အခန်း (၂၅)
ကျန်းလီက သူစောင့်ကြည့်ခံရတာကို သတိမထားမိဘူး။ တုန်အာက အပေါင်ဆိုင်ကပြန်လာတော့ သူမက ခေါင်းခါပြီး ပြောတယ်။
"ဒီအစေခံပေါင်ထားခဲ့တဲ့ ကျောက်စိမ်းပိုင်းလေးကို တစ်ယောက်ယောက်က ပြန်ရွေးယူသွားပြီတဲ့ ဒါပေမယ့် ဒီအစေခံက အဲ့မှာအရမ်းလှတဲ့ ကျောက်စိမ်း ဆွဲပြားလေးတွေ့လို့ မမလေးအတွက် ဝယ်လာလိုက်တယ်" သူက ပြောပြီးတာနဲ့ ကမ်းပေးလိုက်တယ်။
တုန်အာရဲ့လက်ထဲက ဆွဲပြားရဲ့အရည်အသွေးက သာမန်လောက်ပဲ...ရှန်းချောင်က အိမ်တော်မှာနေ့တိုင်း အရည်အသွေးမြင့်တဲ့ ပစ္စည်းကောင်းတွေကိုပဲ တွေ့ခဲ့ရတော့ ဒီကျောက်စိမ်းပြားက ဘာမှ ထူးထူးခြားခြား မရှိဘူး။ ဒါပေမယ့် ထူးခြားတာ တစ်ခုပြပါဆို အဲ့အပေါ်မှာ ခပ်ဝဝရက်ကွန်းတစ်ကောင်ကို ပုံဖော်ထားပြီး ထွင်းထားတာက လက်ရာအတော်ကောင်းတယ်။ သေသပ်လှပပြီး တကယ် အသက်ဝင်နေသလိုပဲ။
ရှန်းချောင်က တစ်ချက်ပဲ ကြည့်ပြီး အကြည့်လွှဲသွားတယ်။ ဆန့်ကျင်ဘက်က ကျန်းလီကတော့ အဲ့ဒါ အပေါ် အကြည့်မလွှဲနိုင်ပဲ သူက မခွဲနိုင်မခွာရက် ဖြစ်နေသလိုနဲ့ သူမက ပြောလိုက်တယ်။
"ဒါက တကယ် လှတာပဲ"
"မမလေး ကြိုက်မယ်ဆိုတာ ဒီအစေခံက သိသားပဲ မမလေး အရမ်းကြိုက်တယ် ဆိုရင် မမလေးပဲ ကိုင်ထားလိုက်တော့လေ"
ကျန်းလီက မငြင်းဘဲကိုင်ထားလိုက်တော့တယ်။ ရှန်းချောင်က ဒါကိုတွေ့တော့ သူ့စိတ်ထဲ ကြိတ်လှောင်လိုက်တယ်။ ကျန်းလီက တကယ့်ကို တောင်ပေါ်မှာ ၈နှစ်လောက်နေခဲ့ရတဲ့ တောသားငနုံပဲ ဘာမဟုတ်တဲ့ အသုံးမကျတဲ့ဟာလေးကို သဘောကျနေတယ်။
သူတို့ ဖန်ဖိန်းခြံဝန်းထဲပြန်ရောက်တော့ ညနေတောင် စောင်းနေပြီ။ ရှန်းချောင်ကတော့ ဘယ်တုန်းကတည်းကမှန်းမသိ အငွေ့လို လှစ်ခနဲ ပျောက်သွားတယ်။ သေချာပေါက် သူမ ကျီရှုးရန်ဆီ အပြေးအလွှားသွား တင်ပြမှာကို ကျန်းလီက ခန့်မှန်းမိတယ်။ တုန်အာက အခန်းထဲမှာ ဘယ်သူမှမရှိတော့မှ တံခါးပိတ်လိုက်ပြီး ကျန်းလီအတွက် အခါးရည်တစ်ခွက်ငှဲ့ပေးပြီးမှ တိတ်တဆိတ် မေးခွန်းထုတ်တယ်။
"မမလေး ဘာလို့ ဒီအစေခံကို အဲ့ကျောက်စိမ်းပြားကို သွားပြန်ရွေးစေချင်ခဲ့တာလဲ ဘယ်သူ့ဟာမို့လို့လဲ တစ်ခုခု ထူးခြားတာ ရှိလို့လား"
သူတို့ကချင်ချန်းတောင်ပေါ်မှာထဲက အချိန်အကြာကြီး တစ်ယောက်နဲ့ တစ်ယောက် မှီခိုအားထားလာကြတာ သူတို့ရဲ့ ဆက်ဆံရေးက သာမန်သခင်နဲ့အစေခံ ဆက်ဆံရေးထက် နက်ရှိုင်းတယ်။ တုန်အာက ကျန်းလီနဲ့ ပက်သက်တဲ့ဘယ်အရာမဆို ကောင်းကောင်းကြီး သိခဲ့တာ ဒါပေမယ့် ဘယ်အချိန်ကမှန်းမသိ တုန်အာတောင် ကျန်းလီရဲ့ အပြုအမူတွေရဲ့ နောက်ကွယ်က ဆိုလိုရင်းကို မသိတော့ဘူး။ဥပမာ ဒီနေ့လိုမျိုးပေါ့...
သူတို့ မသွားခင် ကျန်းလီက အဲ့ကျောက်စိမ်းပြားကို ဘယ်နည်းနဲ့မဆို ပြန်ရွေးဖို့ သူမကို ကူညီပေးဖို့ တုန်အာကို ပြောခဲ့တယ်။ 'ကျီရှန်းလို့' အရှေ့မှာ သူပြောခဲ့တာတွေ အကုန် ကျန်းလီသင်ပေးခဲ့တာချည်းပဲ...ဘာကိုအမေ့ရဲ့ပစ္စည်းလဲ..အလကား အကုန် လိမ်ဆင်တွေချည်းပဲ။
ကျန်းလီက ပြုံးပြီး သူမကို ချီးကျူးတယ်။
"နင် ဒီနေ့ တကယ် ကောင်းကောင်း လုပ်ခဲ့တယ်"
ကျောက်စိမ်းဆွဲပြားလေးကို ပွတ်သပ်နေရင်း သူကပြောတယ်။
"ဒါက မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ဟာပါ...အခုတော့ အဲ့မိတ်ဆွေဟောင်းက မရှိတော့ဘူး"
တကယ်တော့ အဲ့ကျောက်စိမ်းပြားလေးက ရွှီဖုန်းဖေးမွေးတုန်းက သူ့အဖေ ရွှယ့်ဟွိုင်ယွမ်ကိုယ်တိုင်ထွင်းပေးခဲ့တာ ဖြစ်တယ်။
သူ မမွေးခင်မှာ သူ့အဖေက အိပ်မက်တစ်ခု မက်ခဲ့တယ်။ အဲ့အိပ်မက်ထဲမှာ ရက်ကွန်းတစ်ကောင်က သူတို့မိသားစုတံခါး အရှေ့လာပြီး လေးလေးနက်နက် ဦးညွှတ်သွားခဲ့တယ်။ အဲ့လိုမက်ပြီး သူမကို မွေးခဲ့တဲ့အချိန်မှာ အဖေက ယင်ယန် ဆရာကြီး တစ်ယောက်ကို သူမရဲ့ ကံဇာတာကို ကြည့်ပေးဖို့အတွက် ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ ဆရာကြီးက သူမရဲ့ဘဝက ရစရာမရှိအောင် ညှိုးနွမ်းခြောက်သွေ့နေပြီး ပြိုလဲလိမ့်မယ် ဆိုးလွန်းတဲ့ကံကို ခံစားရမဲ့ မိန်းမလှလေးဖြစ်လာမယ်လို့လည်း ဟောရော အမြဲတစေ တည်ငြိမ်ဖြောင့်မတ်တဲ့ ရွှယ့်ဟွိုင်ယွမ်တစ်ယောက် ဒေါသပုန်ထပေါက်ကွဲကာ ဆရာကြီးကို နီးရာတုတ်ကောက်ဆွဲပြီး ချတော့တာပဲ။ ဆရာကြီး ခမျာ မနည်းအသက်လုပြေးသွားရတယ်။ သူ့ပါးစပ်ကသာ မယုံဘူး ပြောနေပေမဲ့ ရင်ထဲမှာတော့ မှတ်ထားခဲ့တယ်။ သူ အနီးအဝေးက ရပ်ဆွေရပ်မျိုးတွေပြောသံကြားတာတော့ ကံဇာတာ မကောင်းတဲ့လူတွေကို အညတရ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင်ကို ခေါ်တဲ့နာမည်မျိုးခေါ်တာ အကောင်းဆုံးပဲတဲ့ ဒါမှ မကောင်းဆိုးဝါး မိစ္ဆာတွေက အဲ့နာမည်ကြားလည်း ဒီအရေးမပါတဲ့ အသက်ကို ရမယ်မရှာတော့မှာတဲ့။
နောက်ဆုံးတော့ သူက သူ့သမီးကို ရွှီဖုန်းဖေးလို့ခေါ်မဲ့အစား ငယ်နာမည်အဖြစ် အကောင်တစ်ကောင်ကောင်ရဲ့ နာမည်လိုမျိုး အားလီ လို့ပဲတိုက်ရိုက်ခေါ်ခဲ့တယ်။
ရွှယ့်ဟွိုင်ယွမ်က နှစ်ဝက်လောက် သူ့လစာတွေကိုစုထားပြီး လှည့်လည်သွားလာနေတဲ့ ကုန်သည်တစ်ယောက်နဲ့ တွေ့တဲ့အခါ သူ့လက်ထဲကကျောက်စိမ်းကို ဝယ်ခဲ့လိုက်တယ် အဲ့ဒါက သိပ်တော့ မကုန်ကျလိုက်ဘူး။ပြီးတော့ သူက ကိုယ်တိုင်ကိုယ်ကျ ဆရာတော်ကြီး တစ်ပါးဆီသွားကာ သိဒ္ဓိတင်စေပြီး သူကိုယ်တိုင် ရွှီဖုန်းဖေးရဲ့ဘဝမှာ အားလုံးအဆင်ပြေလွယ်ကူအောင် ဆုတောင်းရင်း အဆောင်လေးအဖြစ် ဒါလေးကို ထွင်းပေးခဲ့တာဖြစ်တယ်။
အဲ့ဒါလေးက ယန်ကျင်းရောက်တဲ့အထိ သူမကိုအဖော်ပြုပေးခဲ့ပြီး ရှန်းယွီရုန်က ထိပ်ဆုံးဂုဏ်ထူးနဲ့ အရာရှိဖြစ်သွားပြီးနောက် သူက လူမှုရေးအရ တခြားအရာရှိတွေနဲ့ အပြန်အလှန်ပေးကမ်း ဆက်ဆံဖို့ လိုတယ်။ ဒါပေမဲ့ ရှန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေက သိပ်မရှိတော့ ရွှီဖုန်းဖေးက သူတို့လက်ထပ်တုန်းက သတို့သားအိမ်ဘက်ကိုပေးခဲ့ရတဲ့ အသွင်းလက်ဆောင်ပဏာတွေ အားလုံးကို ထုတ်ပေးခဲ့တယ်။ အရမ်းခက်ခဲခဲ့တဲ့ အချိန်မှာ အဲ့ကျောက်စိမ်းပြားလေးကို ပေါင်နှံပစ်ခဲ့ရတယ်။
သူမက အိမ်အခြေအနေပြန်ကောင်းသွားမှ အဲဒါလေးကိုပြန်ရွေးဖို့ ရက်အနည်းငယ်လောက်စောင့်ခဲ့တယ်။ ဒါပေမယ့် ဘယ်သူက သိမှာလဲ မွေးနေ့ပွဲကကိစ္စကြီး ဖြစ်သွားပြီးနောက် သူမမှာ အပြင်တောင် မထွက်ရဲတော့ဘဲ စိတ်ဆင်းရဲနေခဲ့ရပြီး အဲဒါကို ပြန်တောင်မရွေးလိုက်ရဘဲ ဆုံးပါးသွားခဲ့ရတယ်။
တုန်အာကကျန်းလီဘာတွေ တွေးနေမှန်း မသိပေမယ့် သူမရဲ့ အမူအရာတွေက တော်တော်လေး အဖော်မဲ့ ညှိုးငယ်နေတာကြောင့် သူမက စိုးရိမ်စွာနဲ့ ထုတ်ခေါ်မိသွားတယ်။
"မမလေး"
ကျန်းလီက သူ့မှုန်မှုန်မှိုင်းမှိုင်း ပုံစံကိုပြန်ပြင်လိုက်ရင်း ပြုံးပြီး ပြောတယ်။
"ငါ့မိတ်ဆွေက ဒီလောကကြီးထဲမှာ မရှိတော့ရင်တောင် ငါကတော့ ရှိနေတုန်းပဲလေ"
ရွှီဖုန်းဖေးက မရှိတော့ဘဲ ဒါလေးကိုပြန်မရွေးနိုင်ခဲ့ပေမဲ့ ကျန်းလီကတော့ ရှင်သန်နေဆဲဖြစ်ပြီး ပြန်ရွေးယူနိုင်ခဲ့တယ်။
ရွှီဖုန်းဖေးရဲ့ ငယ်နာမည်က အားလီ ဖြစ်ပြီး အခုကျန်းလီရဲ့ လီနဲ့ အတူတူပဲ။ဒါကြောင့်ပဲ ဒီဆန်းကြယ်တဲ့ ကံကြမ္မာက သနားစရာကောင်းတဲ့ သူမကို ယန်ကျင်းကို ပြန်လာဖို့ ကျန်းလီရဲ့ နေရာကို အစားထိုးအဖြစ်နဲ့ လုပ်ပေးလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
ကျန်းလီ ကျန်းလီ ဒီနာမည်က သိပ်တော့မကောင်းပေမဲ့ အရင်ရွှီဖုန်းဖေး တုန်းကလည်း ကြွယ်ဝချမ်းသာတဲ့ စည်းစိမ်အပြည့်ဘဝကို မရခဲ့ဘူး။ ရှင်းပါတယ် နောက်ဆုံးတော့ ကံဆိုတာကလည်း ကိုယ့်ဘာသာလုပ်ယူရတာပါပဲ။
တုန်အာက ကျန်းလီပြုံးတော့မှပဲ စိတ်သက်သာရာရသွားခဲ့တယ်။ သူက တစ်ခုခုကို ပြန်တွေးလိုက်ပြီးပြောတယ်။
"ရှုရှို့(ကျီရှုးရန်ရဲ့ အဆောင်)က အစေခံနှစ်ယောက်က သူတို့အလုပ်ကို စိတ်မရှုပ်တော့ဘူး ထင်တယ် ဒီနေ့ အပြင်က လှည်းကျင်းဖို့ သန့်ရှင်းရေးမိန်းကလေးတွေလာပေမဲ့ သူတို့က အလုပ်ကို အချောင်ခိုကြတယ်... မမလေး သူတို့ကို ဒီတိုင်း လွှတ်ထားလို့တော့မရဘူးလေ သခင်မကျီက ဂရုမစိုက်ဘူး သခင်ကြီးကလည်း အနောက်ဆောင်က ကိစ္စတွေကို ဝင်မပါဘူးဆိုရင်လည်း ကျန်းသခင်မကြီးကတော့ အရေးစိုက်လောက်ပါတယ် ဟုတ်တယ်မလား"
ကျန်းလီက ခေါင်းခါပြီးပြောတယ်။
"ငါက သူနဲ့ သိပ်တောင် ရင်းနှီးတာမဟုတ်ဘူး...သူဒါကိုဖြေရှင်းပေးရင်တောင် ခဏတာပဲ ရမယ် တစ်သက်လုံးတော့ မဟုတ်ဘူး။ ဆိုတော့ ဒါကို ငါ့ဘာသာ ဖြေရှင်းတာကပိုကောင်းမယ်"
ကျန်းသခင်မကြီးက အာဏာရှိပြီး လုပ်နိုင်စွမ်းရှိတယ်။ ငြိမ်ငြိမ်လေးနေပြီး စကားနားထောင်တာလောက်နဲ့တော့ သူ့အရေးပေးမှုကို ရနိုင်မှာမဟုတ်ဘူး။ အဲ့ဒါအပြင် ကျန်းလီက တစ်ကြိမ် သူမနှလုံးသားကို အေးစက်သွားအောင်လုပ်ခဲ့ပြီးပြီ။ သူမကသာ ကျန်းလီကို စိတ်ပျက်နေတုန်းဆို ဘယ်သူ့ဘက်ကို ပိုအရေးပေးမလဲဆိုတာ မသိနိုင်ဘူး။
တုန်အာက ဒါကိုကြားတော့ သိချင်စိတ်ပြင်းပြစွာနဲ့ အမြန်မေးလာတယ်။
"မမလေးက ဘယ်လိုလုပ်ဖို့ စီစဥ်ထားလို့လဲ"
သူတို့ချင်ချန်းတောင်ပေါ်မှာရှိစဥ် ကျန်းလီက မြို့တော်ကိုပြန်လာဖို့ အကွက်ကျကျ စီစဉ်ပြီးထဲက တုန်အာက သူမအပေါ် အကြွင်းမဲ့ ယုံကြည်သွားတာဖြစ်တယ်။
"ဒီတလောအတွင်း ယွမ်ရွှမ်းအရှေ့မှာ ငါကဘယ်လောက် ရှန်းချောင်ကို ဆုချပေးကမ်းလိုက်သလဲဆိုတာ တတ်နိုင်သလောက် များများ ကိုယ့်ဘာသာရေရွတ်နေသလိုမျိုး ပြောပေး ကျီရှုးရန်ပေးလိုက်တဲ့ သေတ္တာထဲက တစ်ဝက်ကျော်ကျော် သူ့ကိုပေးပစ်လိုက်တဲ့အကြောင်း"
"မမလေးက သူတို့နှစ်ယောက်ကို ရန်တိုက်ပေးမလို့လား" တုန်အာက ချက်ချင်းဘဲ ထက်ထက်မြက်မြက်နဲ့ မေးတယ်။
"အစကတည်းက သူတို့နှစ်ယောက်က ရင်းနှီးတာမဟုတ်ဘူး အဲ့တော့ ကုန်းချောပေးဖို့က အလွယ်လေးပဲ"
ကျန်းလီက သဘောတကျရယ်လိုက်ပြီး
"ငါက သူတို့ကို စာမေးပွဲ အသေးစားလေးပေးလိုက်ရုံပါ"
စမ်းသပ်မှုလေးတစ်ခု...နိုင်သွားရင် သူတို့ အရင်လိုပဲ သင့်သင့်မြတ်မြတ်နေနိုင်မှာပေါ့။ အကယ်လို့ ရှုံးသွားမယ်ဆိုရင်တော့ ကစားပွဲတစ်ခုလုံး ရှုံးသွားမှာပဲ။
..............................
ကျီရှုးရန်ရဲ့ ရှုရှို့အဆောင်အတွင်း>>>
ရှန်းချောင်က အခန်းလယ်ရှိ ကျန်းယို့ရောင်ရဲ့ စာရေးခြင်းအမှုလေ့ကျင့်နေတဲ့ စားပွဲနဲ့မျက်နှာချင်းဆိုင်မှာ ရပ်နေတယ်။ ကျန်းယို့ရောင်ရဲ့ အမူအရာကတော့ အသိအသာ သတိလစ်ဟင်းပြီး ငေးမောနေတယ်။
ကျီရှုးရန်က မေးတယ်။ "ပတ္တမြား ဦးရစ်တန်ဆာ"
"ဟုတ်ပါတယ် 'ကျီရှန်းလို့'က ငွေတုံး၄၀၀တန် ပတ္တမြားဦးရစ်တန်ဆာပါ..ဒီအစေခံက ကိုယ်တိုင်ကိုယ်ကျ တွေ့ခဲ့တာပါ" ရှန်းချောင်က ပြောတယ်။
"ငွေတုံး၄၀၀လောက်ဘဲ ရှိတဲ့ဟာကို ဘာဂရုစိုက်စရာလိုလဲ" ကျန်းယို့ရောင်က မတူမတန်သလို မထီမဲ့မြင်နဲ့ ခပ်ရွံရွံပြောတယ်။
"အဲ့ဒါက အဲ့လောက်တန်ဖိုးမရှိပေမဲ့ သူမကို မျက်နှာတော့မပျက်စေဘူးလေ.."
ကျီရှုးရန်က ရေရွတ်နေတယ်။
"အဲ့လောက်ပမာဏက သေချာပေါက် ဒုတိယမိသားစုက နင့်ဝမ်းကွဲအစ်မတွေ ပို့လောက်မဲ့ဟာနဲ့ အတူတူပဲ"
ဒါကြောင့် သူမက လက်ဆောင်ရွေးတဲ့နေရာမှာ အမှားမလုပ်ခဲ့ဘူးလို့ ဆိုလို့ရတယ်။ ဒါကိုကြားတော့ ရှန်းချောင်က စိတ်ထဲက တွေးလိုက်တယ်...ဒီပုံအတိုင်းဆို သခင်မကျီက ဆံထိုးသဘင်အခမ်းအနားမှာ ကျန်းလီကို ပြဿနာ တစ်ခုခုရှာဖို့ လုပ်ထားတဲ့ ပုံပဲ။
"အမေ ဒါဆိုလည်း ဘာလို့ သူ့ကို အချိန်ကောင်းလေးပေးထားတာလဲ"
ကျန်းယို့ရောင်က သူ့စုတ်တံကိုချလိုက်ပြီး ကျီရှုးရန်ကို အလောတကြီးကြည့်လိုက်တယ်။
"သူပြန်ရောက်တဲ့ရက်တွေအတွင်းမှာ လျူယွမ်ဖုန်းကလည်း စောင့်ရှောက်ပေးတယ်..နင့်အဖေကလည်း သူ့အတွက်စိတ်မကောင်းဖြစ်ပေးတယ်...ဒါပေမယ့် ဘာပဲဖြစ်ဖြစ် လူတွေသူမကို မုန်းတီးစက်ဆုပ်အောင် လုပ်ဖို့က လွယ်ပါတယ်"
"ဘယ်လိုမျိုးလဲ" ကျန်းယို့ရောင်ရဲ့ အကြည့်တွေက တဖြတ်ဖြတ်လက်သွားတယ်။
"မမေ့နဲ့ဦး သူ့မှာ ဟိုကိစ္စနဲ့ပက်သက်တဲ့ အမည်းစက်ကြီးရှိနေသေးတယ်...အဲ့ဒါက ဘယ်လိုလုပ် လွယ်လွယ်နဲ့ ချေဖျက်လိုက်လို့ရမှာလဲ ကြာပြီဆိုတော့ လူတွေလည်း မေ့လောက်ပြီဆိုပေမဲ့ ပြန်မှတ်မိသွားတဲ့အချိန်ကျရင်တော့ သူ့အတွက် လွတ်လမ်းမရှိတော့ဘူး.."
ကျီရှုးရန်က ကောက်ကျစ်စွာ မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်တယ်။
"ယန်ကျင်းက မျိုးရိုးမြင့်တွေ သည်းမခံနိုင်တဲ့ အမုန်းဆုံးက ညစ်ပတ်တဲ့ရွှံ့ပေသွားမှာကိုပဲ"
သူမကိုတည့်တည့် ကြည့်နေတဲ့ ကျီရှုးရန်ကို တွေ့တော့ ရှန်းချောင်ရဲ့ နှလုံးက တစ်ချက် ခုန်လှုပ်သွားတယ်။
Telegram မှာ အပိုင်း ၈၇အထိ ရောက်ပါပြီနော်။
3/3/2024 ကနေ 6/3/2024အထိ ပိုရိုမိုးရှင်း ရှိပါတယ်။