အခန်း (၄.၂)
ဘုရားကျောင်း
ဒုတိယသခင်မလေးကျန်းက သူမကို သူမ သတိရစေခဲ့တယ်။ သူမရဲ့ အတိတ်ဘ၀ကလိုမျိုး၊ တစ်စုံတစ်ယောက်က သူမပိုင်ဆိုင်တဲ့ အရာများကို လုယူသွားခဲ့တယ်။ သူမရဲ့ အတိတ်ဘဝကလိုမျိုးပဲ၊ ချိုးငှက်က သပိတ်လွယ်ငှက်ရဲ့ အသိုက်ကို သိမ်းပိုက်ချင်နေခဲ့တယ်။ အတိတ်တုန်းက၊ သူမကိုယ်သူမ မကာကွယ်နိုင်ခဲ့ဘူး။
ကျန်းလီရဲ့ နက်မှောင်တဲ့ အကြည့်တွေကို တုန်အာက ခိုကိုးရာမဲ့စွာနဲ့ ကြည့်လိုက်တယ်။ သူမက မထိန်းနိုင်တော့ဘဲ တုန်တုန်ယင်ယင် ဖြစ်နေခဲ့တယ်။
အကြောင်းပြချက်တစ်ချို့နဲ့၊ ဒုတိယသခင်မလေးက နိုးလာကတည်းက ထူးဆန်းသွားတယ်လို့ တုန်အာက ခံစားနေခဲ့ရတယ်။ ဒုတိယ သခင်မလေးက အမြဲတမ်း ပြတ်သားပြီးတော့ ရိုးရိုးသားသားနေတတ်တယ်။ တစ်ယောက်ဆိုတစ်ယောက်၊ နှစ်ယောက်ဆို နှစ်ယောက်ပဲ။ သူမက သီလရှင်ကျောင်းက သီလရှင်များနှင့်ဝာာင်မှ ရန်ဖြစ်ပြီး စိတ်လှုပ်ရှားလွယ်ကာ ဒေါသထွက်လွယ်ခဲ့တယ်။ အမှန်တော့၊ ဒါက ဒုတိယ သခင်မလေးရဲ့ အမှားမဟုတ်ဘူး၊ အဲ့ဒီ လူဆိုးတွေ အားလုံးရဲ့ အပြစ်ပဲ ဖြစ်ခဲ့တယ်။
ဒါပေမဲ့ နိုးလာကတည်းက ဒုတိယသခင်မလေးက အရင်ကလိုမျိုး မဟုတ်တော့ဘူး။ သူမက နူးညံ့သိမ်မွေ့လာပြီး၊ သူမရဲ့အပြောအဆိုက ဖြေးဖြေးလေးနဲ့ နူးညံ့ညင်သာကာ ဘာတွေ တွေးနေသလဲဆိုတာကိုပါ မပြောနိုင်ခဲ့ဘူး။ အဲဒါအပြင်၊ ဒုတိယသခင်မလေးက တွေးတောဆင်ခြင်ဖို့ ပြောနေရင်း စကားရပ်သွားတဲ့အခါမှာ၊ တုန်အာက အနည်းငယ် ကြောက်ရွံ့သွားခဲ့တယ်။
ကျန်းလီရဲ့ လက်ချောင်းတွေက သူမရှေ့မှာရှိတဲ့ ချုပ်ပြီးသားဖိနပ်ခုံကို နူးညံ့ညင်သာစွာ ကိုင်တွယ်နေခဲ့တယ်။ ချုပ်ရိုးတွေက အသေးစိတ် တိကျနေခဲ့တယ်။ တုန်အာ က ဆူညံအောင်လုပ်တ်ပေမဲ့၊ သူမရဲ့ အပ်ချုပ်လက်ရာက တကယ်ကောင်းမွန်ခဲ့တယ်။
သူမက ဒီနေရာကနေ လွတ်မြောက်ဖို့ နည်းလမ်းကို တွေးရတော့မယ်။
ယန်ကျင်းက ရွှီဖုန်းဖေးက သေသွားပြီ။ ဒါပေမဲ့ မင်းသမီးယုံနင်းနဲ့ ရှန်းယွီရုန်လို့ခေါ်တဲ့ တိရစ္ဆာန်နှစ်ကောင်ရဲ့ လိမ်ညာမှုတွေကိုတော့ ဘယ်လို တရားမျှတအောင် ပြုလုပ်ရမယ်ဆိုတာကိုတော့ သူမက မသိခဲ့ဘူး။ အဲဒါအပြင်၊ သူမက ရွှီကျောက်ကို သွားပြီး တွေ့ချင်ခဲ့တယ်။ ပြီးတော့ တုန်ရှန်းကို ပြန်ပို့နိုင်မဲ့ နည်းလမ်းကိုလည်း တွေးတောနေခဲ့တယ်။ ရွှီဟိုင်ယန်က ကွယ်လွန်သွားခဲ့ပြီးတော့၊ သူ့ရဲ့ သားနဲ့သမီးကလည်း သေဆုံးသွားခဲ့တယ်။ သူ့ရဲ့အလောင်းကို ဘယ်သူက လက်ခံပြီး၊ ဘယ်သူက သူ့အတွက် ဈာပန ကျင်းပပေးခဲ့တာလဲ။ ရွှီဟိုင်ယန်ရဲ့ နောက်ဆုံးအချိန် မရောက်ခင်မှာတောင် သူ့ကို နောက်ဆုံးတစ်ကြိမ်အနေနဲ့ သူမက မတွေ့နိုင်ခဲ့ဘူး။
သူမက ဒီနေရာကနေ ထွက်သွားရမယ်ဆိုပေမဲ့ အခု ယန်ကျင်းမှာရှိတဲ့ လူတွေနဲ့၊ အစိုးရရုံး တစ်ခုလုံးမှာ ကျန်းလီဆိုတဲ့ သူမကို သိတဲ့သူ ဘယ်သူမှ မရှိခဲ့ဘူး။ မှတ်မိခြင်း မခံရတဲ့သူတစ်ယောက်က ဒီနေရာကနေ ထွက်သွားဖို့ဆိုတာက ဖြစ်နိုင်ခြေမရှိတဲ့ပုံပေါ်နေခဲ့တယ်။
ဒီကိစ္စ စဖြစ်ပြီးကတည်းက၊ သူမက ဒီနေရာကနေ ထွက်ခွာဖို့ အစပြုနိုင်ခဲ့တယ်။
ဘယ်သူကမှ မမှတ်မိဘူးဆိုရင် လူတိုင်းကို မှတ်မိအောင် လုပ်ပေးရလိမ့်မယ်၊ အဲဒါက လွယ်ကူတဲ့အရာတော့ မဖြစ်နိုင်ဘူး။
ကျန်းလီက ရုတ်တရက် ရယ်မောခဲ့တယ်။
တုန်အာက သူမကို အံ့အားသင့်စွာ ကြည့်ခဲ့တယ်။ ဒါက ဒီရက်အတောအတွင်း ကျန်းလီရဲ့ ပထမဆုံးအကြိမ် ပြုံးပြခြင်း ဖြစ်ခဲ့တယ်။ လှောင်ရယ်တာ၊ ခါးသီးတဲ့ ရယ်မောခြင်း မဟုတ်ပေမဲ့၊ သက်တောင့်သက်သာရှိပြီးတော့ ပျော်စရာကောင်းတဲ့ ရယ်မောခြင်း သာ ဖြစ်နေခဲ့တယ်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ၊ ဒီရယ်မောခြင်းက ညှိုးနွမ်းခြောက်သွေ့နေတဲ့ အဝါရောင်အသားအရေကို မနက်ခင်းမှာ ပွင့်ဖူးလာတဲ့ ပန်းတစ်ပွင့်ကဲ့သို့ တောက်တောက်ပပနဲ့ အသက်ဝင်လာစေခဲ့တယ်။
ကျန်းလီက မေးတယ်။ "တုန်အာ၊ စျေးသည်က တောင်ပေါ်ကို တက်လာမယ်ဆိုပြီး နင်ပြောတယ်မလား"
တုန်အာက ပြန်ပြောတယ်။
"ဟုတ်ပါတယ်။ နှစ်တိုင်း မေလဆယ်ရက်နေ့မှာ အမျိုးသားကျန့်က မွန်းတည့်ချိန်ဆို ဒီကို ရောက်ရှိပါတယ်။ အရသာရှိတဲ့ မုန့်နဲ့သကြားလုံးတွေရှိရင်၊ ကျွန်မတို့ကို ပထမဆုံး ရွေးချယ်ခွင့်ပေးဖို့၊ သူနဲ့ ကျွန်မတို့က သဘောတူညီထားခဲ့ကြဖူးတယ်။ "
ဂုဏ်သိက္ခာကြီးတဲ့ မိသားစုရဲ့ အစေခံအဖြစ်နဲ့ မျှော်လင့်ရမှာနဲ့ ဆန့်ကျင်ဘက်ပဲ၊ သူမက ဆင်းရဲကျပ်တည်းစွာရှိနေခဲ့ပြီး ကြေးပြားတွေကို လဲလှယ်နိုင်ခဲ့ပေမဲ့၊ သူမက ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ပုံမျိုးနဲ့ ဆက်ပြောနေခဲ့တယ်။
ကျန်းလီက မေးခဲ့တယ်။ "မုန့်တွေ အများကြီး ရှိသလား"
တုန်အာက မေးလိုက်တယ်။ "အများကြီးပဲ၊ သခင်မလေးက မုန့်တွေ စားချင်လို့လား"
ကျန်းလီက ရယ်ပြီး ပြောလိုက်တယ်။
"ဟုတ်တယ်။ ငါစားချင်တယ်။"
အဲဒါက ခါးသီးတယ်။ ခါးသီးပေမဲ့၊ သူမရဲ့ စိတ်ထဲမှာတော့ ပျားရည်ရဲ့ ချိုမြိန်တဲ့ အရသာကို အမြဲ တွေးနေခဲ့တယ်။ ထိုမုန့်များက နောက်ဆုံးမှာတော့ သူမကို ချိုမြိန်တဲ့အရာကို မြည်းစမ်းနိုင်စေခဲ့ပြီး၊ တစ်ချိန်တည်းမှာပဲ တစ်ခြားလူများကိုလည်း ခါးသီးစေနိုင်ခဲ့လိမ့်မယ်။
တုန်အာက စိတ်လှုပ်ရှားစွာ ပြောတယ်။ "သခင်မလေးက သကြား စားချင်တာဆိုတော့ ကောင်းလိုက်တာ။ လွန်ခဲ့တဲ့ရက်တွေတုန်းက ကြေးပြားအနည်းငယ်ကို စုဆောင်းနိုင်ခဲ့ပြီးတော့ အခုတော့ ခြင်း အနည်းငယ်နဲ့ လဲလှယ်နိုင်တော့မယ်။ သခင်မလေး ကြိုက်သလောက် စားလို့ရပါတယ်။ "
ကျန်းလီက ပြောလိုက်တယ်။
"ဒီနေရာက ဟယ်လင် ဘုရားကျောင်းနဲ့ ကပ်လျက် ရှိတယ်လို့ နင်ပြောခဲ့ဖူးတယ်။ မလား"
တုန်အာက သူမကို ကြောင်တောင်တောင်နဲ့ ကြည့်လိုက်ရင်း မေးလိုက်တယ်။
"သခင်မလေးက အမွှေးတိုင် ပူဇော်ချင်လို့လား "
ကျန်းလီက ပြောလိုက်တယ်။
"မဟုတ်ဘူး၊ ငါက ဗုဒ္ဓကို မယုံဘူး"
တုန်အာက ပဟေဠိ ဖြစ်သွားခဲ့တယ်။
ကျန်းလီရဲ့ ပြုံးနေတဲ့ အမူအရာက အနည်းငယ် ပျော့ပျောင်းသွားပြီး သူမက ပြောလိုက်တယ်။
"နင်က ဗုဒ္ဓကို ဘာယုံကြည်လို့ ရနိုင်လို့လဲ"