အခန်း (၂၂)
ကျန်းကျင်းရွဲ့က ၁၀၀ ရာခိုင်နှုန်းသူ့အမေလုရှီနဲ့ တူပေမဲ့ လိမ္မာပါးနပ်တာကတော့ ကွက်ကျန်ခဲ့တယ်ထင်တယ်။ ကျန်းလီက ဘာမှတောင်မပြောရသေးပေမဲ့ သူကတော့ ဘွင်းဘွင်းရှင်းရှင်းကို ထုတ်ပြောပစ်လိုက်ပြီ။
"ဘာလို့ အရင်ကနဲ့ယှဥ်ရင် တခြားသူတစ်ယောက်လိုပြောင်းလဲသွားသလို ဖြစ်နေတာလဲ ပြီးတော့ စကားကိုလဲ နွေးနွေးထွေးထွေးလေး ပြောနေသေးတယ် ကသိကအောက်ဖြစ်လို့သေတော့မယ်! အစိမ်းရောင်ကြီးဝတ်ထားတာက နင့်ကိုယ်နင် ကြက်သွန်မြိတ်ထင်နေလို့လား နင်အရင်ကလို မဟုတ်တော့ဘဲ အရမ်းပိန်သွားတာပဲ ပြီးတော့ ဒီအဝတ်အစားစတိုင်ကရော ဘယ်ကရှာလာတာလဲ
ကျွတ် ကျွတ်ကျွတ် နင်က ဂုဏ်သရေရှိသခင်မလေးဆိုတာ မသိတဲ့သူတွေကတော့ နင့်ကို သီလရှင်လို့ထင်နေတော့မှာပဲ။ဘာလဲ ထာဝရရှင်သန်သူတွေဘာတွေ ဖြစ်ချင်လို့လား"
နောက်တော့ သူကနောက်ဆုံးတစ်ခွန်းကို ကျန်းလီကို အပေါ်အောက်စုံဆန်ကြည့်ကာ အကဲဖြတ်နေရင်း ထပ်ပြောတယ်။ "ထင်ထားတဲ့အတိုင်း ဘုရားကျောင်းက မကောင်းတဲ့နေရာဘဲ လူကောင်းတွေကိုပြောင်းလဲအောင်လုပ်ခိုင်းပြီး သူတို့ တကယ်ဘဲ ပြောင်းလဲသွားတာပဲ"
ကျန်းလီ: ""
သူမခမျာ ရယ်ရမလို ငိုရမလိုဖြစ်သွားရှာတယ်။ ကျန်းကျင်းရွဲ့ရဲ့ အခုလို ရင်းရင်းနှီးနှီးပုံကို ကြည့်ပြီး သူမက ကြိုးစား ခေါ်လိုက်တယ်။
"ကျန်း...ကျင်းရွဲ့"
သူကဒါကိုကြားတော့မှ စိတ်သက်သာရာရသွားသလိုနဲ့ "ဒါကမှ မှန်တာ! အခုနက ဝမ်းကွဲအစ်ကိုလို့ခေါ်လိုက်တုန်းက ငါ့တစ်ကိုယ်လုံး ကြက်သီးတွေ ထသွားတာ.."
ကျန်းလီက သူမဘာသာတွေးလိုက်တယ်။ အရင်ကျန်းလီက ဒီအစ်ကိုဝမ်းကွဲနဲ့တော့ ဆက်ဆံရေးမဆိုးပုံပဲ သီးသန့်ရှိနေချိန်မှာဆို တစ်ယောက်နဲ့တစ်ယောက် နာမည်တောင် တပ်ခေါ်ကြတာဆိုတော့ ကျန်းကျင်းရွဲ့ရဲ့ ဘာအကြံအစည်မှမရှိဘဲ ဆူညံတွတ်ထိုးတတ်တဲ့ပုံကြည့်ရတာ အရင်ထဲက ကျန်းလီရဲ့ အပေါင်းအဖော်ဖြစ်လိမ့်မယ်။
ကျန်းကျင်းရွဲ့က လက်ပိုက်ပြီးပြောတယ်။
"ငါက ဒီတစ်သက်တော့ နင့်ကိုထပ်မတွေ့ရတော့ဘူးလို့ ထင်ထားတာ။ မမျှော်လင့်ဘဲ ဦးလေး၁က အဲ့လောက်နှလုံးသားမမဲ့ဘဲ နင့်ကို အိမ်ပြန်ခေါ်ခဲ့တာ"
"စိတ်ပူပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်"
သူမက အပြုအမူကို ပုံမှန်အတိုင်း ဖြစ်အောင် တတ်နိုင်သလောက် ကြိုးစားနေပေမဲ့ အဲ့ 'ပုံမှန်'ဆိုတာကြီးက ကျန်းကျင်းရွဲ့ကို ဆိုးဆိုးရွားရွား ကသိကအောက်နဲ့အနေရခက်စေတယ်။
ဒါပေမဲ့ သူက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလာတယ်။
"ဒါပေမယ့် နင်သတိတော့ မလျော့နဲ့ဦး အချိန်ရရင်လဲ ဦးလေး၁ဆီသွားပြီး သူ့အကြိုက် လိုက်ပြီး နေပေးလိုက်...နင်ပြန်လာတာ ငါကသာ အခုမှ သိတာ ငါ့သူငယ်ချင်းတွေရော ယန်ကျင်းတစ်မြို့လုံးကရော သိတယ်။ သူတို့တွေအကုန် နောက်ကွယ်မှာနင်က ရက်စက်ယုတ်မာတယ်ဆိုပြီးပြောနေကြတာ ငါကြားခဲ့တယ်။ အဲ့တော့ ထပ်ပြီး ကန်အထုတ်မခံချင်ရင် နည်းနည်းလောက် ဦးနှောက်လေးသုံးသင့်တယ်..."
ကျန်းလီက တိတ်ဆိတ်နေတုန်းပဲ။ ကျန်းကျင်းရွဲ့က ကျန်းလီနဲ့ ကောင်းတဲ့ ဆက်ဆံရေးရှိသလို ယူဆခဲ့ပေမဲ့ အခုတော့ သူက ဘာမှမလုပ်ပဲထိုင်ကြည့်နေရတာကို စိတ်ကုန်သွားတဲ့ပုံနဲ့ သူမက သူ့ဘက်မှာ ဒီလို လူတစ်ယောက်ရှိတာကလည်း အဆိုးထဲက အကောင်းဆိုသလိုမျိုး နည်းနည်းတော့ ခံစားလိုက်ရတယ်။ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဟုတ်လား မဟုတ်လား မသိပေမယ့် သူက သူ့ကိုယ်သူ အရမ်းထက်မြက်တယ်ထင်ပြီးအဲ့မှာ ဂုဏ်ယူသလိုလို ရပ်နေတဲ့ ပုံက ရယ်စရာကောင်းပြီး ရှက်ဖို့လည်းကောင်းတယ်လို့ ကျန်းလီကို ခံစားရစေတယ်။ကျန်းကျင်းရွဲ့က အနောက်က အဝေးတစ်နေရာကို အကြည့်ပို့လိုက်တော့ အပန်းဖြေဆောင်လေးထဲမှာ ကျန်းယို့ရောင်တို့က ရှိနေတုန်းပဲ။ သူက မေးတယ်။
"ဟေ့ နင်အခုဘဲ အဲ့ကထွက်လာတာ သူတို့ကနင့်ကို အခက်အခဲတစ်ခုခု ဖြစ်အောင်လုပ်လို့လား"
"မဟုတ်ပါဘူး ဒီတိုင်း စကားနည်းနည်းပြောခဲ့တာပါပဲ"
သူက သိချင်စိတ်ပြင်းစွာနဲ့မေးပြန်တယ်။
"သူတို့ ဘာပြောလဲ"
"ရက်နည်းနည်းအတွင်း ညီမလေး ၃ရဲ့ ၁၅နှစ်ပြည့် မွေးနေ့ ရှိပြီး သူက ငါ့ကို လက်ဆောင်ပေးဖို့ မမေ့ဖို့ပြောတာ"
ဒါကိုကြားတော့ သူကလှောင်ပြီးပြောတယ်။ "၁၅နှစ်ပြည့် မွေးနေ့လက်ဆောင် ဟမ့် သူ့ကိုယ်သူ တကယ် မင်းသမီးလို့ ထင်နေတာပဲ"
ပြီးတော့သူက မခံချိမခံသာဖြစ်ပြီးမကျေမနပ်ဖြစ်စွာနဲ့ စိတ်မရှည်တော့ဘဲ ကျန်းလီကို လက်ညှိုးထိုးလျက်
"နင်ကရော သူ့စကားတွေရဲ့ အဓိပ္ပာယ်ကို မခန့်မှန်းမိဘူးလား"
"ဘာကိုလဲ"
ကျန်းလီက ရှုပ်ထွေးသွားတယ်။
"အိုင်းယား.."
သူက မုတ်ဆိတ်ဖြူရှိတဲ့ပညာရှိအဖိုးကြီးလိုလိုနဲ့ သက်ပြင်းချရင်းဆိုတယ်။
"ကျန်းယို့ရောင်ရဲ့ ၁၅နှစ်ပြည့် မွေးနေ့ပြီး တာနဲ့ အမတ်ကြီး နင်းယွမ်တို့မိသားစုက သားရေးသမီးရေးကိစ္စဆွေးနွေးဖို့လာကြလိမ့်မယ်။သူ့ရဲ့ *ဆံထိုးသဘင်အခမ်းအနားကိုလည်း ကျိုးယန်ပန်က သေချာပေါက် လာမှာပဲ!"
ကျိုးယန်ပန်..။ကျန်းလီက ချက်ချင်းဘဲ သဘောပေါက်သွားတယ်။ အရင်က တုန်အာပြောပြဖူးတယ်။ အမတ်ကြီးနင်းယွမ်ရဲ့ အမွေဆက်ခံသူက ကျိုးယန်ပန်လို့ခေါ်တယ်။ ကျန်းလီရဲ့ အရင်သတို့သားလောင်းပေါ့။နောက်တော့မှ ကျန်းယို့ရောင်က သူ့နေရာကို ဖြတ်လုသွားတာဖြစ်တယ်။
သူမက သူ့ရဲ့ မွေးနေ့ကိုလူတွေအများကြီး ဖိတ်ထားတာကြောင့် ကျန်းလီက မိတ်ဆွေတောင်ဖွဲ့လို့ရတယ်လို့ ဆိုခဲ့တာ မဆန်းတော့ဘူး။ သူဆိုလိုချင်တဲ့မိတ်ဆွေက မလွဲမသွေ အဲ့ကျိုးယန်ပန်ဘဲ ဖြစ်ရမယ်။
ပွဲမှာ ကျိုးယန်ပန်ကို တကယ့်ကျန်းလီအစစ်ကတွေ့ခဲ့မယ်ဆို သူမက ဝမ်းနည်းပြီးစိတ်ဆင်းရဲကာ စကားတောင်မဆိုနိုင် ဖြစ်ရင်ဖြစ် မဟုတ်လည်း စိတ်လှုပ်ရှားလွန်ပြီး လူအများရှေ့ သူ့ကိုယ်သူ မထိန်းထားလိုက်နိုင်ဘဲ အရှက်ကွဲတာမျိုးလည်း ဖြစ်နိုင်တယ်။ အတိုပြောရရင် ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ နှလုံးသားကို ဓားပေါင်းများစွာနဲ့ သွေးစိမ်းရှင်ရှင်ထွက်အောင် ထပ်ဆင့်ထပ်ဆင့် ထိုးသလို ဖြစ်မှာသေချာတယ်။
ကျန်းကျင်းရွဲ့က အမျှင်မပြတ် တတွတ်တွတ်ဆက်ပြောနေစဥ် တုန်အာက ပူပင်သောကရောက်နေပြီး ကျန်းလီကို နောက်ကနေ ထောက်မကူပေးဖို့ အသင့်ဖြစ်နေတယ်။ ကျန်းကျင်းရွဲ့က
"နင်အဲ့ပွဲကို သွားစရာ မလိုဘူးလို့ထင်တယ် နင်မသိလို့ ကျိုးယန်ပန်က ငယ်ငယ်ကထက် အများကြီး ပိုကြည့်ကောင်းလာတာ လက်ရှိ ယန်ကျင်းက မိန်းမပျိုတွေဘယ်လောက်တောင် သူ့ကို မျက်စိကျနေလိုက်ကြသလဲ.. ငယ်ငယ်တုန်းကတောင် နင်သူ့ကို အရမ်းကြိုက်ခဲ့တော့ အခုဆို ပိုဆိုးပြီး လက်မလွှတ်နိုင်တော့မှာစိုးတယ်။အခုတော့ ဘယ်လိုဘဲဖြစ်ဖြစ် ဖြစ်ပြီးသွားတာက ဖြစ်ပြီးပါပြီလေ။ သူတို့နှစ်ယောက်ကိုလည်း လက်ထပ်ပေးဖို့ အကုန်ပြင်ဆင်ပြီးသွားပြီဆိုတော့ နင်သာ ကံစီမံရာအတိုင်းလက်မခံရင် နင့်ကိုပိုကြေကွဲအောင်လုပ်တာကလွဲ ဘာမှအရာထင်မှာ မဟုတ်ဘူး။ အဲ့တော့ နင်တို့နှစ်ယောက် မတွေ့ကြတာ အကောင်းဆုံးပဲ"
ကျန်းလီက သူ့စကားတွေကို နားထောင်ပြီး အတွေးတစ်ခုသူမခေါင်းထဲ ပေါ်လာတယ်။ဒီသခင်လေးက တကယ် အပြောအဆိုမတတ်တာပဲ။ အခုနေ သူသာ ကျန်းလီအစစ်ကို ဒီလို တုတ်ထိုးအိုးပေါက်ပုံစံနဲ့ ဒဲ့တိုးသွားပြောလို့ကတော့ ကိစ္စတွေကမီးလောင်ရာ လေပင့်သလို ပိုဆိုးသွားပြီး ဟိုက ဒေါသထွက်ပြီးမသေရင်တောင် ကံကောင်းပဲ။ ကျန်းလီက တစ်လုံးမှ မဟတာမြင်တော့ တုန်အာက သူမများ အဲဒီ နာကျင်စရာတွေကို ပြန်အောက်မေ့သတိရသွားတာလားဆိုပြီး စိုးရိမ်စွာနဲ့ သတိထားလျက် ခေါ်လိုက်တယ်။ "မမလေး"
ကျန်းလီက ပြုံးပြီးပြောတယ်။
"ငါဘာမှမဖြစ်ဘူး။ အဲ့လိုဆိုတော့ ကျိုးယန်ပန်လည်း လာမှာပေါ့"
သူမရဲ့ အသံကတည်ငြိမ်နေတော့ ကျန်တဲ့ နှစ်ယောက်သားမှာ ခဏလောက် ငေးကြောင်ကြောင်ဖြစ်သွားရတယ်။ သူတို့ကကျန်းလီက အရင်ကျန်းလီမဟုတ်တော့တာ မသိကြဘူးလေ။ အရင်ကျန်းလီက ကျိုးယန်ပန် သူမကိုပြန်လည်စဥ်းစားပေးစေဖို့ အတွက်နဲ့ ရေထဲ ခုန်ချခဲ့ပေမဲ့ လက်ရှိ သူမကတော့ အဲ့လိုရူးမိုက်မှာမဟုတ်ဘူး။ ကျိုးယန်ပန်က သူမအတွက်တော့ တစ်ခါမှတောင် မမြင်ဖူးတဲ့သူစိမ်းတစ်ယောက်အပြင် မပိုဘူး။ အဲ့လိုလူအတွက် ပျော်ရွှင်၊ဝမ်းနည်း၊ဒေါသထွက်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ဘဲ။ ကျိုးယန်ပန်က သူမကို လုံးဝ သူတို့မှန်းထားတာတွေ ဖြစ်လာစေဖို့ မလှုံ့ဆော်ပေးနိုင်ဘူး။ ကျန်းယို့ရောင်က ဘာဘဲစီစဥ်ထားထား အစမှာထဲက အမှားလုပ်မိတာပဲ။ ကျန်းလီကသာ ကျိုးယန်ပန်ကိုဂရုစိုက်နေသေးမယ်ဆို ဒါက အလုပ်ဖြစ်ဦးမှာဆိုပေမဲ့ သူမက နည်းနည်းလောက်တောင် အာရုံထဲမထည့်တာမို့ သူလာလာ မလာလာ အရေးမကြီးဘူး။
ကျန်းကျင်းရွဲ့က မေးတယ်။
"သူလာမယ်ဆိုရင်တောင် နင်ကသွားဦးမှာလား" သူကကျန်းလီရဲ့ မျက်နှာမှာ ဝမ်းနည်းမှု ဒါမှမဟုတ် နာကျင်မှုအရိပ်အရောင်များတွေ့မလားလို့ ရှာနေပေမဲ့ အချည်းအနှီးဘဲ။
"ငါသာမသွားရင် အမေနဲ့ ညီမလေး၃က စိတ်မကောင်းဖြစ်လိမ့်မယ် အဖေကလည်းငါ့ကို အပြစ်တင်လိမ့်မယ် ငါဘယ်လိုလုပ်မသွားဘဲနေလို့ရမလဲ အဲ့ဒါအပြင် အဲ့မှာ ငါတကယ်တွေ့ချင်နေတဲ့ လူရှိတယ်"
သူတို့နှစ်ယောက်လုံးက ကျန်းလီကို ကရုဏာသက်သွားကြတယ်။ တကယ်လည်း ကျန်းလီက သွားမှရမယ် မဟုတ်ရင် ကျီရှုးရန်က နောက်ကွယ်မှာ ဘာတွေလုပ်ဦးမလဲဆိုတာ မသိနိုင်ဘူး။ သူမရဲ့ နောက်ဆုံးစကားကိုကြားတော့ သူတို့ကထိတ်လန့်ကြောင်အသွားကြတယ်။
ကျန်းလီက အခုချိန်ထိ ကျိုးယန်ပန်ကို လက်မလွှတ်နိုင်သေးဘူးလား ဒါပေမဲ့ သူ့မျက်နှာအမူအရာတွေက ကျတော့ ဘာလို့ မခွဲနိုင်မခွာရက်ဖြစ်နေတာမျိုး တစ်စက်မှမရှိတာလဲ
ကျန်းလီက 'လူတစ်ယောက်ကို တွေ့ချင်တယ်' လို့ပြောတော့ သူတို့နှစ်ယောက်လုံးက ကျိုးယန်ပန်ကိုပြောတယ်လို့ထင်ခဲ့ကြတာ ဒါပေမယ့် သူမဟုတ်ဘဲ ကျန်းလီက တခြားတစ်ယောက်ယောက်ကို တကယ်တွေ့ချင်တာ ထင်တယ်။
ကျန်းယွမ်ပိုင်က နန်းတော်ထဲမှာ ပထမဆုံး လက်ထောက်အကြီးအကဲချုပ်ဆိုတော့ သူ့ ပထမအဆင့်တရားဝင် သမီးရဲ့ အသက်ပြည့်တဲ့မွေးနေ့ကို မရေမတွက်နိုင်လောက်တဲ့ ထိပ်တန်းအဆင့် နန်းတွင်း အရာရှိတွေ ဆွေကြီးမျိုးကြီး မျိုးရိုးမြင့်တွေက သူတို့ဇနီးနဲ့ သားသမီးတွေကိုပါခေါ်လာကြမှာပဲ။
အခုနန်းတွင်းထဲမှာ ရှန်းယွီရုန်က ထိပ်တန်းအဆင့် ဂုဏ်ထူးဆောင်တစ်ယောက်ဆိုတော့ သူ့အနေနဲ့ ကျန်းယွမ်ပိုင်နဲ့သူ့အကြား ဆက်ဆံရေးကောင်းကိုပြဖို့အတွက် သူ့ညီမက မလွဲမသွေ တက်ရောက်မှာပဲ။
နောက်ပြီး သူ့ညီမ ရှန်ရုယွင်ကလည်း အမတ်ကြီး နင်းယွမ်ရဲ့ဆက်ခံသူ ကျိုးယန်ပန်ကို နှစ်သက်စွဲလမ်းနေတာကို သူမရွှီဖုန်းဖေးအဖြစ်ရှိတုန်းကတည်းက သိခဲ့တာ ဖြစ်တယ်။ ရှန်ရုယွင်က စိတ်ထားသေးသိမ်၊ ရည်မှန်းချက်ကြီးပြီး ရန်လိုတတ်တယ်။ သူမက သေချာပေါက် သူသဘောကျရတဲ့လူရဲ့ ဇနီးလောင်းကဘယ်လို ပုံရှိလဲဆိုတာ လာကြည့်မှာပဲ။
ကျန်းလီတွေ့ချင်တဲ့သူတွေက တကယ်တော့ ရွှီဖုန်းဖေးရဲ့ မိတ်ဆွေဟောင်းတွေဖြစ်တဲ့ ရှန်မိသားစုပဲ။
သူကအဲဒီလူတွေ ရောက်လာဖို့ကို စောင့်နေခဲ့တာ....။
(*hairpin ceremony=ဆံထိုးသဘင်အခမ်းအနားဆိုတာ ရှေးအရင်တရုတ်မှာ မိန်းကလေးက ၁၅ပြည့်တဲ့အခါ အိမ်ထောင်ပြုဖို့ အသက်ပြည့်ပြီလို့ယူဆပြီး မိန်းကလေးက အရွယ်ရောက်သွားပြီဆိုတာပြဖို့ မွေးနေ့နဲ့အတူ ရိုးရာအရ အဲ့ပွဲကိုကျင်းပကြတယ်။*)
Telegram မှာ အပိုင်း ၇၄အထိ ရောက်ပါပြီနော်။