အခန်း (၂၁)
အပန်းဖြေဆောင်လေးထဲမှာ ကျန်းလီ မနေ့ကပဲ တွေ့ခဲ့တဲ့ လူသုံးယောက်ဖြစ်တဲ့ ကျန်းယို့ရောင်နဲ့အတူ တတိယမိသားစုက ဒုတိယ သမီးနှစ်ယောက်ထိုင်နေတယ်။ ကျန်းယို့ရောင်ရဲ့ တစ်ဖက်တစ်ချက်ဆီမှာ အစေခံလေး၂ယောက်က ယပ်ခတ်ပေးနေကြတယ်။ ကျန်းအိမ်တော်ထဲမှာထက် အပြင်က အနည်းငယ် ပိုနွေးတယ်ဆိုပေမဲ့ နံနက်ခင်းဘဲရှိသေးပြီး ဟိုဟိုဒီဒီ လျှောက်သွားရင်တောင် အဲ့လောက်တော့ မပူသေးဘူး။ စားပွဲပေါ်မှာ ဖျော်ရည် သစ်သီးဝလံတွေနဲ့ သကြားခဲလေးတွေရှိတယ်။ ကျန်းယို့ရောင်ရဲ့ ဘယ်နဲ့ညာမှာ ကျန်းယွိယန်နဲ့ ကျန်းယွီအာက လမင်းကြီးကိုကြယ်တွေက သူ့ဘာသာ ဝန်းရံထားသလို ထိုင်နေကြတယ်။ ကျန်းယို့ရောင်က ကျန်းလီကို မြင်ပေမဲ့ အရင်နှုတ်မဆက်ဘူး။ ဆန့်ကျင်ဘက်မှာတော့ ကျန်းယွိယန်က ခဏလောက် တုန့်ဆိုင်းနေပြီးမှ ရှက်ကိုးရှက်ကန်းနဲ့ "ဒုတိယမမ" လို့နှုတ်ဆက်လာတယ်။
ကျန်းအိမ်တော်ထဲမှာ ကျန်းလီက ဒုတိယအဆင့်ဖြစ်တယ်။ ကျန်းယွမ်ပိုင်နဲ့ လက်ထပ်ပြီးတော့ သူ့အမေ ရီကျန်းကျန်းက သုံးနှစ်လောက် ဘာကိုယ်ဝန်မှမရပေမဲ့ ကျန်းယွမ်ပိုင်ရဲ့ အိပ်ရာဖော်က ကိုယ်ဝန်ရသွားခဲ့တယ်။ ဓလေ့ထုံးတမ်းအရ ဒီကလေးကမွေးတောင်မမွေးသင့်ပေမဲ့ ရီကျန်းကျန်းက လူ့အသက်နှစ်ချောင်းကို ထိခိုက်အောင် မလုပ်ချင်ခဲ့တာကြောင့် ကလေးက မွေးလာခဲ့တယ်။တစ်နှစ်လောက်ကြာပြီးတော့ အဲ့အိပ်ရာဖော်က ကိုယ်လုပ်တော်အဖြစ်အဆင့်တက်သွားတဲ့အချိန်မှာ ကျန်းလီကိုမွေးလိုက်တယ်။ တုန်အာဆီက ပြောပြချက်အရ အဲ့ကိုယ်လုပ်တော်က ကျန်းသခင်မကြီးရဲ့ ယဥ်ကျေးရိုးသားတဲ့ အစေခံမလေးဖြစ်ခဲ့တယ်တဲ့... သူမက အိမ်တော်ထဲ အာဏာရဖို့ တိုက်ခိုက်လုယူတာမျိုးမရှိဘူး။ သနားစရာက လောကကြီးက ကောင်းတဲ့လူတွေကို ကြာကြာမထားဘူးဆိုတဲ့အတိုင်း သူမကံကြမ္မာက မကောင်းခဲ့ဘူး။ ကျန်းလီ ၃နှစ်အရွယ် ကျီရှုးရန်က အိမ်တော်ထဲရောက်တာ ၂နှစ်လောက်ဖြစ်လိမ့်မယ်ထင်တယ် အဲ့အချိန်မှာပဲ ကျန်းမိသားစုရဲ့ ပထမဆုံးသမီးက ဥယျာဉ်ထဲက ကျောက်တုံးတွေပေါ်မှာဆော့နေရင်း သူမရဲ့ သေခြင်းတရားဆီကို ကျရောက်ခဲ့ရတယ်။ သူမရဲ့အမေ ကိုယ်လုပ်တော်က တစ်နေဝင်တစ်နေထွက် အလွန်ပူဆွေးကာ သောကပင်လယ်ဝေပြီးနောက် မကြာခင်မှာပဲ သူလည်း သူ့သမီးနောက်လိုက်သွားတော့တယ်။
ကျန်းလီက ခေါင်းညိတ်အသိအမှတ်ပြုပြီး ပြောတယ်။ "ညီမလေး ၄"
ကျန်းယွိယန်က သာမန်သွင်ပြင်နဲ့ သတ္တိကလည်း အတော်နည်းတယ်။ သူ့ကို ကျန်းလီက ပြန်နှုတ်ဆက်မယ်မထင်တော့ အံ့သြသွားပြီး ခပ်မြန်မြန် တစ်စုံတစ်ရာကိုကြောက်သွားသလိုနဲ့ ခေါင်းကို ပိုငုံ့လိုက်တယ်။ ကျန်းလီကိုပဲစိုက်ကြည့်နေတဲ့ ကျန်းယွီအာက ရုတ်တရက် ထရယ်ပြီးပြောတယ်။ "မတွေ့ရတာ နှစ်တွေအတော်ကြာသွားတော့ ဒုတိယမမက ပိုရင်းရင်းနှီးနှီးရှိလာတာပဲ။ ဘုရားကျောင်းက လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ဒေါသကို လေ့ကျင့်ကြပ်မတ်ပေးနိုင်တယ်လို့ ပြောကြတာ မအံ့သြတော့ပါဘူး"
သူပြုံးလိုက်တဲ့အခါ သေးငယ်တဲ့မိသားစုကဆင်းသက်လာတဲ့ နူးညံ့ပေမဲ့ သြဇာရှိတဲ့သမီးပုံစံမျိုး နည်းနည်း ပေါက်တယ်။ ဒါပေမယ့် သူ့စကားတွေက တကယ်တော့ လူကို ထိုးနှက်နေတာပဲ။ သူမစကားတွေကို ကြားတော့ ကျန်းယို့ရောင်ရဲ့ မျက်ဝန်းတွေမှာ စက်ဆုပ်ရွံရှာမှု တစ်စွန်းတစဖြတ်ပြေးသွားတယ်။ ကျန်းလီက သဘောပေါက်သွားတယ်...သူတို့ရဲ့ လက်ရှိအဆင့်ကြောင့် ဒီတတိယမိသားစုက အဆင့်နိမ့်သမီးနှစ်ယောက်က ကျန်းယို့ရောင်ရဲ့ အကြိုက်လိုက်နေကြတာပဲ။ သူမက ကျန်းလီကို စိတ်မပျော်အောင်လုပ်ဖို့ ဒီနှစ်ယောက်ကို လက်နက်ကိရိယာအဖြစ် အသုံးချနေတာ။
ကျန်းလီက အသာလေး ပြုံးရင်းပြောတယ်။ "ဘုရားကျောင်းက တကယ်ကို လူတစ်ယောက်ရဲ့ စိတ်သဘောကို အချိုးကျပြောင်းလဲပေးနိုင်တယ်။ ညီမလေး ၅နောင်တရနေစရာ မလိုပါဘူး။ နောင်လာမယ့် တစ်ရက်ရက်လောက်မှာ အဲ့ကိုသွားပြီး အတွေ့အကြုံယူဖို့ အခွင့်အရေးရှိရင်လည်းရှိလာနိုင်တာပဲလေ...အနာဂတ်မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်"
"ဘယ်သူမှ အတွေ့အကြုံလိုချင်မနေ-"
သူမက ချက်ချင်းဘဲ ဒေါသထွက်သွားပြီး ပြန်ပြောမလို့ပေမဲ့ ခပ်ဆိတ်ဆိတ်ရှိနေတဲ့ ကျန်းယို့ရောင်က ဟန့်တားတဲ့အနေနဲ့ သူမရဲ့ လက်အဖျားစကိုဆွဲလိုက်တယ်။ကျန်းလီက ကျန်းယို့ရောင်ကို ကြည့်လိုက်တယ်။
ကျီရှုးရန်ရဲ့ သမီးအရင်းဖြစ်တဲ့ သူမရဲ့ သွင်ပြင်က တကယ်သူ့အမေနဲ့ ဆင်တယ်။ အရမ်းနူးညံ့ပုံရတဲ့ ဘဲဥပုံမျက်နှာ၊ ပြစ်ချက်မရှိတဲ့နှာခေါင်း၊ချယ်ရီရောင်နှုတ်ခမ်းသားတွေအပြင် သူမမှာ ကြီးမားဝိုင်းစက်တဲ့မျက်လုံးတွေနဲ့မက်မွန်ရောင် ပါးအို့လေးတွေတောင်ရှိသေး။ စည်းစိမ်ချမ်းသာအပြည့်နဲ့ အကြီးအကဲချုပ်ရဲ့ အိမ်မှာ ပျိုးထောင်ခံခဲ့ရတဲ့အတွက် သူမက ပြောနေစရာတောင်မလိုပဲ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နူးနူးညံ့ညံ့နဲ့ ချစ်စရာကောင်းတယ်ပေါ့။ သူက ပန်းရောင်ပိုးသားစကပ်ကို ဝတ်ထားတာက ကျီရှန်းလို့(ယန်ကျင်းရှိ ကျောက်မျက်ရတနာဆိုင်)ရဲ့ တန်ဖိုးအကြီးဆုံး ရတနာလေးလို တစ်ချက်ကြည့်ရုံနဲ့ သာမန်မဟုတ်တာ သိနိုင်တယ်။
မွေးကတည်းက ရွှေဇွန်းကိုက်ကာ ရွှေလင်ပန်းနဲ့ အချင်းဆေး၊ သူ့ရဲ့ ကျောက်စိမ်းလိုခြေထောက်ကလေးတွေကို မြေကြီးပေါ် ချလိုက်ရင် ညစ်ပေသွားမှာစိုးလို့ လက်ပေါ်ကမချဘဲ ဂရုတစိုက် ပိုးမွေးသလိုမွေးထားကြတာဖြစ်တယ်။ သူမမျက်နှာတစ်ချက် အညှိုးမခံဘဲ လိုချင်တာမှန်သမျှ ချက်ချင်း အလိုလိုက်ပေးကြမှာကို ပြောနေစရာတောင် မလိုဘူး။ သူမရဲ့ အလှက ရွှီဖုန်းဖေးရဲ့ မြို့တွေကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့တင့်တယ်တဲ့အလှနဲ့တော့ မတူဘူး။ သူမက ဖူးပွင့်ကာစ ငယ်ရွယ်နုနယ်သေးတဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့အလှမျိုး။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို သူ့အပြင်ပုံပန်းကိုဘဲကြည့်ရုံနဲ့တင် တုန်နေအောင် ချစ်သွားလိမ့်မယ်။ ကျန်းယွမ်ပိုင်က ရာထူးကြီးသူဆိုတော့ သူ့သမီးကို တုန်နေအောင်ချစ်ပြီး အလိုလိုက်လွန်းတာ မဆန်းပါဘူး။
ကျန်းယို့ရောင်ကလည်း ကျန်းလီကို အကဲခတ်နေတယ်။ ကျန်းလီ အိမ်ကထွက်သွားတုန်းက ၇နှစ်အရွယ်လောက်ဘဲရှိသေးပြီး ၈နှစ်တောင် ကြာသွားပြီဆိုတော့ သူက ကျန်းလီရဲ့ ပုံပန်းကိုတောင် မမှတ်မိတော့ဘူး။ သူမစိတ်ထဲမှာတော့ သီလရှင်ကျောင်းမှာ အကြာကြီးဆုံးမသွန်သင်ခံရပြီးနောက် ကျန်းလီက သတိရှိရှိနဲ့ ကျိုးနွံနှိမ့်ချတဲ့ပုံပေါက်ပြီး လူတိုင်းနင်းခြေသွားလို့ရမဲ့ပုံလို့ ထင်နေတယ်။ လုံးဝ မောက်မာမှုမရှိ ခပ်ရိုးရိုး ခပ်နိမ့်နိမ့်နဲ့ အာရုံစိုက်ဖို့တောင် မတန်တဲ့ စိတ်ပုတ်တဲ့
မိန်းကလေးလို့ ထင်ထားတာ။ ဒါပေမယ့် ဘယ်သူထင်မှာလဲ ပထမဆုံးနေ့မှာတင် သူမက သူတို့သားအမိနှစ်ယောက်ကို တစ်ချက်ထဲနဲ့ အလဲထိုး အနိုင်ယူသွားမယ်လို့...သူမရဲ့ မာန်မာနတွေက ပျောက်သွားတာမဟုတ်ဘဲ ပိုနက်ရှိုင်းလာတာ... သူ့ရဲ့ ကျိုးနွံရိုကျိုးတဲ့ မျက်နှာဖုံးအောက်မှာ ဖုံးကွယ်ထားရုံသာဖြစ်တယ်။ သူမက ပိုတောင် ပညာသားပါပါနဲ့ ဆိုးယုတ် အန္တရာယ်များလာတာပဲ။
ဒါက လုံးဝ ကောင်းတဲ့ အရာတော့ မဟုတ်ဘူး။
ကျန်းယို့ရောင်ကကျန်းလီကို တိတ်တဆိတ် အနီးကပ် ခေါင်းစခြေဆုံး အကဲဖြတ်နေတယ်။ ကျန်းလီရဲ့ အဝတ်အစားက သူ့လောက် မလှတာတောင် သူမက ကြည့်ရဆိုးမနေတာကိုတွေ့ပြီး သူ့ရင်ထဲမှာတော့ လုံးလုံးလျားလျား မကျေမနပ်ဖြစ်သွားတယ်။ ပြစ်ချက်မရှိ တည်ငြိမ်ကျော့ရှင်းဖြောင့်မတ်တဲ့ပုံစံက ကွက်တိ အဖေ သဘောကျလေးစားတဲ့ ပုံစံပဲ။ ကျန်းယို့ရောင်က သူ့လက်ထဲက လက်ကိုင်ပုဝါကို ခပ်တင်းတင်း ဆုပ်ညစ်ကာ အသက်ပြင်းပြင်းရှုလိုက်ပြီးမှ အသာပြုံးပြရင်းပြောတယ်။
"ဒုတိယမမ"
ကျီရှုးရန်ကအိမ်တော်ထဲက အပြင်လူတွေအရှေ့မှာ လုံးဝ မုန်းတီးရန်လိုမှုကိုထုတ်မပြဖို့ သူမကို အတန်တန်မှာထားခဲ့တယ်။
"ညီမလေး ၃"
ကျန်းလီကလည်းပြန်ပြုံးပြတယ်။ ဒါပေမယ့် သူ့အပြုံးက ကျန်းယို့ရောင်ရဲ့လုပ်ပြုံးနဲ့ လုံးဝကွာခြားတယ်။ သူမက တကယ်ကိုစိတ်ရင်းအမှန်နဲ့ သဘာဝဆန်ဆန်လေးပြုံးပြနေတာက ဘယ်သူမဆိုမြင်တာနဲ့ ဒီအချိန်မှာ သူမရဲ့ ဖော်ရွေမှုကိုသံသယဝင်မှာ မဟုတ်ဘူး။
ကျန်းယို့ရောင်ကတော့ အတော် အော်ဂလီဆန်သလို ခံစားလိုက်ရပြီး ရုတ်တရက် ပြောတယ်။ "ဒုတိယမမရဲ့ မွေးနေ့ကပြီးသွားပြီမလား"
"အင်းဟုတ်တယ်"
ကျန်းယို့ရောင်က ခေါင်းမော့လာပြီး
"ဒီရက်အနည်းငယ်အတွင်းမှာပဲ ကျွန်မရဲ့ ၁၅နှစ်ပြည့် မွေးနေ့ရှိတယ်။ ဒီညီမလေးကို လက်ဆောင်ပို့ပေးဖို့တော့ မမ,မမေ့ရဘူးနော်"
ကျန်းလီက မယုံနိုင်စွာနဲ့ ပြန်ပြောတယ်။
"ဘာရယ် ညီမလေး ၃က လက်ထပ်လို့ရမဲ့အရွယ်တောင်ရောက်တော့မှာပေါ့ ဒါဆို ဒီအစ်မက သေချာပေါက် ဂုဏ်ပြုလက်ဆောင်ပို့ပေးရမှာပေါ့"
"ကောင်းတာပေါ့ ဘွားဘွားကြီးပြောတာတော့ ကျွန်မမွေးနေ့ကို လူအတော်များများကို ဖိတ်ထားလို့ အများကြီး လာကြမှာတဲ့ ဒုတိယမမကလည်း အခုမှ ပြန်ရောက်တာဆိုတော့ လူသစ်တွေနဲ့တွေ့ပြီး မိတ်ဆွေဖွဲ့လို့ရတာပေါ့"
သူက အဓိပ္ပာယ်ရှိရှိပြောတယ်။ ကျန်းလီက သူမစကားတွေရဲ့ နောက်ကွယ်က တကယ့်ဆိုလိုရင်းကိုရော ကျန်းယွီအာရဲ့ လှောင်ပြုံးကိုရော စိတ်ထဲမထားဘူး။
ကျန်းလီကတွေးလိုက်မိတယ်။ ကျန်းသခင်မလေး ၂ကတောင်ပေါ်မှာ တစ်ယောက်ထဲရှိနေခဲ့ပြီး သူ့ရဲ့ လက်ထပ်ဖို့ အသက်ပြည့်တဲ့နေ့ကို ဘယ်သူမှတောင် မမှတ်မိကြတဲ့ အချိန် အခု ကျန်းယို့ရောင် မမလေးသုံးကိုကျ ခမ်းခမ်းနားနားနဲ့ ကျင်းပပေးတယ်။ ၂ယောက်လုံးက အကြီးဆုံးသမီးတွေဆိုပေမဲ့ ခြားနားချက်က ဆီနဲ့ရေလိုပဲ။ တွေးကြည့်တော့မှ သူမ(ကျန်းလီ)က အရင် ကျန်းလီရဲ့ အချိန်မတိုင်ခင် ဆုံးခန်းတိုင်သွားတာကို ကရုဏာတောင်သက်မိသွားတယ်။ သူရွှီဖုန်းဖေးဖြစ်ခဲ့တုန်းကတောင် ကိုယ့်ဆွေမျိုးသားချင်းတွေဆီက ဒီလို အေးတိအေးစက်နဲ့ ဆက်ဆံမခံခဲ့ရဘူး။ သူမက စိတ်မဝင်စားတာကြောင့် တုန်အာနဲ့အတူ အခြားဘက်သွားဖို့ လှည့်လိုက်ချိန်မှာ ခြေနှစ်လှမ်းလောက်ပဲလှမ်းရသေးတယ် မမျှော်လင့်စွာနဲ့ တစ်စုံတစ်ယောက်ကို ဝင်တိုက်မိသွားတယ်။
"မျက်စိပါရင် ကြည့်လျှောက်လေ!"
ထိုလူက စိတ်ပျက်လက်ပျက်နဲ့ပြောတယ်။
"ကျွန်မတို့ရဲ့ မမလေးကို အရင်ဝင်တိုက်တာ ရှင်လေ!" တုန်အာက လွှတ်ခနဲပြောထွက်သွားတယ်။
"ဘယ်အချိန်က အစေခံတစ်ယောက်ဝင်ပါလို့ရသွားတာလဲ" သူကပိုဒေါသထွက်သွားပေမဲ့ တစ်စက္ကန့်အတွင်းမှာပဲ အာရုံပြောင်းသွားပြီး ပြောတယ်။
"ကျန်းလီ"
အရှေ့က သခင်လေးက ကျန်းလီနဲ့ ရွယ်တူလောက်ဖြစ်ပြီး သူ့အသားက နည်းနည်း ညိုတဲ့ဘက်သွားသော်ငြား ဆွဲဆောင်မှုရှိတယ်လို့ ပြောလို့ရတယ်။ အဲ့ဒါကတော့ သေချာပေါက် ဒုတိယမိသားစုက လုရှီရဲ့သားအငယ် ကျန်းကျင်းရွဲ့ဘဲ။
ဒုတိယမိသားစုမှာ အကြီးဖြစ်သူ ကျန်းကျင်းယို့နဲ့ သားငယ်ကျန်းကျင်းရွဲ့ဆိုပြီးနှစ်ယောက်ရှိတယ်။ သားအကြီးကတော့ သူ့အဖေ ကျန်းယွမ်ဖျင်လိုဘဲ ခပ်ဝဝနဲ့အမြဲပြုံးချိုနေတယ်။ သားအငယ်ကတော့ သူ့အမေနဲ့ တူပြီး အတော် ကြည့်ကောင်းတယ်။သူ့ပုံစံက ပိုတောင် အလိုလိုက်ခံရပုံပေါ်နေသေးတယ်။ အခု သူ့လက်ထဲမှာ ဝါးလှောင်အိမ်ခပ်ကြီးကြီးကို ကိုင်ထားပြီး အထဲက နှံကောင်ရဲ့ တကျီကျီအော်သံတောင်ကြားနေရတယ်။ ဒါသေချာပေါက်အပြင်ကယူလာတာပဲ။ သူ့အဝတ်တွေက ရှုပ်ပွနေပြီး နဖူးမှာလည်း ချွေးစက်တွေ သီးနေတယ်။ သူကတက်တက်ကြွကြွနဲ့ အထိန်းအချုပ်မရှိ အလိုလိုက်ခံရတဲ့ ချမ်းသာတဲ့မိသားစုက သခင်လေးတစ်ယောက်ပဲ။ သူက ကျန်းလီကို မြင်တော့ ကျန်းယို့ရောင်လို အရမ်းမုန်းနေတဲ့ပုံလည်း မဟုတ်သလို ကျန်းယွိယန်လို အဝေးထွက်ပြေးချင်နေတဲ့ပုံလည်း မဟုတ်ပြန်ဘူး။ ဒီကိုယ်နေဟန်ထားက သူမနဲ့ အရမ်းရင်းနှီးနေသလိုပဲ။ သူမက သူ့ကို မစမ်းသပ်ခင် စဥ်းစားချင့်ချိန်ပြီးမှ နွေးထွေးစွာ ထုတ်ခေါ်လိုက်တယ်။
"ဝမ်းကွဲအစ်ကို"
သူကဒါကိုကြားတော့ ထိတ်လန့်မှုနဲ့အတူ နောက်ကို ခြေလှမ်းကြီးကြီး ခုန်ဆုတ်သွားတယ်။ သူ့မျက်နှာက အတော်လေးအော့နှလုံးနာစရာတစ်ခုခုကို ခံစားသွားရသလိုပုံကြီးနဲ့အော်ပြန်တယ်။
"ငါ့ကို ဘယ်လိုပေါက်တက်ကရတွေ ခေါ်နေတာလဲ"
ကျန်းလီက မျက်နှာကပေါ်မှာ အပြုံးလေးချိတ်ဆွဲထားပေမဲ့ ရင်ထဲမှာတော့ ဆူညံစွာ ဝုန်းဒိုင်းကြဲနေပြီဖြစ်တယ်။ သားအကြီး ကျန်းကျင်းယို့က သူမထက် တစ်နှစ်ကြီးပေမဲ့ သားအငယ်ကတော့ သူမထက် ၁၀ရက်သာကြီးတယ်။ သူမက အရင်ကျန်းလီ ဒီသခင်လေးကို ဘယ်လိုခေါ်ခဲ့လဲဆိုတာ လုံးဝ မသိဘူး။ ရှင်းပြဖို့ အကြံအိုက်နေချိန်မှာပဲ ထိုသခင်လေးက တစ်ခါပြန်ကြည့်လာပြီး ရုတ်တရက် ဘောက်ဆတ်ဆတ်နဲ့ မေးတယ်။
"အခု ဘာလို့ဒီလိုပုံစံဖြစ်နေတာလဲ"
အခုဒီပုံစံ ကျန်းလီက ရှုပ်ထွေးသွားတယ်။
ဒါဆို သူမအရင်က ဘယ်လိုပုံစံမို့လို့လဲ
Telegram မှာ အပိုင်း ၇၃အထိ ရောက်ပါပြီနော်။