အခန်း (၇.၁)
ပန်းမိစ္ဆာ
ပြောထားတဲ့ နေ့ရက်တွေမှာတော့၊ တုန်အာက နေ့တိုင်း တောင်ပေါ်ကို တက်သွားခဲ့တယ်။
တုန်အာက အရင်ကထက်ပိုပြီးတော့ အပြင်ကို မကြာခကြာ ထွက်သွားတာကို သီလရှင်ကျောင်းက သီလရှင်တွေက သတိပြုမိသွားတဲ့အခါ၊ သူမရဲ့ နောက်ကို တိတ်တိတ်လေး လိုက်သွားခဲ့ကြပေမဲ့ ပုံမှန်မဟုတ်တဲ့ တစ်စုံတစ်ခုကိုမျှ မတွေ့ခဲ့ကြရဘူး။ တုန်အာက ထင်းခွဲမဲ့ပုံစံကိုပဲ ပေးနိုင်ဖို့ တကယ်ကို ကြိုးစားခဲ့တယ်။
ကျန်းလီက ကိတ်မုန့်အပြည့်ထည့်ထားတဲ့ ခြင်းတစ်ခုကို ဝယ်ဖို့ ကြေးပြား၄၀ ကို အသုံးပြုခဲ့ တယ်။ဆိုတာကို သီလရှင်တွေက သတိပြုမိခဲ့ကြတယ်။ ကျန်းလီက သူမရဲ့ အခန်းကနေ ထွက်တဲ့ အချိန်တိုင်း၊ သီလရှင်တွေထံကနေပြီးတော့ လှောင်ပြောင်သံတွေကို ကြားနေခဲ့ရတယ်။ သူမက လှောင်ပြောင်တဲ့ စကားလုံးတွေကို ကြားတဲ့အချိန်တိုင်း၊ ဒေါသထွက်ရမဲ့ အစား၊ သူတို့ကိုကြည့်ပြီးတော့သာ ပြုံးပြခဲ့တယ်။ ကြာလာတဲ့အခါမှာတော့၊ သီလရှင်တွေက ငြီးငွေ့လာခဲ့ပြီး ဘာကိုမှ မပြောခဲ့ကြတော့ဘူး။
ညတိုင်း တုန်အာက ည၁၁နာရီလောက်မှာ အပြင်ထွက်ပြီးတော့၊ ည၁၂နာရီလောက်မှာ ခိုးကြောင်ခိုးဝှက် ပြန်လာခဲ့တယ်။ သူမရဲ့ ကျွမ်းကျင်မှုနဲ့ ဖြတ်ထိုးဉာဏ်ကြောင့် သီလရှင်တွေကို သံသယမဖြစ်စေဘဲနဲ့ ရှောင်ရှားနိုင်ခဲ့တယ်။ တုန်အာ အပြင်ထွက်တဲ့အချိန်တိုင်း၊ ကျန်းလီက ဟောင်းနွမ်းညစ်ပတ်နေတဲ့ အခန်းလေးမှာ သူမ ပြန်လာတာကို စောင့်နေခဲ့တယ်။ ဘာမှ လုပ်စရာ မရှိခဲ့ပေမဲ့ အကြာကြီး စောင့်နေရတာက ပျင်းစရာကောင်းနေခဲ့တယ်။ အဲဒါအပြင်၊ ဒီသီလရှင်ကျောင်းမှာ ဘာ စာအုပ်မှ မရှိခဲ့ဘူး ပြီးတော့ ကျန်းလီမှာလည်း မှင်တံနဲ့ စာရွက်တွေလည်း မရှိခဲ့ဘူး။ ဒါပေမဲ့၊ သူမ နိုးထ လာပြီးတဲ့နောက်မှာတော့၊ နေ့ရောညရော ဖိနပ်ခုံချုပ်တာ ကို ထပ်မလုပ်ခဲ့တော့ဘူး။ ရိုးရိုးရှင်းရှင်းနဲ့ ငြိမ်ငြိမ်ဆိမ်ဆိမ်ထိုင်နေရင်း၊ သူမ ဘာတွေ တွေးနေခဲ့တယ်။ဆိုတာကိုလည်း ဘယ်သူမှ မသိခဲ့ကြဘူး။
ဒါပေမဲ့ ဒီလို တိတ်ဆိတ်တဲ့နေ့ရက်တွေက ဘယ်လောက်ကြာကြာရှိနိုင်မှာလဲ။ ဖြစ်နိုင်တာကတော့ သခင်နှင့်အစေခံက နေ့ရက်တွေကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းသွားတာကို တစ်ယောက်ယောက်ကတော့ သည်းမခံနိုင်ခဲ့ဘူး၊ ဒါကြောင့်မို့ ကျောင်းထိုင်သီလရှင် ကျင်အန်းက သူတို့အတွက် နေထိုင်ရ ခက်ခဲအောင် လုပ်ခဲ့တယ်။ ဥပမာပေးရမယ်ဆိုရင်၊ ကျန်းလီတို့ နေ့စဥ်စားတဲ့ ဆန်ပြုတ်က ရေများနေရုံမက၊ တစ်ခြားတစ်ယောက်စားပြီးသွားပြီဖြစ်တဲ့၊ စားကြွင်းစားကျန်နဲ့လည်း တူနေခဲ့တယ်။
တုန်အာက မုန်းတီးစွာနဲ့ ပြောလိုက်တယ်။
"သခင်မလေး၊ အခုတလော သူတို့တွေက ပိုပြီးတော့ ဆိုးရွားလာတယ်။ ဒါတွေရဲ့ နောက်ကွယ်မှာ ကျိ ဆိုတဲ့ သူတစ်ယောက်အတွက် အလုပ်လုပ်ပေးနေတာပဲ ဖြစ်ရမယ်"
လတ်တလောမှာတော့၊ တုန်အာက ဒုဝန်ကြီးရဲ့ ပထမဇနီးကို ကျိ ဆိုတဲ့သူလို့ပဲ ခေါ်ခဲ့တယ်။ ဒုတိယသခင်မလေး ကျန်းကလည်း ဒီနာမည်ကို အပြန်အလှန် နားလည်မှုနဲ့ လက်ခံထားတယ်လို့ ယူဆလို့ရခဲ့တယ်။ တစ်ခုခုက မှားနေတယ်လို့ ကျန်းလီကတော့ မခံစားခဲ့ရဘူး။ အစတုန်းက၊ သူမ သေတော့မယ်လို့ လူတိုင်းက ထင်ခဲ့ကြတယ်။ ဘယ်အခြေအနေမှာမဆို၊ ကျီရှုရန်ရဲ့ နှလုံးသားကတော့ သောကကင်းနေလိမ့်မယ်။ ကျန်းလီက အသက်ရှင်နေအုံးမယ်လို့ ဘယ်သူကမှ စိတ်ကူးယဥ်ပြီး တွေးခဲ့မိမှာလ။ သူမရဲ့ ဒေါသကလဲ ပိုပိုပြီးတော့ အားကောင်းလာခဲ့တယ်။ သူမက ဒီလိုပျော်ရွှင်စွာ နေထိုင်နေတာကို မြင်တော့၊ ကျီရှုရန်က စိတ်တထင့်ထင့်နဲ့ ဖြစ်နေခဲ့ရတယ်။ အမှန်တော့၊ ကျန်းလီကိုသက်တောင့်သက်သာ မနေထိုင်နိုင်အောင်လုပ်ပေးဖို့ သီလရှင်ကျင်အန်းကို သူမက တောင်းဆိုခဲ့တယ်။
ကျန်းလီကို ရိုက်နှက်ပြီးတော့ ဆူပူကြိမ်းမောင်းဖို့ဆိုတာ သီလရှင် ကျင်အန်းအတွက်တော့ မဖြစ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ထိမ်းမြားလက်ထပ်နိုင်တဲ့ အရွယ်ရောက်လုနီး မိန်းကလေး တစ်ဦးကို ဆက်ဆံတဲ့အချိန်မှာတော့၊ ဗိုက်ဝတဲ့အထိ စားခွင့်မပြုတာ၊ အနွေးထည် လုံလောက်စွာ မပေးတာတွေက ကောင်းကင်ကနေ မြေကြီးပေါ်ကို ပြုတ်ကျသလိုမျိုး အရှက်ရစေပြီး သူမကို နာကျင်ခံစားစေခဲ့ရလိမ့်မယ်။ သူမက ကျန်းမိသားစုရဲ့ ဒုတိယသခင်မလေး အစစ်မဟုတ်တော့တာက သနားစရာကောင်းနေခဲ့တယ်။ ခါးသီးတဲ့ဝေဒနာကို မခံစားရဘူးလို့ မပြောပေမဲ့၊ သူမရဲ့ ဘဝက အနိမ့်ဆုံးအခြေအနေကို ရောက်နေခဲ့တယ်။ အရင် ဒုတိယ ကျန်းသခင်မလေးနဲ့ နှိုင်းယှဥ်လိုက်ရင်တော့ အခု ကျန်းသခင်မလေးရဲ့ ဘဝက ပိုကောင်းနေခဲ့တယ်။
အဲလိုအခြေအနေကို ကြုံတွေ့ခဲ့ရပြီး၊ သူမရဲ့ အခုလက်ရှိ တွေ့ကြုံနေရတဲ့ အတွေအကြုံက ခက်ခဲတယ်လို့ သူမက မခံစားခဲ့ရတော့ဘူး။
ရက်တွေ ကုန်လွန်သွား ပြီးတော့ မေလ ၁၅ ရက်နေ့ကို ရောက်တဲ့အချိန်မှာတော့ ကိတ်မုန့်ထည့်ထားတဲ့ ခြင်းတွေက ဘာမှ မရှိလုနီးပါး ဖြစ်နေခဲ့တယ်။ တုန်အာက ခြင်းတောင်းရဲ့ ဘေးနှစ်ဖက်ကို သစ်သားဇွန်းနဲ့ ဂရုတစိုက် ပွတ်ဆွဲလိုက်ကာ၊ ကိတ်မုန့်အကျေတွေကို ပန်းကန်လုံး အသေးတစ်ခုထဲကို ခပ်ထည့်လိုက်တယ်။ သူမက ကျန်းလီကို ပြောလိုက်တယ်။
" သခင်မလေး၊ သခင်မလေးရဲ့ ဗိုက်ဆာတာကို ဖြည့်ဖို့ အရင်ဆုံး စားလိုက်ပါ"
ဘာမှ မစားဘဲ နေတာ တစ်နေ့နဲ့ တစ်ည ဖြစ်သွားခဲ့တယ်။ မနေ့က သီလရှင်ကျောင်းက သီလရှင်က သူမကို ပို့ပေးနေတဲ့ ဆန်ပြုတ်ပန်းကန်ကို အစိတ်စိတ်အမြွှာမြွှာကွဲအောင်လုပ်ခဲ့ပြီးတော့ မီးဖိုချောင်မှာလဲ တခြားစားစရာ မရှိတော့ဘူး။ ကျန်တဲ့ မုန့်တွေကိုလည်း ဟယ်လင် ဘုရားကျောင်း အနောက်ဘက်မှာရှိတဲ့ တောအုပ်ထဲက မျောက်တွေကို အစာကျွေးဖို့ အသုံးပြုခဲ့တယ်။ လောလောဆယ်မှာတော့၊ နှစ်ယောက်လုံးရဲ့ ဝမ်းဗိုက်တွေက ဆာလောင်နေခဲ့တယ်။
ကျန်းလီက သူမရဲ့ ခေါင်းကို မော့လိုက်ပြီးတော့ ဖွင့်ထားတဲ့ပြတင်းပေါက်ဆီသို့ လှည့်ကြည့်ခဲ့လိုက်တယ်။ တောင်ထိပ်က တောင်ခြေထက် ပိုအေးနေခဲ့ပေမဲ့လဲ၊ နွေရာသီက နီးကပ်နေခဲ့တယ်။ နေ့အချိန်က သိသိသာသာကို ပိုပြီး အချိန်ရှည်လျားလာခဲ့တယ်။ အခုလောလောဆယ်တော့၊ နေက ဝင်လုနီးပါးဖြစ်နေခဲ့တယ်။ နေ့ အချိန်က ဘယ်လောက်ကြာကြာ၊ အဆုံးမှာတော့ ညက အမြဲတမ်း ရောက်ရှိလာခဲ့တယ်။ ကျန်းလီက ပြောလိုက်တယ်။
"ငါ မစားပါဘူး၊ နင်ရော ဘာကြောင့် မစားတာလဲ "
တုန်အာက မုန့်အကြေတွေကို စိုက်ကြည့်လိုက်ပြီးတော့ တံတွေးကို မြိုချခဲ့တယ်။ သူမရဲ့ ခေါင်းကို ခါယမ်းလိုက်ရင်း၊ သူမက ပြောလိုက်တယ်။
"သခင်မလေး မစားရင်၊ တုန်အာလဲ စားမှာ မဟုတ်ပါဘူး"
ကျန်းလီက ပြုံးပြိီး ပြောလိုက်တယ်။
"ကိစ္စမရှိပါဘူး၊ သိပ်မကြာခင်မှာ ငါတို့တွေ အစားအသောက်ကောင်းကောင်းတွေ စားနိုင်တော့မှာပါ"
တုန်အာက ပိုပြီးတော့ မယုံမကြည်နိုင် ဖြစ်သွားခဲ့တယ်။
ကျန်းလီက ထပြီးတော့ သစ်သားသေတ္တာကို ထားထားတဲ့ အခန်းထောင့်နားကို လမ်းလျှောက်သွားလိုက်တယ်။ ပြီးတော့ အဲဒါကို ဖွင့်ခဲ့တယ်။ သေတ္တာအကြီး ဖြစ်နေပေမဲ့လဲ၊ အတွင်းဘက်မှာ ရှိနေတဲ့ အရာတွေက သနားစရာကောင်းလောက်အောင်ကို နုံချာနေခဲ့တယ်။ သေတ္တာရဲ့ တစ်ဝက်လောက်တောင် မရှိတဲ့ အဝါရောက်အဝတ်အစားတွေသာ ရှိနေခဲ့တယ်။ လွန်ခဲ့သည့် ခြောက်နှစ်ခန့်က သူမ သီလရှင်ကျောင်းသို့ လာခဲ့တဲ့အခါတုန်းက၊ ကျန်းလီက ယန်ကျင်းကနေ သူမရဲ့ ပိုင်ဆိုင်သမျှ အကုန်ကို ယူလာခဲ့တယ်။ သေတ္တာထဲက ပစ္စည်းတွေက အရင်ကတော့ တန်ဖိုးရှိတဲ့အရာတွေ ဖြစ်ခဲ့လိမ့်မယ်။ ဒါပေမဲ့ ခြောက်နှစ် ကြာပြီးနဲ့ အခါမှာတော့၊ အချိန်ကုန်လွန်သွားတာ နဲ့ အမျှ အဝတ်များပေါ်မှာ ဝါညစ်ညစ်ဖြစ်ခြင်းကို မလွဲမသွေ ဖြစ်စေခဲ့တယ်။
တုန်အာက ကျန်းလီဆီကို လျှောက်လှမ်းလာခဲ့တယ်။ ကျန်းလီက အဝတ်များကို လက်နှစ်ဖက်နဲ့ မပြီးတော့ ရွှေ့ခဲ့တယ်။ အတွင်းဘက်မှာတော့ ဗုဒ္ဓဘာသာဝတ်ရုံတစ်ခုက ပေါ်ထွက်လာခဲ့တယ်။
သစ်သားသေတ္တာထဲမှာတော့၊ ကောင်းမွန်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားတွေက ထပ်မရှိတော့ဘူးဆိုတာက ထင်ရှားနေခဲ့တယ်။ မကောင်းတဲ့ ပစ္စည်းတွေနဲ့ ချုပ်လုပ်ထားတဲ့ အဝတ်အစားတွေသာလျှင် ကျန်ရစ်ခဲ့တော့တယ်။ အခုခြောက်နှစ်ကြာပြီးတဲ့နောက်မှာတော့၊ ဒုတိယကျန်းသခင်မလေးက အရပ်ရှည်လာပြီးတော့ အဲ့အဝတ်အစားတွေကလည်း သူမ ဝတ်ဆင်ဖို့ရာ မသင့်လျော်ခဲ့တော့ဘူး။ သီလရှင်ကျောင်းက လူတွေက ပုံမှန်အတိုင်းပဲ ကျန်းလီကို အဝတ်အစားအသစ်ကို ချုပ်ခွင့်မပြုခဲ့ဘူး။ ကျန်းလီက သူမအတွက် တိုနေပြီဖြစ်တဲ့ အဝတ်အစားတွေကိုသာာနေ့တိုင်း ၀တ်ဆင်နေခဲ့ရတယ်။ ဒီတစ်ထည်တည်းရှိတဲ့ သီလရှင်ဝတ်စုံကလည်း သီလရှင်ငယ် တစ်ပါးက သာမန်ဘဝကို ပြန်ကူးပြောင်းချိန်၊ သီလရှင်ကျောင်းကနေ ထွက်ခါနီး ဒီနှစ် တရုတ်နှစ်သစ်ကူးလောက်က ကျန်းလီကို ပေးအပ်ခဲ့တယ်။ အမှန်အတိုင်းပြောရရင်၊ သီလရှင်ငယ်ရဲ့ အရပ်အမြင့်က သူမနဲ့ ကွာခြားမှု သိပ်မရှိခဲ့ဘူး။
ပုံမှန်ဆိုရင်၊ ဒုတိယသခင်မလေး ကျန်းက ဒိီသီလရှင်ဝတ်စုံကို ဘယ်တော့မှ ဝတ်မှာ မဟုတ်ပါဘူး။ ထင်ရတာကတော့၊ သူမက ဒီမှာရှိနေပေမဲ့၊ သီလရှင်တွေနဲ့ မတူဘူးဆိုတာကို လက်ခံယုံကြည်လာအောင် လုပ်ဖို့ရာသာ ဖြစ်ခဲ့လိမ့်မယ်။ သူမက ယန်ကျင်းက ကျန်းမိသားစုရဲ့ သခင်မလေး အဖြစ် ပြန်သွားနိုင်မဲ့ တစ်နေ့တော့ရှိလိမ့်မယ်။ ဒါပေမဲ့ ဒီအချိန်မှာ၊ သူမက ဒီည တစ်ခြားလူတွေနဲ့ တွေ့ရမှာ ဖြစ်တဲ့ အတွက်၊ ဒီသီလရှင် ဝတ်စုံကို ဝတ်ဖို့ကလွဲပြီးတော့ ကျန်းလီမှာ ရွေးချယ်စရာ မရှိခဲ့ဘူး။ တိုလွန်းတဲ့ အဝတ်အစားတွေကို ဝတ်ပြီး လူများရဲ့ ရှေ့မှာ ပေါ်ထွက်လာခြင်းက မသင့်လျော်ခဲ့ဘူး ပြီးတော့ အမူအကျင့်ကင်းမဲ့တယ်။ဆိုတာကို ထုတ်ပြောပြသလို ဖြစ်ခဲ့လိမ့်မယ်။