သူ ဘယ်သူလဲ
ဘာသာပြန် - Zeus
အခန်း(၄၉) လီဟမ်ရှန်း၏ ဆုံးဖြတ်ချက်
"ဝေါင်းး……"
ရွှေလင်းလန်သားရဲက အလွန်စိတ်ကျေနပ်သည့်အမူအရာဖြင့်သူ၏ခန္ဓာကိုယ်ကို လှုပ်ယမ်းကာ လီချန်ချင်း အား ကြည့်နေခဲ့သည်။ သူ့မျက်လုံးထဲမှအကြောက်တရားများသည်လည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ချစ်ခင်တွယ်တာမှုများ အစားထိုးဝင်ရောက်လာခဲ့၏။
"ကောင်းတယ်၊ သိပ်ကောင်းတယ်" လီချန်ချင်း က ပြုံးကာပြောလိုက်သည်။
"ဒါပေမယ့် မင်းက သိပ်ကို ထင်ပေါ်လွန်းနေတယ်။ မင်းသာငါ့နောက်ကို လိုက်ခဲ့မယ်ဆိုရင် သေချာပေါက် ပြဿနာတွေဖြစ်စေလိမ့်မယ်" လီချန်ချင်း သည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ဖေး ကို တစ်ခြားလူတွေသတိမထားမိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားနေလိုက်သည်။
ရွှေလင်းလန်သားရဲသည် လီချန်ချင်း ပြောသည်ကို နားလည်လိုက်၏။ သူ၏အတောင်ပံများကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများသည်လည်း ပျောက်ကွယ်သွားတော့သည်။ထို့နောက် သူ့အရွယ်အစားသည် သိသိသာသာ လျော့ကျကာ သေးကွေးသွားပြီး လီချန်ချင်း နံဘေး၌ ကျိုးနွံသောခွေးလိမ္မာလေးတစ်ကောင်ကဲ့သို့ ပုံစံပြောင်းသွားကာ လျှာတန်းလန်းထွက်ကာ ထိုင်နေလိုက်တော့သည်။
"မင်းမှာ ဒီလို အစွမ်းမျိုးရှိတာလား" လီချန်ချင်း သည် အနည်းငယ် အံ့ဩနေပြီး သူ့ရှေ့မှ ခွေးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည့် ဖေးကို မမှတ်မိနိုင်ပဲရှိသည်။
"အစ်ကိုချန်ချင်း "
ထိုအချိန်တွင် အပြင်ဘက်မှ ရှမူဟိုင်၏ အသံ ထွက်ပေါ်လာခဲ့သည်။
"တောင်ထိပ်သခင်ပါလား ဝင်လာခဲ့လေ" လီချန်ချင်း သည် အပြင်ကို လှမ်းပြောလိုက်၏။
သူပြောလိုက်သည်နှင့် ရှမူဟိုင်အထဲသို့ ဝင်လာခဲ့သည်။ ရှမူဟိုင်၏ စိတ်ဝိညာဉ်သည် ပြန်လည်ကောင်းမွန်သွားခဲ့ပြီဖြစ်သည်။ သူသည် ကြက်ခြေထောက် တစ်ချောင်းကို ကိုက်ဝါးနေပြီး ပိုပြီး အံ့သြစရာကောင်းသည်မှာ သူ့လက်မောင်းအောက်၌ ကြက်ကင်တစ်ကောင်လုံးကိုလည်း ညှပ်ထားသေးသည်။ ကြက်ကင်မှ ဆီများသည် သူ့အဝတ်အစားများ၌ပေပွနေပြီး သူ့ဝတ်စုံသည် ဆီအစက်အပြောက်များစွာဖြင့် ပြည့်နှက်နေခဲ့သည်။
ဤရှုပ်ပွနေသောအသွင်အပြင်ကို ကြည့်၍ ရှမူဟိုင်က အပြည့်အဝပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း လီချန်ချင်း နားလည်လိုက်သည်။
သို့သော်လည်း လီချန်ချင်းသည် ရှမူဟိုင်က ကြက်ကင်ကို လောဘတကြီး စားသောက်နေသည်ကို ကြည့်ပြီး သက်ပြင်းအသာအယာချလိုက်သည်။
မူဟိုင်ဖုန်းတောင်က တကယ်ကို ဆင်းရဲတာပဲ
ဂုဏ်သိက္ခာရှိသော တောင်ထိပ်သခင် တစ်ယောက်သည် ဤကဲ့သို့သောအခြေအနေကိုရောက်နေခဲ့သည်။
သူ ငွေပိုရှာရမယ်၊ သူ့သားကို ဒီလိုအဆုံးသတ်ခွင့် မပြုနိုင်ဘူး။
"ကြည့်ရတာတော့၊ တောင်ထိပ်သခင်ရှ၊ မင်းပြန်ကောင်းလာပြီထင်တယ်" လီချန်ချင်း သည် အပြုံးတစ်ခုဖြင့် ပြောလိုက်၏ ။
ရှမူဟိုင်က ရှေ့သို့လျှောက်လာပြီး လီချန်ချင်း၏ ဘေးနားရှိ ဖေးကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဖေး ၏ တည်ရှိမှုမျိုးမခံစားရသည့်အတွက် ဘာမှပြန်မပြောခဲ့ပေ။
လီချန်ချင်း မွေးမြူထားသည့် ခွေးလေးတစ်ကောင်လို့သာ သူထင်လိုက်သည်။
" အစ်ကို ချန်ချင်း ကျွန်တော့ကို ပေးခဲ့တဲ့ ရတနာအတွက် အစ်ကို့ကိုကျေးဇူးတင်ရအုံးမယ်" ရှမူဟိုင်သည် ကြက်ခြေထောက်ကို ကျောက်တုံးတစ်ခုပေါ်တွင် တင်ကာ သူ့လက်များကိုအဝတ်ဖြင့်သုတ်လိုက်ပြီး တရိုတသေ ဦးညွှတ်လိုက်သည်။
"တောင်ထိပ်သခင်ရှက ယဉ်ကျေးလွန်းနေပါပြီ" လီချန်ချင်း သည် ခပ်ဖွဖွ ပြုံးကာပြောလိုက်သည် "ဒါပေမယ့်ငါ့ရဲ့ မြေကမ္ဘာစောင့်ဗောဓိသတ္တက တစ္ဆေစွမ်းအင်တွေကိုပဲ ဖိနှိပ်ထားနိုင်မှာ၊ တောင်သခင်ရဲ့ မကျေချမ်းဝိဉာဉ်ကျိန်စာကို တော့ဖယ်ရှားနိုင်မှာမဟုတ်ဘူး။ မကျေချမ်းဝိဉာဉ်ကျိန်စာကို ဖျက်ဆီးနိုင်ဖို့ ဆိုရင် မင်းကိုယ်တိုင် နည်းလမ်းရှာရလိမ့်မယ်"
" ဟုတ်ကဲ့ပါ " ရှမူဟိုင်သည်ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။ " ရှေးဟောင်းတာအိုဂိုဏ်းကို ပြန်သွားပြီး ဂိုဏ်းခေါင်းဆောင်နဲ့ ကျွန်တော် ဆွေးနွေးလိုက်ပါမယ် ၊ သူ့မှာ အဖြေတစ်ခုခုတော့ရှိပါလိမ့်မယ် "
"တောင်ထိပ်သခင် ကပြန်သွားဖို့စီစဉ်နေပြီလား။" လီချန်ချင်း က မေ့ာကြည့်ကာ မေးလိုက်သည်။
"ဟုတ်ပါတယ်၊ ကျွန်တော် အပြင်ထွက်လာတာလည်း ရက်အတော်ကြာနေပါပြီ။ အစကကျွန်တော် လီဟမ်ရှန်းကို တပည့်အဖြစ်ခေါ်ယူခဲ့တဲ့အပေါ် အစ်ကို ချန်ချင်းရဲ့ အမြင်ကို မေးမလို့ဆိုပေမယ့်လည်း မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ အများကြီးကြုံလိုက်ရမယ်လို့ ကျွန်တော် မတွေးခဲ့မိဘူး"
ရှမူဟိုင်သည် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။
သူ မမျှော်လင့်ပဲ မကျေချမ်းဝိဉာဉ်ကျိန်စာသင့်သွားမည်ဟု သူ ထင်မထားခဲ့ပေ။
"ကျေးဇူးပြုပြီး ဒီရှေ့လျှောက် ကျုပ်သားကို စောင့်ရှောက်ပေးပါအုံး “လီချန်ချင်း က လေးနက်စွာ ပြောလိုက်သည်။
"အစ်ကို လီချန်ချင်း ကျွန်တော်တို့ဟာ သေခြင်းတရားကို အတူတူရင်ဆိုင်ခဲ့ကြတဲ့ မိတ်ဆွေတွေဖြစ်ပြီး ကျွန်တော့အသက်ကို အကိုက ကယ်ခဲ့တာပါ။ အကိုလီ စိတ်ချပါ၊ လီဟမ်ရှန်း ကို ကျုပ်ရဲ့စောင့်ရှောက်မှုအောက်မှာ ဘယ်သူမှ လာမထိရဲအောင် စောင့်ရှောက်ပေးမှာပါ" ရှမူဟိုင် သည် လီချန်ချင်းကို ကြည့်ကာ ရိုးသားစွာဖြင့်ပြောလိုက်သည်။
" ကျေးဇူးပြုပြီး ဒါကို ငါ့သားကိုပေးပေးပါ " လီချန်ချင်းက သစ်သားသေတ္တာငယ်ကို ထုတ်ယူလိုက်ပြီး ရှမူဟိုင် ကို ကမ်းပေးလိုက်သည်။
" ဒါက ဘာလဲ..." ရှမူဟိုင်က လှမ်းယူလိုက်ပြီး အထဲက အနည်းငယ်လေးလံသည်ကို ခံစားလိုက်ရပြီး သစ်သားပန်းပုတစ်ခုရှိမယ်လို့ခန့်မှန်းလိုက်သည်။
" မင်းပေးတဲ့ သူ့အတွက်လက်ဆောင်လို့ ပြောပေးပါ၊ ငါပေးတာလို့ ပြောစရာမလိုပါဘူး" လီချန်ချင်းက သက်ပြင်းကို လေးလေးလံလံချလိုက်ပြီး " ဒါက သူ့အတွက်အကူအညီဖြစ်မယ်လို့ မျှော်လင့်ပါတယ်၊ တကယ်လို့ ငါ့သားက အကူအညီလိုခဲ့မယ်ဆိုရင်လည်း တောင်သခင်က ကျုပ်ကို စာရေးလို့ရပါတယ် "
လီချန်ချင်း ဆိုလိုသည့် " လိုအပ်ချက်များ" ဆိုသည်ကို နားလည်ပေသည်။
ထိုအခိုက်အတန့်တွင် သူ့လက်ထဲမှ သစ်သားသေတ္တာက လေးလံလာသည်ကို ခံစားလိုက်ရသည်။
လီချန်ချင်းမှာ သူ့သားအတွက် ပြုလုပ်ထားသည့် ပန်းပုရုပ်မှာ ရတနာများအကြားမှ ရတနာတခုပင် ဖြစ်ပေလိမ့်မည်။ထိုကဲ့သို့ တန်ဖိုးကြီးမားလှသည့်အရာကို သူ့အားယုံကြည်စွာ အပ်နှံပြီး တဆင့် ပေးခိုင်းခြင်းကြောင့် ရှမူဟိုင်သည် လီချန်ချင်းအား မိတ်ဆွေအစစ်အမှန်ကဲ့သို့ ခံစားလာစေရတော့သည်။
" စိတ်မပူပါနဲ့ ဒါကို ပေးလိုက်ပါ့မယ် " ရှမူဟိုင် ကပြောလိုက်သည်။
" အကို ချန်ချင်း ၊ ကျွန်တော် အခု သွားရတော့မယ်။ နောက်ထပ်တွေ့ကြတာပေါ့ " ပြောပြီးသည့်နောက်တွင် ရှမူဟိုင်က ကျောက်တုံးပေါ်မှ ကြက်ခြေထောက်ကို ကောက်ယူကာ လှည့်မကြည့်ဘဲထွက်သွားခဲ့သည်။
" ဟူးးး "
လီချန်ချင်းက နောက်မှီပေါ်၌ ထိုင်နေပြီး ကောင်းကင်ကို မော့ကြည့်နေခဲ့သည်။
ကောင်းကင်က နူးညံ့သည့်အဖြူရောင်တိမ်စိုင်များနှင့် ပြည့်နှက်နေခဲ့ပြီး ဖေးက လီချန်ချင်း၏ ဘေး၌ တိတ်ဆိတ်စွာ လဲလျောင်းနေခဲ့သည်။
ရှေးဟောင်းတာအိုဂိုဏ်းနယ်မြေ။
သတ်ဖြတ်သူတသောင်းတောင်ထိပ်
လီဟန်ရှန့် တံခါးပိတ်ကျင့်ကြံနေသည့် ရက်များ၌ သူ၏ နေ့စဉ်ဝေယျာဝိစ္စများကို အခြားသူများအား လုပ်ဆောင်ရန် လစာပေးထားခဲ့သည်။
လီဟန်ရှန့်က ပို၍ အစွမ်းထက်လာချင်တာကြောင့် ရှမူဟိုင် ပြန်လာသည်ကို စောင့်နေစဉ်၌ ကျင့်ကြံခြင်းအတွက် ဝယ်လို့ရသည့် ဆေးလုံးများနှင့် ရတနာများအားလုံးကို သုံးစွဲခဲ့သည်။
လီဟန်ရှန်းသည် သူ့အားတပည့်အဖြစ်လက်ခံရန်အတွက် ရှမူဟိုင်က ဘယ်သူ့ကို ခွင့်ပြုချက်သွားတောင်းနေတာလဲဆိုတာကို သိပ်သိချင်နေမိခဲ့သည်။
တောင်သခင်တယောက်က ဘာလို့ တပည့်တစ်ယောက် လက်ခံထားတာကို တခြားသူတွေနဲ့ တိုင်ပင်ဖို့ လိုအပ်ရတာလဲ။
ထိုသို့သော ကိစ္စမျိုးကို သူတစ်ခါမှ မကြားဖူးပေ။
ရက်အနည်းငယ် ခန့် ကျင့်ကြံပြီးသည့်နောက်တွင် လီဟန်ရှန့် က သူ၏ ပါရမီမှာ တပည့်များအကြား၌ သာမန်တပည့် တစ်ယောက်ဖြစ်နေသည်ကို သိရှိခဲ့ပေသည်။
တူညီသည့် အရင်းအမြစ်များဖြင့်ပင် အခြားသူများက တက်လှမ်းခြင်းအဆင့်၏ ဆဌမမြောက်အဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်ကြပေသည်။
တကယ်လို့ သူတို့က ပါရမီရှိမယ်ဆိုလျှင် သတ္တမမြောက်အဆင့်သို့ပင် ရောက်နိုင်ကြပေသည်။
သို့သော်လည်း ထိုအရင်းအမြစ်များဖြင့် သူက တက်လှမ်းခြင်းအဆင့်၏ စတုတ္တမြောက်အဆင့်မှ ပဉ္စမမြောက်အဆင့်သို့ရောက်အောင်ပင် မကျင့်ကြ့နိုင်ခဲ့ပေ။
လီဟန်ရှန်းက အနည်းငယ် ခံပြင်းနေခဲ့သည်။
တကယ်လို့ အတိတ်တုန်းက သာဆိုလျှင် သူက လက်လျော့လိုက်တော့မည်ဖြစ်သည်။
သို့သော်လည်း ယခုမူ လီဟန်ရှန်း က အရှုံးကို လက်ခံရန် ဆန္ဒမရှိပေ။
သူအလွန်ချစ်ခင်ရသည့် ဂျူနီယာညီမလေး လုချောင်းချောင်းအား သူ၏ အစွမ်းကို ပြသလိုပေသည်။
ချူချန်ခုန်၏ အထင်အမြင်သေးသည့်အကြည့်မှာ လီဟမ်ရှန်း၏ မှတ်ဉာဏ်ထဲတွင် လတ်လတ်ဆတ်ဆတ်ကို မှတ်မိနေပါသေးသည်။
သူ့အား ပုရွက်ဆိတ်တကောင်ကဲ့သို့ မတူမတန်သလို ကြည့်သည့်အကြည့်မှာ ငယ်ရွယ်ကာ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်သော လီဟမ်ရှန်းအဖို့ သူမနိုင်မှန်းသိနေသည့်တိုင်အောင် သူသေကိုယ်သေ တိုက်ခိုက်ပစ်လိုက်ချင်နေခဲ့သည်။
ရှမူဟိုင် ပေါ်ပေါက်လာခြင်းက သူ့အတွက် မျှော်လင့်ချက်ပေးလိုက်သလိုပင်။
သူ့၌ မူလအဆင့်သို့ တက်လှမ်းရန် အခွင့်အရေးရှိသည် ဟု ခံစားခဲ့ရပေသည်။
အနာဂတ်မှာ သူက ချူချန်ခုန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိလာပေလိမ့်မည်။
“ငါကျင့်ကြံခြင်းအဆင့်ကသာ တက်လှမ်းခြင်းအဆင့်ငါးကိုသာ ရောက်သွားရင် ပန်းချီကားတွေကို ကြည့်ပြီး ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်ရအောင် ဉာဏ်အလင်းရအောင်လုပ်နိုင်ပြီ”
" တကယ်လို့ ငါက စီနီယာအကိုစွန်းရဲ့ ' ကျားဝိဉာဉ်သွေးခန္ဓာ”လို ဒါမှဟုတ်ရင် စီနီယာ အကို ကျိုးရဲ့ ‘ရွှေလက်သီးခန္ဓာ’လိုမျိုး အစွမ်းထက်တဲ့ ခန္ဓာသန့်စင်ခြင်းနည်းလမ်းကို နားလည်သွားပြီဆိုရင် ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်ရင် အဆင့်တူတွေကြားထဲမှာ ပြိုင်ဘက်ကင်းဖြစ်နိုင်ပြီပဲ”
လီဟန်ရှန်းက စဉ်းစားနေခဲ့သည်။ ပန်းချီကားကို ကြည့်ခြင်းဖြင့် တစ်ယောက်ချင်းဆီ နားလည်နိုင်သည့် ကျင့်စဉ်များက ကွဲပြားကြပေသည်။
တကယ်လို့ ကံကောင်းပြီး အဆင့်မြင့်သည့် နားလည်နိုင်စွမ်း ရှိခဲ့ပါက သူတို့က အစွမ်းထက်သည့် ကျင့်ကြံခြင်းကို နားလည်သဘောပေါက်နိုင်ပေမည်။
တကယ်လို့ နိမ့်ကျသည့် နားလည်နိုင်စွမ်းရှိခဲ့ပါက သူတို့က ဘာတစ်ခုကိုမှ လုံးဝ နားလည်သဘောပေါက်ရန် မဖြစ်နိုင်တော့ဘဲ ဘဝတလျှောက်လုံး မြင့်မားသည့်အဆင့်ကို ရောက်နိုင်တော့လိမ့်မည် မဟုတ်ပေ။
ဤအခွင့်အရေးအား ဆုပ်ကိုင်ရမည်ဟု လီဟန်ရှန့်က ဆုံးဖြတ်ချက်ချလိုက်သည်။
အကယ်၍ သူက အစွမ်းထက်သည့် ခန္ဓာသန့်စင်ခြင်းနည်းလမ်းကို နားမလည်နိုင်ရင်တောင်မှ အနာဂါတ်၌ ပြင်ဆင်ခြင်းအတွက် မျှော်လင့်ချက် ရှိနေပေသည်။
အပျင်းဆန့်လိုက်ပြီး သူက အိမ်ထဲမှ မထွက်တာ ရက်အတော်ကြာနေပြီဖြစ်တာကြောင့် အပြင်ကိုကြည့်ရှုရန် ထွက်လာခဲ့လိုက်သည်။
သူခြေလှမ်းလိုက်သည်နှင့် နီးကပ်လာသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
စိတ်အားထက်သန်နေပြီး ကြီးကျယ်ခမ်းနားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် ထိုလူက ချမ်းသာကြွယ်ဝသည့် မိသားစုမှ သခင်ငယ်လေးဖြစ်ပုံရသည်။
" လီဟန်ရှန်းက ဘယ်သူလဲ " ထိုသခင်ငယ်လေးက လီဟန်ရှန်းကို တွေ့သည်နှင့် " လီဟန်ရှန်းက ဘယ်မှာရှိလဲဆိုတာကို သိလား "
" ကျွန်တော်ပဲ " လီဟန်ရှန်းက ထိုလူကို အကဲခတ်လိုက်ပြီး ထိုလူက အလွန်ခိုင်မာသည့် ကျင့်ကြံခြင်းနှင့် အတွင်းစည်းတပည့်တစ်ယောက် ဖြစ်ပုံရပေသည်။
"မင်းလား " သခင်ငယ်လေးကလည်း ပြန်ပြောလိုက်ပြီး သူ့မျက်လုံးများ၌ အံ့ဩသည့်အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
" ငါနဲ့လိုက်ခဲ့ ၊ ဆရာက မင်းကို တွေ့ချင်နေတယ်။ မင်းကို မူဟိုင်ဖုန်းတောင်ကို ခေါ်ခဲ့ဖို့ ငါ့ကို ခိုင်းလိုက်တယ်" ဆရာက ဘာလို့ သတ်ဖြတ်သူတသောင်းတောင်ထိပ်က တပည့်တစ်ယောက်ကို တွေ့ချင်နေလဲဆိုတာကို သခင်ငယ်လေးက အတော်လေး ရှုပ်ထွေးနေခဲ့သည်။
ထို့အပြင် သူ့ရှေ့မှ လီဟန်ရှန်းက အလွန်ကို သာမန်ဖြစ်ပုံရပေသည်။