အခန်း (၃၀)
ရှန်းချောင်ရဲ့ ရုတ်တရက် ဖွင့်ထုတ်လိုက်မှုကြီးက လူအများကို ထိတ်လန့်အံ့သြသွားစေတယ်။
ဒါပေမဲ့လည်း ကျန်းလီက ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး ပေးရမဲ့အစား တုန်အာကသာ အပြင်းအထန် တုံ့ပြန်လိုက်တယ်။ ချက်ချင်းဘဲ တုန်အာက ကျန်းလီကို သူ့ခန္ဓာကိုယ်ရဲ့နောက်မှာ ကြက်မကြီးက ကြက်ပေါက်ကလေးတွေကို ကာကွယ်သလို ကာပေးလိုက်ရင်း သူက ခပ်ကျယ်ကျယ် အော်ပြောတော့တယ်။
"ပေါက်ကရတွေ! အဆိပ်ပြင်းတဲ့ မြွေဟောက်မ! သွားပုပ်လေလွင့်တွေပြောပြီး အသရေဖျက်နေတာ! ကျွန်မတို့ရဲ့ သခင်မလေးက အဲ့လို တစ်ခါမှ မလုပ်ခဲ့ဘူး ရှန်းချောင်! နင်! နင့်အသိစိတ်က ခွေးစားသွားပြီကိုး ငါတို့သခင်မလေးကို ဒီလိုနည်းနဲ့ နာမည်ဖျက်တယ်ပေါ့!"
*ဒုန်း ဒုန်း ဒုန်း*
ရှန်းချောင်က တုန်အာကို အလေးမထားဘဲ ကျန်းသခင်မကြီးဘက်ကို လှည့်ကာ သူ့ခေါင်းကို ဆက်တိုက် ကြမ်းပြင်နဲ့ခပ်ပြင်းပြင်းဆောင့်ရင်း ခွင့်လွှတ်မှု တောင်းခံနေသလို လုပ်နေတယ်။ သူက ငိုနေရင်း ပြောပြန်တယ်။
"ဒီအစေခံက အလိမ်အညာတွေ မပြောရဲလို့ ပါ ပြောခဲ့တာတွေထဲမှာ အမှားတစ်ဝက်လောက်ပါရင်တောင် ချက်ချင်း ဒီအစေခံကို ဒဏ်ခပ်တဲ့အနေနဲ့ ကောင်းကင်ဘုံက မိုးကြိုးပစ်လိုက်ပါစေ"
"နင်!"
တုန်အာခမျာ ဒေါသထွက်လွန်းလို့ ဘာမှတောင် ထပ်မပြောနိုင်တော့ဘူး။ ဒီရှန်းချောင်က ကျန်းလီကို ပြဿနာရှာဖို့အတွက်နဲ့ ဒီလို အန္တရာယ်များတဲ့ ကျိန်ဆိုမှုမျိုး လုပ်လိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး။ သေချာပေါက် သူက သူ့ဘဝကိုထပ်မလိုချင်တော့ဘဲ အသက်ရှင်ရတာပျင်းသွားလို့ ဒီလို စွန့်စားကျိန်ဆိုရဲတာ ဖြစ်လိမ့်မယ်။
ရှန်းချောင်ရဲ့ ဒီစကားတွေက ဘာမှရှင်းပြစရာ မလိုဘဲ ကျန်းလီအပေါ် စွပ်စွဲခြင်းဆိုတဲ့ ဆိုင်းဘုတ်ကိုသံမှိုနဲ့ ရိုက်ထားလိုက်သလိုပဲ။ ကျန်းယွီအာက ကျန်းလီကို ထပ်လှောင်ပြောင်သရော်ဖို့ ပြင်လိုက်တယ်။
"ဒုတိယမမရဲ့ ကိုယ်ပေါ်မှာ ဘာလက်ဝတ်လက်စားမှ မရှိတာတောင် တတိယမမအတွက်တော့ ငွေတုံး၄၀၀ကုန်တဲ့ တန်ဖိုးကြီးတာပေးခဲ့တယ်ပေါ့ သိပ်ရက်ရောတာပဲ...တကယ့်ညီအစ်မတွေကြားက သံယောဇဉ်တွေကြောင့်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်လေ...ဒါပေမယ့် အိမ်ပြန်လာတာတစ်လလောက်ပဲ ရှိသေးတဲ့ ဒုတိယမမကတတိယမမအပေါ် အဲ့လောက် သံယောဇဥ်ရှိတယ်ဆိုတာ ထင်တောင် မထင်ထားမိဘူး"
ဒီစကားရဲ့ ဆိုလိုရင်းက ကျန်းညီအစ်မနှစ်ယောက်က မတည့်ကြတာ လူတိုင်းသိတယ်။ အဲ့တော့ကျန်းလီက ကျန်းယို့ရောင်ကို တန်ဖိုးကြီးတဲ့ လက်ဆောင်ပေးတယ်ဆိုတာ သဘောရိုးနဲ့ ဖြစ်နိုင်ပါ့မလားနောက်ကွယ်မှာ သူမ တစ်ခုခုမကောင်းကြံထားတာ အသိသာကြီးပဲ။
ကျန်းယို့ရောင်ရဲ့ မျက်ခမ်းစပ်တွေက နီရဲနေပြီး သူကလက်ကိုင်ပုဝါလေးနဲ့ မျက်ဝန်းထောင့်စွန်းက ကျန်နေသေးတဲ့ မျက်ရည်စတွေကို သုတ်နေရင်း ဝမ်းနည်းကြေကွဲမှုအပြည့်နဲ့ ပြောတယ်။ "ဒုတိယမမ အိမ်ပြန်လာတာကို ညီမလေး အရမ်းပျော်ပါတယ် ဒါပေမယ့် မမရင်ထဲမှာ အခုထိ ညီမလေးတို့ကို အပြစ်တင်နေလိမ့်မယ်လို့ မထင်ထားဘူး"
"လီအာ" တစ်လျှောက်လုံး တစ်ခွန်းမှမဟခဲ့တဲ့ ကျီရှုးရန်က အရှေ့ကို လျှောက်လာပြီး ကျန်းယို့ရောင်ကိုလည်း လက်တစ်ဖက်နဲ့သူ့ရင်ခွင်ထဲ ထည့်ဖက်ထားကာ ချော့မော့သလို ပုခုံးကို နည်းနည်းပုတ်ပေးလိုက်ရင်း စိတ်သောကရောက်နေဟန်နဲ့ ပြောတယ်။
"သမီး မကျေနပ်ရင် အမေ့ဆီ တိုက်ရိုက်လာပြောလို့ရပါတယ် အမေကတော့ အမြဲ သမီးကို ကိုယ့်သမီးလို့ယူဆပြီး စိတ်အရင်းအမှန်နဲ့ ဆက်ဆံပေးခဲ့ပြီးတော့ ဘယ်နည်းနဲ့မဆိုစောင့်ရှောက်ပေးခဲ့တာပါ....သမီး လက်ခံပေးနိုင်တာထက် ပိုပြီး တောင်းဆိုနေတာလည်း မဟုတ်ပါဘူး...သမီးအဖေရဲ့ မျက်နှာကိုထောက်ပြီးပဲဖြစ်ဖြစ် အမေတို့မိသားစုလေး အဆင်ပြေပြေနဲ့ ဒီအတိုင်းလေး နေသွားချင်တာပါ ဒါပေမယ့် ယို့ရောင်က သမီးရဲ့ ညီမလေးပဲကို ဘယ်လိုလုပ် သူ့ကို ဒီလိုကျိန်စာတိုက်ဖို့အထိ အကြင်နာမဲ့တဲ့ လုပ်ရပ်မျိုး လုပ်နိုင်ရတာလဲတကယ်ပဲ သွေးသားစပ်နွယ်မှုတွေကို ထည့်မစဥ်းစားတော့ဘူးလား"
သူက ဒီနေရာအထိပြောပြီး ယူကြုံးမရလွန်းလို့ ဆက်မပြောနိုင်တော့သလိုနဲ့ ကျန်းယို့ရောင်ကိုပဲ ဖက်ထားရင်း မျက်ရည်ကျနေတယ်။ ဒီသားအမိနှစ်ယောက်က အတော်လေး ချည့်နဲ့ သနားချင့်စဖွယ် ပါလား။ ကျီရှုးရန်ရဲ့ နောက်ဆုံးစကားက လူတွေကို သူမကိုယ်ဝန်ပျက်ကျခဲ့တဲ့ အဖြစ်သနစ်ကို ပြန်သတိရသွားစေပြီး ခဏလေးအတွင်းမှာပဲ ဒီသားမိနှစ်ယောက်ဟာ များစွာသောလူအပေါင်းရဲ့ ကိုယ်ချင်းစာနာမှုနဲ့ သနားဂရုဏာတွေကို သိမ်းပိုက်ရရှိသွားတော့တယ်။ သားသမီးရှိတဲ့ အမျိုးသမီးတွေက ကျီရှုးရန်ကို ပိုသနားသွားကြပြီး တစ်ယောက်က တီးတိုးပြောလိုက်တယ်။
"မိထွေးဖြစ်ရတာ မကောင်းဘူးလို့ ပြောကြတာ မအံ့ဩတော့ဘူး ဒီလိုမိန်းမငယ်လေးတစ်ယောက်ရဲ့ ဖိနှိပ်ခံရတာကို သူတော်စင်ဆိုရင်တောင် သည်းခံဖို့ခက်မှာပဲ"
ကျန်းသခင်မကြီးက အတော်မျက်နှာပျက်သွားတယ်။ မွေးနေ့လို အချိန်ကောင်းအခါသမယမှာ ဒီလိုရုပ်ပျက်ဆင်းပျက်အဖြစ်နဲ့ အဆုံးသတ်သွားရတယ်လို့..။ ဒီနေ့ ကျန်းလီက ကျန်းအိမ်တော်တစ်ခုလုံးရဲ့ မျက်နှာကို ထားစရာမရှိအောင် လုပ်လိုက်တာပဲ။ သူမက ကျန်းယွမ်ပိုင်ကို ဝေဖန်မှုအပြည့် အကြည့်တွေနဲ့ လှမ်းကြည့်လိုက်တယ်။ ကျန်းယွမ်ပိုင်သာ အနောက်ဆောင်က ကိစ္စတွေကို သေချာ စိစစ်ထားမယ်ဆို ဒီလိုအရှုပ်တွေ ဖြစ်လာမှာမဟုတ်ဘူး။ကျန်းယွမ်ပိုင်ကလည်း ကျန်းလီကို ငြိုငြင်စွာကြည့်နေတယ်။ ကျီရှုးရန်ရဲ့စကားတွေက သူ့ရဲ့ လိပ်ပြာမလုံမှုတွေကို ပြန်နှိုးဆွပေးလိုက်သလိုပဲ။ ကျန်းလီ အရင်က ဆိုးသွမ်းပြီး ကျီရှုးရန်ကို ကိုယ်ဝန်ပျက်ကျအောင်လုပ်ခဲ့တဲ့ ကလေးက သူ့ကလေးပဲလေ။ အခုလည်း ကျန်းလီက တူညီတဲ့ လုပ်ရပ်ဆိုးတစ်ခု ထပ်လုပ်လိုက်ပြန်ပြီ။ ဒီရက်တွေထဲ ကျန်းလီက သူနဲ့ဆင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှိခဲ့တဲ့ အမြင်ကြည်မှုတွေအားလုံးက ပါးလွှာတဲ့ လေထုထဲ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားပြီ။
သူက မနှစ်မြို့စွာနဲ့ ခက်ထန်စွာပြောလိုက်တယ်။ "နိမ့်ကျတဲ့ မိန်းကလေး အခုထိ ဒူးမထောက်သေးဘူးလား"
သူက စိတ်ပျက်မှုတွေကြီးစိုးလွန်းသွားတော့ ဒီလိုလုပ်ခိုင်းတာရဲ့ နောက်ဖြစ်လာမဲ့ အကျိုးဆက်တွေကိုလည်း မဆင်ခြင် မချင့်ချိန်တော့ဘူး။ ကျန်းလီလို သခင်မလေးတစ်ယောက်ကို ဒူးထောက်ခိုင်းတာက ယန်ကျင်းရဲ့ မျိုးရိုးမြင့်တွေကြားမှာ သိက္ခာကျ မှေးမှိန်သွားစေတယ်။ အနာဂတ်မှာ သူမက ကျန်းအိမ်တော်မှာရှိနေဦးမယ်ဆိုတောင် လက်ထပ်ဖို့ကို မတွေးနဲ့ဦး တခြားသခင်မတွေကြားတောင် ဘယ်တော့မှ မျက်နှာပြရဲတော့မှာ မဟုတ်ဘူး။ ကျန်းယို့ရောင်က ပျော်သွားတယ်။ သခင်မလျူက ဝင်ပြောမလို့ဘဲ ဒါပေမယ့် ကျန်းလီက မျက်ခုံးပင့်ကြည့်ရင်း မေးတယ်။
"ဘာလို့ ဒူးထောက်ရမှာလဲ"
ဘယ်သူမှ သူဒီလို ပြန်ပြောမယ် မထင်ထားကြဘူး။ ကျန်းယွမ်ပိုင်က နေရာတင် ဆွံ့အသွားပြီး လုရှီကအတော် အံ့သြသွားတယ်။ ယန်ရှီကတော့ ကျန်းယွီအာ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားတယ် သူ့သမီး တစ်ခုခုဝင်ပြောပြန်မှာကို စိုးရိမ်နေဟန်နဲ့။
"မင်းရဲ့ စိတ်ဓာတ်က မဖြောင့်မတ်ဘူး ကိုယ့်ညီမကိုတောင် ကျိန်စာပြန်တိုက်တယ် အဖေတစ်ယောက်အနေနဲ့ သေသေချာချာ ကြပ်မတ်ရမှာပဲ ဒူးထောက်စမ်း အခု!"
သူက စိတ်ဆိုးမာန်ဆိုးနဲ့ မာထန်စွာပြောတယ်။ ကျန်းလီက သူ့ကို ပြန်ကြည့်ပြီး သုံးလုံးထဲ ဘောက်ဆတ်ဆတ်နဲ့ ပြန်ပြောတယ်။
"မထောက်ဘူး!"
ဒါက လုံးဝကို မမျှော်လင့်ထားတာပဲ။ တုန်အာက တစ်ကိုယ်လုံး တုန်ယင်နေပေမဲ့ ကျန်းလီရှေ့မှာ ကွယ်ရပ်ပေးထားတုန်းပဲ။ ကျန်းယွမ်ပိုင်က ဘာမှ ပြန်မပြောနိုင်ခင် ကျန်းလီက ထပ်ပြောတယ်။
"သမီးက မလိမ္မာရင် အဖေက ဆုံးမပေးတာ သဘာဝကျပါတယ် ဒါပေမယ့် သမီးကိုယ်တိုင် အမှားလုပ်ခဲ့ပါတယ်လို့ ဝန်မခံရသေးတာတောင် အပြစ်ကပေးချင်နေပြီလား တခြားသူတွေ ဝိုင်းဝန်း ဝေဖန်နေတာကို ကူညီပေးမနေပဲ သမီးကို ယုံပြီးကူညီပေးရမှာလေ!"
ကျန်းလီရဲ့ စကားတွေက အတော်ရိုင်းတော့ ဘေးကလူတွေအကုန် မျက်နှာပူသွားကြတယ်။ ဘယ်သူက လက်ထောက်အကြီးအကဲချုပ်ကို ဒီလိုလေသံနဲ့ပြောရဲမှာလဲ ကျန်းယွမ်ပိုင်က ရုံးတော်ထဲမှာဆို အမြဲပြုံးနေတတ်တာကြောင့် သူက လွယ်လွယ် သိမ်းသွင်းလို့ရတဲ့သူဆိုတာ ဘယ်သူမှ မထင်ထားဘူး။
"ပြန်ခံပြောနေသေးတယ်ပေါ့" ကျန်းယွမ်ပိုင်က ဒေါသကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်နေတယ်။
ကျီရှုးရန်က ခွင့်လွှတ်သလို သဘောထားကြီးသလိုလိုနဲ့ ပြောလာတယ်။
"လီအာ ရှန်းချောင်က သူကိုယ်တိုင် တပ်အပ်မြင်ခဲ့တယ်လို့ ပြောတာတောင် သမီးလုပ်ခဲ့တယ်လို့ ဝန်မခံသေးဘူးလား သမီးအဖေက ဒေါသကြီးတယ် ဆိုရင်တောင် သမီးက သူ့သမီးပဲလေ သူ့စကားနားထောင်ပြီး ခွင့်လွှတ်မှုတောင်းခံရမှာပေါ့ အဲ့ဒါဆို ဒီအကြောင်းကို ဘယ်သူမှ ထပ်ပြောတော့မှာ မဟုတ်ဘူး"
ကျန်းလီက ဟာသတစ်ပုဒ်ကြားလိုက်ရသလို စိတ်ထဲက ကြိတ်ရယ်လိုက်တယ်။ ဘယ်သူမှထပ်ပြောတော့မှာမဟုတ်ဘူးတဲ့လား သေချာပေါက် ဘယ်ဟုတ်မလဲ အဲ့လိုသာ ဝန်ခံလိုက်လို့ကတော့ သူ,ကျန်းလီက ဘယ်တော့မှ သူ့ရဲ့နာမည်ဆိုးကြီးကို ဖယ်ရှားနိုင်မှာ မဟုတ်တော့ဘူး။ သူက အဲဒါကို သိပ်အာရုံမစိုက်ပေမဲ့ သနားစရာ တကယ့် ဒီခန္ဓာကိုယ်ပိုင်ရှင် ကျန်းလီအစစ်ကတော့ လက်ခံနိုင်မှာ မဟုတ်ဘူး။
ကျန်းလီက ပြောတယ်။
"ကျွန်မလုပ်ခဲ့ရင် လုပ်ခဲ့တယ်လို့ ဝန်ခံလိုက်မယ် မလုပ်ခဲ့ရင်တောင် နဂိုထဲက လူတိုင်းက ကျွန်မကို မကောင်းတဲ့သူအဖြစ်မြင်နေကြတာကို အခွင့်ကောင်းယူပြီး တစ်ယောက်ယောက်ကတမင်တကာ ကျွန်မကို သိက္ခာချချင်နေတာပဲ.. ဒီနေ့ ဒီနေရာမှာ ပြောလိုက်မယ် အဲ့ကိစ္စက ကျွန်မလုပ်ခဲ့တာ လုံးဝ မဟုတ်ဘူး ဒီမှာရှိနေတဲ့ လူတစ်ယောက်ယောက်များ ယုံပေးနိုင်မလား"
လူတိုင်းက သူ့ကိုကြည့်လိုက်တယ်။ မိန်းကလေးက နူးညံ့ယဥ်ကျေးစွာ သိမ်သိမ်မွေ့မွေ့နဲ့ မေးလိုက်တာ ဆိုပေမဲ့ သူ့မျက်ဝန်းထဲမှာတော့ ဇွဲနပဲကြီးစွာ ခေါင်းမာမှုတွေကို အတိုင်းသား မြင်နေရတယ်။ ဧည့်သည်တွေ အားလုံး အကြည့်လွှဲကာ တိတ်ဆိတ်နေကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကျန်းမိသားစုရဲ့ အရေးပြဿနာပဲမို့ ဘယ်သူမှ ဝင်မပါချင်ကြဘူး။
ကျန်းသခင်မကြီးက ကျန်းလီရဲ့ စိတ်ထဲ ဘာတွေးနေလဲဆိုတာ ဝေခွဲမရတဲ့ ပုံနဲ့။ ကျန်းယွမ်ပိုင်က အတော် ဒေါသလည်းထွက် နောင်တလည်း ရနေတယ်။ ဟိုသားအမိနှစ်ယောက်ကလည်း အပီအပြင် အငိုခန်းကို သရုပ်ဆောင်နေကြတုန်းပဲ။
အနောက်က ကျန်းပင်းကျီက မနှစ်မြို့သလို ကြည့်နေပြီး ကျန်းယွိယန်က ငြိမ်နေတယ်။ ကျန်းယွီအာက သိပ်ဂုဏ်ယူနေဟန်နဲ့ ယန်ရှီကတော့ အကြည့်လွှဲထားပြီး လုရှီက အခုထိ ပြဇာတ်ကြည့်နေသလို အမူအရာနဲ့ ရှိနေတုန်းပဲ။ ကျန်းယွမ်ဖျင်က ပြုံးပြီးကြည့်နေရင်း နံရံဖြစ်သွားသလို ဟန်ဆောင်ထားတယ်။ ကျန်းယွမ်ရှင်းကတော့ သူဘာမှမမြင်မကြားခဲ့ရသလို ခေါင်းကို မြေကြီးထဲဝင်မတတ် ငုံ့ထားတယ်။ ကျန်းကျင်းယို့နဲ့ ကျန်းကျင်းရွဲ့တို့ နှစ်ယောက်ကလည်းတစ်ခုခု တီးတိုးပြောနေသလိုနဲ့ ကျန်းလီစကားကို မသိချင်ယောင်ဆောင်နေတယ်။
တကယ် မကြားစရာလား ယေဘုယျအားဖြင့် ကိုယ့်လုံခြုံမှုအတွက် အခြားသူရဲ့ ကိစ္စတွေထဲ ဝင်မပါချင်လို့ အပြင်ဘာရှိဦးမှာလဲ ကျန်းလီက အယောက်စီတိုင်းကို သေချာကြည့်ပြီး သူ့အပြုံးက တစ်စတစ်စ လှောင်ပြောင် သရော်ဟန် ဖြစ်လာတယ်။
ကြီးမားလှတဲ့ ကျန်းအိမ်တော်ကြီးထဲက ရေထက်သွေးက ပိုပျစ်ပါတယ်ဆိုတဲ့ ဆွေမျိုးတွေ အားလုံးထဲမှာ တကယ့် တကယ်တော့ သူမဘက်ရပ်တည်ပေးပြီး ယုံပေးတဲ့သူ တစ်ယောက်တစ်လေတောင် မရှိဘူးပဲ။
ကျန်းသခင်မလေး ၂ ကတကယ် သနားစရာပါလား...ဟူး
ကျန်းလီက သက်ပြင်းချလိုက်တယ်။ ဒီတစ်ကြိမ်တော့ အဲ့သက်ပြင်းက သူ့အတွက်လား တကယ့် ကျန်းလီအစစ်အတွက်လားဆိုတာ ဘယ်သူမှ မသိဘူး။
Telegram မှာ အပိုင်း ၉၉အထိ ရောက်ပါပြီနော်။