အပိုင်း ၅၅၈ စိတ်ကူးယဉ်အိမ်မက်ဆန်ဆန်
အံ့ဖွယ်ကျောက်တုံးလေးက နောက်ထပ် ပုလဲနက်တစ်လုံးကို တွေ့သွားကာ ကြောင်လက်သည်းလေးတွေကို အသုံးပြု၍ သခင်ဖြစ်သူထံ ပေးလိုက်သည်။ သူမက အတားအဆီးကို စူးစမ်းချင်စိတ်အပြည့်ဖြင့် အာရုံစိုက်နေသည်ကို တွေ့တော့ သူမအား သတိပေးလာသည်
"ကြည့်ရတာ ငါတို့တော့ နဂါးဘုရင်နန်းတော်ရဲ့ အတားအဆီးထဲကို ရောက်နေကြပုံပဲ..."
"အတားအဆီး? နတ်ဘုရားတွေနဲ့ သူရဲကောင်းတွေအကြောင်း ပုံပြင်ဇာတ်လမ်းတွေမှာပဲ ရှိတဲ့ အသုံးနှုန်း မဟုတ်ဘူးလား..."
ယွီရှောင်ချောင်းက ပုလဲနက်ကို ယူကာ သူမရဲ့ ဖောင်းကားနေသော အိတ်ထဲသို့ ထည့်ရင်း တအံ့တဩ မေးလိုက်သည်။
"ဒါဆို ဒီအံ့ဖွယ်ကျောက်တုံးဖြစ်တဲ့ ငါကရော ဒဏ္ဍာရီပုံပြင်တွေမှာပဲ ရှိနေပြီး မင်းရှေ့မှာ ပေါ်မလာသင့်ဘူးလို့ မထင်မိဘူးလား..."
အံ့ဖွယ်ကျောက်တုံးလေးက မျက်လုံးတွေ ခေါင်းကနေ လှိမ့်ထွက်လာလုနီးပါးထိ သူမကို မျက်လုံး လှန်ကြည့်လာသည်။
ယွီရှောင်ချောင်းက သူမ၏ ခေါင်းနောက်ဘက်ကို ခေါင်းကုတ်ကာ ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီး
"မင်းပြောတာ အဓိပ္ပာယ်တော့ ရှိတာပဲ! ပြီးတော့ ငါ ဒီနေရာကို ကူးပြောင်းလာတာကလည်း သိပ္ပံပညာနဲ့ ရှင်းပြလို့ ရနိုင်တာမျိုးမှ မဟုတ်ဘဲလေ..."
"သိပ္ပံပညာ? ခွီး--"
အံ့ဖွယ်ကျောက်တုံးလေးက အထင်အမြင်သေးစွာနှင့် နှာမှုတ်လိုက်သည်။ သိပ္ပံပညာဆိုတာ ပျင်းရိငြီးငွေ့နေတဲ့ သေမျိုးလူသားတွေက သူတို့ရဲ့ ပတ်ဝန်းကျင်လောကကို မှားယွင်းတဲ့ နည်းလမ်းတွေနဲ့ ဖော်ပြဖို့အတွက် ဖြစ်ပေါ်လာတဲ့ အရာတစ်ခုသာသာပဲ။ ဘယ်လို ဘုရားမဲ့ဝါဒမျိုးလဲ ဒီလိုသောက်... အဟမ်း အဟမ်း! ကောင်းပြီ၊ လူသားတွေက ဘာကို ယုံကြည်တယ်ဆိုတာ အရေးမကြီးပါဘူး။ အကျိုးသက်ရောက်မှု တစ်ခုမှ မရှိဘဲလေ ဆင်ဆာမဖြတ်ခံရအောင်လို့ ပါးစပ် ပိတ်ထားဖို့ လိုတယ်။ ပါးစပ်ကို ထိန်းထား၊ ပါးစပ်ကို ထိန်းထား!