အခန်း (၁၀.၁)
အလှတရား
"တော်ဝင် အမှုထမ်းဖြစ်တဲ့ ဝန်ကြီး ယန်ဟွားထင်ရဲ့ စာရင်းစာအုပ်တွေက ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံလိုက်ရပြီ။ ပြီးတော့ ညပေါင်းများစွာ၊ အိမ်ရှေ့မင်းသားချန်က သူ့ရဲ့အိမ်တော်ထဲကို သူ့ရဲ့ လက်အောက်ငယ်သားတွေကို တစ်ယောက်ပြီး တစ်ယောက် ဆင့်ခေါ်နေတယ်။ ဧကရာဇ်မင်းကလည်း မင်းကို နေရာတိုင်းမှာ ရှာဖွေနေတာ"
"အင်း"
"အခုလေးတင်ပဲ သခင်ကြီးက"
ဓားကို ကိုင်ဆောင်ရတဲ့ အရပ်ရှည်ရှည်နဲ့ လုံခြုံရေးအစောင့်က ပြောလိုက်တယ်။
အဲ့ဒီအခါမှာ သူ့ရဲ့ ဘေးနားက လူငယ်လေးက အသံထွက်ပြီး သူ့စကားကို ဖြတ်ပြောလိုက်တယ်။
"ရှူး"
အစွန်အဖျားမှာရှိတဲ့ ဘုရားကျောင်းက မီးရောင်တွေက တောက်ပနေခဲ့ပေမဲ့ တောင်ထိပ်ကတော့ အလွန်တိတ်ဆိတ်နေခဲ့တယ်။ ဒီညက အိပ်မပျော်နိုင်တဲ့ ညတစ်ည ဖြစ်ခဲ့တယ်။ လှပစွာ ပန်းထိုးထားတဲ့ အဝတ်အစားတွေကို ၀တ်ဆင်ထားတဲ့ လူတစ်ယောက်က ညဘက်မှာ လမ်းလျှောက်လာခဲ့တယ်။ သူကအလျင်လိုတာလဲ မဟုတ်၊ ဖြည်းဖြည်းသက်သာလဲ မဟုတ်တဲ့ အသံနဲ့ ပြောလိုက်တယ်။
"ဝမ်ကျိ၊ မင်း ပြဇာတ်ကြည့်နေတဲ့အခါမှာ စကားမပြောနဲ့"
ဝမ်ကျိလို့ ခေါ်တဲ့ လုံခြုံရေးအစောင့်က နောက်ထပ် စကားမပြောခဲ့တော့ဘူး။
"သူက ပြဇာတ် ကြည့်ရတာကို ကြိုက်တယ်။"
အခန်းအတွင်းမှာတော့၊ ကျန်းလီက တုန်အာကို မျက်နှာချင်းဆိုင်ပြီး ရှင်းပြနေခဲ့တယ်။
တုန်အာက မေးလိုက်တယ်။
"သခင်မလေး၊ သခင်မလေးပြောတာက သူက မြို့စားကြီးတဲ့လား"
ကျန်းလီက ခေါင်းညိတ်ပြလိုက်တယ်။
"ဟုတ်တယ်။"
ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်သာ ယန်ချောင်မှာ ပေါ်ထွန်းခဲ့တဲ့ ရှားပါးတဲ့ ပညာရှင်တစ်ဦး။ ဒီနေ့ခတ်အနေနဲ့ဆိုရင်၊ အမတ်ရှုက အသက်အငယ်ဆုံး အမတ် တစ်ဦး ဖြစ်ခဲ့တယ်။ ပြောရမယ်ဆိုရင်၊ သူ့အသက်က ၂၄ နှစ်ထက် မကျော်နိုင်သေးဘူး။
လက်ရှိ အမတ်ရှု(ခေါ်) ကျီဟန်ရဲ့ဖခင်ဟာ နယ်မြေသစ်ကို ချဲ့ထွင်ခဲ့တဲ့ အရင် ဧကရာဇ်မင်းရဲ့နောက်လိုက် စစ်သူကြီးကျင်းဝူပဲ ဖြစ်ခဲ့တယ်။ သူ့ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ဆောင်ချက်တွေကြောင့်၊ အရင် ဧကရာဇ်မင်းမြတ်က သူ့ရဲ့ သစ္စာစောင့်သိမှုကို အသိအမှတ်ပြုခဲ့ပြီး အမတ်ရှု ဆိုတဲ့ ဘွဲ့ကို ချီးမြှင့်ခဲ့တယ်။
စစ်သူကြီးကျင်းဝူက ဧကရာဇ်မင်းမြတ်ရဲ့ မကုန်ခမ်းနိုင်တဲ့ ချီးမြှောက်မှုတွေကို ရရှိတဲ့ ထူးခြားတဲ့ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့တယ်။ သူက ယန်ချောင်မှာရှိတဲ့ အမျိုးသမီးအားလုံးရဲ့ အိပ်မက်ထဲက ကောင်လေး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ စစ်သူကြီးကျီမင်ဟန်က အကြောင်းအမျိုးမျိုးကြောင့် သူ့ရဲ့ ဇနီးအဖြစ် ရာဇ၀တ်သား ယွီဟုန်ယဲ့ကို လက်ထပ်ခဲ့တယ်။
အဲ့အချိန်တုန်းက ယွီဟုန်ယဲ့ရဲ့ ဖခင်က အကျင့်ပျက်ခြစားမှုကိစ္စမှာ ပါဝင်ပတ်သတ်နေခဲ့တယ်။ အဲဒါကို ရှာဖွေတွေ့ရှိချိန်မှာ၊ သူ့ရဲ့ဇနီးနဲ့ သားသမီးတွေ အပါအဝင် မိသားစုအားလုံး ငြိစွန်းသွားခဲ့တယ်။ ယွီဟုန်ယဲ့က ယွီမိသားစုရဲ့ ကိုယ်လုပ်တော်က မွေးဖွားတဲ့ သမီးတစ်ယောက် ဖြစ်ခဲ့ပြီးတော့ ဆောင်ကြာမြိုင်မှာ ဝင်ရောက်ခစားစေခဲ့တယ်။ ငယ်ရွယ်တဲ့ ကျီမင်ဟန်ဟာ သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေ နဲ့အတူ ညစာစားပွဲကျင်းပနေတဲ့အချိန်မှာ၊ ယွီဟုန်ယဲ့နဲ့ တွေ့ဆုံခဲ့ပြီး မြင်မြင်ချင်း ချစ်မိသွားခဲ့တယ်။
ယွီဟုန်ယဲ့မှာ ထူးခြားတဲ့ အလှတရား ရှိခဲ့တယ်။ သူမက ဖြတ်ထိုးဉာဏ်ကောင်းပြီး လျင်မြန် သွက်လက်ခဲ့တယ်။ အမှန်တကယ်တော့ သူမက ရာဇဝတ်သား ဖြစ်နေခဲ့ပေမဲ့၊ ယန်ကျင်း မြို့တော်က သခင်လေးတွေဟာ သူမ အချစ်ကိုရဖို့ အလုအယက် ကြိုးပမ်းနေခဲ့ကြတယ်။ နောက်ဆုံးမှာတော့၊ ကျီမင်ဟန်က ယွီဟုန်ယဲ့ကို ဆောင်ကြာမြိုင်ကနေ ပြန်ရွေးလိုက်ပြီးတော့ အိမ်ရှေ့တံခါးကနေ ခေါ်လာခဲ့တယ်။
ကျီမင်ဟန်က သာမန်အိမ်ထောင်စုကနေ မွေးဖွားခဲ့မယ်ဆိုရင်တော့၊ အများစုက သူ့ကို လက်ညှိုးထိုး ပြောဆိုကြလိမ့်မယ်။ စိတ်မကောင်းစရာက၊ ကျီမင်ဟန်က အမတ်ရှု ဖြစ်နေရုံမက စစ်သူကြီးကျင်းဝူ ဖြစ်ခဲ့တယ်။ ယွီဟုန်ယဲ့ကို ဇနီးအဖြစ် အိမ်ပြန်မခေါ်လာဖို့ ကျီမိသားစုက နည်းလမ်းပေါင်းများစွာကို အသုံးပြုခဲ့တယ်။ ဒါပေမဲ့ ကျီမင်ဟန်က သူ့နည်းသူ့ဟန်နဲ့ ဆက်လက်ကိုင်တွယ်ခဲ့ပြီးတော့ ဘယ်သူ့ကိုမှ ဝင်ရောက် နှောင့်ယှက်ခွင့် မပြုထားခဲ့ဘူး။
ယွီဟုန်ယဲ့နဲ့ ကျီမင်ဟန်တို့ လက်ထပ်ပြီး တစ်နှစ်ကြာတဲ့အခါမှာ၊ ယွီဟုန်ယဲ့က ကျီဟန်ကို မွေးဖွားခဲ့တယ်။ ကျီဟန် တစ်နှစ်သားအရွယ်မှာ၊ တုန်ရှားက နယ်မြေ ကျူးကျော်ဖို့ ကြိုးစားလာခဲ့ပြီးတော့၊ ကျီမင်ဟန်က စစ်တိုက်ထွက်ဖို့ အမိန့်ကို လက်ခံရရှိခဲ့တယ်။ သူက အောင်မြင်မှုတွေနဲ့ အိမ်ကို ပြန်လာတဲ့အချိန်မှာ၊ ယွီဟုန်ယဲ့က ဖျားနာပြီး သေဆုံးသွားခဲ့တဲ့ သတင်းကို သူက လက်ခံရရှိခဲ့တယ်။
အမှန်တကယ်က ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာကို ဘယ်သူမှ မသိရှိခဲ့ကြဘူး။ ဒါပေမဲ့ ကျီမိသားစုရဲ့ အိမ်တော်အတွင်းမှာရော အပြင်မှာပါ အဆင့်အတန်း နိမ့်တဲ့လူတွေကို အားလုံးက အစားထိုး ထားခဲ့ကြတယ်။ ယွီဟုန်ယဲ့ဘေးနားက အနီးကပ်ပြုစုရတဲ့ အစေခံမိန်းကလေး တစ်ချို့ကလည်း အဲ့အချိန်ကနေစပြီး ဘယ်တော့မှ ပေါ်ထွက်လာခြင်း မရှိခဲ့တော့ဘူး။ ကျီမင်ဟန်က ဆွေမျိုးတွေနဲ့ အဆက်အသွယ်ကို ဖြတ်တောက်ခဲ့ပြီးတဲ့နောက်မှာတော့၊ အမတ်ရှု မိသားစုမှာ တခြားသခင်မ မရှိလာခဲ့ဘူး။
ကျီမင်ဟန်က ပြဿနာအားလုံးကို ဖြေရှင်းကိုင်တွယ်ကာ၊ ငယ်ရွယ်သေးတဲ့ ကျီဟန်ကို သူ့ရဲဖခင် စစ်သူကြီးဟောင်းကျီထံမှာ ချန်ရစ်ခဲ့ပြီးတဲ့နောက်မှာ ပျောက်ကွယ်သွားခဲ့တယ်။ အဲ့ဒီနောက်မှာ၊ အရင် ဧကရာဇ်မင်းမြတ်က နတ်ရွာစံသွားခဲ့ပြီးတော့ ဧကရာဇ်ဟောင်ရှောင်က ထီးနန်းကို ဆက်ခံခဲ့တယ်။ ကျီဟန် ငယ်ရွယ်စဉ်မှာပဲ၊ ကျီဟန်က မှူးမတ်ရာထူးနဲ့ တာဝန်တွေကို ဆက်ခံခဲ့ရတယ်။ သူက အသက်ဆယ့်လေးနှစ်အရွယ်မှာ အငယ်ဆုံး အမတ်တစ်ယောက် ဖြစ်လာခဲ့တယ်။
ကျီဟန်ဖခင်ရဲ့ဘဝက အတော် ဒဏ္ဍာရီဆန်ခဲ့ပေမဲ့ ကျီဟန်ကတော့ ဆန့်ကျင်ဘက်သာ ဖြစ်ခဲ့တယ်။
ယန်ချောင်ရဲ့ သာမန်လူတွေကို သူနဲ့ စိတ်ပါလက်ပါ ဆွေးနွေးခွင့်ပေးလိုက်တယိ။ ပထမဆုံးကတော့၊ ကျီဟန်ရဲ့ရုပ်ရည်ကို ယှဥ်ပြိုင်နိုင်သူ မရှိခဲ့ဘူး။
ပြောခဲ့ဖူးတဲ့အတိုင်းပဲ၊ ကျီဟန်ရဲ့ မိခင်ယွီဟုန်ယဲ့က ကောင်းကင်အောက်မှ ထင်ရှားကျော်ကြားနဲ့ အလှတရားလေး ဖြစ်ခဲ့တယ်။ လူတွေအတွက်ကတော့၊ အပြုံးတစ်ခု၊ အကြည့်တစ်ချက်ဟာ ပန်းချီကားတစ်ချပ်လို ဖြစ်နေခဲ့တယ်။ ပန်းချီကားတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်၊ ဒါက ပိုပြီးတော့ သက်ဝင်လှုပ်ရှားနေခဲ့တယ်။ လူတွေ ပြောကြတဲ့ မိန်းမလှ ဆိုတဲ့စကားလုံးက သူမအတွက် ကွက်တိဖြစ်နေခဲ့တယ်။ ကျီဟန်ရဲ့ ရုပ်ရည်က သူ့မိခင်ရဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်ကို အများဆုံး အမွေဆက်ခံရရှိခဲ့တယ်။ သူ့ကို မြင်တဲလူတိုင်းကို ငေးမောတွေဝေသွားအောင် လုပ်နိုင်ခဲ့တယ်။ အဲဒါအပြင်၊ သူရဲ့စိတ်နေစိတ်ထားက သူ့ဖခင်ရဲ့ ဥပေက္ခာပြုတတ်တာကို အမွေဆက်ခံရရှိခဲ့တယ်။ စစ်သူကြီးကျင်းဝူလို့ ခေါ်တဲ့ ဒီလူက စိတ်ဓာတ်ခိုင်မာတာကတော့ ပုံမှန်ပါပဲ။
ကျီဟန်က အလွန်လှပပေမဲ့ အလွန် အေးတိအေးစက် နိုင်ခဲ့တယ်။ သူက လူတွေနဲ့ ကင်းကွာနေတယ်လို့ ပြောလို့တော့ မရနိုင်ခဲ့ပေမဲ့၊ သူ့နှလုံးသားက ရက်စက်လွန်းပြီးတော့ သူကလည်း ဒေါသထွက်လွယ်တယ်။ တစ်စက္ကန့်မှာတော့ သူက သင့်ကို ဖြည်းညင်းစွာ ပြောဆိုနိုင်ပေမဲ့၊ နောက်တစ်စက္ကန့်မှာတော့ မျက်တောင်မခတ်ဘဲနဲ့ သင့်ကို ခေါင်းဖြတ် သတ်ပစ်နိုင်ခဲ့တယ်။ ယန်ကျင်းမှာရှိတဲ့ လူအများစုက သူ့ကို ကျောက်စိမ်းမျက်နှာနတ်ဆိုးလို့ ခေါ်ခဲ့ကြတယ်။ သူ့စိတ်တွေက ဘယ်လောက်ပဲ မည်းမှောင်ခက်ထန်နေပါစေ၊ သူ့ကို ရဖို့ ကြိုးစားနေတဲ့ မိန်းမပျိုလေးတွေက တစ်ယောက်ပြီးတစ်ယောက် အများကြီး ရှိနေခဲ့တယ်။