည်။ ကျူးကျွင်းယန်က ပုလဲရေငုပ်ပြိုင်ပွဲကို ဘေးကင်းနိုင်သမျှ ကင်းအောင် လုပ်ထားပေမယ့် သာမန်မဟုတ်တဲ့အရာတွေဆိုတာ အမြဲတမ်း ဖြစ်လာနိုင်ချေ ရှိသည်။ ကျွမ်းရှောင်မော့ တစ်ခုခုဖြစ်ပြီး ရှောင်လျန်စိတ်ထဲ အရိပ်မည်းတစ်ခု စွဲထင်သွားမှာမျိုး သူမ မလိုချင်ပေ။

ကျွမ်းရှောင်မော့ရဲ့ ပုလဲရေငုပ်သင်္ဘောကို အဝေးကနေ ကာကွယ်ပေးတာအပြင် ယွီရှောင်ချောင်းက အံ့ဖွယ်ကျောက်တုံးလေးရဲ့ လမ်းညွှန်မှုနဲ့အတူ အရည်အသွေးကောင်းတဲ့ ပုလဲတွေကိုလည်း လိုက်စုဆောင်းသေးသည်။ သူမရဲ့ ပုလဲအများစုက လူတစ်ယောက်ရဲ့ လက်မ ထိပ်ပိုင်းထက် ကြီးသည်။ အရည်အသွေးမြင့် ပုလဲတွေတော့ မဟုတ်ပေမယ့် သာမန်အဆင့်ထက် မြင့်တယ်လို့တော့ သတ်မှတ်လို့ရသည်။ စုဆောင်းထားတဲ့ပုလဲတွေကို သူမအမေအတွက် ပုလဲလည်ဆွဲလုပ်ပေးဖို့ စီစဉ်ထားပြီး အပိုကျန်ရင် ဆံပင်အဆင်တဆာတွေမှာမြှုပ်နှံဖို့ ‌တွေးထားသည်။ သူမအမေက အမြဲတမ်း ချွေတာနေပြီး လက်ရှိခေတ်စားနေတဲ့ အဆင်တန်ဆာတွေ ဝယ်ဖို့တောင် ငွေမသုံးချင်ဘူးလေ။

ပြိုင်ပွဲနောက်ဆုံးနေ့ နီးကပ်လာသည်နဲ့အမျှ ရှောင်ချောင်း စုထားတဲ့ ပုလဲတွေကလည်း များများလာပြီ။ တကယ်တော့ သူမ စုဆောင်းထားတာတွေက ပန်းရောင်နဲ့ ခရမ်းရင့်ရောင် ပုလဲတွေချည်းသာ။ သူမ ရခဲ့တဲ့ ပုလဲတိုင်းက အတော်လေး အဖိုးတန်ပြီး ပုလဲရဖို့ ကမာကောင်လိုက်ကြီး ကမ်းပေါ်ထိ ယူလာဖို့တောင် မလိုခဲ့။ အဲ့ဒီနည်းနဲ့ပဲ ပုလဲရဖို့အတွက်နှင့် ကမာကောင်တွေ မလိုအပ်ဘဲ သေဆုံးရတာမျိုး မရှိတော့ပေ။

ပင်လယ်ကြမ်းပြင်က ကမာကောင်တွေရဲ့အိမ်ဖြစ်ပြီး ပင်လယ်‌ရေနက်ပိုင်းထဲက ကမာကောင်အများစုက အမြဲလိုလို အခွံတွေ ဖွင့်ထားပြီး နူးညံ့တဲ့ အတွင်းသားတွေကို ပြထားလေ့ရှိသည်။ ဒါ့ကြောင့်ပဲ တစ်ချက် ကြည့်ရုံနဲ့ သူတို့ထဲမှာ ပုလဲရှိလား၊ မရှိဘူးလားဆိုတာ သိနိုင်သည်။ သို့ပေမယ့် ထိုသတ္တဝါတွေက အတော်လေး တုံ့ပြန်နိုင်စွမ်းကောင်းပြီး အနီးအနား၌ လှုပ်ရှားမှု တစ်ခုခုကို အာရုံခံမိသည်နဲ့ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ရန်အတွက် ချက်ချင်း အခွံပိတ်သွားတတ်ကြသည်။

သို့သော်လည်း အံ့ဖွယ်ကျောက်တုံးလေးရှိနေတဲ့ ရှောင်ချောင်းအတွက်ကတော့ အခွံတွေ ပိတ်သွားရင်တောင် အံ့ဖွယ်ကျောက်ရေ တစ်စက်ချလိုက်သည်နဲ့ အခွံတွေ ချက်ချင်း ပွင့်ပြီး လာပါယူပါ ဖြစ်သွားလိမ့်မည်။ အံ့ဖွယ်​ကျောက်​ရေတစ်စက်နဲ့ အရည်အသွေးကောင်းတဲ့ ပုလဲတစ်လုံး---နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်စေမယ့် အလဲအလှယ် တစ်ခုပင်။

ပြိုင်ပွဲအတွင်းမှာ ကျွမ်းရှောင်မော့တစ်ယောက် အတော်လေး ချောမွေ့တဲ့ အခိုက်ကာလတွေ ရှိနေခဲ့သည်။ အခုထိ သူမျှော်လင့်ထားတဲ့ ပုလဲကို မရသေးဘူးဆိုပေမယ့် မဖြေရှင်းနိုင်တဲ့ အန္တရာယ်လည်း မတွေ့ခဲ့ရပေ။ စိတ်လှုပ်ရှားဖို့ ကောင်းခဲ့တာဆိုလို့ ငါးမန်းအုပ်စုနဲ့ တွေ့ခဲ့ရတဲ့အချိန်ပင်။ ဒါပေမယ့် ကံကောင်းစွာနဲ့ ငါးမန်းတွေက သူ့ကို အာရုံမခံမိခဲ့ကြပေ။ အဲ့လိုမှ မဟုတ်ရင် အစ်ကိုကျန်းတစ်ယောက် ကမာကောင်အစား သူ့ရဲ့ ကိုယ်တစ်ပိုင်းပြတ်ကြီးပဲ ပြန်ဆွဲတင်နိုင်လိမ့်မယ်။

တကယ်တော့ ယွီရှောင်ချောင်းက အံ့ဖွယ်​ကျောက်​ရေသုံးပြီး ငါးမန်းအုပ်စုကို မြှားခေါ်ထုတ် သွားခဲ့တာကြောင့်ပင်။ ငါးမန်းတွေက အနံ့ခံကောင်းတဲ့ သတ္တဝါတွေလေ။ တစ်ကောင်လောက်က ကျွမ်းရှောင်မော့ကို မတွေ့သွားဘူးဆိုတာ လက်ခံလို့ ရနိုင်သေးသည်။ ဒါပေမယ့် ငါးမန်းအုပ်လိုက်ကြီးက မတွေ့သွားတာဆိုတော့ ဖြစ်နိုင်တာက တစ်အုပ်လုံး မျက်စိကန်းပြီး အနံ့ပျောက်နေကြတာ‌ဖြစ်လိမ့်မည်။ အံ့ဖွယ်ကျောက်ရေနဲ့ ယှဉ်မှတော့ ကျွမ်းရှောင်မော့က ငါးမန်းတွေအတွက် စိတ်ဝင်စားစရာ ပစ်မှတ် မဟုတ်တော့ပေ။

တကယ့်အဖြစ်အပျက်ကို မသိတဲ့ကျွမ်းရှောင်မော့ကတော့ ကံကောင်းလှချည်ရဲ့ဆိုပြီး အချိန်အတော်ကြာအောင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။ သို့ပေမယ့် ပုလဲရေငုပ်သမားတွေ ရှာဖွေရမယ့် ပင်လယ်ထဲမှာ အန္တရာယ်ဆိုတာအများကြီးရှိသည်။ ရေဝဲတွေ၊ ‌အန္တရာယ်များတဲ့ ရေစီးကြောင်းတွေ၊ ရေမြွေ၊ ရေခူနဲ့ ငါးမန်းတွေအပြင် ကမာကောင် အကြီးစားကြီးတွေကလည်း ပုလဲရေငုပ်သမားတွေရဲ့ ကျဆုံးခန်း ဖြစ်သွားနိုင်သည်။

ပြိုင်ပွဲနောက်ဆုံးနေ့၌ ကျွမ်းရှောင်မော့က ပုလဲကမာကောင် တစ်ကောင်ကြောင့် အသက်ဆုံးရှုံးလုနီးပါးတောင် ဖြစ်သွားရသည်။

ထိုနေ့မှာ ကျွမ်းရှောင်မော့က ပုလဲကမာကောင် အတန်းလိုက်ကြီး ရှာတွေ့တာမို့ အကောင်များများ ဖမ်းမိလာသည်။ နားချိန်ရောက်တော့ ကျန်းစန်ရှန်းက ပြုံးရယ်ပြီးပြောလာသည်

"ငါတို့ ဒီနေ့ရလဒ်က တော်တော်လေး ကောင်းတယ်ကွ။ ဒီအကောင်တွေထဲက ရတဲ့ ပုလဲတစ်လုံးကနေ ပြိုင်ပွဲမှာ ပထမရသွားတာလည်း ဖြစ်နိုင်တာပဲ"

သူအရင်က ပုလဲရှာတဲ့နေရာမှာ ကံမကောင်းတတ်တာမို့ ယုံကြည်ချက်မရှိ ဖြစ်နေခဲ့သည်။ အခုတော့ ကျွမ်းရှောင်မော့က ပုလဲရဖို့ အခွင့်အရေး များများရှိအောင် ကမာကောင်တွေ ပိုပိုပြီး စုဆောင်းရမယ်ဆိုတာပဲ တွေးထားသည်။ ဒါ့ကြောင့်ပဲ ပင်လယ်ထဲကို ခဏခဏ ရေငုပ်ဆင်းပြီး ‌ရှာဖွေသည်။ သူက သာမန်ကမာကောင်လေးတွေနဲ့ အချိန်ဖြုန်းမနေပဲ သူလိုချင်တဲ့ ပစ်မှတ်ကို ရှာဖို့ သန္တာကျောက်တန်းတွေနား တဖြည်းဖြည်းနဲ့ ကူးခတ်သွားသည်။

ရုတ်တရက်ပဲ ခပ်မှိန်မှိန် ပင်လယ်ကြမ်းပြင်မှာ အလင်းရောင်ဖျော့ဖျော့လေး လက်နေတာကို မြင်လိုက်ရသည်။ အရည်အသွေးမြင့်ပုလဲတွေက ကိုယ်ပိုင်အလင်းရောင် ထုတ်လွှတ်နိုင်တယ်လို့ သူ့အဖိုး ပြောပြဖူးသည်။ ကောင်းကင်ဘုံက သူ့ဆုတောင်းကို ကြားပြီး အခွင့်အရေး ပေးလာတာ များလား။

သူက ထိုအလင်းရှိရာဆီ တဖြည်းဖြည်းချင်း ကူးခတ်သွားလိုက်တော့ သန္တာကျောက်တန်းရဲ့ အနက်ပိုင်း နေရာမှာ ဧရာမ ကမာကောင်ကြီးတစ်ကောင် တိတ်တိတ်လေး အနားယူနေတာကို တွေ့လိုက်ရသည်။ သူ့အခွံက ပွင့်နေပြီး အထဲမှာ ပုလဲလုံးကြီးတစ်လုံးလည်း ရှိနေသေးသည်။ ကျွမ်းရှောင်မော့က သူ့နှလုံးခုန်သံကိုတောင် ပြန်ကြားလာရပြီး အဆုတ်ထဲက လေတွေ ကုန်တော့မယ်ဆိုတာ ခံစားလိုက်ရသည်။ လောလောဆယ် သူအပေါ်ပြန်တက်ဖို့ ဝန်လေးနေပေမယ့် အရေးကြီးဆုံးအရာကို သူသေချာသိသည်: ရတနာဆိုတာက အသက်ရှင်လျက် ယူနိုင်မှပဲ တန်ဖိုးရှိတာ ဖြစ်သည်။ ထို့ကြောင့် သူ ဘေးက ကြိုးကို အားနဲ့ဆွဲပြီး အလျန်အမြန် ပြန်တက်လိုက်သည်။

ကျန်းစန်းရှန်းက သူ့ခြင်းထဲမှာ ကမာကောင်တစ်ကောင်မှ ပါမလာတာမြင်တော့ အနည်းငယ် ပဟေဠိ ဖြစ်သွားရသည်။ သူမေးဖို့ လုပ်မယ့်အချိန်မျာပဲ ကျွမ်းရှောင်မော့က လေအပြည့် ရှူသွင်းပြီး ရေပြန်ငုပ်သွားတာကို တွေ့လိုက်ရသည်။ ကျွမ်းရှောင်မော့က သူ့ရဲ့သာမန်ထက် ပိုကောင်းတဲ့ မှတ်ဉာဏ်ကို သုံးပြီး ကမာကောင်ကြီးဆီကို ထပ်မံ ချဉ်းကပ်သွားလိုက်သည်။

ခိုဥထက်ကြီးတဲ့ ပုလဲက ကမာခွံထဲမှာ ရှိနေပြီး ဆွဲဆောင်မှုရှိတဲ့ အလင်းရောင်ကို ထုတ်လွှတ်နေသည်။ စုန်းမတစ်ယောက်က ဂါထာရွတ်ထားသလိုမျိုး လူ‌တစ်ယောက်ကို မျက်စိတောင်မခွာနိုင်စေပေ။

သူ့ရဲ့လက်ရှိလက်မောင်းအားနဲ့ဆို ကမာကောင်ကို တစ်လက်မတောင် ရွေ့သွားတောင် လုပ်နိုင်မှာ မဟုတ်ပေ။ သို့ပေမယ့် ပြိုင်ပွဲမှာ ပထမရနိုင်မယ့် အခွင့်အရေးကိုလည်း သူလက်မလွှတ်နိုင်ပေ။ မသိလိုက်ခင်မှာပဲ သူ့လက်ဟာ ကမာကောင်ထဲမှ ပုလဲကိုယူဖို့ ဆန့်ထုတ်ပြီးသား ဖြစ်နေပြီ... ကျူးကျော်သူ ဝင်ရောက်လာတာကို အာရုံခံမိတဲ့ ကမာကောင်က အခွံကို ရုတ်တရက် ပိတ်ချလိုက်တာမို့ ကျွမ်းရှောင်မော့ရဲ့ လက်က ညပ်လျှက်သား ဖြစ်သွားသည်။ ကျွမ်းရှောင်မော့က သူ့လက်ကို ပြုတ်တူကြီးတစ်ခုနဲ့ ညှပ်ထားသလို ခံစားလိုက်ရတာမို့ သတိပြန်ကပ်သွားပြီး အခြေအနေမဟန်မှန်း သိတာနဲ့ သူ့လက်ကို ဆွဲထုတ်ဖို့ လုပ်လိုက်သည်။ သူဆွဲထုတ်လေ ကမာခွံက တင်းတင်းကြပ်ကြပ် ပိတ်သွားလေ ဖြစ်နေသည်။

တန်ဖိုးရှိလှတဲ့ အချိန် စက္ကန့်တွေနဲ့ ကုန်ဆုံးလာတာနဲ့အမျှ သူ့ရင်ဘက်ထဲမှ လေတွေလည်း ကုန်ဆုံးလာသည်။ ကျွမ်းရှောင်မော့က သူဒီလိုသာ ဆက်သွားနေရင် ပင်လယ်နက်ထဲမှာ လေပြတ်ပြီး အသက်ရှူကြပ် သွားတော့မှာမှန်း သိနေတာမို့ လှေ‌ပေါ်က လူတွေနဲ့ပေါင်းပြီး ကမာခွံကို ဖွင့်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကြိုးကို အားတင်းဆွဲလိုက်သည်။

ကျန်းစန်းရှန်းက ကြိုးက အချက်ပြမှုကို မြင်တာနဲ့ သူအပါအဝင် နောက်ထပ်သန်မာတဲ့ လူငယ်သုံးယောက်က ကြိုးကို အစွမ်းကုန် ဆွဲတင်ကြသည်။ အရင်ကဆို ရေအောက်ကလူက ခဏလေးနဲ့ အပေါ်ရောက်လာတာ ဖြစ်သည်။ သို့ပေမယ့် ဒီ‌တစ်ခါတော့ ကြိုးက ပင်လယ်ကြမ်းပြင်နဲ့ အမြစ်တွယ်နေသလိုမျိုး တစ်လက်မတောင် ရွေ့မလာပေ။

"မကောင်းတော့ဘူး! ရှောင်မော့ ဂရုမစိုက်မိလို့ ကျောက်တန်းတွေကြား ခြေထောက်ညပ်ပြီး ထုတ်မရတော့တာလား မသိဘူး။ မင်းတို့တတ်နိုင်သမျှ ဆွဲတင်ထားကြ။ ငါသွားပြီး ကြည့်လိုက်မယ်"

ကျန်းစန်းရှန်းက အပေါ်ရုံအဝတ်ကို ချွတ်ပြီး ရေကူးဝတ်စုံနဲ့ လှေပေါ်ကနေ ခုန်ချသွားသည်။ သူက ကျွမ်းရှောင်မော့လောက် ရေငုပ်မတော်ပေမယ့် တံငါသည်တွေကြားမှာ အတော်လေး အရည်အချင်းရှိတဲ့သူလို့ သတ်မှတ်လို့ရသည်။ သူက ကြိုးကနေတစ်ဆင့် ကျွမ်းရှောင်မော့ဆီ ကူးသွားတော့ သူ့ရှေ့က မြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။ သူထင်ထားသလိုမျိုး ကျွမ်းရှောင်မော့က ကျောက်တန်းတွေကြား ခြေထောက်ညပ်နေတာ မဟုတ်ဘဲ ရေချိုးကန်ထက် ကြီးမားတဲ့ ကမာခွံကြီးထဲမှာ လက်ညပ်နေတာ ဖြစ်သည်။

သူက ကျွမ်းရှောင်မော့နား ကူးသွားလိုက်ကာ နှစ်ယောက်ပေါင်းပြီး လက်ကို ဆွဲထုတ်ကြသည်။ ကံမကောင်းစွာနဲ့ပဲ သူတို့ဘယ်လောက်ဆွဲထုတ်ထုတ် လက်က ထုတ်လို့မရခဲ့ပေ။ ကျန်းစန်းရှန်းက ပတ်မှတ်ပြောင်းပြီး ကမာခွံကြီးကို ဖွင့်‌ဖို့လုပ်ပေမယ့် အခွံက တင်းကြိတ်စွာ ပိတ်ထားတဲ့ ကျောက်တုံးတံခါးလို ဖြစ်နေပြီး ဖွင့်လို့ လုံးဝမရခဲ့ပေ။

ကျွမ်းရှောင်မော့က သူ့ပုလဲကောက်ဓားကို ကျန်းစန်းရှန်းဆီ ပေးလိုက်သည်။ ကျန်းစန်းရှန်းက ကမာခွံကို ဓားနဲ့ခုတ်ပြီး ဖွင့်ဖို့လုပ်ပေမယ့် အခွံက သမဏိလောက် မာကျောနေတာမို့ အဖြူရောင် အမှတ်သေးသေးလေးပဲ ချန်ထားနိုင်ခဲ့သည်။ ဘာဆက်လုပ်ရမလဲ မသိတော့ဘဲ ရေအောက်ထဲမှာပဲ ‌သူတို့နှစ်ဦးလုံး အဖြေရှာမရနိုင်ဖြစ်ကြသည်။

ထိုအချိန်မှာ ကျန်းစန်းရှန်းက အကြံမထွက်ပဲ လေပဲကုန်သွားတာမို့ အပေါ်ပြန်တက်ခဲ့ရသည်။ ပြီးမှ ပြန်ကူးလာပြီး မျက်နှာရဲတွတ်နေပြီဖြစ်တဲ့ ကျွမ်းရှောင်မော့ကို ပါးစပ်ထဲ လေလွှဲပြောင်းပေးလိုက်သည်။ ခဏလောက် တက်လိုက် ဆင်းလိုက်လုပ်ပြီးမှ ကျွမ်းရှောင်မော့အတွက် ခေတ္တမျှ အန္တရာယ် ကင်းသွားတော့သည်။ သို့သော်လည်း အဓိက ပြဿနာကို မဖြေရှင်းရသေးပေ။ သူ့လက်က ကမာခွံထဲမှာ ရှိနေဆဲပင်။ သူတို့နှစ်ယောက်လုံး နည်းလမ်းပေါင်းစုံ ကြိုးစားကြပေမယ့် အချုပ်အနှောင်က လွတ်ဖို့အတွက် ကျဆုံးနေမြဲသာ။

"အသက်ကယ်ဖို့က အရေးကြီးဆုံးပဲ။ လက်ကို... ဖြတ်လိုက်ရင်ရော"

ကျန်းစန်းရှန်းက လက်ဖြတ်ဖို့ ခြေဟန်လက်ဟန်နဲ့ မေးလာသည်။ သို့ပေမယ့် ကျွမ်းရှောင်မော့က ပြင်းပြင်းထန်ထန်ကို ခေါင်းခါလာသည်။

အဆင့်အတန်းအရဆိုရင် အစကတည်းက သူဟာ ရှောင်လျန်နောက်မှာ ရောက်နေပြီးသားပင်။ အဲ့ဒါတောင် လက်တစ်ဖက် ထပ်ဆုံးရှုံးသွားရရင် ဘယ်လိုမျက်နှာနဲ့ ယွီမိသားစုဆီသွားပြီး လက်ထပ်ခွင့် တောင်းရဲပါတော့မလဲ။ ပြီးတော့ ရှောင်လျန်ကို ပျော်ရွှင်ပြီး တည်ငြိမ်အေးချမ်းတဲ့ဘဝကို ပေးနိုင်မှာ မဟုတ်တော့ပေ။ ရှောင်လျန်က သူ့ကိုလက်ထပ်ချင်တယ်ဆိုရင်တောင် သူ့ဘဝတစ်လျောက်လုံး နိမ့်ကျပြီး မပြည့်စုံဘူးလို့ ခံစားနေရမှာ... ဒါပေမယ့် ရှောင်လျန်ကိုစွန့်လွှတ်ပြီး သူမ တခြားသူနဲ့ လက်ထပ်သွားမှာကို ကြည့်နေရမယ်ဆိုရင်တော့ သူ ဒီမှောင်မည်းပြီး အေးစက်နေတဲ့ ရေထဲမှာပဲ အသက်သေဆုံးသွားလိုက်ချင်သည်!!

ကျန်းစန်းရှန်းက ကျွမ်းရှောင်မော့နဲ့ အသံတိတ် ငြင်းခုံနေရင်း ထိုလူငယ်က လက်‌ဖြတ်ဖို့ထက် အသက်ပဲ အသေခံလိုက်မယ်ဆိုပြီး ဆုံးဖြတ်ချက်ပြ တ်သားနေတာတွေ့တော့ နောက်နည်းလမ်းရှာဖို့ အပေါ်ပြန်တက်သွား လိုက်ရသည်။ အပေါ်က သုံးယောက်နဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ တခြားလှေတွေ ရှာပြီး အကူအညီတောင်းကြည့်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ကမာကောင်က ကြီးတာမို့ ရှောင်မော့နှင့် ကမာကောင်တို့ကို ပြန်ဆွဲတင်နိုင်ဖို့ ရန်အတွက် လူများများ ရှာတွေ့ပါစေဆိုပြီးသာ ဆုတောင်းနေမိသည်။

သို့ပေမယ့် ပင်လယ်သမုဒ္ဒရာဆိုတာ ကြီးမားပြီး အဆုံးအရှိပေ။ ကမာကောင်တွေ များများ ရှာနိုင်ဖို့ဆိုပြီး လှေအများစုက တစ်ခုနဲ့တစ်ခု အဝေးကြီးမှာ ရှိနေတတ်ကြသည်။ နောက်ပြီး ကင်းလှည့် သင်္ဘောကလည်း မကြာသေးခင်ကမှ ဖြတ်သွားတာဖြစ်တာမို့ ဘယ်အချိန်မှ ပြန်လာမယ်ဆိုတာ မသိနိုင်ပေ! အခုချိန်မှာ ကျန်းစန်းရှန်းက စိုးရိမ်စိတ်အပြည့် ဖြစ်နေတာမို့ ပင်လယ်ကြီးဆီကိုပဲ အော်ဟစ်လိုက်တော့သည်

"ကူညီကြပါဦး! တစ်ယောက်ယောက် ကူညီကြပါဦး!"

ကံမကောင်းစွာနဲ့ ရလိုက်တဲ့ပြန်စာနှစ်ခုကတော့ စင်ရော်ငှက်သံနဲ့ လေသံပင်။ ကျန်းစန်းရှန်းနဲ့ တခြားသူတွေက ဝိုခုန်းပင်လယ်ဓားပြ ကပ်ဘေးတုန်းက ကျွမ်းရှောင်မော့ကယ်ခဲ့ဖူးတဲ့ အိမ်နီးချင်းတွေပင်။ ကျွမ်းရှောင်မော့က သူတို့ကိုစည်းရုံးပြီး အနောက်ဘက်တောင်ပေါ်က ရွာသားတွေ ပုန်းနေတဲ့ နေရာကိုသာ ခေါ်မသွားခဲ့ရင် သူတို့မိသားစုတွေအားလုံး ရွာဟောင်းက တခြားရွာသားတွေလို ကံကြမ္မာဆိုးနဲ့ ကြုံတွေပြီး ပင်လယ်ဓားပြတွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုအောက်မှာ သေဆုံးသွားနိုင်သည်။ အခုဆို ကံကောင်းခဲ့ကြတဲ့ မိသားစုတွေက အချင်းချင်း သွေးရင်းသားရင်းတွေလို ဆက်ဆံကြတာမို့ အလွန်ရင်းနှီးကြသည်။ ထို့ကြောင့် လက်ရှိမှာ စိတ်ပျက်အားငယ်မှုနဲ့ဝမ်းနည်းမှုက သူတို့ကို ဖုံးလွှမ်းနေသည်။ သူတို့ရဲ့ နောက်ထပ်မိသားစုဝင်ကို ခေါ်သွား‌ရလောက်တဲ့အထိ ကောင်းကင်ဘုံက ရက်စက်နေပြီလား။

"ဗွမ်း!!!"

ရုတ်တရပ် ခေါင်းသေးသေးလေးက ရေထဲကနေ ပေါ်လာပြီး မျက်စံနက်နက်ရှိတဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့ သူတို့အုပ်စုကို ကြည့်ကာ မေးလာသည်

"ဘာဖြစ်တာလဲ! ခုနက တစ်ယောက်ယောက် အော်ပြီး အကူအညီတောင်းနေသလားလို့"

***


အပိုင်း ၅၅၇ ရှောင်ချောင်းကူညီပေးခြင်း


သမုဒ္ဒရာဝိညာဉ်လိုမျိုး ရှောင်ချောင်းက ကျန်းစန်းရှန်းရှေ့မှာ ရုတ်တရက် ပေါ်လာပြီး သူ့အတွက် နောက်ဆုံးသော မျှော်လင့်ချက်လေး ဖြစ်လာသည်။

"မိန်းကလေးယွီ! အမြန် အမြန်လေး! ကျွမ်းရှောင်မော့ ပင်လယ်ကြမ်းပြင်က ပုလဲမုတ်ကောင် အကြီးကြီးထဲမှာ ပိတ်မိနေတယ် ကျွန်တော်တို့ နောက်ကျသွားရင် သူ အသက်ရှင်နိုင်ပါဦးမလားတောင် မသိဘူး"

ကျန်းစန်းရှန်းက ကြီးမားကြံ့ခိုင်သော လူထွားကြီးဖြစ်ပေမဲ့ ယခုအခါ၌ အလွန်အမင်း စိုးရိမ်ပူပန်နေမိသဖြင့် မျက်ရည် ကျလုမတတ်ပင် ဖြစ်လာရသည်။

ယွီရှောင်ချောင်းက အနည်းငယ် မျက်မှောင်ကျုံ့လျက် ပြောပြသည်

"ရှင်တို့တွေ ဘေးပတ်ဝန်းကျင်ကို ဆက်ပြီး အကူအညီတောင်းနေသင့်တယ်။ ကျွန်မ ရှောင်ပုကို ခေါ်ပြီး တစ်ချက် သွားကြည့်လိုက်ဦးမယ် သိပ်ပြီးလည်း စိုးရိမ်မနေပါနဲ့ ရှင်ထင်သလောက် မဆိုးတာလည်း ဖြစ်နိုင်ပါတယ်!"

ယွီရှောင်ချောင်း အောက်သို့ ကူးခတ်သွားချိန်မှာ လက်လျှော့သွားပြီးဖြစ်တဲ့ ကျွမ်းရှောင်မော့က လေပြတ်လပ်မှုကြောင့် သတိလစ်နေသည်။ ယွီရှောင်ချောင်းက အံ့ဖွယ်ကျောက်တုံးလေးအား ကျွမ်းရှောင်မော့ရဲ့ ခေါင်းပေါ်မှာ လေပူပေါင်းတစ်ခု ဖန်တီးစေပြီးနောက် သူရှူသွင်းမိထားတဲ့ ပင်လယ်ရေတွေကို အန်ထုတ်အောင် ပြုလုပ်လိုက်သည်။ ပြီးနောက် တစ်ဆက်တည်းမှာပဲ သူသာမာန်လို ပြန်ပြီး အသက်ရှူနိုင်စေရန်အတွက် အံ့ဖွယ်ကျောက်တုံးလေးရဲ့ ဝိညာဉ်စွမ်းအားအချို့ကို သူ့ကိုယ်ထဲ စိမ့်ဝင်စေလိုက်သည်။

ဒီနည်းက ပါးစပ်ချင်းတေ့ပြီး လေသွင်းကယ်ဆယ်တဲ့နည်း အသုံးပြုတာနဲ့ အတူတူပဲ ဆိုပေမယ့် ဒီကောင်ငယ်လေးက သူမရဲ့ အနာဂတ် ခဲအိုလောင်းဖြစ်သည်။ ဒီရှေးကျတဲ့ ပဒေသရာဇ်ခေတ်မှာ လူတစ်ယောက် အသက်ပြန်ရှူအောင် ကူညီဖို့အတွက် ပါးစပ်သုံးတာက အင်မတန် ထိတ်လန့်စရာ ဖြစ်ပြီး သာမန်ကိစ္စ မဟုတ်ပေ။ သူမလက်ထဲမှာ တခြားနည်းလမ်းရှိသည်ဖြစ်တာကြောင့် ဘာပဲဖြစ်ဖြစ် သူမ မသင့်တော်တဲ့ နည်းလမ်းကို မလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

ကျွမ်းရှောင်မော့က အသက် ပြန်ရှူလာပေမယ့် သတိ ပြန်မလည်လာသေးပေ။ ယွီရှောင်ချောင်းက သူ့ကို မှော်ကျောက်တုံးရေတစ်စက် တိုက်ပြီးနောက် ပိုအရေးကြီးတဲ့ကိစ္စကို လုပ်ဆောင်ဖို့အတွက် သူ့ကို ဥပေက္ခာ ပြုထားလိုက်သည်။ သူမက လူငယ်လေးအား လက်ညပ်မိနေစေတဲ့ ဧရာမပုလဲမုတ်ကောင်ကို အာရုံစိုက်လိုက်သည်။ ကျွမ်းရှောင်မော့က အသက်စွန့်ပြီးပင် မုတ်ကောင်ကြီးထဲ လက်နှိုက်လိုက်တာကြောင့် သေချာပေါက် အထဲမှာ အလွန့်အလွန် ကြီးမားတဲ့ အဖိုးတန်ပုလဲလုံး ရှိရမည်။

ယွီရှောင်ချောင်း ကိုင်တွယ်ရခက်တဲ့ ပုလဲမုတ်ကောင်ကြီး ပွင့်လာဖို့ရန်အတွက် အံ့ဖွယ်ကျောက်ရေ သုံးစက် ချလိုက်ရသည်။ အထဲက အင်မတန်ကြီးမားတဲ့ ပုလဲလုံးကြီးကို မြင်တွေ့ရတဲ့အခါမှာ သူမ နှလုံးသားပင် တုန်လှုပ်သွားမိသည်။ ကျွမ်းရှောင်မော့ ဒီလောက်အထိ စွန့်စားနေတာ မဆန်းပါပေ။ မုတ်ကောင်ထဲမှ ပုလဲလုံးကြီးကို ရယူပြီးနောက် ထိုအကောင်လေးအား ပုတ်ပေးကာ ကျွမ်းရှောင်မော့ဆီ ပြန်ကူးလာခဲ့သည်။

သူမက ခေတ္တ စဉ်းစားပြီးနောက် ဧရာမ ပုလဲလုံးကြီးကို သူ့လက်ထဲ ထည့်ပေးပြီး သူမ ရရှိထားတဲ့ ခရမ်းရောင် ပုလဲလုံးကိုလည်း သူ့ရဲ့ တခြားလက်တစ်ဖက်ထဲ ထည့်ပေးသည်။ အရောင်ပါတဲ့ ပုလဲတွေက အတော်လေး ရှားပါးကာ ခရမ်းရောင်က မင်္ဂလာရှိပြီး အဖိုးထိုက်တန်သည့် အရောင် ဖြစ်သည်။ ထိုနှစ်ခု ထပ်ပေါင်းလိုက်လျှင် သူ ပထမ မရစရာ အကြောင်းမရှိတော့ဘူး မဟုတ်လား။ ဒါကို လက်စသတ် ပြီးတာနဲ့ ကျွမ်းရှောင်မော့အား လှေနှင့် တွဲချည်ထားသည့် ကြိုးကို ဆွဲလိုက်သည်။

"အစ်ကိုကျန်း အစ်ကိုကျန်း ကြိုးက ပြန်လှုပ်လာပြီ!"

ကျွမ်းရှောင်မော့ထက် အသက်အနည်းငယ်ပိုကြီးတဲ့ လူငယ်‌လေးတစ်ယောက်က ကြိုးကို တစ်ချိန်လုံး စူးစူးစိုက်စိုက်နှင့် စောင့်ကြည့်နေခဲ့ပြီး ကြိုးလှုပ်လာတဲ့အခါမှာတော့ သူ အတော်လေး စိတ်လှုပ်ရှား သွားရသည်။

ကျန်းစန်းရှန်းက တော်တော်လေး အော်ဟစ်နေခဲ့ရတာဖြစ်တာကြောင့် ယခု သူ့အသံက ခပ်အက်အက် ဖြစ်နေသည်။ ဒါကိုမြင်တဲ့အခါမှာ သူက လူငယ်လေးကို စူးစူးဝါးဝါး ဟစ်အော် ပြောလိုက်သည်

"မင်းဘာစောင့်နေတာလဲ! မြန်မြန်ဆွဲတင်လိုက်လေ!!"

ယောက်ျားသား လေးယောက်က အားကုန်သုံးလျက် ဆွဲကြသည်--- ရွေ့သွားပြီကွ!! ကျန်းစန်းရှန်သည် ပီတိတို့ ပြည့်လျှမ်းသွားပြီး ကျယ်လောင်စွာ အော်ပြောသည်

"ပိုပြီးတော့ မြန်မြန်ဆွဲ မြန်မြန်ဆွဲကြ!ငါတို့ရှောင်မော့ကို ကယ်နိုင်သေးတယ်!"

သူတို့က ကြိုးကို အလွန်လျင်မြန်စွာ လှေပေါ်ဆွဲတင်ပြီး ကျွမ်းရှောင်မော့ကို လှေပေါ်သို့ လေးယောက်လုံး ဆယ်ယူလိုက်ကြသည်။ ကျန်းစန်းရှန်းက သတိလစ်နေတဲ့ ရှောင်မော့ နှာခေါင်းအောက်ကို ချက်ချင်း လက်ထားကြည့်တဲ့အခါ သူအသက်ရှူနေသေးတာကို ခံစားရသည်။ အဲ့ဒီနောက် သူက ဝပ်လျက် ရှောင်မော့ရင်ဘတ်နား ကပ်ကာ နားထောင်ကြည့်သောအခါတွင်လည်း အရာအားလုံး ပုံမှန် ဖြစ်နေသည်။

ဒါက အတော်လေးထူးဆန်းသည်။ သူရေမျက်နှာပြင်ပေါ် ပြန်မတက်ခင်က ကျွမ်းရှောင်မော့ကို လေရှူသွင်းပေးခဲ့ပေမယ့် အဲ့ဒီလေနည်းနည်းလေးက အခုချိန်ဆို ကုန်သွားလောက်ပြီ။ ပုံမှန်ဆို လူတွေ ရေအောက်မှာ သတိလစ်သွားတဲ့အချိန် ရေတွေ ရှူသွင်းမိတယ် မဟုတ်လား။ ကျန်းစန်းရှန်းရဲ့ စိတ်ထဲ၌ မေးခွန်းအချို့ ထပ်ခါထပ်ခါပေါ် လာသည်။

ကယ်တင်မှု ပြီးတဲ့နောက်မှာတော့ ရှောင်ပုရဲ့ အကူအညီနှင့် ရှောင်ချောင်းဟာ ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်လာခဲ့သည်။ ကျန်းစန်းရှန်က သူမ အဲ့ဒီ ဧရာမပုလဲမုတ်ကောင်ကြီးကို ဘယ်လိုဖွင့်နိုင်ခဲ့လဲ မသိပေမယ့် သူမရဲ့ ကူညီပေးမှုအတွက် တကယ်စိတ်ရင်းနှင့် ကျေးဇူးတင်မိသည်။

ယွီရှောင်ချောင်းက နှိမ့်ချစွာနဲ့ လက်ခါပြလျက်

"တကယ်တော့ ကျွန်မက အဲ့လောက်အများကြီး ကူညီခဲ့တာမဟုတ်ပါဘူး။ ကျွန်မ ရေကူးသွားတော့ အစ်ကိုရှောင်မော့က သတိလစ်နေပြီး အဲ့ဒီဧရာမ ပုလဲမုတ်ကောင်ကြီးကလည်း သူ့ဘာသာ နည်းနည်းချင်း ပြန်ပွင့်လာနေတာ ကျွန်မက ခနလေး စောင့်နေခဲ့ပြီး မုတ်ကောင်ကြီး လုံးဝ ပြန်ပွင့်လာလာချင်းပဲ သူ့ကို ကြိုးကူဆွဲပေးလိုက်တာ ဒါပါပဲ... အဲ အစ်ကိုရှောင်မော့ရဲ့ လက်ထဲမှာ တစ်ခုခုရှိနေတဲ့ပုံပဲ ဟုတ်တယ်မလား"

ကျန်းစန်းရှန်းနဲ့ အခြားလူသုံးယောက်က ချက်ချင်းပဲ ကျွမ်းရှောင်မော့ရဲ့လက်ဆီ အာရုံ ရောက်သွားကြသည်။ သူတို့က အားအနည်းငယ်သုံးပြီး ရှောင်မော့လက်ကို ဖြေလိုက်တော့ သူတို့ မြင်လိုက်ရတဲ့အရာကို အင်မတန် အံ့အားသင့်သွားကြသည်။ ခိုဥထက်ပင် ကြီးသည့် ဧရာမ ပုလဲလုံးကြီးပင်။

သူတို့က ထိုပုလဲလုံးအား ရင်သပ်ရှုမော ဖြစ်နေကြတုန်းမှာပဲ ကျွမ်းရှောင်မော့ရဲ့ လက်က ဆတ်ခနဲ လှုပ်သွားပြီး တဖြည်းဖြည်းချင်း ပြန်နိုးလာသည်။ ကျန်းစန်းရှန်းက စိတ်လှုပ်ရှားစွာ လှုပ်နှိုးရင်း အသံ တုန်တုန်ရီရီနှင့် ပြောလာသည်

"ရှောင်မော့ မင်းနောက်ဆုံးတော့ နိုးလာပြီပဲ!! မင်းလုပ်နိုင်ခဲ့ပြီ!! မင်းနောက်ဆုံးတော့ အရည်အသွေးမြင့် ပုလဲလုံးကြီးရနိုင်ခဲ့ပြီကွ!!"

ကျွမ်းရှောင်မော့က စိတ်တွေ ဝေဝါးနေသလို ခံစားနေရပြီး သူ အခု ဘယ်ရောက်နေမှန်း မသိပေ။ သူအိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်? သူမသေခဲ့ဘူးလား? အစ်ကိုကျန်းလက်ထဲက ပုလဲလုံးက သူလက်ညပ်နေခဲ့တဲ့ မုတ်ကောင်ထဲမှာ တွေခဲ့တဲ့ပုလဲ မဟုတ်လား။ ဘာဖြစ်သွားခဲ့တာလဲ? အစ်ကိုကျန်းက သူ့ကို ကယ်ဖို့ တစ်ယောက်ယောက်ကို ခေါ်ပြီး ပုလဲကိုပါ ယူလာနိုင်ခဲ့တာလား။

ကျန်းစန်းရှန်းက ဖြစ်သွားတဲ့ကိစ္စရပ်တွေကို မမျိုသိပ်နိုင်ဘဲ ပြောပြပြီးနောက် ကျွမ်းရှောင်မော့သည် ပိုမိုတွေဝေသွားသည်။ အဲ့ကမာကောင်က လွယ်လွယ်ကူကူ ပွင့်သွားပြီး သူ့လက်ကို လွှတ်ပေးလိုက်တယ်ဆိုတာ ယုတ္တိမရှိဘူး။ အချိန်ခနလေးနဲ့ သူ့လက်ကို ဘယ်လိုလုပ် လွှတ်ပေးလိုက်မှာလဲ။ ဒါ... တကယ် လုံးဝ မဖြစ်နိုင်တာပဲ။

အယ်? သူ့ဘယ်ဘက်လက်ထဲမှာ ဘာရှိနေတာလဲ? ကျွမ်းရှောင်မော့က သူ့တခြားလက်တစ်ဖက်ထဲမှာ တစ်ခုခု ရှိနေတာကို သတိပြုမိသွားပြီး ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်မှ ထိတ်လန့်မှုက ပိုနက်နဲသွားရသည်။ ခရမ်းရောင်ပုလဲ? ဧရာမကမာကောင်ကြီးမှာ ခိုငှက်ဥထက်ကြီးသည့် အဖြူရောင် ပုလဲလုံးကြီးတစ်လုံးသာ ရှိသည်ကို သူမှတ်မိသည်။ လူတိုင်းကလည်း နောက်ထပ် ပုလဲတစ်လုံးကို ညို့ယူဖမ်းစားခံရသည့်အလား ကြည့်နေကြသည်။

"ဝါး ရှောင်မော့ မင်းကတကယ် တော်လွန်းတာပဲ! ခရမ်းရောင်ပုလဲကိုတောင် ရှာတွေ့လာတယ်! အဲ့ဒီမျိုးရိုးမြင့် လူချမ်းသာတွေက ခရမ်းရောင်ပစ္စည်းတွေကို တကယ် သဘောကျကြတာကွ ဒီပုလဲက ပိုက်ဆံအများကြီး တန်မှာပဲ!!"

လူငယ်လေးများထဲမှ တစ်ယောက်က ခရမ်းရောင်ပုလဲကို ကိုင်ယူကြည့်ရင်း သူ့မျက်လုံးတို့သည်လည်း စွဲလမ်းမှုတို့ ပြည့်နှက်နေလျက် အမွှန်းတင်နေ၏။

တခြားလူငယ်တစ်ယောက်ကလည်း သဘောတူစွာ ခေါင်းညိတ်သည်

"ရှေးလူကြီးတွေ ပြောတာ ငါကြားဖူးတယ် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရှောင်မော့ရဲ့ အဘိုးလိုမျိုး ကျွမ်းကျင်တဲ့ ပုလဲရှာရေငုပ်သမား အဘိုးလု ဆိုတာ ရှိတယ်တဲ့ သူက ဒီထက် အများကြီးသေးတဲ့ ခရမ်းရောင်ပုလဲ ရှာတွေ့တာတောင် ရောင်းလိုက်တာ လျန်ရှစ်ထောင်လောက် ရခဲ့တာ။ သူ့တစ်မိသားစုလုံး စီရင်စုမြို့တော်ကို ပြောင်း၊ ဆိုင်တစ်ဆိုင်ဝယ်ပြီး စီးပွားရေးလုပ်ကြတာ အခု သူတို့က အတော်လေး ချမ်းသာနေကြပြီ။ ရှောင်မော့ မင်းဒီတစ်ခါ ချက်ကောင်းမိတာပဲ"

ကျန်းစန်းရှန်းက ပုလဲလုံးအား အားလုံးကြည့်ရှုပြီးတာကို စောင့်ပြီးမှ ဂရုတစိုက်နှင့် ကျွမ်းရှောင်မော့ကို ပြန်ပေးလိုက်သည်။ သူက ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ပြောလိုက်သည်

"စောနက မိန်းကလေးရှောင်ချောင်း သူ့သူငယ်ချင်း လင်းပိုင်လေး ရှောင်ပုနဲ့အတူ ရေကူးနေတာ... သူမက ရေငုပ်ပြီး မင်းကို မုတ်ကောင်ကြီးက လွှတ်ပေးလိုက်တာတွေ့တာနဲ့ ငါတို့မင်းကို ပြန်ဆွဲတင်နိုင်အောင် ကြိုးဆွဲ အချက်ပြပေးတာလေ အယ်? ဘယ်လိုဖြစ်ပြီး ငါ မိန်းကလေးရှောင်ချောင်းကို မတွေ့တော့တာလဲ"

ကျွမ်းရှောင်မော့ အချီကြီးမိသည်ဟု ပြောသည့်တစ်ယောက်က ရယ်လျက် ပြောလာသည်

"သူမကို လိုရာခေါ်သွားပေးမယ့် လင်းပိုင်လေး ရှိနေမှတော့ အခုချိန် သူတို့ ဘယ်ထိ ရေကူးသွားကြပြီလဲ ဆိုတာ ဘယ်သူသိမှာလဲ။ မိန်းကလေးရှောင်ချောင်းရဲ့ ရေကူးနိုင်စွမ်းက ရှောင်မော့ထက် သာပါတယ်။ ကျွန်တော်တို့ သူ့အတွက် စိတ်ပူပေးစရာတောင် မလိုပါဘူး"

"အာ နောက်ကျနေပြီပဲ ဆိပ်ကမ်းဆီ ပြန်ကြစို့ ရှောင်မော့ ငါတို့ကုန်းပေါ် ပြန်ရောက်ရင် မင်းခန္ဓာကိုယ်မှာ ထိခိုက်မိတာ ရှိမရှိ ဆေးဆရာဆီ သွားစစ်ဆေးသင့်တယ်"

ကျန်းစန်းရှန်းက ဆုံးဖြတ်ချက်မချခင် ကျွမ်းရှောင်မော့ရဲ့ အမြင်ကို အရင်မေးပြီးမှ သူတို့ ငါးယောက်အုပ်စုသား လှေလေးကို အိမ်သို့ ဦးတည်လိုက်ကြသည်။

ကျွမ်းရှောင်မော့က သူလက်ထဲမှ ခရမ်းရောင်ပုလဲဟာ သေချောပေါက် ရှောင်ချောင်းနှင့် တစ်နည်းနည်း ဆက်နွှယ်နေသည်ကို စိတ်ထဲတွင် ဝိုးတဝါး သိနေသည်။ သူမက ပုန်းလျှိုးကွယ်လျှိုးနဲ့ သူ့ကို ကူညီဖို့ ကြိုးစားခဲ့တာဆိုတော့ သူမ ပါဝင်ပတ်သက်နေတာကို ဘယ်သူ့ကိုမှ မသိစေချင်တဲ့ သဘောမဟုတ်လား။ ဒါဆို... သူလည်း ဘာမှမဖြစ်ခဲ့လိုပဲ ဟန်ဆောင်သင့်တယ် မဟုတ်လား။

သူ တုန်ရှန်းရွာကို ပြောင်းလာပြီးကတည်းက ဦးလေးယွီနှင့် ဒေါ်လေးယွီတို့ဟာ သူ့ကို သားအရင်းအတိုင်း ဆက်ဆံခဲ့သည်။ သူရှောင်လျန်နှင့် တစ်ခြားမိသားစုဝင်တွေနှင့်အတူ စကားစမြည် ပြောရာကနေ သိရှိရသည်က မိသားစုထဲက လူတိုင်းဟာ ရှောင်ချောင်းအပေါ် ထုတ်မပြောသည့် ယုံကြည်မှုတို့ ရှိနေသည်။ ဒါ့အပြင် ဒီယုံကြည်မှုမျိုးက သူမအပြုအမူနဲ့ စွမ်းဆောင်ရည်အပေါ် မှီတည်နေတာမျိုး မဟုတ်ပဲ မျက်စိမှိတ် ယုံကြည်နေတာမျိုး ဖြစ်သည်။ ရှောင်ချောင်းက ကောင်းကင်ပေါ်မှ လကို ဆွတ်ခူးယူခဲ့လျှင်တောင် သူတို့က စိုးစဉ်းမျှ အံ့ဩမည့်ပုံ မရှိကြချေ။

ဒါ့အပြင် သူလေ့လာ သိရှိရသလောက် ရှောင်ချောင်းရဲ့ အရည်အချင်းနဲ့ လုပ်နိုင်စွမ်းအားလုံးက တစ်နေရာရာကနေ လာပုံပေါ်သည်။ ဥပမာ သူမရဲ့ဟင်းချက်စွမ်းရည်ပင်။ သူမက စာအုပ်ဟောင်းတစ်အုပ် ကောက်ရပြီး ထိုစာအုပ်ထဲက လေ့လာခဲ့သည်ဟု ပြောသည်။ သို့သော် ယွီမိသားစုဝင် တစ်ယောက်မှ ထိုစာအုပ်ကို မမြင်ဖူးပေ။ နောက်ထပ်ဥပမာက ရှောင်ချောင်း အကြံရလာတဲ့ ဖန်လုံအိမ်မှာ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်သည်။ မင်မင်းဆက်က မည်သူတစ်ယောက်မှ ထိုအကြံဉာဏ် မကြားဖူးသည်ကို သူမက ဘယ်ကနေ လေ့လာခဲ့သနည်း။ ဒါ့အပြင် ယွီမိသားစု ဘာပဲစိုက်ပျိုးစိုက်ပျိုး တခြားသူတွေထက် အထွက်နှုန်းများပြီး သူတို့ထွက်ကုန်တွေကလည်း အရသာ ပိုရှိသည်။

သူတို့စိုက်ပျိုးထားသော သာမန် ဂေါ်ဖီထုပ်ကပင် ဈေးထဲက တခြားဂေါ်ဖီထုပ်တွေနှင့် ယှဉ်ပါက ပိုလတ်ဆတ်ပြီး အရသာရှိသည်။ ယွီမိသားစုရဲ့ ပြောပုံအရ အဲ့ဒီကိစ္စဟာလည်း ယွီရှောင်ချောင်းနှင့် တစ်ခုခု ဆက်စပ်နေသည်ဆိုတာကို သူသိသည်။ ယွီရှောင်ချောင်းက ကမ္ဘာမြေပေါ် သက်ဆင်းလာတဲ့ မသေမျိုး မိန်းကလေးတစ်ယောက် အတိုင်းပင်။ ဘယ်လိုပြဿနာမျိုးပဲဖြစ်ဖြစ် သူမကတော့ အခက်အခဲ မရှိ ဖြေရှင်းနိုင်ဟန် တူသည်။

အဲ့တာဆို သူ ဒီနေ့ အသက်ဘေးက လွတ်မြောက်လာနိုင်ခဲ့တဲ့ အကြောင်းအရင်းက သူမနဲ့ ဆက်စပ်နေလောက်တယ် မဟုတ်လား။ ပြီးတော့ အဲ့ဒီခရမ်းရောင် ပုလဲလုံးကလည်း သူအသည်းအသန် အနိုင်ရချင်နေတာကို သိပြီး သူမကိုယ်တိုင် ရှာတွေ့ထားတဲ့ ရှားပါးပုလဲကို သူ့ကိုပေးဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ရမည်။

ဟင်း... အစက သူ့ရဲ့ ကိုယ်ပိုင်အားထုတ်မှုနဲ့ ယွီမိသားစုရဲ့အသိအမှတ်ပြုမှုကို ပိုမိုရရှိအောင် ပြုလုပ်ဖို့ တွေးထာခဲ့တာ ဖြစ်သည်။ နောက်ဆုံးတော့ သူ ယွီမိသားစုအပေါ် မှီခိုနေရဆဲ ဖြစ်သည်။ တကယ်တမ်း သူ့အသက်ကို ယွီမိသားစုဝင်တစ်ယောက်က ကယ်တင်ပေးခဲ့သည်။ ကျွမ်းရှောင်မော့က ရှောင်လျန်ကို ဇနီးမယားအဖြစ် လက်ထပ်ဖို့ ကံပါခဲ့မယ်ဆိုရင် သူမကို သေချာပေါက် အဖိုးတန်ရတနာတစ်ပါးလို သဘောထားမှတ်ယူမည်ဟု တိတ်တဆိတ် သန္ဓိဌာန်ချလိုက်သည်။ သူ နည်းနည်းလေးမှ ရှောင်လျန်ကို ခံစားရအောင် ပြုလုပ်မည် မဟုတ်ပေ။

ကျွမ်းရှောင်မော့ရဲ့ စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် ရှုပ်ထွေးနက်နဲသော အတွေးတို့ကို စိုးစဉ်းမျှ မသိတဲ့ ယွီရှောင်ချောင်းကတော့ တိတ်ဆိတ်သော သမုဒ္ဒရာကြမ်းပြင်တွင် လွတ်လပ်စွာ ရေကူးနေ၏။ အံ့ဖွယ်ကျောက်တုံးလေးရဲ့ လေပူပေါင်း အကာအကွယ်နှင့်အတူ အာရုံခံနိုင်စွမ်းပါ ပါရှိသောကြောင့် ပုလဲတွေကို လွယ်လင့်တကူ ရှာတွေ့နိုင်ခဲ့သည်။ တကယ်တော့ လက်မတစ်ဆစ်ထက် သေးတဲ့ ပုလဲတွေက သူမ ယူဖို့အတွက် သေးလွန်းသည်ဟု ယူဆလို့ရသည်။

သူမ သူတို့ရဲ့ ရတနာကို ယူမလား မယူဘူးလားဆိုတာကို သူတို့ရဲ့ အခွံများကို ပျင်းရိလေးကန်စွာ ဖွင့်ရင်း စောင့်ကြည့်နေကြသော ပုလဲမုတ်ကောင်တွေ မရေမတွက်နိုင်အောင် ရှိနေသည်။ သူမကြိုက်သည်ကို သေချာလေး ရွေးယူနိုင်သည့် လက်ဝတ်ရတနာဆိုင်သို့ ရောက်ရှိနေသည့်နှယ်။ ထို့အပြင် ဒီဆိုင်မှာတော့ သူမ ဘာမှ ပေးစရာမလိုပါပေ။

"ဒီနားမှာ ပန်းရောင်ပုလဲလုံးတွေ ထပ်ရှိသေးလား"

ယွီရှောင်ချောင်းက ပုလဲလုံးတွေ ပြည့်နေတဲ့ သူမ အိတ်ငယ်လေးကို ကြည့်ပြီး အံ့ဖွယ်ကျောက်တုံးလေးအား လောဘတကြီးနှင့် မေးလိုက်သည်။

အံ့ဖွယ်ကျောက်တုံးလေးက ကြောင်ပေါက်လေး အသွင်ပြောင်းပြီး သူ့ခြေလေးချောင်းကို ယက်ကန်ယက်ကန်နှင့် သမုဒ္ဒရာထဲမှာ ရေကူးနေသည်က အင်မတန် ချစ်ဖို့ကောင်းသည်။ အချိန်နဲ့အမျှ ပိုချေးများလာတဲ့ သူ့သခင်ကို မျက်လုံးလှန်ကြည့်လိုက်ပြီးနောက် ဆေးကြောဇလုံအရွယ်ရှိတဲ့ ပုလဲမုတ်ကောင်ကြီးဆီ ရေကူးသွားပြီး သူ့လက်ဖဝါးလေး ဝေ့ပြလိုက်သည်။ ပုလဲမုတ်ကောင်ကြီးက နာခံစွာပဲ ဖွင့်ပေးလိုက်ပြီး အထဲမှ ပုန်းကွယ်နေသော တဖိတ်ဖိတ် တောက်နေသည့် ပန်းဖျော့ရောင် ပုလဲလုံးက ရှောင်ချောင်းရှေ့သို့ ကိုယ်တိုင် ထွက်ပေါ်လာသည်။ ပုလဲလုံးလေးက မမြင်နိုင်တဲ့ လက်တစ်စုံရဲ့ ဆောင်ယူခြင်း ခံရသကဲ့သို့ ရှောင်ချောင်းဆီ မြောလွင့် ရောက်လာသည်။

"ကောက်ညှင်းဖက်ထုပ်လေး ဒီတစ်ခုက တကယ် ကောင်းတာပဲ!! ငါ ဒီလိုဟာ နောက်ထပ် နှစ်ခုလောက် လိုသေးတယ် အဲ့တာမှ ပုတီးလက်ကောက်လေး လုပ်လို့ရမှာ။ အဲ့တာဆို ရှောင်လျန်နဲ့ငါ့ဖို့ တစ်ယောက် တစ်ခုစီ ရသွားပြီ ဒီလိုပန်းရောင်ပုလဲတွေက ငါတို့အသက်အရွယ် မိန်းကလေးအတွက် အကောင်းဆုံး အရောင်ပဲ"

ယွီရှောင်ချောင်းက ပုလဲကို သူမလက်နား ကပ်လျက် သူမအသားအရေနှင့် ဘယ်လောက် လိုက်ဖက်ကြောင်း ကြွားဝါနေတော့သည်။ ပန်းဖျော့ရောင် ပုလဲလုံးလေးက သူမအသားရောင်နှင့် ထင်းလျက် လိုက်ဖက်နေသည်။

သူတို့နှစ်ယောက်က လင်းပိုင်လေးနှင့်အတူ လွတ်လပ်ပေါ့ပါးစွာ ရေဆက်ကူးရင်း နောက်ထပ် ပုလဲလုံးတွေ ရှာဖို့ သမုဒ္ဒရာရဲ့ ပိုမိုနက်ရှိုင်းတဲ့ အပိုင်းဆီသို့ သွားကြသည်။ သူတို့ ရေကူးနေကြရင်း ရုတ်တရက် ရှောင်ချောင်းက ဖန်အကြည်နှင့် တူသော အတားအဆီးနှင့် တိုက်မိပြီး ပြန်ကန်ထွက်လာသည်။

"ဒါဘာလဲ"

ယွီရှောင်ချောင်းက သူမရှေ့တွင် ရှိနေသည့် ရေတွေကို မျက်လုံးကျုံ့ ကြည့်လိုက်ပေမဲ့ ဘာမှ မမြင်ရပေ။ သူမက ဂရုတစိုက်နဲ့ လက်ဆန့်ထုတ်လိုက်ပြီး သူမရှေ့က နေရာလွတ်ကို စမ်းကြည့်လိုက်တဲ့အခါ သူမကို ဖြတ်သွားခွင့်မပြုတဲ့ ကြည်လင်တဲ့အရာတစ်ခု တကယ် ရှိနေတာကို ခံစားမိလိုက်သည်။

***

Continue Reading

You'll Also Like

184K 31.2K 69
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
124K 13.7K 161
ပြည်သူအချစ်တော်လေးက ၃နှစ်ခွဲသမီးလေး Title - The National Girl is Three and a Half Years Old
235K 38.5K 100
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .