အပိုင်း ၄၃၂

1.8K 198 2
                                    

[Unicode]
အခန်း ၄၃၂ သစ်ပင်နှင့် ဖရဲသီးများ စိုက်ပျိုးခြင်း

ကျဲကျဲတောက်နေတဲ့ နွေအပူချိန် ရောက်ရှိလို့လာပြီ။ မြို့တော်က လုံမပျိုလေးတွေအားလုံးဟာ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်ထည်တွေကို ပြောင်းလဲဝတ်ဆင်လာကြပြီ ဖြစ်သည်။ တော်ဝင်စိုက်ပျိုးခြံဟာ တောင်တွေကို နောက်ခံထားပြီး ပတ်ပတ်လည်မှာ ကြည်လင်တဲ့ စမ်းချောင်းကလေးတစ်ခု ရှိသည်။ ထိုချောင်းကလေးပေါ်ကို လေတွေဖြတ်တိုက်တဲ့အခါတိုင်း အေးမြလန်းဆန်းမှုကို ခံစားရသည်။
လက်ရှိမှာ ယွီရှောင်ချောင်းက အင်္ကျီလက်ကျဉ်းကျဉ်းနဲ့ အစိမ်းပုတ်ရောင် မြင်းစီးဝတ်စုံအတိုကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံကို ထူထဲနူးညံ့တဲ့ ဘွတ်ဖိနပ်တစ်ရံနဲ့ တွဲဖက်ထားလေသည်။ သူမက စိုက်ပျိုးခြံက အငှားလယ်သမားတွေကို တူးပြီးသား တွင်းပေါက်တွေထဲ သစ်သီးပင်တွေ စိုက်ပျိုးဖို့ အားကြိုးမာန်တက်နဲ့ ညွှန်ကြားနေလေတယ်။ တော်ဝင်မင်းသားယန်က တော်တော်လုပ်နိုင်စွမ်းရှိတာပဲ။ နှစ်ရက်အတွင်းမှာတင် သူမလိုချင်တဲ့ သစ်သီးပင်တွေအားလုံးကို ပို့ပေးနိုင်ခဲ့တယ်။
မက်မွန်ပင် ၁၀ပင်၊ သစ်တော်သီးပင် ၁၀ပင်၊ လိမ္မော်ပင် ၁၀ပင်နဲ့ ပန်းသီးပင် ၁၀ပင်။ ပြီးတော့ တရုတ်ဇီးသီးပင်၊ ဇီးသီးပင်၊ တည်သီးပင်တွေလည်း ၁၅ပင်စီရှိတယ်။ စပျစ်ပင်ကတော့ နည်းနည်းပိုများပြီး နှစ်ဆယ်ဝန်းကျင်လောက် ရှိတယ်။ ဒါကသူမ ထိုသစ်သီးပင်တွေကို စိုက်ပျိုးကြည့်မယ့် ပထမဆုံးနှစ်ဖြစ်ပြီးတော့ အခုချိန်က ၎င်းတို့ကို ပြောင်းရွှေ့စိုက်ပျိုးဖို့ ရာသီမှန်လည်း မဟုတ်ပေ။ ထို့ကြောင့် မင်းသားက တကယ်လို့ အပင်တွေ သေကုန်ရင် သူမအရမ်းစိတ်မကောင်းဖြစ်မှာ စိုးတာကြောင့် အများကြီးမပေးခဲ့တာဖြစ်တယ်။
ဒီပျိုးပင်တွေအများစုက အရင်က အပွင့်ပွင့်ပြီး အသီးသီးပြီးကြပြီ။ သူတို့ကို ကောင်းကောင်းစိုက်ပျိုးပြီး ဂရုစိုက်သရွေ့ လာမယ့်နှစ်မှာလည်း အသီးသီးကြလိမ့်မယ်။ တော်ဝင်မင်းသားယန်တစ်ယောက် ဒီလိုကောင်းတဲ့ သစ်သီးပင်တွေကို ဘယ်ကနေရှာလာသလဲဆိုတာ သူမ မသိပေမယ့် အားအင်တွေအများကြီး စိုက်ထုတ်ခဲ့ရတယ်ဆိုတာတော့ သေချာတယ်။
သစ်သီးပင်တစ်ပင်ချင်းစီရဲ့ အမြစ်တွေမှာ မြေကြီးအချို့ တွယ်ကပ်နေပြီး အမြစ်စနစ်ကိုလည်း ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်။ သစ်ပင်တွေအားလုံး စိုက်ပျိုးပြီးတဲ့အခါ ယွီရှောင်ချောင်းကိုယ်တိုင် ရေလောင်းခြင်းအလုပ်ကို ကိုင်တွယ်တယ်။ ရှီးချွမ်နဲ့ ဝူထုန်တို့က သူတို့သခင်မလေးနောက်ကနေ ရေပုံးကိုယ်စီ ကိုင်ကာ လိုက်ကြတယ်။ သခင်မလေးက ရေကိုခပ်လိုက် လောင်းလိုက်နဲ့ ခေါက်တုန့်ခေါက်ပြန် ဖြစ်နေတာကို သူတို့ကြည့်နေကြတယ်။ သူမက သစ်ပင်တွေကို သေချာရေလောင်းဖို့အတွက် ခဏခဏ ခါးကိုရှေ့ကိုင်းနေရတယ်။ ရှီးချွမ်က စိတ်အားထက်သန်စွာနဲ့ ပြောလာတယ်။
“သခင်မလေး, ခဏနားပါဦး။ အဲ့ဒီအစား ဒီအစေခံ လုပ်ကြည့်ပါရစေ!”
ယွီရှောင်ချောင်းက သူမလက်ထဲကို ရေခွက်ထည့်ပေးပြီး ပြုံးလိုက်တယ်။
“အပင်ရေလောင်းတာက အရည်အချင်းတွေ အများကြီးလိုတဲ့ဟာမှ မဟုတ်တာ။ အပင်တစ်ပင်ကို ရေနှစ်ခွက်စီ လောင်းဖို့ပဲလိုတာ။ မင်းငါ့ကိုစိတ်ပူနေမှန်း သိပါတယ်။ စိတ်ချပါ နောက်ကျ ဒီတောင်စောင်းကြီးတစ်ခုလုံး သစ်သီးပင်တွေနဲ့ ပြည့်သွားတဲ့အခါကျရင် သူတို့ကိုဂရုစိုက်ဖို့ တခြားလူတွေကို တာဝန်ပေးမှာပါ။ အဲ့အခါကျ ငါတို့တွေ အလုပ်ကြမ်းလုပ်စရာမလိုတော့ပါဘူး”
ရှီးချွမ်က ရွှင်ရွှင်မြူးမြူးနဲ့ ပြန်ပြောတယ်။
“ဒါက အပင်တချို့ ရေလောင်းရုံပဲကို ဘာမှအပန်းမကြီးပါဘူး! သခင်မလေး, နောက်နှစ်ဒီအချိန်ကျရင် ကျွန်မတို့တွေ မက်မွန်သီးနဲ့ စပျစ်သီးတချို့ စားရမယ်လို့ထင်လား?”
ယွီရှောင်ချောင်းက သူမမျက်နှာကို လက်နဲ့ယပ်ခတ်လိုက်ပြီးနောက် အပြုံးလေးနဲ့ ခေါင်းညိမ့်ပြလိုက်တယ်။
“စားရမှာပေါ့။ အပင်တွေကိုသာဂရုစိုက်ရင် စောစောတောင် သီးလောက်တယ်!”
“ဒါဆို…သူတို့က သခင်မလေး တုန်ရှန်းရွာကနေယူခဲ့တဲ့ ပျားရည်မက်မွန်တွေလိုမျိုးရော အရသာရှိမှာလား?”
ရှီးချွမ်က ပင်ကိုယ်အစားပုတ်လေးတစ်ယောက်ပင်။ နောက်ဆုံးတစ်ခေါက် သူမတာဝန်ကို ကောင်းကောင်း ပြီးမြောက်အောင် လုပ်နိုင်ခဲ့တုန်းက သခင်ကသူမကို မက်မွန်သီးတစ်လုံး ဆုချခဲ့သည်။ အဲ့ဒီမက်မွန်သီးကို စားပြီးကတည်းက အဲ့တာကို မမေ့နိုင်ဖြစ်နေခဲ့ပုံပေါ်သည်။
ယွီရှောင်ချောင်းက ပြတ်သားတဲ့ အမူအရာတစ်ခုနဲ့ ပြောလိုက်တယ်။
“စိတ်မပူနဲ့, ဒီမက်မွန်သီးတွေက ပိုပြီးတောင် အရသာရှိဦးမှာ။ မင်းငါ့ကိုမယုံရင် နောက်နှစ်နွေဦးအစကျ တုန်ရှန်းရွာက ငါ့မိသားစုတွေကို မက်မွန်ကိုင်းတချို့ ပို့ခိုင်းလိုက်မယ်။ ငါတို့ ဒီကမက်မွန်ပင်ငယ်လေးတွေကို အဲ့ဒီကိုင်းတွေနဲ့ ကိုင်းဆက်စိုက်လို့ရတယ်။ အဲ့ဒီအသီးတွေက အရမ်းကောင်းမယ်ဆိုတာ ငါကျိန်ရဲတယ်!”
“ကိုင်းဆက်စိုက်တယ်? အဲ့တာအရင်က သခင်မလေးပြောဖူးတဲ့ဟာမလား? ဖရဲသီးတွေကို ရွှေဖရုံသီးနွယ်တွေသုံးပြီး စိုက်တယ်ဆိုတာလေ?”
ရှီချွမ်းက ဒီအကြောင်းအရာကို အရမ်းစိတ်ဝင်စားသွားတယ်။
ဝူထုန်ကတော့ သူမရဲ့မေးခွန်းက အရမ်းရယ်ရတယ်လို့ မြင်တယ်။
“ဘာလိုလုပ် ရွှေဖရုံသီးနွယ်ကနေ ဖရဲသီးသီးနိုင်မှာလဲ? ရှီချွမ်း, နင်အခု အဖျားများကြီးနေတာလား? သူများတွေ ဟားတာ မခံချင်ရင် ကိုယ်ပြောတဲ့စကားကိုယ်ဂရုစိုက်ဦး”
အစက ရှီချွမ်းက ဒုတိယအဆင့် အစေခံမလေးတစ်ယောက်သာ ဖြစ်ပေမယ့် သခင်မလေးက သူမအပေါ်ကိုအကောင်းမြင်စပြုနေပြီ။ တဖြည်းဖြည်းနဲ့ ဝူထုန်က ဒါနဲ့ပတ်သက်ပြီး ပို၍ပို၍ မကျေမနပ် ဖြစ်လာရသည်။ သူမရဲ့သခင်ရှေ့မှာတော့ သူမကိုယ်သူမ ထိန်းချုပ်ဖို့ကြိုးစားပါသည်။ ဒါပေမယ့် တစ်ဖက်အစေခံမလေးကို မသိမသာနည်းလမ်းတွေနဲ့ ငြင်းပယ်စပြုလာပြီး ဒါက သူမရဲ့နည်းလမ်းတွေထဲက တစ်ခုဖြစ်သည်။
ရှီးချွမ်မှာက ရက်ရောပြီး ခွင့်လွှတ်တတ်တဲ့စရိုက်မျိုး ရှိသည်။ သူမက အပြစ်ကင်းစွာ ပြုံးပြပြီး ပြောလိုက်တယ်။
“အစ်မဝူထုန်, ကျွန်မစကားတွေကို အတည်မယူပါနဲ့! သခင်မလေးက ပြောဖူးတယ် ရွှေဖရုံသီးနွယ်ပေါ်ကို ဖရဲသီးပင်ပေါက် ကိုင်း…ကိုင်းဆက်ပြီး စိုက်လို့ရတယ်တဲ့။ အဲ့ဒီနှစ်ခုက ရတဲ့အသီးက အရမ်းကြီးပြီး ချိုတယ်။ ပြီးတော့သူတို့က ပိုးမွှားတွေ အဖျက်ပိုးတွေကိုလည်း ပိုပြီးခံနိုင်ရည်ရှိတယ်တဲ့! ကျွန်မတို့တွေ သခင်မလေး တာဝန်ယူရတဲ့ ဒီစိုက်ပျိုးရေးနည်းပညာတွေကို အကောင်းဆုံးသင်ယူသင့်တယ်။ ဒါမှ နောက်ကျရင် သခင်မလေးကို အများကြီးကူညီပေးနိုင်မှာ!”
ဒီအစေခံမလေးက စကားပြောရင် အမြဲတမ်း တဲ့တိုးဆန်ပြီး ပြတ်သားသည်။ သူမက ဝူထုန်ကို သေးငယ်တဲ့ အိမ်တော်တွင်းကိစ္စတွေနဲ့ပဲ နစ်မွန်းနေမယ့်အစား သခင်မလေးရဲ့ စိုက်ပျိုးရေးအလုပ်တွေမှာ ပိုပြီးစိတ်ဝင်စားလာအောင် စည်းရုံးချင်ရုံမှအပ တခြားမကောင်းတဲ့ရည်ရွယ်ချက် မရှိပေ။ ဒါပေမယ့် သူမရဲ့ ကောင်းမွန်တဲ့သဘောထားတွေက ဝူထုန်ရဲ့နားထဲမှာတော့ မသိရင် သူမကပဲ သခင်မလေးကို သေချာအာရုံမစိုက်၊ ဂရုမစိုက်တဲ့သူလို့ စောင်းချိတ်ဝေဖန်နေသလို ဖြစ်နေသည်။ ချက်ချင်းပဲ ဝူထုန်ရဲ့ရင်ထဲမှာ ဒေါသတွေ တောက်လောင်သွားပြီး သူမရဲ့မျက်နှာက မည်းမှောင်သွားသည်။ သူမက တမင်တကာ ဆောင့်အောင့်နေတဲ့ အမူအယာနဲ့ သစ်ပင်တွေကို ရေလောင်းရင်း မတော်တဆလိုလိုနှင့် ရှီးချွမ်ရဲ့ ဘောင်းဘီနဲ့ ဖိနပ်တွေပေါ်ကို ရေတချို့စင်အောင် လုပ်ပစ်လိုက်သည်။
ထိုအရာအားလုံးကို ယွီရှောင်ချောင်း တွေ့လိုက်သည်။ သူမအမြင်မှာတော့ ဘယ်နေရာဒေသမဆို လူတွေရှိသရွေ့ ပဋိပက္ခတွေက ရှိနေမှာပဲ။ အစေခံအချင်းချင်း မျက်နှာသာရဖို့နဲ့ အာဏာရဖို့အတွက် ယှဉ်ပြိုင်ခြင်းက သာမန်ဖြစ်ရိုးဖြစ်စဉ်ပင်။ တစ်နည်းနည်းနဲ့ ၎င်းက သူတို့အချင်းချင်း ယှဉ်ပြိုင်ဖို့ တွန်းအားဖြစ်စေပြီး သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို အပြိုင်အဆိုင် မြှင့်တင်ကြမယ်ဆိုရင် ဒါက ကောင်းတဲ့အရာတစ်ခု ဖြစ်နိုင်ပေမယ့် ဉာဏ်နီဉာဏ်နက်တွေ ထုတ်သုံးပြီး ကွယ်ရာမှာ အတင်းပြောတတ်သူ ဒါမှမဟုတ် ကိုယ့်ပြိုင်ဘက်ကို စိမ်းစိမ်းကားကား ဆက်ဆံသူတွေကိုတော့ သူမ သည်းမခံနိုင်ပါ။
စစချင်း သူမရဲ့ အဓိကအစေခံလေးယောက်ကို ရွေးချယ်ပြီးနောက် ယင်းထောင်က လုပ်ရည်ကိုင်ရည်ရှိပြီး ကိစ္စရပ်တွေကိုစီမံရာမှာ ကောင်းကောင်းကိုင်တွယ်နိုင်တယ် ဆိုတာ တွေ့ရှိခဲ့တယ်။ ထို့ကြောင့် သူမကို ဆေးဝါးထုတ်လုပ်ရေးမှာ စီမံခန့်ခွဲတဲ့အလုပ်ကို ပေးအပ်ခဲ့ပြီး အဲ့တာကလည်း အောင်မြင်နေသည်။ ယန်လျိုက တည်တည်ငြိမ်ငြိမ်ရှိပြီး အချက်အပြုတ် ဝါသနာပါသည်။ သူမက အလုပ်လည်းကြိုးစားတာကြောင့် သူမရဲ့ အချက်အပြုတ် စွမ်းရည်တွေက တဟုန်ထိုး တိုးတက်နေသည်။ ဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင် မကြာခင် သူမက သူမဆရာကိုတောင် ကျော်တက်နိုင်တော့မည်ပင်။ ထို့ကြောင့် ယွီရှောင်ချောင်းက မြို့တော်မှာ ဧကရာဇ်ဟောင်းနဲ့ ဖက်စပ်ဖွင့်ထားတဲ့ အသားနှပ်ဆိုင်ကို ယန်လျိုဆီ စိတ်ချလက်ချနဲ့ လွှဲထားခဲ့လိုက်သည်။
ဖီဖာက လေးကန်တဲ့ဘက်မှာရှိပြီး သာမန်စွမ်းရည်တွေသာ ရှိသည်။ သူမက ရည်မှန်းချက်လည်း သိပ်မကြီးပေမယ့် ရှောင်ချောင်းရဲ့ အိမ်တွင်းရေးကို စောင့်ရှောက်ရာမှာတော့ မဆိုးလှ။ ထို့ကြောင့် တခြားအိမ်တော်ပြင်ပကိစ္စတွေက သူမအတွက် မသင့်တော်ပေ။ ဝူထုန်ကတော့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့စရိုက်ရှိသည်။ သူမက အသေးအမွှား ကိစ္စရပ်တွေအပေါ် အာရုံထားတတ်ပြီး စွမ်းရည်အများကြီး မရှိပေ။ သူမရဲ့အစေခံတွေ စည်းကမ်းလိုက်နာပြီး နာခံမှုရှိသရွေ့တော့ ရှောင်ချောင်းက သူတို့အပေါ် ချို့ချို့တဲ့တဲ့ မဆက်ဆံပါ။ သို့သော်လည်း အချိန်ကြာလာရင် သူတို့ထဲက တချို့က ပိုပြီးရောင့်တက်တာမျိုး ဖြစ်လာနိုင်တယ်…
“ဒီနေ့ နေအရမ်းပူနေတာကို ဘာလို့ ခေါင်းဆောင်းမပါဘဲ အပြင်ထွက်လာတာလဲ?”
ကျူးကျွင်းယန်က တောင်ကုန်းတွေနား လှည့်ပတ်နေခဲ့တာဖြစ်ပြီး ယုန်ရိုင်းနှစ်ကောင်၊ ရစ်ငှက်တစ်ကောင်ကို ဖမ်းမိခဲ့တဲ့အပြင် ရစ်ငှက်ဥအချို့ပါ စုဆောင်းမိခဲ့သည်။ သူမရဲ့မျက်နှာက နေရောင်ကြောင့် ရဲရဲနီနေတာကို မြင်တဲ့အခါသူက သူ့ခေါင်းက ကောက်ရိုးခမောက်ကို အမြန်ချွတ်လိုက်ပြီး ရှောင်ချောင်းရဲ့ခေါင်းပေါ်မှာ ဆောင်းပေးလိုက်သည်။
ယွီရှောင်ချောင်းက မနှစ်သက်သလိုမျိုး ခမောက်ကို သူမခေါင်းပေါ်က ကျွတ်ကျအောင် ခါချနေသည်။ သို့ပေမယ့် ကျူးကျွင်းယန်က သူမကို တားလိုက်သည်။
“ဆောင်းထားပါ။ မဟုတ်ရင် နေပူဒဏ်ကြောင့် မင်းအသားတွေ အရေခွံလန်ကုန်ရင် လှတော့မှာ မဟုတ်ဘူးနော်! ဒီလိုအလုပ်မျိုးကို အငှားလယ်သမားတွေ အစေခံတွေဆီ လွှဲထားရင်ပြီးရောကို ဘာလို့ မင်းကိုယ်တိုင် အကုန်လိုက်လုပ်ဖို့ လိုနေတာလဲ?”
“ဒီရာသီက သစ်သီးပင်တွေစိုက်ရမယ့်အချိန် မဟုတ်ဘူးလို့ ရှင်လည်း ပြောခဲ့တယ်လေ။ တကယ်လို့ ကျွန်မက ဂရုမစိုက်လို့ သစ်သီးပင်တွေ သေသွားရင် ရှင်ဒီအပင်တွေကိုရဖို့ အားထုတ်ခဲ့တာတွေအားလုံး အလကားဖြစ်သွားမှာပေါ့ မဟုတ်ဘူးလား?”
ရှောင်ချောင်းက သူမရဲ့ ပူနေတဲ့မျက်နှာကို ထိလိုက်တယ်။ အိမ်ပြန်ရောက်ရင် သူမရဲ့အသားကို အေးအောင်လုပ်ဖို့ အံ့ဖွယ်ကျောက်တုံးရေတချို့ သုံးမှဖြစ်မယ်။ တော်ကြာ တော်ဝင်မင်းသားယန်ပြောသလို သူမအသားတွေ နေလောင်ပြီး အရေခွံလန်ကုန်ရင် ဘယ်နှယ့်လုပ်မလဲ? အဲ့အခါကျ သူမအပြင်ထွက်ပြီး လူတွေနဲ့ ဘယ်လိုမျက်နှာချင်းဆိုင်ရတော့မှာလဲ?
[အဲ့လိုမဖြစ်ပါဘူး! မင်းမျက်နှာပေါ်ကို အံ့ဖွယ်ကျောက်တုံးရေ တင်လိုက်တာနဲ့ မနက်ဖြန်ကျရင် မင်းရဲ့အသားရည်က ကြက်ဥပြုတ်တစ်လုံးလို ချောမွတ်ပြီး အပြစ်ကင်းနေမယ်ဆိုတာ ငါအာမခံတယ်။ အသားရည်လေး နူးညံ့ဝင်းပပြီး ထိကြည့်လိုက်တာနဲ့ ချောမွတ်နေလိမ့်မယ်…]
ရွှေဝါရောင်ကြောင်ပေါက်လေးက ဘယ်ကနေမှန်းမသိ ထွက်ပေါ်လာပြီး သစ်သီးပင်တစ်ပင်ဆီကို ခုန်တက်သွားတယ်။ သူက သူ့ရဲ့သေးငယ်တဲ့လက်ကလေးနဲ့ သစ်ကိုင်းတစ်ကိုင်းကို ကုတ်ခြစ်နေတယ်။
“ချစ်စရာကောင်းလိုက်တာ! ဒီလောက်သေးတဲ့ ကြောင်လေးက ဘယ်ကနေများ ရောက်လာတာလဲ? အရမ်းသေးတာပဲ…ကြောင်အမေကြီးဆီကနေ နို့ဖြတ်ခါစလေးလား မသိဘူး”
သူမမျက်လုံးတွေထဲမှာ ကြယ်ပွင့်တွေနဲ့ ရှီးချွမ်က ချစ်စရာကြောင်ငယ်လေးကို ငေးမောနေမိတယ်။ သူမ ဒီသတ္တဝါလေးကို အိမ်ခေါ်သွားပြီး မွေးထားချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်နေတယ်။
ကျူးကျွင်းယန်က ငုံ့ကိုင်းလိုက်ပြီး ကြောင်ပေါက်လေးကို ဂုတ်ကနေ မယူလိုက်တယ်။ ထို့နောက် သူ့ကို ရန်ထောင် အော်ဟစ်နေတဲ့ ကြောင်ကလေးကို ရှေ့တည့်တည့်ကနေ ကြည့်ရှုစစ်ဆေးလိုက်တယ်။ သူဒေါသထွက်နေတဲ့ပုံက သူ့သခင်နဲ့ တော်တော်တူတာပဲ! သူက ရွှင်မြူးစွာနဲ့ ကြောင်ပေါက်လေးကို လက်ဖဝါးထဲ ထည့်ထားလိုက်ပြီး ထိုသတ္တဝါလေးက သူ့လက်မကို သေးငယ်တဲ့နို့သွားလေးတွေနဲ့ ကိုက်ခဲနေတာကို ငြိမ်ခံနေလိုက်တယ်။ သူက ရှောင်ချောင်းကို ပြုံးပြလိုက်တယ်။
“မင်း ကြောင်လေးကိုပါ ခေါ်လာတာလား? ဒီအကောင်လေးကို မင်းမွေးထားတာ ကြာပါပြီ ဘာလို့ခုထိ အရမ်း သေးနေသေးတာလဲ? သူ့ကြည့်ရတာ ကြီးကိုကြီးမလာသလိုပဲ”
ယွီရှောင်ချောင်းက အံ့ဖွယ်ကျောက်တုံးလေးကို တော်ဝင်မင်းသားယန်ဆီကနေ သူမလက်နှစ်ဖက်လုံးသုံးကာ ယူလိုက်ပြီး သူ့ရဲ့နူးညံ့တောက်ပြောင်တဲ့ အမွှေးလေးကို ပွတ်သပ်ပေးလိုက်တယ်။ ထို့နောက် သူမက ဘာမှမထူးဆန်းသလိုမျိုး ပြောလိုက်တယ်။
“အာ ဘယ်သူသိမှာလဲ? ကျွန်မသူ့ကို တောင်ပေါ်မှာ ကောက်တွေ့ကတည်းက ဒီအရွယ်လောက်ပဲ။ ကြည့်ရတာ သူ့မျိုးစိတ်ကိုက ဒီလောက်ပဲ ကြီးတာနေမှာပေါ့”
ရှီးချွမ်က ကျန်ရှိတဲ့သစ်သီးပင်တွေ ရေလောင်းဖို့ကို အလျင်အမြန်ပဲ လက်စသတ်လိုက်ပြီး ရေခွက်ကို ပစ်ချကာ ပြေးလာခဲ့တယ်။ သူမက သူမသခင်လက်ထဲက ချစ်စရာ ကြောင်ပေါက်သေးသေးလေးကို ကြည့်ပြီး တစူးတစမ်းနဲ့ မေးမြန်းလိုက်တယ်။
“သခင်မလေး, ဒါ သခင်မလေးရဲ့ကြောင်လား? အရင်က ကျွန်မဘာလို့ မမြင်ဖူးတာပါလိမ့်?”
“ဒီကောင်လေးက ယဉ်ပါးတယ်ဆိုတာထက် အရိုင်းဆန်တယ်။ ခဏခဏ ဘယ်နေရာမှန်းမသိ ထွက်ထွက်ပြေးသွားပြီးရင် ရက်အနည်းငယ်လောက် အိမ်ပြန်မလာတတ်ဘူး။ မင်းတင်မကဘူး ငါတောင် သူ့ကိုမတွေ့ရတာ မြို့တော်ကို လာကတည်းကပဲ။ ငါက သူ အိမ်ပြန်မလာတတ်တော့ဘဲ ပျောက်သွားပြီလို့ကို ထင်နေတာ။ အခုလို တော်ဝင်စိုက်ပျိုးခြံမှာ လာတွေ့မယ်လို့ လုံးဝကို ထင်မထားဘူး!”
ယွီရှောင်ချောင်းက မျက်တောင်တစ်ချက်ပင်မခတ်ဘဲ မုသားတစ်ခုကို ချောချောမွေ့မွေ့နဲ့ ဖန်တီးလိုက်တယ်။
“တော်ဝင်စိုက်ပျိုးခြံက မြို့တော်နဲ့ တော်တော်ဝေးတာကို။ ဒီအထိ တစ်လမ်းလုံး သူဘာသူ ပြေးလာခဲ့တာလား?”
ရှီးချွမ်မျက်လုံးတွေက ပြူးကျယ်နေပြီး ရွှေရောင်ကြောင်လေးရဲ့ ကြီးမားပြီး ချစ်ဖို့ကောင်းတဲ့ မျက်လုံးတွေနဲ့တောင် သွားဆင်နေတယ်။
ယွီရှောင်ချောင်းက သူမခေါင်းကို ခါရမ်းလျက် ဖြေလိုက်တယ်။
“အာ ဘယ်သူသိနိုင်မှာလဲ? ကြည့်ရတာ သူ ရထားလုံးပေါ်မှာ ပုန်းပြီးလိုက်လာတာပဲ ဖြစ်ရမယ်။ ကောက်ညင်းဖက်ထုပ်လေးက အရမ်းဉာဏ်ကောင်းတယ်လေ!”
ရှီးချွမ်က သူမလက်ကို ဆန့်ထုတ်လိုက်ပြီး သူမသခင်ကို တောင်းဆိုလိုက်တယ်။
“သခင်မလေး, ဒီအစေခံ ကြောင်လေးကို ကိုင်ထားပါရစေ။ တော်ကြာ သခင်မလေး ပင်ပန်းနေမှာစိုးလို့!”
ယွီရှောင်ချောင်းက အစေခံမလေးကို ပေစောင်းစောင်း အကြည့်တစ်ချက် ပေးလိုက်တယ်။ ကြောင်ကိုင်ချင်တာများ ဒီအတိုင်းပြောလိုက်ရောပေါ့ ဆင်ခြေတွေ လာပေးနေသေးတယ်။ လူလက်ဖဝါးအရွယ်လောက်ပဲရှိတဲ့ ကြောင်ငယ်လေးက ဘယ်လောက်များ လေးနိုင်မှာမလို့လဲ? အံ့ဖွယ်ကျောက်တုံးလေးက ဆန့်ကျင်နေပေမယ့် သူမက သူ့ကို ရှီးချွမ်လက်ထဲ ထည့်ပေးလိုက်တယ်။
ရှီးချွမ်က ထွက်ပြေးဖို့ ရုန်းကန်နေတဲ့ ကြောင်ငယ်လေးကို အလျင်အမြန်ပဲ သူမနဲ့ နီးကပ်အောင် ချီထားလိုက်ရင်း တတွတ်တွတ် ချော့မြူနေရတယ်။
“ကောက်ညှင်းဖက်ထုပ်လေး, မကြောက်ပါနဲ့ကွယ် လိမ္မာပါတယ်…သခင်မလေး, ကောက်ညှင်းဖက်ထုပ်လေးက သူစိမ်းကြောက်တယ်နဲ့တူတယ်နော်။ အခုကျွန်မ သူ့ကို ခြောက်များခြောက်မိနေသလား?”
“လုံးဝမဟုတ်ဘူး။ ဒီကောင်လေးက အရမ်းရဲပြီး အကြောက်အလန့်ကို မရှိတာ။ ဘယ်လောက်ရဲသလဲဆို တောင်ပေါ်မှာ သူနဲ့ထိပ်တိုက်တွေ့တဲ့ ဝံပုလွေတွေကိုတောင် သွားစရဲတယ်!”
ဒီအချိန်မှာတော့ ယွီရှောင်ချောင်းက လီဆယ်ပြောဆိုနေခြင်း မဟုတ်ပါ။ တစ်ခါတုန်းက အံ့ဖွယ်ကျောက်တုံးလေး ပျင်းသလိုလို ခံစားရတာကြောင့် မီးခိုးရောင်ကြီးကို သွားပြီး နှောင့်ယှက်ခဲ့သည်။ နောက်ဆုံးမှာတော့ မီးခိုးရောင်ကြီးလည်း သူ့ကိုနေရာတကာ လိုက်ဖမ်းရင်း အဆုံးသတ်ခဲ့သည်။
“ဝိုး! အရမ်းအံ့ဩဖို့ကောင်းတာပဲ!”
ရှီးချွမ်ရဲ့မျက်လုံးတွေက ရုတ်တရက် ကြယ်ပွင့်တွေနဲ့ လင်းလက်လာပြန်ပြီး သူမဟာ ချက်ချင်းလက်ငင်းပဲ အံ့ဖွယ်ကျောက်တုံးလေးရဲ့ အကြီးဆုံးဖန်တစ်ယောက် ဖြစ်သွားခဲ့သည်။ အံ့ဖွယ်ကျောက်တုံးလေးက အစေခံမလေးဆီကနေ ချီးမြှောက်မှုကို ခံစားလိုက်ရတာကြောင့် သူက အလွန်အကျွံကို မြှောက်တက်ပြီး မာနကြီးသွားခဲ့သည်။ ဒါကြောင့် သူက သူမကို ခဏလောက်တော့ ချီခွင့်ပြုလိုက်သည်။
ကျူးကျွင်းယန်က နေရောင်အောက်မှာ အရွက်တွေ အနည်းငယ်နွမ်းနေတဲ့ သစ်သီးပင်တွေကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
“ကောင်မလေး, ဒီစိုက်ပျိုးခြံက လူတွေအားလုံး အသုံးရောဝင်ရဲ့လား? တကယ်လို့ မကောင်းတဲ့သူတွေရှိရင် ကိုယ့်ကိုသေချာပေါက်ပြောနော်။ အခုကိုယ်က တော်ဝင်စိုက်ပျိုးခြံက အရာအားလုံးကို တာဝန်ယူရတော့မှာ။ အသုံးမဝင်တဲ့သူတွေရှိရင် ကိုယ်တို့မှာ လူစားလဲပစ်လို့ရတဲ့အာဏာရှိတယ်!”
ယွီရှောင်ချောင်းက ထိုအကြောင်းကို လုံးဝစိတ်မဝင်စားသလိုမျိုး သူ့ကို လက်ခါပြလိုက်တယ်။
“ကြီးကြပ်ရေးမှူးဝမ်ရှိရင် မကောင်းကြံချင်တဲ့သူတွေက မလှုပ်ရှားခင် အကျိုးအပြစ်ကို ချိန်ဆကြရမှာပါ။ ဒီတော်ဝင်စိုက်ပျိုးခြံမှာ ကျွန်မတစ်ယောက်တည်းရှိတာမှ မဟုတ်တာ။ ပြီးတော့ ကျွန်မနောက်မှာ ဧကရာဇ်တစ်ယောက်လုံးလည်း ရှိနေတယ်မလား? ဧကရာဇ်က ကျွန်မကို အလေးပေးပြီး ဆက်ဆံသရွေ့ ဆန့်ကျင်ချင်တဲ့သူတွေလည်း ကျွန်မအမိန့်ကို နာခံရရုံပဲရှိမှာ။ ဘာပဲဖြစ်ဖြစ် ကျွန်မက နန်းတော်ကို သွားပြီး အစီရင်ခံရမှာဆိုတော့ သူတို့ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး! ကျွန်မကို မကြိုက်တဲ့သူတွေကတော့ ပွစိပွစိ ပြောရင်ပြော မဟုတ်ရင် ကျွန်မကွယ်ရာမှာ မကောင်းပြောရင်ပြောပေါ့။ ကျွန်မအမိန့်တွေကို နာခံနေသရွေ့ သူတို့ဘာပြောပြော အရေးမကြီးဘူးမလား?”
“ကောင်းပြီလေ! မင်းသူတို့ကို ကြည့်ရတယ်ဆိုရင်လည်း ဆက်သုံးပေါ့!”
ကျူးကျွင်းယန် အမှန်တကယ်ပဲ သူ့ကောင်မလေးကို ဘယ်နည်းနဲ့မှ စိတ်မညစ်စေချင်ပါ။ သူက ခဏလောက် တွေးတောလိုက်ပြီးနောက် အဲ့ဒီအမိန့်မနာခံတဲ့ လူတွေကို အနည်းငယ် ပညာပြဖို့ ဆုံးဖြတ်လိုက်တယ်။ သူ သူတို့ရဲ့အားနည်းချက်တွေကို အလွယ်လေး ရှာတွေ့နိုင်မယ်လို့ ယုံကြည်တယ်။ အဲ့အချိန်ကျရင်တော့… ဟက် ဟက်, သူတို့အပေါ် သက်ညှာနေမှာမဟုတ်ဘူး!
ယွီရှောင်ချောင်းရဲ့ မျက်လုံးတွေ ဖျတ်ခနဲ လင်းလက်သွားပြီး သူမက စကားလမ်းကြောင်း ပြောင်းလိုက်တယ်။
“ရှင် ဒီနားကစိုက်ပျိုးရေးခြံကို ဝယ်ထားတယ်လို့ ကျွန်မကြားတယ်။ ရှင့်မှာ ဘာအစီအစဉ်တွေရှိလဲဟင်?”
“အိုး? မင်းမှာငါ့အတွက် အစီအစဉ်တစ်ခုရှိတယ်လား? ပြောလိုက်စမ်းပါ။ ဒီတစ်ခါရော ဘယ်လိုရူးကြောင်ကြောင် အကြံတွေ ထွက်လာပြန်ပြီလဲ?”
ကျူးကျွင်းယန်က သူမရဲ့အမူအယာတွေကို ကောင်းကောင်း အမိဖမ်းနိုင်တယ်။ သူမရဲ့မျက်လုံးတွေ ဒီလိုပုံစံဖြစ်သွားတိုင်း ကောင်မလေးက နောက်ထပ်အကြံတစ်ခု ရလာပြီဆိုတာ သူသိလိုက်တယ်။
“ပူနွေးတဲ့ရာသီဥတုကို အသုံးချပြီး ဖရဲသီးပင်ပေါက်တချို့ စိုက်မလားလို့ပါ။ ကျွန်မ သူတို့ကို ရောဂါနဲ့ အဖျက်ပိုး ကာကွယ်တဲ့ ဖရုံသခွားနဲ့ ကိုင်းဆက်စိုက်ကြည့်ဖို့ စိတ်ကူးနေတာ။ အလုပ်သမားဌာနက ပလပ်စတစ်ပြားတွေ ထုတ်လုပ်ပြီးတဲ့အခါကျရင် ကျွန်မတို့ ဖန်လုံအိမ်အကြီးကြီးတချို့လုပ်ပြီး အဲ့ထဲမှာ ဖရဲသီးနဲ့ သခွားမွှေးသီးတွေစိုက်ကြမယ်လေ။ ဟာမီဖရဲစေ့တချို့ရနိုင်ရင် ပိုပြီးတောင်ကောင်းဦးမှာ!”
ယွီရှောင်ချောင်းဆိုသည်မှာ ဘယ်သောအခါမှ ငွေရမယ့်နည်းလမ်းတွေကို သူမလက်ထဲကနေ ချော်ထွက်ခွင့်ပြုမှာမဟုတ်ပေ။

သက်တန့်ရောင် မိန်းမပျို Book 3Where stories live. Discover now